မာတိကာဆီ ကျော်သွား

မတရားမှုအတွက် အဖြေ ရှာတွေ့ခဲ့ပုံ

မတရားမှုအတွက် အဖြေ ရှာတွေ့ခဲ့ပုံ

မတရားမှုအတွက် အဖြေ ရှာတွေ့ခဲ့ပုံ

အဆူလာ မဲနာ ပြောပြတယ်

လူတိုင်း မျက်နှာမလိုက် တရားမျှတစွာ ဆက်ဆံခံရတာကို တွေ့မြင်ချင်စိတ် ပြင်းပြခဲ့တာ ကျွန်မ ငယ်ငယ်ကတည်းကပဲ။ အဲဒါကြောင့်လည်း ကွန်မြူနစ်အရှေ့ဂျာမနီမှာ ထောင်ချခံရတယ်။ ထူးထူးခြားခြား အဲဒီနေရာမှာ မတရားမှုရဲ့ အဖြေကို ရခဲ့တာ။ ရှင်းပြပါရစေ။

၁၉၂၂ ခုနှစ်မှာ၊ သမိုင်းဝင် ဂျာမန်မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ ဟာလီမှာ ကျွန်မ မွေးဖွားခဲ့တယ်။ ဘာလင်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၂၀ လောက်မှာရှိတဲ့ ဟာလီမြို့ဟာ ပရိုတက်စတင့်ဘာသာ စပေါ်လာတဲ့ အစောဆုံး နေရာတစ်ခုပါ။ ညီမလေး ကက်သီကို ၁၉၂၃ မှာ မွေးတယ်။ အဲဒီတုန်းက အဖေက စစ်မှုထမ်း၊ အမေက ပြဇာတ်ရုံ အဆိုကျော်တစ်ယောက်ပါ။

မတရားမှုကို ဖယ်ရှားပေးချင်တဲ့ ပြင်းပြတဲ့စိတ်ဟာ အဖေ့ဆီက အမွေရထားတာ။ စစ်တပ်ကနေ ထွက်ပြီးနောက် စျေးဆိုင်ကလေးတစ်ခု အဖေ ဝယ်တယ်။ ဝယ်သူအများစုက ဆင်းရဲကြတော့ သနားလို့ အကြွေးပေးတဲ့အတွက် ဆိုင်ပြုတ်သွားတာပေါ့။ အဖေ့အဖြစ်ကို ကြည့်ပြီး မတရားမှုကို အနိုင်မယူနိုင်ဘူးဆိုတာ ကျွန်မ သင်ခန်းစာယူဖို့ ကောင်းတယ်။ ဒါပေမဲ့ လူငယ်စိတ်ဓာတ်နဲ့ဆိုတော့ ဘယ်လွယ်ပါ့မလဲ။

အမေ့ဆီက အမွေအနေနဲ့ ကက်သီရော ကျွန်မပါ အနုပညာကို စိတ်ဝင်စားပြီး အဆိုအက တတ်လာတာပေါ့။ ငယ်ငယ်ကတည်းက တက်ကြွပျော်ရွှင်တဲ့ ကလေးတွေဆိုတော့ ၁၉၃၉ ခုနှစ်အထိ ကျွန်မတို့ ညီအစ်မနှစ်ယောက်စလုံးရဲ့ ဘဝဟာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။

ထိတ်လန့်စရာ အတွေ့အကြုံ စတင်

အခြေခံပညာ ရပြီးတာနဲ့ ဘဲလေးအက သင်တန်း တက်ခဲ့တယ်။ အဲဒီမှာ သြစဒရုစတန့် လို့ခေါ်တဲ့ ခံစားချက်ကို ဖော်ဆောင်တဲ့ အကပါ တတ်လာတယ်။ ဒီအကကို မေရီ ဝစ်ဂမန် သင်ပြပေးတယ်။ အဲဒါက ခံစားချက်ကို အကနဲ့ ဖော်ဆောင်တာပါ။ ပြီးတော့ ပုံဆွဲတာလည်း တတ်လာတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အပူအပင်ကင်းပြီး၊ တက်တက်ကြွကြွနဲ့ အတတ်ပညာတွေ သင်ယူခဲ့တာ။ ဒါပေမဲ့ ၁၉၃၉ မှာ ဒုတိယကမ္ဘာစစ် စဖြစ်တယ်။ ပြီးတော့ ၁၉၄၁ ခုနှစ်မှာ တီဘီရောဂါနဲ့ အဖေ ဆုံးသွားပြန်တယ်။

စစ်က အိပ်မက်ဆိုးပါပဲ။ စစ်ဖြစ်နေချိန်မှာ ကျွန်မအသက် ၁၇ နှစ်ပဲရှိသေးပေမယ့် ကမ္ဘာကြီးက ကပြောင်းကပြန် ဖြစ်နေပြီလို့ တွေးမိတယ်။ သာမန်ပြည်သူတွေက နာဇီတွေကြောင့် အုံကြွလာကြတယ်။ အဲဒီတော့ အစာရေစာ ရှားပါးလာတယ်၊ လူတွေ သေကုန်ကြတယ်၊ ပျက်စီးဆုံးရှုံးမှုတွေ များလာတယ်။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျွန်မတို့အိမ်လည်း အကြီးအကျယ် ပျက်စီးသွားတယ်။ စစ်အတွင်း မိသားစုဝင်အများကြီး သေဆုံးသွားကြတယ်။

၁၉၄၅ မှာ စစ်ပြီးသွားတော့ အမေ၊ ကက်သီနဲ့ ကျွန်မက ဟာလီမြို့မှာ ရှိနေတုန်းပဲ။ အဲဒီအချိန်မှာ ခင်ပွန်းနဲ့ သမီးလေးတစ်ယောက် ရှိပေမယ့် အိမ်ထောင်ရေးက မသာယာဘူး။ ခွဲနေလိုက်ကြတော့ ကိုယ်တိုင်နဲ့ သမီးလေးအတွက် ရပ်တည်နိုင်ဖို့ အကသည်နဲ့ ပန်းချီဆရာအဖြစ် အလုပ်လုပ်ခဲ့တယ်။

စစ်ပြီးနောက် ဂျာမနီကို လေးပိုင်းခွဲလိုက်တော့ ကျွန်မတို့မြို့က ဆိုဗီယက်ပြည်ထောင်စု လက်အောက် ရောက်သွားတယ်။ ဒါနဲ့ ကျွန်မတို့အားလုံး ကွန်မြူနစ်အုပ်ချုပ်မှုအောက် နေသားကျသွားတယ်။ ၁၉၄၉ မှာ အရှေ့ဂျာမနီလို့ခေါ်တဲ့ ကျွန်မတို့နေတဲ့ အပိုင်းက ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ (GDR) ဖြစ်လာတယ်။

ကွန်မြူနစ်စနစ်အောက် ဘဝအသစ်

အဲဒီနှစ်တွေအတွင်း အမေ မကျန်းမာလာတော့ သူ့ကို ကျွန်မ ပြုစုခဲ့ရတယ်။ အစိုးရရုံးမှာ ကျွန်မအလုပ်လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ မတရားမှုကို တော်လှန်နေတဲ့ ကျောင်းသားတွေနဲ့ သိလာတယ်။ ဥပမာ၊ လူငယ်တစ်ယောက်ရဲ့ အဖေက နာဇီအဖွဲ့ဝင် ဖြစ်ခဲ့လို့ တက္ကသိုလ်တက်ခွင့် မရခဲ့ဘူး။ အဲဒီကျောင်းသားနဲ့ ကျွန်မ တေးဂီတ အတူတူ တီးလေ့ရှိလို့ သူ့ကို ကောင်းကောင်းသိတယ်။ ‘သူ့အဖေကြောင့်နဲ့ သူက ဘာလို့ ကိုယ်စားခံရတာလဲလို့’ ကျွန်မ စဉ်းစားမိတယ်။ ဒါနဲ့ပဲ ကျောင်းသားတွေနဲ့ ပေါင်းပြီး ဆန္ဒပြ လှုပ်ရှားခဲ့တယ်။ တစ်ခါကဆိုရင် တရားရုံးအပြင်ဘက် လှေကားနားမှာ လက်ကမ်းစာစောင်တွေ သွားကပ်လိုက်သေးတယ်။

ဒေသကြီးဆိုင်ရာ ငြိမ်းချမ်းရေး ကော်မတီအတွက် အတွင်းရေးမှူးအနေနဲ့ ရိုက်ရတဲ့ စာတချို့ကြောင့် ပိုပြီးတောင် ဒေါသထွက်လာတယ်။ နောက်တစ်ကြိမ်မှာ နိုင်ငံရေးအကြောင်းပြချက်အတွက် အနောက်ဂျာမနီက အသက်ကြီးသူတစ်ယောက်ကို သံသယဝင်လာအောင် ကွန်မြူနစ် ဝါဒဖြန့် စာပေတွေပို့ဖို့ စီစဉ်နေကြတယ်။ အဲဒီလူကို ဒီလိုလုပ်ရမလားဆိုပြီး ကျွန်မ မခံမရပ်နိုင်အောင် ဖြစ်တာပေါ့။ အဲဒီစာတွေကို ကျွန်မ ဝှက်ထားလိုက်တော့ ပို့လို့မရလိုက်ဘူးပေါ့။

“အခန်းထဲက အဆိုးဆုံးသူ” ကြောင့် ကျွန်မ မျှော်လင့်ချက် ရှိလာ

၁၉၅၁ ဇွန်မှာ လူနှစ်ယောက် ရုံးခန်းထဲ ဝင်လာပြီး “လိုက်ခဲ့” ဆိုပြီး ကျွန်မကို ဖမ်းသွားတယ်။ ရိုတာ အုတ်ဆထောင်ကို ခေါ်သွားပြီး တစ်နှစ်ကြာတဲ့အခါ သစ္စာဖောက်အနေနဲ့ တရားစွဲခံရတယ်။ ကျောင်းသားတစ်ယောက်က ထောက်လှမ်းရေးကို တိုင်လိုက်တာ။ တရားရုံးကြားနာမှုက ဟန်ပြသက်သက်ပဲ။ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်။ အဲဒီအချိန်မှာ ကျွန်မ နေမကောင်းဖြစ်လို့ အမျိုးသမီး ၄၀ နဲ့အတူ အကျဉ်းထောင်ဆေးရုံးမှာ နေခဲ့ရတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေကြသူတွေကို မြင်ပြီး ကျွန်မ ဂယောက်ချောက်ချား ဖြစ်သွားတယ်။ တံခါးဆီပြေး၊ ထုရိုက်တယ်။

ထောင်စောင့်က “ဘာလိုချင်လို့လဲ” ဆိုပြီး မေးတယ်။

“ဒီမှာ မနေနိုင်ဘူး။ တိုက်ပိတ်ထားချင်လည်း ရတယ်။ ဒီကနေ ထုတ်ပေးပါ” လို့ အော်ပြောလိုက်တယ်။ သူ ဘယ်ခွင့်ပြုပါ့မလဲ။ သိပ်မကြာပါဘူး တခြားသူတွေနဲ့ မတူတဲ့ အမျိုးသမီးတစ်ယောက်ကို သတိထားမိတယ်။ သူ့အကြည့်က တည်ငြိမ်တယ်။ ဒါနဲ့ သူ့ဘေးနား ထိုင်လိုက်တယ်။

“ကျွန်မဘေးနားနေရင် ရှင် ပိုပြီး သတိထားရလိမ့်မယ်” လို့ သူပြောတော့ အံ့သြသွားတယ်။ ကျွန်မက ယေဟောဝါသက်သေဖြစ်လို့ ဒီအခန်းထဲမှာ အဆိုးဆုံးပဲလို့ တခြားသူတွေ ထင်နေကြတာ” တဲ့။

အဲဒီအချိန်မှာ ယေဟောဝါသက်သေတွေကို ကွန်မြူနစ်နိုင်ငံရဲ့ ရန်သူတွေလို့ ယူမှတ်မှန်း မသိခဲ့ဘူး။ ကျွန်မသိတာကတော့ ငယ်ငယ်တုန်းက ကျမ်းစာကျောင်းသား နှစ်ယောက် (သက်သေခံတွေကို အရင်က ခေါ်တဲ့နာမည်) ဟာ အဖေ့ဆီ ပုံမှန် လာလည်ပတ်ကြတယ်။ “ကျမ်းစာကျောင်းသားတွေ ပြောတာမှန်တယ်” လို့ အဖေပြောတာ ပြန်သတိရသွားတယ်။

ဗာတာ ဘရူဂမီအာ လို့ခေါ်တဲ့ ဒီအမျိုးသမီးနဲ့ တွေ့ရလို့ စိတ်သက်သာသွားတယ်။ “ယေဟောဝါအကြောင်း ပြောပြပေးပါ” လို့ တောင်းဆိုလိုက်တယ်။ အဲဒီအချိန်ကစပြီး ကျမ်းစာအကြောင်းဆွေးနွေးခဲ့ကြတယ်။ စစ်မှန်တဲ့ဘုရား ယေဟောဝါဟာ မေတ္တာရှင်၊ တရားမျှတရှင်နဲ့ ငြိမ်သက်ခြင်းအရှင်ဖြစ်ကြောင်း သိလာရတယ်။ ဆိုးညစ်တဲ့ နိုင်လိုမင်းထက်လူတွေကြောင့် ထိခိုက်မှုတွေကို ကိုယ်တော် ပြန်ပြုပြင်ပေးမယ့်အကြောင်းလည်း သိလာခဲ့ရတယ်။ “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ . . . စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်” လို့ ဆာလံ ၃၇:၁၀၊ ၁၁ မှာ ပြောထားတယ်။

ထောင်က လွတ်မြောက်ပြီး ဂျာမနီအနောက်ကို ထွက်ပြေး

ငါးနှစ်ကျော်ထောင်ကျပြီးနောက် ၁၉၅၆ မှာ ထောင်ကနေ လွတ်လာတယ်။ ငါးရက်အကြာမှာ GDR ကနေ အနောက်ဂျာမနီကို ထွက်ပြေးခဲ့တယ်။ သမီး ဟာနလိုရာနဲ့ ဆဘီနားတို့လည်း ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းလိုက်ပြီး သက်သေခံတွေနဲ့ ပြန်တွေ့ခဲ့တယ်။ ကျမ်းစာလေ့လာပြီးနောက် ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်နိုင်ဖို့ ပြုပြင်ပြောင်းလဲရတော့မယ်။ ကျွန်မ ပြောင်းလဲလာပြီး ၁၉၅၈ မှာ နှစ်ခြင်းယူခဲ့တယ်။

နောက်ပိုင်း ယေဟောဝါသက်သေဖြစ်တဲ့ ကလော့ မဲနာနဲ့ အိမ်ထောင်ပြုခဲ့တယ်။ အိမ်ထောင်သာယာခဲ့ပြီး သား ဘင်ဂျာမင်နဲ့ သမီး တာဘီယာ ထပ်ရခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက မတော်တဆမှုနဲ့ ကလော့ ဆုံးသွားချိန်ကစပြီး မုဆိုးမ ဖြစ်နေပြီ။ ပရဒိသုမှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အများကြီး စိတ်သက်သာမှုရတယ်။ (လုကာ ၂၃:၄၃။ တမန်တော် ၂၄:၁၅) ကလေး လေးယောက်စလုံး ယေဟောဝါအမှုဆောင်နေကြလို့လည်း သိပ်စိတ်ချမ်းသာတာပဲ။

ကျမ်းစာ လေ့လာခဲ့လို့ ယေဟောဝါ တစ်ပါးတည်းကပဲ စစ်မှန်တဲ့ တရားမျှတမှု ပေးနိုင်မှန်း သိခဲ့ရတာပါ။ လူတွေနဲ့ မတူပဲ ဘုရားဟာ တခြားသူတွေ မမြင်နိုင်တဲ့ ကျွန်မတို့ရဲ့ အခြေအနေအားလုံးနဲ့ နောက်ခံတွေကို ထည့်တွက် စဉ်းစားပေးတယ်။ ဒီတန်ဖိုးဖြတ်မရတဲ့ အသိပညာကြောင့် စိတ်ငြိမ်သက်နေပြီ။ အထူးသဖြင့် မတရားမှုတွေ မြင်ရ၊ ကြုံရတဲ့ အခါမှာပေါ့။ ဒေသနာ ၅:၈ မှာ အခုလိုပြောတယ်။ “ကိုယ့်ဒေသမှာ ဆင်းရဲသားကို ဖိနှိပ်နေတာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ချိုးဖောက်နေတာကို တွေ့တဲ့အခါ မအံ့ဩပါနဲ့။ အဲဒီလိုလုပ်တဲ့ မင်းအရာရှိကို သူ့ထက်ကြီးမြတ်တဲ့သူက စောင့်ကြည့်နေတယ်။ သူတို့ထက် ကြီးမြတ်တဲ့သူတွေလည်း ရှိသေးတယ်။” ကြီးမြတ်တဲ့သူက ဖန်ဆင်းရှင်ပါပဲ။ “ဘုရားသခင် မမြင်အောင် ဖုံးကွယ်ထားတဲ့ ဖန်ဆင်းရာဆိုလို့ ဘာတစ်ခုမှ မရှိဘူး” လို့ ဟီဘရူး ၄:၁၃ က ဆိုတယ်။

အနှစ် ၉၀ နီးပါး အချိန်ကို ပြန်လှည့်ကြည့်ခြင်း

နာဇီအုပ်ချုပ်မှုနဲ့ ကွန်မြူနစ်အစိုးရအောက်မှာ နေရတာ ဘယ်လို နေသလဲလို့ တချို့မေးကြတယ်။ ဘာတစ်ခုမှ မလွယ်ဘူး။ အုပ်ချုပ်ပုံ နှစ်ခုစလုံးအပြင် လူ့အုပ်ချုပ်မှုအားလုံးဟာ လူလူချင်း အုပ်ချုပ်လို့ မရနိုင်မှန်း ဖော်ပြတယ်။ ကျမ်းစာ ပြောတာ တကယ်မှန်တယ်။ “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။”—ဒေသနာ ၈:၉

အသက်ငယ်ပြီး ဘာမှမသိချိန်တုန်းက တရားမျှတတဲ့ လူ့အစိုးရအတွက် ကြိုးစားခဲ့ဖူးတယ်။ အခုတော့ သိသွားပြီ။ ကျွန်မတို့ရဲ့ ဖန်ဆင်းရှင်ပဲ တကယ်တရားမျှတတဲ့ ကမ္ဘာကို တည်ထောင်ပေးနိုင်မှာ။ လူဆိုးအားလုံးကို ဖယ်ရှားပြီး ကမ္ဘာကို သားတော်ယေရှုခရစ်အားဖြင့် အုပ်စိုးစေမှာ။ သားတော်ဟာ ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို အမြဲရှာတဲ့သူပါ။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာက “ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်၊ တရားမဲ့မှုကို မုန်းတယ်” လို့ဆိုတယ်။ (ဟီဘရူး ၁:၉) ဒီလောက်ကောင်းပြီး မတရားမှုကို မုန်းတဲ့မင်းကြီးရဲ့ အစိုးရအောက်မှာ ကျွန်မ ထာဝရအသက်ရှင်နိုင်ဖို့ ဘုရားသခင် သွေးဆောင်ခဲ့တာကို ကျေးဇူးတင်လို့ မဆုံးဘူး။

[ရုပ်ပုံ]

အနောက်ဂျာမနီကို ကျွန်မရောက်ပြီးနောက် သမီး ဟာနလိုရာနဲ့ ဆဘီနားတို့နဲ့အတူ

[ရုပ်ပုံ]

ယနေ့ သားဘင်ဂျာမင်နဲ့ သူ့ဇနီး စန်ဒရာတို့နဲ့အတူ