မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်သေအထောက်အထားကို ဆင်ခြင်သုံးသပ်ကြည့်ပါ

သက်သေအထောက်အထားကို ဆင်ခြင်သုံးသပ်ကြည့်ပါ

သက်သေအထောက်အထားကို ဆင်ခြင်သုံးသပ်ကြည့်ပါ

ဝေးလံသီခေါင်ပြီး လူသူမနေထိုင်တဲ့ ကျွန်းတစ်ကျွန်းပေါ် သင် ရောက်နေတယ်ဆိုပါစို့။ ကမ်းစပ်တစ်လျှောက် ဟိုဟိုဒီဒီလမ်းလျှောက်နေစဉ် “John 1800” ဆိုတဲ့စာသားကို ကျောက်တုံးကြီးတစ်တုံးမှာ ရေးထွင်းထားတာ သင် တွေ့လိုက်တယ်။ ကျွန်းကလည်း ဒီလောက်ဝေးလံနေတဲ့အပြင် လူလည်းမနေဘူးဆိုတော့ ကျောက်တုံးပေါ်မှာရှိတဲ့ဒီစာသားက လေ ဒါမှမဟုတ် ရေတိုက်စားလို့ပဲဖြစ်ရမယ်ဆိုပြီး သင် ယူဆမလား။ လုံးဝယူဆမှာမဟုတ်ဘူး။ တစ်စုံတစ်ဦးက ဒါကို ရေးထွင်းထားတာဆိုပြီး သင် မှန်ကန်စွာကောက်ချက်ချမှာဖြစ်တယ်။ ဘာဖြစ်လို့ အဲဒီလိုကောက်ချက်ချတာလဲ။ တစ်ချက်ကတော့ ရှင်းရှင်းလင်းလင်းရေးထားတဲ့ အက္ခရာစာလုံးတွေနဲ့ နံပါတ်တွေဟာ နိုင်ငံခြားဘာသာစကားဖြစ်နေရင်တောင် သူ့အလိုလို မဖြစ်လာနိုင်လို့ပဲ။ ဒုတိယ၊ စာသားတွေမှာ အဓိပ္ပာယ်ရှိတဲ့အချက်အလက်တွေပါဝင်တယ်၊ ဒါက အသိဉာဏ်ရှိသူတစ်ယောက်ယောက်က လာရေးသွားတယ်ဆိုတာ ဖော်ပြနေတယ်။

ပုံစံမျိုးစုံနဲ့ရေးသားထားတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ နေ့တိုင်းလိုလို တွေ့နေရတယ်၊ ဥပမာအနေနဲ့ မျက်မမြင်စာ၊ အက္ခရာစာလုံးတွေ၊ ပုံစံကားချပ်တွေ၊ ဂီတသင်္ကေတတွေ၊ ပြောလိုက်တဲ့စကားတွေ၊ လက်ဟန်ခြေဟန်၊ ရေဒီယိုထုတ်လွှင့်ချက်တွေနဲ့ သုညနဲ့တစ်ကို သုံးတဲ့ ကွန်ပျူတာပရိုဂရမ်တွေပဲဖြစ်တယ်။ အလင်းကအစ ရေဒီယိုလှိုင်းအလယ် စာရွက်နဲ့မင်အဆုံး အချက်အလက်မှတ်သားတဲ့ပုံစံတွေက ဘယ်လိုပုံစံမျိုးနဲ့မဆို ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ လူတွေက အဓိပ္ပာယ်ရှိတဲ့အချက်အလက်ဆိုရင် အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဆိုပြီး လက်ခံထားကြတယ်၊ သက်ရှိဆဲလ်မှာတွေ့ရတဲ့ အဓိပ္ပာယ်ရှိတဲ့အချက်အလက်တွေက လွဲရင်ပေါ့။ ဆဲလ်မှာတွေ့ရတဲ့ အဓိပ္ပာယ်ရှိတဲ့အချက်အလက်တွေကတော့ ဒီလိုပဲဖြစ်လာတာပါ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ သူ့ဘာသာသူဖြစ်လာတာပါဆိုပြီး ဆင့်ကဲဝါဒီတွေ ပြောကြတယ်။ တကယ်ပဲ အဲဒီလိုဖြစ်ခဲ့တာလား။ သက်သေအထောက်အထားတွေကို ဆင်ခြင်သုံးသပ်ကြည့်ရအောင်။

ခက်ခဲရှုပ်ထွေးတဲ့အချက်အလက်တွေက သူ့အလိုလိုဖြစ်လာနိုင်သလား

သင့်ကိုယ်ခန္ဓာထဲမှာရှိတဲ့ သက်ရှိဆဲလ်တိုင်းနီးပါးရဲ့နယူးကလီးယပ်စ်ထဲမှာ အံ့သြဖွယ်ကောင်းတဲ့ သင်္ကေတတွေရှိပြီး အဲဒါကို ဒီအောက်ဆီရိုင်ဗိုနယူကလစ် အက်ဆစ်၊ အတိုကောက် ဒီအင်အေ (DNA) လို့ခေါ်တယ်။ ရှည်လျားပြီး ကြောင်လိမ်လှေကားလို နှစ်မျှင်လိမ်ထားတဲ့ မော်လီကျူးထဲမှာ ဒီအင်အေရှိတယ်။ ဒီအင်အေဟာ ပုံသေနည်း ဒါမှမဟုတ် ပရိုဂရမ်တစ်ခုနဲ့တူပြီး သင့်ကိုယ်ခန္ဓာကို ဖွဲ့စည်းထားတဲ့ သန်းပေါင်းများစွာသောဆဲလ်တွေ ဖြစ်ပေါ်လာမှု၊ ကြီးထွားမှု၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ မိတ္တူပွားတာတွေကို ညွှန်ကြားစီမံတယ်။ ဒီအင်အေကိုဖွဲ့စည်းထားတဲ့ အခြေခံယူနစ်တွေကို နယူကလီယိုတိုက် (nucleotides) လို့ခေါ်တယ်။ အဲဒီယူနစ်တွေကို ပါဝင်တဲ့ဓာတုဒြပ်ပေါင်းအပေါ်အခြေခံပြီး A, C, G နဲ့ T လို့ခေါ်ဆိုကြတယ်။ * အက္ခရာစာလုံးတွေလိုပဲ ဒီယူနစ်လေးခုက ပုံစံအမျိုးမျိုးနဲ့ပေါင်းစပ်နိုင်ပြီး နောက်ဆုံးမှာ “စာကြောင်း” တွေဖြစ်သွားတယ်၊ အဲဒီစာကြောင်းတွေက ပုံတူကူးပွားခြင်းနဲ့ ဆဲလ်အတွင်း တခြားဖြစ်စဉ်တွေကို ညွှန်ကြားတယ်။

ဒီအင်အေထဲမှာသိမ်းထားတဲ့ အချက်အလက်စုကြီးကို ဂျီနို(မ်) [genome] လို့ခေါ်တယ်။ သင့် မျက်လုံးက ဘာအရောင်၊ အသားအရေက ဘာအရောင်၊ နှာခေါင်းက ဘယ်လိုပုံ စသဖြင့် မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေ ဒီအင်အေထဲမှာ ပါဝင်တဲ့အတွက် ဒီအင်အေထဲမှာရှိတဲ့ အက္ခရာတွေပေါင်းစပ်ထားပုံတချို့က သင့်ကို တခြားသူတွေနဲ့ ကွဲပြားစေတာဖြစ်တယ်။ ရိုးရိုးလေးပြောရရင် သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးအတွက် ပုံသေနည်းတွေကိုသိမ်းဆည်းထားတဲ့ စာကြည့်တိုက်ကြီးနဲ့ သင့် ဂျီနို(မ်) ကို နှိုင်းယှဉ်နိုင်တယ်၊ အဲဒီပုံသေနည်းတွေကို အားလုံးပေါင်းစပ်လိုက်တဲ့အခါ ထွက်ပေါ်လာတာကတော့ အသင် စာဖတ်သူပုဂ္ဂိုလ်ပဲပေါ့။

အဲဒီ “စာကြည့်တိုက်” က ဘယ်လောက်ကြီးသလဲ။ “အက္ခရာစာလုံး” ဒါမှမဟုတ် (အခြေခံ)နယူကလီယိုတိုက် သန်းပေါင်း ၃,၀၀၀ လောက်ရှိတယ်။ အဲဒါတွေကို စာရွက်ပေါ် ကူးရေးရမယ်ဆိုရင် စာမျက်နှာ ၁,၀၀၀ စီရှိတဲ့ ဖုန်းစာအုပ် အတွဲပေါင်း ၂၀၀ အရွယ်ရှိသွားလိမ့်မယ်ဆိုပြီး လူ့ဒီအင်အေကို လေ့လာတဲ့ စီမံကိန်းတစ်ခု (Human Genome Project) ကဖော်ပြတယ်။

ဒီအချက်အလက်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ လောက်က ကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့ တကယ့်ကိုနှစ်လို့ဖွယ်ကောင်းတဲ့ဆုတောင်းချက်ကို သတိရစေတယ်။ ဆာလံ ၁၃၉:၁၆ မှာ အဲဒီဆုတောင်းချက်ကို ဒီလိုဖော်ပြထားတယ်– ‘မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။’ မှန်ပါတယ်၊ ဒီကျမ်းရေးသူဟာ သိပ္ပံပညာအကြောင်းစဉ်းစားနေတာမဟုတ်ပေမဲ့ ဘုရားသခင်ရဲ့ အံ့သြမိန်းမောဖွယ် ဉာဏ်ပညာနဲ့ တန်ခိုးကိုဖော်ပြဖို့ အံ့သြလောက်အောင်တိကျတဲ့ အယူအဆတစ်ခုကို ရိုးရိုးလေးနဲ့ဖော်ကျူးခဲ့တယ်။ ဒဏ္ဍာရီတွေ၊ အယူသီးမှုတွေနဲ့ပြည့်နေတဲ့ ရှေးခေတ် ဘာသာရေးဆိုင်ရာ တခြားအရေးအသားတွေနဲ့ ဘယ်လောက်ကွာခြားလိုက်သလဲ။

“စာကြည့်တိုက်” ကို ဘယ်သူစုစည်းသလဲ

ယုတ္တိရှိရှိစဉ်းစားလိုက်တဲ့အခါ ကျောက်တုံးပေါ်ရေးထွင်းထားတဲ့ “John 1800” စာသားကို အသိဉာဏ်ရှိသူတစ်ဦး ရေးထွင်းသွားတာပဲဖြစ်ရမယ်ဆိုရင် ဒီအင်အေထဲမှာတွေ့ရတဲ့ ပိုခက်ခဲရှုပ်ထွေးပြီး အဓိပ္ပာယ်ရှိတဲ့အချက်အလက်တွေကိုလည်း စီစဉ်ပြုလုပ်သူရှိတယ်လို့ မယူဆသင့်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအင်အေထဲမှာ အဓိပ္ပာယ်ရှိတဲ့အချက်အလက်တွေရှိတယ်ဆိုတာ လျစ်လျူရှုလို့မရဘူး။ ကျွန်တော်တို့သိထားတဲ့ ဓာတုဗေဒ၊ ရူပဗေဒနိယာမတရားတွေအရ ဒီအင်အေထဲက ရှုပ်ထွေးတဲ့အချက်အလက်တွေ ဒါမှမဟုတ် စနစ်တွေဟာ မတော်တဆ မဖြစ်ပေါ်လာနိုင်ဘူးဆိုပြီး ကွန်ပျူတာနဲ့ အချက်အလက်ဆိုင်ရာ သိပ္ပံပညာရှင် ဒေါ်နယ်လ် အီး ဂျွန်ဆင်က ပြောတယ်။ အချက်အလက်စုကြီးက ပိုပြီးရှုပ်ထွေးလေ၊ အသိဉာဏ်ပိုကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးက အဲဒါကို စီစဉ်ရေးဆွဲဖို့ လိုအပ်လေဆိုတာ ရှင်းနေပါတယ်။ “John 1800” ဆိုတဲ့စာသားကို ကလေးတစ်ဦးရေးနိုင်ပါတယ်။ ဒါပေမဲ့ သက်ရှိတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့အချက်အလက်တွေကိုတော့ လူထက်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်မှသာ ရေးဆွဲနိုင်ပါတယ်။ ဒါ့ပြင်၊ အသစ်အသစ်သောရှာဖွေတွေ့ရှိရာတွေကို ထပ်ဆင့် “လေ့လာစူးစမ်းလေ ခက်ခဲရှုပ်ထွေးလေပါပဲ” ဆိုပြီး ဂျာနယ်တစ်စောင် (Nature) ကဖော်ပြထားတာ မှတ်သားစရာပဲ။

ဒီအင်အေထဲက ခက်ခဲရှုပ်ထွေးတဲ့အချက်အလက်တွေဟာ စီစဉ်ညွှန်ကြားခြင်းမရှိတဲ့ဖြစ်စဉ်ကနေ မတော်တဆဖြစ်ပေါ်လာတာလို့ပြောရင် ကျိုးကြောင်းမညီညွတ်သလို လူတွေရဲ့အတွေ့အကြုံနဲ့လည်း ကိုက်ညီမှုမရှိဘူး။ * ဒီအင်အေနဲ့ပတ်သက်ပြီး အဲဒီလိုယုံကြည်လိုက်ခြင်းက ကျိုးကြောင်းညီညွတ်မှုရှိတဲ့ဘောင်ကို ကျော်လွန်သွားတယ်။

ဆင့်ကဲဝါဒီသမားတွေဟာ ဘုရားသခင်ကို ဖယ်ထုတ်ချင်တဲ့အခါ တချို့ကောက်ချက်တွေကို ချလေ့ရှိပြီး အဲဒါတွေက မှားတယ်ဆိုတာ နောက်ပိုင်းမှာ ပြန်သိလာတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ဂျီနို(မ်) မှာ ၉၈ ရာခိုင်နှုန်းလောက်က “အသုံးမဝင်တဲ့အရာ” တွေ၊ တစ်နည်းအားဖြင့် သန်းပေါင်းများစွာသော အဓိပ္ပာယ်မဲ့ပုံသေနည်းတွေရှိတဲ့ စာကြည့်တိုက်တစ်ခု ဆိုတဲ့အမြင်ကို သုံးသပ်ကြည့်ပါ။

တကယ်ပဲ “အသုံးမဝင်တဲ့အရာ” တွေလား

ဒီအင်အေဆိုတာ ပရိုတင်းထုတ်လုပ်ဖို့ ပုံသေနည်းတစ်ခုဖြစ်တာကလွဲလို့ တခြားဘာမှမဟုတ်ဘူးလို့ ဇီဝဗေဒပညာရှင်တွေ ယူဆလာခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ဂျီနို(မ်) ၂ ရာခိုင်နှုန်းလောက်မှာသာ ပရိုတင်းဖြစ်ပေါ်ဖို့ သင်္ကေတပါဝင်တယ်ဆိုတာ နောက်ပိုင်းမှာ တွေ့ရှိခဲ့ကြတယ်။ ဒါဆိုရင် ဒီအင်အေရဲ့ ကျန်တဲ့ ၉၈ ရာခိုင်နှုန်းက ဘာအတွက်လဲ။ ဒီအင်အေရဲ့ ပဟေဠိဖြစ်နေတဲ့ ဒီအပိုင်းကို “ဆင့်ကဲဖြစ်စဉ်ကြောင့်ဖြစ်ပေါ်ကျန်ရှိခဲ့တဲ့ အသုံးမဝင်တဲ့အရာအဖြစ် မြန်မြန်ဆန်ဆန်ပဲ ယူဆလိုက်ကြတယ်” လို့ ဩစတြေးလျနိုင်ငံ၊ ကွင်းစလဲန်ပြည်နယ်၊ ဘရစ္စဘိန်းတက္ကသိုလ်ရဲ့ မော်လီကျူးဆိုင်ရာ ဇီဝဗေဒပါမောက္ခ ဂျွန် အက်စ်. မတ်တစ်က ပြောတယ်။

“အသုံးမဝင်တဲ့ ဒီအင်အေ” ဆိုတဲ့ဝေါဟာရကို တီထွင်လိုက်တဲ့အတွက် ဂုဏ်ပြုခံရတဲ့ သိပ္ပံပညာရှင်ကတော့ ဆင့်ကဲဝါဒီတစ်ဦးဖြစ်သူ စူစူမူ ဟိုနို ဖြစ်တယ်။ “ကျွန်တော်တို့ ဂျီနို(မ်) ထဲမှာ ‘အသုံးမဝင်တဲ့’ ဒီအင်အေတွေ များစွာရှိ” ဆိုတဲ့ သူရေးတဲ့ဆောင်းပါးအရ ကျန်ရှိနေတဲ့ဒီအင်အေတွေဟာ “သဘာဝရဲ့စမ်းသပ်မှု မအောင်မြင်လို့ ကျန်ရှိခဲ့တာဖြစ်တယ်။ မြေကြီးထဲမှာ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မျိုးစိတ်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ပြန့်ကျဲနေသလို ကျွန်တော်တို့ရဲ့ ဂျီနို(မ်)ထဲမှာ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မျိုးရိုးဗီဇတွေ ပြည့်နေတာ အံ့ဩစရာလား” လို့ မေးခဲ့တယ်။

“အသုံးမဝင်တဲ့” ဒီအင်အေ အယူအဆက မျိုးရိုးဗီဇလေ့လာမှုအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိခဲ့သလဲ။ အဲဒီယူဆချက်ကြောင့် “သုတေသီများစွာဟာ ပရိုတင်းထုတ်လုပ်ဖို့အချက်အလက်မပါတဲ့ [အသုံးမဝင်တဲ့] ဒီအင်အေတွေကို မလေ့လာကြတော့ဘူး။ သိပ္ပံပညာရှင်အနည်းငယ်ကသာ လှောင်ပြောင်ခံရမှာကို မကြောက်ဘဲ လူကြိုက်မများတဲ့ ဒီအပိုင်းကို ဆက်လေ့လာခဲ့တယ်။ သူတို့ရှိလို့သာ အသုံးမဝင်တဲ့ ဒီအင်အေ ဆိုတဲ့အမြင်က . . . ၁၉၉၀ အစောပိုင်းမှာ စတင်ပြောင်းလဲလာတယ်” လို့ မော်လီကျူးဇီဝဗေဒပညာရှင် ဝူဂျီမကာလိုစကီက ပြောခဲ့တယ်။ အသုံးမဝင်တဲ့အရာလို့ ခေါ်ဆိုခဲ့ရာကို အခုအချိန်မှာတော့ “ဂျီနို(မ်) ရတနာသိုက်” လို့ ဇီဝဗေဒပညာရှင်တွေက ယူဆကြတယ်ဆိုပြီး သူက ထပ်ဖြည့်စွက်တယ်။

အသုံးမဝင်တဲ့ဒီအင်အေ သီအိုရီဟာ “အချက်အလက်အစစ်အမှန်ကို ဆန်းစစ်ဖို့ပျက်ကွက်လေ့ရှိတဲ့” သိပ္ပံပညာရဲ့မှားတတ်တဲ့ဓလေ့တစ်ခုကို ဖော်ပြနေတယ်လို့ ပါမောက္ခ မတ်တစ်က မြင်တယ်။ သူကဒီလိုပြောတယ်– “ဒီကိစ္စမှာ ပတ်သက်မှုအားလုံးကို အသိအမှတ်ပြုဖို့ပျက်ကွက်ခဲ့တာက မော်လီကျူးဇီဝဗေဒ သမိုင်းမှာ အကြီးမားဆုံးအမှားတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။” သိပ္ပံနယ်ပယ်မှာ မှန်၊ မမှန်ဆိုတာကို လူကြိုက်များရာပေါ်မဟုတ်ဘဲ အထောက်အထားအပေါ် အခြေခံပြီး ဆုံးဖြတ်ရမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါဆိုရင် “အသုံးမဝင်တဲ့” ဒီအင်အေရဲ့ လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး မကြာသေးခင်က ဘာတွေ တွေ့ရှိခဲ့သလဲ။

“အသုံးမဝင်” ဆိုတဲ့အရာရဲ့လုပ်ဆောင်ရာ

ကားထုတ်တဲ့စက်ရုံတစ်ရုံမှာ စက်တွေကိုသုံးပြီး ကားအစိတ်အပိုင်းတွေကို ထုတ်လုပ်တယ်။ ဒါပေမဲ့ အစိတ်အပိုင်းတွေထုတ်လုပ်ရုံနဲ့ ကားတစ်စီးဖြစ်မလာဘူး။ ထုတ်လုပ်လိုက်တဲ့ ကားအစိတ်အပိုင်းတွေကို တစ်ဆင့်ချင်းတပ်ဆင်သွားဖို့ စက်ကိရိယာတွေလိုအပ်တဲ့အပြင် ဒီလိုတပ်ဆင်သွားတဲ့လမ်းကြောင်းကို ထိန်းညှိပေးမယ့် တခြားစက်ကိရိယာတွေလည်း လိုအပ်သေးတယ်။ ဆဲလ်အတွင်းမှာလည်း အလားတူပဲ။ ကားအစိတ်အပိုင်းတွေကို ဆဲလ်အတွင်းထုတ်လုပ်လိုက်တဲ့ ပရိုတင်းတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ တပ်ဆင်၊ ထိန်းညှိပေးတဲ့ စက်ကိရိယာတွေကိုကျတော့ကော ဆဲလ်အတွင်းက ဘာနဲ့နှိုင်းယှဉ်နိုင်သလဲ။ “အသုံးမ၀င်” ဘူးဆိုတဲ့ ဒီအင်အေတွေပါပဲ။ အဲဒီ ဒီအင်အေတွေထဲမှာ ဆဲလ်တစ်ခု ဖြစ်ပေါ်၊ ကြီးထွားပြီး အလုပ်လုပ်တဲ့နေရာတွေမှာ အဓိကအခန်းကဏ္ဍမှာပါဝင်တဲ့ ထိန်းညှိပေးတဲ့အာရ်အန်အေ (ribonucleic acid) ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ပုံသေနည်းတွေ ပါဝင်နေတယ်လို့ သုတေသီတွေဆိုကြတယ်။ * “အခြေခံအကျဆုံးအပိုင်းတွေမှာတောင် ကျွန်တော်တို့ . . . မဖြစ်စလောက်သာ နားလည်သေးတယ်ဆိုတာကို ထိန်းညှိပေးတဲ့အာရ်အဲန်အေ မော်လီကျူးတွေ ရှိနေတယ်ဆိုတဲ့အချက်ရိုးရိုးလေးက ဖော်ပြနေတယ်” လို့ သင်္ချာဆိုင်ရာဇီဝဗေဒပညာရှင် ဂျော်ရှုဝါ ပလော့ကင် က မဂ္ဂဇင်းတစ်စောင် (Nature) ကို ပြောခဲ့တယ်။

တကယ့်ကိုအဆင့်မြင့်တဲ့စက်ရုံတစ်ရုံမှာ ကောင်းမွန်လှတဲ့ဆက်သွယ်ရေးစနစ်လည်း လိုအပ်တယ်။ ဆဲလ်မှာလည်း အလားတူလိုအပ်တယ်။ “ဆဲလ်တစ်ခုအတွင်းမှာ အချက်အလက်တွေကို ဆက်သွယ်ပေးပို့တဲ့ကွန်ရက်က တကယ့်ကိုခက်ခဲရှုပ်ထွေးတယ်၊ နည်းလမ်းပေါင်းစုံနဲ့လည်းပေးပို့တယ်၊” ဒီလိုပေးပို့ဆက်သွယ်တဲ့ပုံစံကြောင့် ဆဲလ်အတွင်းက ဆက်သွယ်ရေးစနစ်တွေဟာ အရင်ကထင်တာထက်တောင် “အလွန့်အလွန်ခက်ခဲရှုပ်ထွေး” မှန်း သိလာရတယ်ဆိုပြီး အွန်တာရီရို၊ တော်ရွန်တိုတက္ကသိုလ်က ဆဲလ်ဆိုင်ရာဇီဝဗေဒပညာရှင် တိုနီ ပိုဆန် ကရှင်းပြတယ်။ “ဆဲလ်တစ်ခုအတွင်းမှာဖြစ်ပေါ်နေတာတွေကို ထိန်းချုပ်တဲ့၊ ဆဲလ်တွေပူးပေါင်းလုပ်ဆောင်မှုကိုထိန်းချုပ်တဲ့ စက်ယန္တရားတွေနဲ့ သဘောတရားတွေဟာ အခုထိ နားမလည်နိုင်သေးတဲ့ ဆန်းကြယ်ရာတစ်ခုဖြစ်နေဆဲပါ” ဆိုပြီး ပရင်စတန်တက္ကသိုလ်က မျိုးရိုးဗီဇပညာရှင်တစ်ဦးပြောတယ်။

ဆဲလ်နဲ့ပတ်သက်ပြီး အချက်အလက်အသစ်တွေ ရှာဖွေတွေ့ရှိလိုက်တိုင်း တကယ့်ကိုစည်းစနစ်ကျပြီး အဆင့်မြင့်တယ်ဆိုတာ တွေ့နေရတယ်။ ဒါဆိုရင် သက်ရှိနဲ့ သက်ရှိတွေမှာရှိတဲ့ လူတွေသိရှိသမျှထဲမှာ အဆင့်မြင့်ဆုံးအချက်အလက်တွေ၊ စနစ်တွေဟာ ဆင့်ကဲဖြစ်စဉ်ကနေ မတော်တဆဖြစ်ပေါ်လာတယ်ဆိုတဲ့အမြင်ကို လူများစွာ ဘာကြောင့် စွဲကိုင်နေကြသေးတာလဲ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 (A) အက်ဒီနင်း (C) ဆိုက်တိုဆင်း (G) ဂွာနင်း နဲ့ (T) သိုင်မင်း ဆိုတဲ့ ဓာတုဒြပ်ပေါင်းလေးမျိုးထဲက တစ်ခုခုဟာ နယူကလီယိုတိုက်တစ်ခုစီမှာပါဝင်တယ်။

^ အပိုဒ်၊ 11 ဗီဇပြောင်းလဲခြင်း (mutations) ကြောင့် ဆင့်ကဲဖြစ်စဉ် ဖြစ်ပေါ်လာတယ်ဆိုပြီး အဆိုပြုကြတယ်၊ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ အတိုချုပ်ရှင်းပြပါလိမ့်မယ်။

^ အပိုဒ်၊ 19 ပရိုတင်းထုတ်လုပ်ဖို့ အချက်အလက်မပါတဲ့ အာရ်အင်အေတွေဟာ တော်တော်လေး ခက်ခဲရှုပ်ထွေးပေမဲ့ ပုံမှန်ဖြစ်ပေါ်တိုးတက်မှုတွေအတွက်လည်း မရှိမဖြစ်လိုအပ်တယ်ဆိုပြီး မကြာသေးခင်ကပြုလုပ်တဲ့ သုတေသနပြုမှုမှာတွေ့ရတယ်။ အချက်အလက်မပါတဲ့အာရ်အင်အေ ချွတ်ယွင်းမှုက ကင်ဆာရောဂါတွေ၊ အရေပြားရောဂါတွေနဲ့ အယ်လ်ဇိုင်းမားရောဂါလို ရောဂါများစွာနဲ့ဆက်စပ်နေတတ်ကြောင်း သုတေသီတွေတွေ့ရှိကြတယ်။ အရင်တုန်းက “အသုံးမဝင်” ဘူးလို့ နာမည်ပေးထားတဲ့အရာဟာ ရောဂါအမျိုးမျိုးကို ရှာဖွေရာမှာနဲ့ ကုသရာမှာ အဓိကသော့ချက်တစ်ခုတောင် ဖြစ်နေနိုင်တယ်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

သင့် ဒီအင်အေ ဘယ်လောက်ရှည်သလဲ

သင့်ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်တစ်ခုထဲက ဒီအင်အေကို ဆွဲဆန့်ကြည့်လိုက်မယ်ဆိုရင် ခြောက်ပေ (၂ မီတာ) လောက်ရှည်တယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အားလုံးထဲက ဒီအင်အေတွေကို ဆွဲထုတ်ပြီး တစ်ခုနဲ့တစ်ခုဆက်ပေးလိုက်မယ်ဆိုရင် ကမ္ဘာနဲ့နေကို အသွားအပြန် အကြိမ် ၆၇၀ နီးပါး သွားနိုင်လောက်အောင် ရှည်သွားလိမ့်မယ်ဆိုပြီး တချို့ခန့်မှန်းကြတယ်။ အဲဒီအကွာအဝေးက အလင်းရဲ့သွားနှုန်းနဲ့ဆိုရင် ၁၈၅ နာရီလောက်ကြာတယ်။