စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ယေရှုက နိကောဒင်အား “ကောင်းကင်ဘုံကဆင်းသက် . . . သော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ” ဟုမိန့်ဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။—ယောဟန် ၃:၁၃။
ထိုစဉ်က ယေရှုသည် မြေကြီးပေါ်ရှိနေပြီး ကောင်းကင်သို့ ပြန်၍မတက်ကြွသေးပေ။ သို့ရာတွင် ယေရှုအကြောင်း ကျွန်ုပ်တို့ သိရှိထားရာနှင့် ကိုယ်တော့်စကား၏ ရှေ့နောက်အဆက်အစပ်များက ဆိုလိုရင်းကို သဘောပေါက်စေနိုင်သည်။
ယင်းမတိုင်မီက ယေရှုသည် ဝိညာဉ်ဘုံတွင် ခမည်းတော်နှင့်အတူ နေထိုင်ခဲ့သည်၊ သို့သော် ဘုရားသခင်သည် သတ်မှတ်ထားချိန်တွင် သားတော်၏အသက်ကို မာရိ၏သားအိမ်ထဲ ပြောင်းရွှေ့ပေးကာ လူသားတစ်ဦးအဖြစ် မွေးဖွားလာစေခြင်းဖြင့် ယေရှုသည် “ကောင်းကင်ဘုံက ဆင်းသက်” တော်မူ၏။ (လုကာ ၁:၃၀-၃၅; ဂလာတိ ၄:၄၊ ၅; ဟေဗြဲ ၂:၉၊ ၁၄၊ ၁၅၊ ၁၇) သေဆုံးပြီးနောက် ယေရှုသည် ဝိညာဉ်သားတစ်ဦးအဖြစ် ရှင်ပြန်ထမြောက်မည်ဖြစ်ကာ ယေဟောဝါထံတော်သို့ ပြန်ရောက်ရှိသွားပေမည်။ ထို့ကြောင့် ယေရှုအသတ်မခံရမီလေးတွင် ဤသို့ဆုတောင်းနိုင်ခဲ့ခြင်းဖြစ်၏– “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသောဘုန်းအသရေနှင့် . . . အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။”—ယောဟန် ၁၇:၅; ရောမ ၆:၄၊ ၉; ဟေဗြဲ ၉:၂၄; ၁ ပေတရု ၃:၁၈။
ဣသရေလနိုင်ငံတွင် ဖာရိရှဲနှင့် ဆရာတစ်ဦးဖြစ်သူ နိကောဒင်ကို ယေရှုစကားပြောဆိုချိန်၌ ကိုယ်တော်သည် ကောင်းကင်သို့ ပြန်မတက်ကြွသေးချေ။ သေဆုံး၍ ကောင်းကင်ဝိညာဉ်ဘုံသို့ တက်သွားသော မည်သည့်လူသားမျှ မရှိသေးပါ။ နှစ်ခြင်းဆရာယောဟန်သည် ဘုရားသခင်၏ ပြိုင်ဘက်ကင်းသော ပရောဖက်တစ်ပါးဖြစ်သော်လည်း “ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏” ဟုယေရှုကိုယ်တိုင် မိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၁၁) ထို့ပြင် သစ္စာရှိသောဘုရင် ဒါဝိဒ်ပင် သေဆုံးပြီးနောက် သင်္ချိုင်းတွင်ရှိနေဆဲဖြစ်ကြောင်း၊ သူသည် ကောင်းကင်သို့မတက်ကြောင်း တမန်တော်ပေတရု ရှင်းပြခဲ့၏။ (တမန်တော် ၂:၂၉၊ ၃၄၊ သမ္မာ) ယေရှုမတိုင်မီသေဆုံးခဲ့ကြသော ဒါဝိဒ်၊ နှစ်ခြင်းဆရာယောဟန်နှင့် သစ္စာရှိအမျိုးသားတို့သည် ကောင်းကင်သို့မတက်ရသည့် အကြောင်းရင်းရှိ၏။ ယေရှုသည် လူတို့အား ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်စေနိုင်သည့်အခွင့်အလမ်း မဖွင့်ပေးမီ သူတို့သေဆုံးခဲ့ကြသည်။ ယေရှုသည် ရှေ့ဆောင်၍ဝင်သောသူဖြစ်ကာ ကောင်းကင်သို့ရောက်နိုင်မည့် “အသက်လမ်းသစ်တွင် . . . ဝင်ရသောအခွင့်” ကို ဖွင့်တော်မူသည်ဟု တမန်တော်ပေါလုရေးခဲ့သည်။—ဟေဗြဲ ၆:၁၉၊ ၂၀; ၉:၂၄; ၁၀:၁၉၊ ၂၀။
ယေရှုသည် သေဆုံးခြင်း၊ ရှင်ပြန်ထမြောက်ခြင်း မရှိသေးသောကြောင့် နိကောဒင်အား “ကောင်းကင်ဘုံကဆင်းသက် . . . သော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ” ဟု မိန့်ဆိုရာတွင် အဘယ်အရာကို ဆိုလိုနေသနည်း။ (ယောဟန် ၃:၁၃) နိကောဒင်နှင့် ယေရှုဆွေးနွေးနေသည့် အကြောင်းအရာကို သုံးသပ်ကြည့်ပါ။
ထိုဂျူးအရာရှိသည် ညအချိန်တွင် ယေရှုထံရောက်လာသောအခါ ကိုယ်တော်က “ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်” ဟုမိန့် ဆိုလေ၏။ (ယောဟန် ၃:၃) ထိုအခါ နိကောဒင်က ‘ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒုတိယအကြိမ် ပြန်မွေးဖွားနိုင်မှာလဲ’ ဟုတုံ့ ပြန်ခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်သည့် မြင့်မြတ်သောထိုသွန်သင်ချက်ကို သူသဘောမပေါက်ခဲ့ချေ။ သို့ဆိုလျှင် ယင်းအကြောင်းကို သူသင်ယူနိုင်မည့် နည်းလမ်းရှိသလော။ ရှိပါသည်၊ သို့သော် လူ့ရှုထောင့်မှ မဟုတ်ပေ၊ အကြောင်းမှာ အဘယ်လူသားမျှ ကောင်းကင်သို့ မတက်ရသေးသောကြောင့် ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့်စပ်လျဉ်း၍ လူတို့ အဘယ်အရာမျှ သွန်သင်၊ ရှင်းပြနိုင်မည် မဟုတ်ပေ။ ယေရှုတစ်ပါးတည်းသာ ရှင်းပြပေးနိုင်သည်။ ကိုယ်တော်သည် ကောင်းကင်မှဆင်းသက်လာသူဖြစ်၍ ယင်းအကြောင်းကို သွန်သင်နိုင်သည့် အရည်အချင်းပြည့်မီသောကြောင့် နိကောဒင်နှင့် အခြားသူတို့ကို သင်ကြားပေးနိုင်ခဲ့ခြင်းဖြစ်၏။
သို့ဖြစ်၍ အထက်ပါကျမ်းချက်မှပေါ်လာသော မေးခွန်းက သမ္မာကျမ်းစာလေ့လာခြင်းနှင့်စပ်လျဉ်း၍ တန်ဖိုးရှိသောအချက်တစ်ချက်ကို ဖော်ပြသည်။ ကျမ်းတစ်ပိုဒ်သည် နားလည်ရခက်ခဲဟန်ရှိသောကြောင့် စိတ်အနှောင့်အယှက်မဖြစ်သင့်ပေ။ ကျမ်းချက်တစ်ချက်၏အဆိုကို သဘောပေါက်ရန် ထိုကျမ်းချက်ကို အခြားကျမ်းပိုဒ်များနှင့် တိုက်၍စစ်ဆေးရမည်။ သဘောချင်းကိုက်ညီနေရမည်။ ထို့ပြင် နောက်ခံအခြေအနေ သို့မဟုတ် ဆွေးနွေးသည့်အကြောင်းအရာက နားလည်ရခက်သည့်ကျမ်းချက်၏ အကျိုးသင့်အကြောင်းသင့်ဖြစ်သော၊ ဆင်ခြင်တုံတရားနှင့်ညီသော အဓိပ္ပာယ်ကို ရရှိရန် ထောက်ကူလေ့ရှိသည်။