ပျော်ရွှင်မှုကို သင် အမှန်တကယ်တွေ့ရှိနိုင်
ပျော်ရွှင်မှုကို သင် အမှန်တကယ်တွေ့ရှိနိုင်
စစ်မှန်ပြီး တည်မြဲသော ပျော်ရွှင်မှုကို တွေ့နိုင်ခဲသည်။ အထူးသဖြင့် လူများစွာသည် လွဲမှားသောနေရာများမှ ပျော်ရွှင်မှုတွေ့ရှိရန် မနားမနေ ကြိုးစားနေကြသောကြောင့်ဖြစ်သည်။ ယုံကြည်စိတ်ချရပြီး မှန်ကန်သောရင်းမြစ်များသို့ လမ်းညွှန်ပေးနိုင်သည့် အရည်အချင်းရှိ မိတ်ဆွေတစ်ဦးသာရှိလျှင် စစ်မှန်သောပျော်ရွှင်မှုကို တွေ့ရှိနိုင်မည်ပင်!
သမ္မာကျမ်းစာသည် လိုအပ်နေသော ထိုလမ်းညွှန်မှု၏ ရင်းမြစ်ဖြစ်သည်။ ယင်း၏ကျမ်းစောင်တစ်စောင်ဖြစ်သော ဆာလံကျမ်းကိုသာ စဉ်းစားကြည့်ပါ။ ယင်းကျမ်းစောင်သည် ယေဟောဝါဘုရားသခင်အား ချီးမွမ်းထားသော သီချင်းအပုဒ်ပေါင်း ၁၅၀ ကိုစုစည်းထားသည့် စာစောင်ဖြစ်ပြီး တစ်ဝက်ခန့်ကို ရှေးဣသရေလလူမျိုး ဘုရင်ဒါဝိဒ်က စပ်ဆိုခဲ့သည်။ သို့သော် စာရေးသူကိုသိရှိခြင်းထက် လူသားတို့၏ အကြီးမြတ်ဆုံးမိတ်ဆွေ ယေဟောဝါ၏ မှုတ်သွင်းမှုအောက်တွင် ရေးသားခဲ့ကြောင်း သိရှိခြင်းက ပိုအရေးကြီးသည်။ ထို့ကြောင့် ယင်းတွင် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် မြင့်မြတ်သောလမ်းညွှန်မှုပါဝင်ပြီး ပျော်ရွှင်မှုတွေ့ရှိရန် လမ်းညွှန်ပေးနိုင်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။
ပျော်ရွှင်မှုကို ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးမှ ရရှိနိုင်ကြောင်း ဆာလံကျမ်းရေးသူများ ယုံကြည်စိတ်ချခဲ့သည်။ ဆာလံဆရာတစ်ဦး ဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်ကိုကြောက်ရွံ့ . . . သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။’ (ဆာလံ ၁၁၂:၁) မည်သည့်လူသားဆက်ဆံရေး၊ မည်သည့်ပစ္စည်းဥစ္စာ၊ မည်သည့်ပြီးမြောက်အောင်မြင်မှုကမျှ ‘ယေဟောဝါ၏လူမျိုး’ ပိုင်ဆိုင်ထားသော ပျော်ရွှင်မှုမျိုးကို မပေးနိုင်ချေ။ (ဆာလံ ၁၄၄:၁၅၊ ကဘ) မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်များစွာ၏ အသက်တာက ယင်း၏မှန်ကန်မှုကို သက်သေထူသည်။
အသက် ၄၀ ကျော်စအရွယ် ဇူဇားနားသည် ပုံသက်သေတစ်ဦးဖြစ်သည်။ * ဂျာမနီမှ ထိုအမျိုးသမီး ဤသို့ပြောခဲ့သည်– “ဒီနေ့ လူတော်တော်များများက တူညီတဲ့ပန်းတိုင် ဒါမှမဟုတ် တူညီတဲ့စိတ်ဝင်စားမှုကို လိုက်စားဖို့ အုပ်စုတစ်ခုခုနဲ့ ပေါင်းကြတယ်။ ဒါပေမဲ့ အုပ်စုမှာရှိတဲ့ လူယောက်စီယောက်တိုင်းကို မိတ်ဆွေလို့သတ်မှတ်တဲ့သူရှားတယ်။ ယေဟောဝါလူမျိုးတွေကျတော့ အဲလိုမဟုတ်ဘူး။ ယေဟောဝါကိုချစ်တဲ့မေတ္တာက တစ်ဦးကိုတစ်ဦးချစ်စေတယ်။ ဘယ်မှာပဲရှိနေနေ ဘုရားသခင့်လူမျိုးတော်အလယ်မှာနေရတာ သက်သောင့်သက်သာရှိတယ်။ အဲဒီစည်းလုံးမှုက ကျွန်မတို့ရဲ့အသက်တာကို အများကြီးကြွယ်ဝစေတယ်။ လူတန်းစားနဲ့နောက်ခံတွေလုံးဝမတူ၊ လူမျိုးပေါင်းစုံကွဲပြားနေတဲ့ လူတွေထဲမှာ ကိုယ့်မိတ်ဆွေတွေရှိတယ်လို့ တခြားဘယ်သူပြောနိုင်မှာလဲ။ ယေဟောဝါရဲ့လူမျိုးဖြစ်လို့ ပျော်ရွှင်တယ်ဆိုတာကို ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ ပြောနိုင်တယ်။”
ပျော်ရွှင်မှုတွေ့ရှိရန် ယေဟောဝါနှင့်ဆက်ဆံရေးရှိခြင်းက အရေးပါကြောင်း စကော့တလန်နိုင်ငံဖွား မာရီလည်း သိမြင်ခဲ့သည်။ “ကျမ်းစာအမှန်တရားမသိခင်က သရဲကားတွေကို ကျွန်မ ကြိုက်နှစ်သက်ခဲ့တယ်။ ဒါပေမဲ့ သရဲကားတွေမှာပါသလိုပဲ သရဲတွေနဲ့သွေးစုပ်ဖုတ်ကောင်တွေကို မောင်းထုတ်ပေးနိုင်တယ်လို့ ထင်ရတဲ့ လက်ဝါးကပ်တိုင်ပုံကို မကိုင်ဘဲနဲ့ ကျွန်မ ဘယ်တော့မှအိပ်မပျော်ဘူး။ ဒါပေမဲ့ အမှန်တရားကိုလည်း သိလာရော အဲလိုရုပ်ရှင်တွေကို မကြည့်တော့ဘူး။ အဲဒီအချိန်ကစပြီး ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးကြောင့် မကြောက်ဘဲအိပ်နိုင်ပြီ။ နတ်ဆိုးတွေ၊ ဖန်တီးထားတဲ့သွေးစုပ်ဖုတ်ကောင်တွေထက် တန်ခိုးကြီးတဲ့ဘုရားသခင်ကို ကိုးကွယ်ရလို့ ကျွန်မ ပျော်ရွှင်တယ်။”
ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ပျော်ရွှင်စေ
ဖန်ဆင်းရှင်၏ အတိုင်းအဆမဲ့သောတန်ခိုးနှင့် အကန့်အသတ်မဲ့ ဉာဏ်ပညာတို့ကို သံသယဖြစ်စရာအကြောင်းမရှိပေ။ ဒါဝိဒ်သည် ဘုရားသခင်ကို မိမိအပြည့်အဝယုံကြည်ကိုးစားနိုင်ကြောင်းနှင့် ကိုယ်တော့်ထံ ခိုလှုံနိုင်ကြောင်း သိရှိပြီး ဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်ကို ကိုးစားသောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။’—ဆာလံ ၄၀:၄။
မာရီယာ ဤသို့ပြောသည်– “ကျွန်မတို့ရဲ့ ခံစားချက်နဲ့စိတ်လှုပ်ရှားမှုတွေကြောင့် တခြားအရာတွေကို လုပ်ဆောင်ချင်တဲ့အခါမျိုးမှာတောင် ယေဟောဝါရဲ့နည်းလမ်းတော်အတိုင်း လုပ်ဆောင်တာက အကောင်းဆုံးရလဒ်တွေရရှိစေတယ်ဆိုတာ စပိန်နဲ့ တခြားနေရာတွေကနေ ကျွန်မရခဲ့တဲ့ အတွေ့အကြုံအရ သိရှိခဲ့တယ်။ ယေဟောဝါရဲ့နည်းလမ်းက အမြဲအကောင်းဆုံးဖြစ်တဲ့အတွက် ပျော် ရွှင်စေတယ်။”
ဥရောပနိုင်ငံများစွာတွင် အမှုဆောင်ခဲ့သော ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ အန္ဒြေးယပ်စ်သည်လည်း ယေဟောဝါကို ယုံကြည်ကိုးစားနိုင်ကြောင်း သူ၏အတွေ့အကြုံမှ သိရှိခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်တော်နဲ့ယုံကြည်ချင်းမတူတဲ့ အစ်ကိုကြီးဟာ ကျွန်တော် လူငယ်ဘဝတုန်းက ကျွန်တော့်ကို တော်တော်သြဇာလွှမ်းမိုးပြီး ငွေများများရမယ့်အလုပ်တစ်ခုလုပ်ဖို့ ဖိအားပေးတယ်။ အာမခံချက်ရှိတယ်လို့ဆိုတဲ့ အငြိမ်းစားခံစားခွင့်အစီအစဉ်တွေကို အားမကိုးဘဲ အချိန်ပြည့်အမှုမှာ ပါဝင်တဲ့အခါ သူအကြီးအကျယ်စိတ်ဓာတ်ကျသွားတယ်။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့အချိန်တစ်လျှောက် ကျွန်တော် ဘာမှမချို့တဲ့ခဲ့ပါဘူး။ တခြားသူတွေ စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့ကောင်းချီးတွေကို ကျွန်တော်ခံစား ခဲ့ ရတယ်။”
၁၉၉၃ ခုနှစ်တွင် ဖေလစ္စသည် ဂျာမနီနိုင်ငံ၊ စယ်လ်တာစ်မြို့ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးအဆောက်အဦများကို တိုးချဲ့ဆောက်လုပ်ရာတွင် ပါဝင်ကူညီရန် ဖိတ်ခေါ်ခံရသည်။ အလုပ်ပြီးသွားသည်နှင့် ထိုတွင် အမြဲတမ်းဗေသလမိသားစုဝင်တစ်ဦးအဖြစ် ဖိတ်ခေါ်ခံခဲ့ရသည်။ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ “ဒွိဟစိတ်နဲ့ပဲ လက်ခံခဲ့တယ်။ ဒါပေမဲ့ အခု ဒီမှာနေတာ ဆယ်နှစ်နီးပါးရှိသွားပြီ၊ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါနားညောင်းတယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံကြည်တယ်။ ကျွန်တော့်အတွက် အကောင်းဆုံးကဘာလဲဆိုတာ ကိုယ်တော်သိတယ်။ ကိုယ်တော့်ကို အပြည့်အဝယုံကြည်စိတ်ချပြီး ကိုယ်တော့်လမ်းညွှန်မှုကို လက်ခံလိုက်တယ်။ ဒီနည်းနဲ့ ကျွန်တော့်ကို ကိုယ်တော်ဘာလုပ်စေချင်တယ်ဆိုတာ ပြသခွင့်ပေးခဲ့တယ်။”
အစောပိုင်းကဖော်ပြခဲ့သော ဇူဇားနားသည် အချိန်ပြည့်အမှုဆောင်ဖြစ်သော ရှေ့ဆောင်တစ်ဦးဖြစ်လိုသော်လည်း အချိန်ပိုင်းအလုပ်တစ်ခုရရန် အခက်အခဲရှိသည်။ တစ်နှစ်စောင့်ပြီးနောက် ယေဟောဝါကို ယုံကြည်ကိုးစားမှုဖြင့် လုပ်ဆောင်ခဲ့သည်။ သူဤသို့ပြောပြသည်– “မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ ဘုရားသခင်ကို ဆုတောင်းပြီးပြောပြတယ်။ ပုံမှန်ကုန်ကျစရိတ် တစ်လစာကို စုထားခဲ့တယ်။ တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့လပဲ။ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ရတာ တကယ်ပျော်တယ်၊ ဒါပေမဲ့ အလုပ်အင်တာဗျူးတစ်ခုပြီးတစ်ခု မအောင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ယေဟောဝါရဲ့ကတိတော်အတိုင်း ကိုယ်တော် ကျွန်မကို မစွန့်ပစ်ခဲ့ဘူး။ လရဲ့နောက်ဆုံးနေ့မှာ အလုပ်တစ်ခုရသွားတယ်။ ယေဟောဝါကို တကယ်ယုံကြည်ကိုးစားနိုင်တယ်ဆိုတာ အခုတော့ ကျွန်မသိပြီ။ အချိန်ပြည့်ဓမ္မအမှုမှာရရှိခဲ့တဲ့ ဒီပထမဆုံးအတွေ့အကြုံကြောင့် ဘဝမှာ ပျော်ရွှင်မှုနဲ့ ကောင်းချီးရခဲ့တယ်။”
ဘုရားသခင့်အကြံဉာဏ်ကို လက်ခံခြင်းက ပျော်ရွှင်မှုကိုတိုးပွားစေ
ဘုရင်ဒါဝိဒ်သည် ကြီးလေးသောအမှားအချို့ ကျူးလွန်ခဲ့သည်။ တစ်ခါတစ်ရံ ပညာရှိအကြံဉာဏ်ကို သူလိုအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် အကြံဉာဏ်နှင့်လမ်းညွှန်မှုကို ဒါဝိဒ်ကဲ့သို့ လက်ခံရန် လိုလိုလားလားရှိသလော။
ပြင်သစ်နိုင်ငံမှ အိုင်ဒါသည် တစ်ခါက ကြီးလေးသောအမှားတစ်ခုကို မိမိကျူးလွန်မိကြောင်း သိလိုက်ရသည်။ သူဤသို့ပြန်ပြောပြသည်– “ကျွန်မအရေးစိုက်ဆုံးက ယေဟောဝါနဲ့ကျွန်မရဲ့ဆက်ဆံရေး ပြန်ကောင်းဖို့ပဲ။ တခြားဘယ်အရာတွေကမှ အဲဒါလောက်အရေးမကြီးဘူး။” ခရစ်ယာန်အကြီးအကဲများ၏ အကူအညီကို သူတောင်းခံခဲ့သည်။ အချိန်ပြည့်အမှုတော်တွင် ၁၄ နှစ်ကျော် ထမ်းဆောင်ပြီးနောက် ဤသို့ပြောသည်– “ကျွန်မရဲ့အမှားကို ယေဟောဝါခွင့်လွှတ်မှန်းသိရလို့ အရမ်းကျေးဇူးတင်တယ်။”
ဘုရားသခင့်အကြံဉာဏ်ကို လက်ခံခြင်းက အမှားပြုလုပ်ခြင်းမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးနိုင်သည်။ ယူဒစ်တ် ဤသို့ပြောပြသည်– “ကျွန်မအသက် ၂၀ အရွယ်မှာ ကျွန်မနဲ့လုပ်ငန်းတူပြီး ကျွန်မသဘောကျအောင် အစွမ်းကုန်ကြိုးစားတဲ့ ဂျာမန်တစ်ယောက်ကို စိတ်ဝင်စားမိတယ်။ သူဟာ လေးစားခံရတဲ့၊ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အိမ်ထောင်သည်ဖြစ်တယ်။ ယေဟောဝါရဲ့ပညတ်တွေကို နာခံမလား ဒါမှမဟုတ် ကိုယ်တော်ကို လုံးဝကျောခိုင်းမလားဆိုတာကို ရွေးချယ်ရတော့မယ်ဆိုတာ ကျွန်မနားလည်တယ်။ ဒါနဲ့ မိဘတွေကို ရင်ဖွင့်ခဲ့တယ်။ ကျွန်မဆီက ယေဟောဝါ ဘာမျှော်လင့်တယ်ဆိုတာ အဖေက တဲ့တိုးသတိပေးခဲ့တယ်။ ကျွန်မဘာလိုအပ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ ဒါတောင် ဆင်ခြေပေးဖို့ ကျွန်မ ကြိုးစားသေးတယ်။ အမေကျတော့ ဘုရားသခင့်ပညတ်တွေဟာ ဘယ်လောက်အရေးကြီးပြီး ဘယ်လိုအသက်ကယ်နိုင်တယ်ဆိုတဲ့အကြောင်းကို အပတ်နဲ့ချီပြီး ညနေဘက်တွေမှာ ပြောပြတယ်။ ကျွန်မရဲ့စိတ်က ယေဟောဝါဘက် တဖြည်းဖြည်း ပြန်ယိုင်လာတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ယေဟောဝါရဲ့သွန်သင်ဆုံးမမှုကိုခံယူတာဟာ ကြီးမားတဲ့ပျော်ရွှင်မှုဖြစ်စေခဲ့တယ်။ အချိန်ပြည့်အမှုတော်မှာ နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်ပါဝင်ခွင့်ရသလို ယေဟောဝါကို နှလုံးအကြွင်းမဲ့ချစ်ပြီး ကျွန်မကိုလည်း ချစ်မြတ်နိုးတဲ့ ခရစ်ယာန်အဖော်ကောင်းတစ်ယောက်လည်း ရရှိခဲ့တယ်။
ထိုသို့သောတွေ့ကြုံမှုများက ဒါဝိဒ်၏ ဤစကားများ မှန်ကန်ကြောင်း ပေါ်လွင်စေသည်– ‘အပြစ်မှလွတ်ခြင်း၊ . . . အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။ ထာဝရဘုရားသခင် အပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။’—ဆာလံ ၃၂:၁၊ ၂။
အခြားသူများကို စာနာမှုပြခြင်းက ပျော်ရွှင်စေ
‘ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ [“ပျော် ရွှင်၊” ကဘ] ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရဘုရားသခင်ကယ်နုတ်တော်မူမည်။ ထာဝရဘုရားသခင်သည် စောင့်မ၍ အသက်ချမ်းသာပေးတော်မူသဖြင့် ထိုသူသည် ပြည်တော်၌ ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်’ ဟုဒါဝိဒ် ရေးသားခဲ့သည်။ (ဆာလံ ၄၁:၁၊ ၂) သူချစ်မြတ်နိုးသောမိတ်ဆွေ ယောနသန်၏ ခြေဆွံ့ သောသား မေဖိဗောရှက်အပေါ် ဒါဝိဒ်ပြသခဲ့သော မေတ္တာပါစာနာမှုက ဆင်းရဲသားများအပေါ်ထားသင့်သော သဘောထားမှန်ဆိုင်ရာ နမူနာတစ်ခုဖြစ်သည်။—၂ ဓမ္မရာဇဝင် ၉:၁-၁၃။
၄၇ နှစ်တိုင် ခရစ်ယာန်သာသနာပြုခဲ့သော မာလီစ်သည် အာဖရိက၊ အာရှနှင့် ဥရောပအရှေ့ပိုင်းရှိ အန္တရာယ်ဇုန်များမှ ထွက်ပြေးလာသူများကို ဟောပြောခွင့်ရရှိခဲ့သည်။ သူဤသို့ပြောသည်– “သူတို့မှာ ပြဿနာအမျိုးမျိုးရှိပြီး သူတို့ကိုလက်မခံချင်ဘဲ ခွဲခြားဆက်ဆံတယ်လို့ ခံစားနေကြရတယ်။ အဲလိုလူတွေကို ကူညီပေးရတာ အမြဲပျော်ရွှင်မှုခံစားရတယ်။”
အသက် ၄၀ ကျော်ခါစအရွယ်ရှိ မာရီးနာ ဤသို့ရေးသည်– “တစ်ကိုယ်ရေသမားဖြစ်တဲ့အတွက် တခြားသူတွေက ကျွန်မကို ကူ ညီဖို့အမြဲအသင့်ရှိတယ်ဆိုတာ သိရလို့ နှစ်သိမ့်မှုအကြီးအကျယ်ခံစားရတယ်။ အဲဒါကနေ ကျွန်မလည်း တခြားသူတွေကို ဖုန်းဆက်ပြီး ဒါမှမဟုတ် စာရေးပြီး အားပေးဖို့ လှုံ့ဆော်ခံရတယ်။ လူတော်တော်များများက ကျွန်မကို ကျေးဇူးတင်ကြောင်း ပြောပြကြတယ်။ တခြားသူတွေကို ကူညီပေးတာက ကျွန်မကို ပျော်ရွှင်စေတယ်။”
အသက် ၂၅ နှစ်အရွယ်ရှိ ဒီမီတာ ဤသို့ဆိုသည်– “ကျွန်တော့်အမေက ကြင်ဖော်မဲ့မိခင်တစ်ယောက်အနေနဲ့ ကျွန်တော်ကို ပြု စုပျိုးထောင်လာခဲ့တယ်။ ငယ်ငယ်တုန်းက ကျွန်တော့်ကို ခရစ်ယာန်ဓမ္မအမှုမှာ လေ့ကျင့်ပေးဖို့ အပတ်တိုင်းခေါ်သွားတဲ့ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးရှိလို့ ဝမ်းသာမဆုံးဖြစ်ရတယ်။ သူ့ရဲ့ဇွဲအတွက် အခုထိ ကျေးဇူးတင်တုန်းပါပဲ။ ကျွန်တော့်ကို စိတ်ပါလာအောင် လှုံ့ဆော်ပေးဖို့ အမြဲမလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။” တစ်ချိန်ကရရှိခဲ့သော ကူညီထောက်မမှုအတွက် ကျေးဇူးတင်စွာဖြင့် ဒီမီတာသည် ယခု အခြားသူများကို ကူညီလျက်ရှိသည်– “ခရစ်ယာန်ဓမ္မအမှုမှာ အနည်းဆုံးတစ်လတစ်ကြိမ် လူငယ်တစ်ယောက်နဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို ခေါ်သွားဖို့ ကျွန်တော် ကြိုးစားတယ်။”
ပျော်ရွှင်မှုဖြစ်စေသည့် အခြားအရာများကိုလည်း ဆာလံကျမ်းစောင်တွင် ဖော်ပြထားသေးသည်။ တစ်ခုမှာ မိမိကိုယ်ကိုထက် ယေဟောဝါ၏တန်ခိုးကို မှီခိုအားထားခြင်းဖြစ်သည်– ‘[ယေဟောဝါ] ကိုအားပြုသောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ပါ၏။’—ဆာလံ ၈၄:၅။
ယင်းအကြောင်းကို ကိုရီနာပြောပြနိုင်သည်။ သူသည် ခရစ်ယာန်ဓမ္မအမှုဆောင်ရန် သာ၍လိုအပ်သောနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ “ဘာသာစကားအသစ်၊ ယဉ်ကျေးမှုအသစ်၊ စဉ်းစားတွေးခေါ်ပုံအသစ်နဲ့ ကျွန်မရင်ဆိုင်ခဲ့ရတယ်။ ကျွန်မကိုယ်ကျွန်မ တခြားကမ္ဘာရောက်နေသလို ခံစားရတယ်။ အစိမ်းသက်သက်ဖြစ်တဲ့ပတ်ဝန်းကျင်မှာ သတင်းကောင်းဟောရမှာကို စိုးရိမ်မိတယ်။ ဒါနဲ့ ယေဟောဝါကို အကူအညီတောင်းလိုက်တယ်။ ကိုယ်တော်ပေးတဲ့အစွမ်းခွန်အားကြောင့် သီးခြားရပ်ကွက်မှာ ကျွန်မ တစ်နေကုန်ဟောနိုင်ခဲ့တာ။ နည်းနည်းကြာတော့ အဲလိုဟောရတာ အသားကျလာတယ်။ ကျမ်းစာသင်အံမှုအများကြီးစနိုင်ခဲ့ပြီး အဲဒီတွေ့ကြုံမှုကနေ အခုထိ အကျိုးရနေတုန်းပဲ။ ကျော်လွှားလို့မရပုံပေါက်တဲ့ အတားအဆီးတွေကိုတောင် ယေဟောဝါရဲ့အစွမ်းခွန်အားကြောင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တယ်။”
မှန်ပါသည်၊ ဘုရားသခင်နှင့်လည်းကောင်း၊ ကိုယ်တော့်လူမျိုးနှင့်လည်းကောင်း ဆက်ဆံရေး ပြုစုပျိုးထောင်ခြင်း၊ ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားခြင်း၊ ကိုယ်တော့် အကြံဉာဏ်တော်ကို လက်ခံခြင်း၊ အခြားသူများကို စာနာမှုပြခြင်းစသော အချက်များစွာက ပျော်ရွှင်စေနိုင်သည်။ ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း လိုက်လျှောက်ခြင်းနှင့် ကိုယ်တော့်ပညတ်များကို နာခံခြင်းဖြင့် မျက်နှာသာတော်ကို ပျော်ရွှင်စွာရရှိခံစားနိုင်မည်ဖြစ်သည်။—ဆာလံ ၈၉:၁၅; ၁၀၆:၃; ၁၁၂:၁; ၁၂၈:၁၊ ၂။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 နာမည်အချို့ပြောင်းထားသည်။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
မာရီယာ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
မာရီ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဇူဇားနားနှင့်အန္ဒြေးယပ်စ်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကိုရီနာ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဒီမီတာ