သင်ခန်းစာ ၁၀၃
“နိုင်ငံတော် လာပါစေ”
ယေဟောဝါ ဒီလို ကတိပေးထားတယ်– ‘သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးမယ်။ အရင်ကဖြစ်ဖူးတဲ့ မကောင်းတာတွေအားလုံး ကွယ်ပျောက်သွားစေမယ်။’
ယေဟောဝါက အာဒံနဲ့ဧဝကို ဧဒင်ဥယျာဉ်ထဲမှာ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ဖို့ နေရာချပေးတယ်။ သူတို့ရဲ့ ကောင်းကင်ဖခင်ကို ကိုးကွယ်ရင်း မြေကြီးပေါ်မှာ သားသမီးတွေ ပြည့်စေဖို့ဖြစ်တယ်။ ယေဟောဝါစကားကို အာဒံနဲ့ဧဝ နားမထောင်ပေမဲ့ ဘုရားရည်ရွယ်ချက်က မပြောင်းလဲဘူး။ ဘုရားသခင် ကတိပေးသမျှ ပြည့်စုံလာတာကို ဒီစာအုပ်ထဲမှာ ဖတ်ခဲ့ရတယ်။ ယေဟောဝါက အာဗြဟံကို ကတိပေးခဲ့သလိုပဲ နိုင်ငံတော်ဟာ ဒီကမ္ဘာမြေကြီးပေါ် တကယ့်ကိုကောင်းတဲ့ ကောင်းချီးမင်္ဂလာတွေ ဆောင်ကြဉ်းပေးလိမ့်မယ်။
မကြာခင်၊ စာတန်၊ သူ့နတ်ဆိုးတွေနဲ့ လူဆိုးအားလုံး ရှိတော့မှာမဟုတ်ဘူး။ လူအားလုံး ယေဟောဝါကိုပဲ ကိုးကွယ်ကြတော့မယ်။ ဖျားတာ၊ သေတာ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအစား အားအင်အပြည့်နဲ့ နေ့တိုင်း နိုးထလာမယ်။ အသက်ရှင်ရကျိုးနပ်လို့ ပျော်ရွှင်ရလိမ့်မယ်။ ပရဒိသု ဖြစ်လာမယ်။ လူတိုင်း အာဟာရရှိတဲ့ အစာတွေစားပြီး ဘေးကင်းလုံခြုံမယ်။ လူတွေဟာ ရက်စက်ကြမ်းတမ်းတော့မှာမဟုတ်ဘဲ သနားကြင်နာကြလိမ့်မယ်။ သားရိုင်းတိရစ္ဆာန်တွေက လူတွေကို ကြောက်တော့မှာ မဟုတ်ဘူး။ လူတွေကလည်း သူတို့ကို ကြောက်စရာမလိုတော့ဘူး။
မြေကြီးဟာယေဟောဝါက လူတွေကို အသက်ပြန်ရှင်လာစေတဲ့အခါ ဘယ်လောက် ပျော်စရာကောင်းမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီအခါ ဟိုးအရင်က အသက်ရှင်ခဲ့တဲ့ အာဗေလ၊ နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဧသတာနဲ့ ဒါဝိဒ်တို့ကို ပြန်တွေ့ခွင့်ရမယ်။ သူတို့နဲ့အတူ ဒီကမ္ဘာမြေကြီးကို ပရဒိသုဖြစ်စေတော့မယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်အမျိုးမျိုးကို အမြဲလုပ်နေရတော့မယ်။
ယေဟောဝါက လူတွေကို အဲဒီမှာ ရှိနေစေချင်တယ်။ တစ်ခါမှ မစဉ်းစားဖူးတဲ့ နည်းတွေနဲ့ ယေဟောဝါအကြောင်း သိလာရလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း ယေဟောဝါနဲ့ ပိုရင်းနှီးချစ်ခင်လာအောင် ကြိုးစားကြစို့။
“ယေဟောဝါ ဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ . . . ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။”—ဗျာဒိတ် ၄:၁၁