ပုံပြင် ၅၁
ရုသနဲ့ နောမိအကြောင်း
ကျမ်းစာထဲမှာ ရုသဝတ္ထုဆိုတဲ့ကျမ်းတစ်စောင်ပါတာကို တွေ့ရလိမ့်မယ်။ ဣသရေလနိုင်ငံမှာ တရားသူကြီးတွေအုပ်စိုးနေတဲ့ခေတ်က အိမ်ထောင်တစ်ခုနဲ့ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်ပေါ့ကွယ်။ ရုသဆိုတာက မောဘပြည်က မိန်းမငယ်တစ်ယောက်။ ဘုရားသခင်ရဲ့လူမျိုး ဣသရေလလူတွေနဲ့မဆိုင်ဘူး။ ဒါပေမဲ့ ရုသဟာစစ်မှန်တဲ့ ဘုရားသခင်ယေဟောဝါအကြောင်းသိလာတဲ့အခါ ယေဟောဝါကိုသိပ်ပြီးချစ်လာတယ်။ နောမိဆိုတာကတော့ ရုသထက်ပိုပြီးအသက်ကြီးတယ်။ ယေဟောဝါအကြောင်း ရုသသိအောင်ပြောပြခဲ့တာသူပေါ့။
နောမိဟာ ဣသရေလအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဣသရေလနိုင်ငံမှာ အစာရှားပါးတဲ့အချိန်မှာ သူရယ်၊ သူ့ယောက်ျား၊ သူ့သားနှစ်ယောက်တို့နဲ့ မောဘပြည်ကိုပြောင်းသွားတယ်။ တစ်ရက်ကျတော့ နောမိရဲ့ယောက်ျားသေသွားရောကွယ်။ နောက်တော့ နောမိရဲ့သားနှစ်ယောက်က ရုသနဲ့သြရပဆိုတဲ့ မောဘမိန်းကလေးနှစ်ယောက်ကိုယူကြတယ်။ ဒါပေမဲ့ ၁၀ နှစ်လောက်ကြာတဲ့အခါ သားနှစ်ယောက်သေသွားရှာတယ်။ နောမိနဲ့မိန်းကလေးနှစ်ယောက် ဘယ်လောက်တောင်ဝမ်းနည်းကြမလဲနော်။ ခုနောမိ ဘာလုပ်တော့မလဲ။
တစ်နေ့ကျတော့ နောမိက သူ့ရွာသူ့အမျိုးဆီ ပြန်တော့မယ်ဆိုပြီး ခရီးထွက်ဖို့ပြင်တယ်လေ။ ရုသနဲ့သြရပတို့ကလည်း နောမိနဲ့အတူနေချင်ကြတယ်။ ဒါနဲ့ သူတို့လည်းနောမိနောက်လိုက်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ခရီးတစ်ထောက်လောက်ရောက်တဲ့အခါ နောမိကမိန်းကလေးတွေဘက်လှည့်ပြီး ‘သမီးတို့အိမ်ပြန်ပါ။ သမီးတို့မေမေနဲ့သွားနေကြပါ’ ဆိုပြီးပြောရှာတယ်။
နောမိကမိန်းကလေးနှစ်ယောက်ကို ခွဲခွာတဲ့အနေနဲ့နမ်းလိုက်တယ်။ အဲဒီအခါ မိန်းကလေးနှစ်ယောက်စလုံးငိုကြရောကွယ်။ ‘သမီးတို့မပြန်ပါရစေနဲ့။ မေမေနဲ့မေမေတို့လူမျိုးတွေဆီ သမီးတို့လိုက်ပါရစေမေမေ’ ဆိုပြီးပြောကြရှာတယ်။ နောမိက ‘သမီးတို့ပြန်ရမယ်သမီးတို့။ သမီးတို့အိမ်မှာနေကြတာ ပိုကောင်းပါလိမ့်မယ်’ ဆိုပြီးပြန်ပြောတယ်။ ဒါနဲ့ ဩရပကအိမ်ပြန်သွားတယ်။ ဒါပေမဲ့ ရုသကျတော့မပြန်ဘူးကွဲ့။
နောမိကသူ့ဘက်လှည့်ပြီး ‘ဩရပပြန်သွားပြီ။ သမီးလည်းသူနဲ့လိုက်ပြီး အိမ်ပြန်ပါကွယ်နော်သမီး’ ဆိုပြီးပြောပြန်တယ်။ ဒါပေမဲ့ ရုသက ‘သမီးကိုမေမေနဲ့ကွဲအောင် မလုပ်ပါနဲ့မေမေရယ်။ သမီးမေမေနဲ့ပဲလိုက်ပါရစေ။ မေမေဘယ်သွားသွား သမီးလိုက်မယ်။ မေမေဘယ်နေနေ သမီးလိုက်နေမယ်။ မေမေ့လူမျိုးဟာ သမီးရဲ့လူမျိုး၊ မေမေ့ဘုရားလည်း သမီးရဲ့ဘုရား။ မေမေသေတဲ့နေရာမှာ သမီးလည်းမြှုပ်ခံမယ်မေမေ’ ဆိုပြီးပြောရှာတယ်။ ရုသခုလိုပြောလာတဲ့အခါ နောမိကအိမ်ပြန်ပါဆိုပြီး ထပ်မပြောရက်တော့ဘူး။
ဒါနဲ့အမျိုးသမီးနှစ်ယောက် ဣသရေလပြည်ကိုရောက်လာကြတယ်။ အဲဒီမှာပဲ အတည်တကျနေကြတယ်။ ရုသလည်းချက်ချင်းပဲ လယ်ကွင်းမှာအလုပ်ဆင်းတယ်။ မုယောစပါးရိတ်သိမ်းတဲ့ အချိန်နဲ့တိုးတာကိုး။ ဗောဇဆိုတဲ့လူက သူ့လယ်ထဲကစပါးတွေစုသိမ်းခွင့်ပေးရှာတယ်။ ဗောဇရဲ့မေမေ ဘယ်သူလဲသိလား။ ယေရိခေါမြို့သူ ရာခပ်ပဲကွဲ့။
တစ်ရက်ကျတော့ ရုသကိုဗောဇက ‘သမီးအကြောင်း ငါကြားပြီးပါပြီ။ နောမိပေါ်မှာ သမီးဘယ်လောက်စိတ်ကောင်းထားသလဲဆိုတာကိုလည်း ငါသိပါတယ်။ ကိုယ့်မိဘ၊ ကိုယ့်နိုင်ငံကိုစွန့်ပြီး တစ်ခါမှမသိဘူးတဲ့ လူမျိုးခြားတွေအလယ်မှာ သမီးလာနေတာကိုလည်းငါကြားရပါပြီ။ ယေဟောဝါသမီးအပေါ်မှာ သဘောကောင်းထားရှိပါစေ’ ဆိုပြီးတော့ပြောတယ်။
ရုသကလည်း ‘သခင်၊ သခင်ဟာကျွန်မအပေါ်မှာ သိပ်စိတ်ရင်းကောင်းတယ်။ သခင်ကျွန်မကိုခုလို ကြင်ကြင်နာနာပြောဆိုတဲ့အတွက် ကျွန်မစိတ်ထဲ အင်မတန်ချမ်းမြေ့သွားပါတယ်’ ဆိုပြီးပြန်ပြောလိုက်တယ်။ ဗောဇလည်း ရုသကိုသိပ်ချစ်တယ်။ ဒါနဲ့ မကြာခင်မှာပဲ သူတို့လက်ထပ်လိုက်ကြတယ်။ နောမိ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ ရုသနဲ့ဗောဇတို့က ဩဗက်ဆိုတဲ့သားဦးရလာတဲ့အခါ နောမိပိုလို့တောင်ပျော်မိတယ်။ နောက်နောင်သြဗက်ဟာ ဒါဝိဒ်ရဲ့ဘိုးဘိုးဖြစ်လာတယ်။ ဒါဝိဒ်အကြောင်းနောက်ပိုင်းမှာ အများကြီးသိရပါမယ်။