အခန်း ၁၄
‘လူတွေ အုပ်လိုက် ရောက်လာတယ်’
၁-၃။ ကလေးတွေကို ယေရှုဆီ မိဘတွေ ခေါ်လာတော့ ဘာဖြစ်သလဲ။ ယေရှုအကြောင်း ဘာသိရသလဲ။
မြေကြီးအသက်တာ မကြာခင် ကုန်ဆုံးတော့မယ်ဆိုတာ ယေရှု သိတယ်။ အချိန် နည်းနည်းပဲ ကျန်တော့တယ်။ လုပ်စရာ အများကြီး ရှိနေသေးတယ်။ ဂျော်ဒန်မြစ် အရှေ့ဘက် ပေရိယနယ်မှာ တမန်တော်တွေနဲ့အတူ ဟောပြောတယ်။ အဲဒီကနေ ဟောရင်း တောင်ဘက် ဂျေရုဆလင်မြို့ကို လာနေတယ်။ ရွေးဖိုးအဖြစ် အသက်မစွန့်ခင် နောက်ဆုံးအကြိမ် ပသခါပွဲ တက်ဖို့ပါ။
၂ ဘာသာရေး ခေါင်းဆောင်တချို့နဲ့ လေးနက်တဲ့ အကြောင်းအရာတစ်ခု ယေရှု ဆွေးနွေးပြီးနောက် လူတွေ စုလာကြတယ်။ ယေရှုဆီ သူတို့ကလေးတွေ ခေါ်လာကြတာ။ ကလေးတွေ တော်တော် အရွယ် စုံပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အကြောင်း ဖော်ပြတုန်းက အသုံးအနှုန်းကိုပဲ ဒီနေရာမှာ မာကု ပြန်သုံးတယ်။ လုကာကျတော့ “နို့စို့ကလေးတွေ” လို့ သုံးတယ်။ (လုကာ ၁၈:၁၅။ မာကု ၅:၄၁၊ ၄၂။ ၁၀:၁၃) ဘာပဲဖြစ်ဖြစ် ကလေးတွေ ဆုံပြီဆိုရင် ဆူညံပွက်လောရိုက်နေတတ်တာ ထုံးစံပဲ။ ဒါကြောင့် မိဘတွေကို ယေရှုတပည့်တွေ အပြစ်တင်ကြတယ်။ သခင် အလုပ်များလွန်းလို့ ကလေးတွေကို အချိန်မပေးနိုင်လောက်ဘူး ထင်ကြလို့ ဖြစ်မယ်။ ယေရှု ဘာလုပ်သလဲ။
၃ အဖြစ်အပျက်ကို ယေရှု လှမ်းတွေ့တော့ စိတ်ဆိုးတယ်။ ဘယ်သူ့ကို စိတ်ဆိုးတာလဲ။ ကလေးတွေကိုလား။ မိဘတွေကိုလား။ မဟုတ်ဘူး။ တပည့်တွေကိုပါ။ “ကျွန်တော့်ဆီ ကလေးတွေ လာတာကို မတားပါနဲ့။ ဘုရားသခင့် နိုင်ငံတော်ဟာ ဒီကလေးငယ်လို လူတွေရဲ့ နိုင်ငံပဲ။ ကျွန်တော် မှန်တာကို ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ဒီကလေးငယ် လက်ခံသလို လက်မခံဘူးဆိုရင် နိုင်ငံတော်ထဲ လုံးဝ ဝင်ရမှာ မဟုတ်ဘူး” လို့ ပြောတယ်။ အဲဒီနောက် ကလေးငယ်တွေကို “ပွေ့ဖက်ပြီး” ကောင်းချီးပေးတယ်။ (မာကု ၁၀:၁၃-၁၆) မာကုရဲ့ ဖော်ပြချက်အရ ကလေးတွေကို ယေရှု ချစ်ခင်ယုယစွာ ပွေ့ဖက်တယ်။ နို့စို့ကလေးတချို့ကို “ရင်ခွင်ပိုက်” ထားတာတောင် ဖြစ်နိုင်တယ်လို့ ဘာသာပြန်တစ်ယောက် ဆိုတယ်။ ယေရှု ကလေးချစ်တတ်မှန်း သိရတယ်။ နောက်ထပ် သိရတာ ရှိသေးတယ်။ ယေရှု ရှိန်စရာ မကောင်းဘူး ဆိုတာပဲ။
၄၊ ၅။ (က) ယေရှု ရှိန်စရာ မကောင်းမှန်း ဘယ်လို သိရသလဲ။ (ခ) ဒီအခန်းမှာ ဘာမေးခွန်းတွေ သုံးသပ်မလဲ။
၄ ယေရှုသာ မျက်နှာထား တင်းတင်း၊ မဖော်မရွေ၊ မာန ခပ်ကြီးကြီးဆိုရင် ကလေးတွေ လာချင်မှာ မဟုတ်ဘူး။ မိဘတွေလည်း ရှိန်နေကြမှာ။ ဒါပေမဲ့ ကလေးတွေကို ယေရှု ကြင်ကြင်နာနာ ပွေ့ဖက်ပြီး ကောင်းချီး ပေးတာ မြင်တော့ ကိုယ့်ကလေးတွေ ဘုရားရှေ့မှာ တန်ဖိုးရှိပါလားဆိုပြီး ပီတိဖြစ်ကြမှာပဲ။ ယေရှု တာဝန်ကြီးတွေ ထမ်းထားပေမဲ့ လူရှိန်အောင် မနေဘူး။
၅ ယေရှု ရှိန်စရာ မကောင်းမှန်း ဘယ်သူတွေ သတိထားမိသေးသလဲ။ ယေရှု ဘာကြောင့် ရှိန်စရာ မကောင်းသလဲ။ ဘယ်လို အတုယူနိုင်သလဲ။
ယေရှု ရှိန်စရာ မကောင်းမှန်း ဘယ်သူတွေ သတိထားမိသလဲ
၆-၈။ ယေရှု ဘယ်သူတွေနဲ့ ပေါင်းသလဲ။ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဘယ်လို ကွာသလဲ။
၆ ခရစ်ဝင်ကျမ်းတွေ ဖတ်တဲ့အခါ ယေရှုနားမှာ လူအများကြီး ဝိုင်းနေတတ်တဲ့အကြောင်း မကြာခဏ တွေ့ရတယ်။ “လူတွေ အုပ်လိုက်ကြီး ယေရှုနောက်ကို လိုက်ကြတယ်၊” “လူတွေ အုပ်လိုက်ကြီး ရောက်လာ” တယ်၊ “ယေရှု ခရီးသွားတဲ့အခါ လူတွေ အများကြီး လိုက်ပါလာတယ်” စသဖြင့် ဖော်ပြထားတယ်။ (မဿဲ ၄:၂၅။ ၁၃:၂။ ၁၅:၃၀။ လုကာ ၁၄:၂၅) ယေရှုနား လာဖို့ လူတွေ မဝံ့မရဲ မဖြစ်ကြဘူး။
၇ အဲဒီလူတွေဟာ သာမန်လူတန်းစားတွေ။ သူတို့ကို “မြေကြီးသားတွေ” ဆိုပြီး ဖာရိရှဲတွေ၊ ပုရောဟိတ်တွေ ချိုးချိုးနှိမ်နှိမ် ခေါ်ကြတယ်။ “ပညတ်တရားကို မသိတဲ့ အဲဒီလူတွေကတော့ ကျိန်ခြင်းခံရသူတွေပဲ” လို့တောင် လူပုံအလယ်မှာ ပြောကြတယ်။ (ယောဟန် ၇:၄၉) ဖာရိရှဲတွေ၊ ပုရောဟိတ်တွေမှာ အဲဒီလို သဘောထား ရှိတယ်ဆိုတာ နောက်ပိုင်း ရဗ္ဗိစာပေတွေက အတည်ပြုတယ်။ သာမန်လူတွေကို အဖက်မတန်သလို သဘောထားကြတယ်။ အတူတူ မစားသောက်ဘူး။ မပေါင်းဘူး။ သူတို့ဆီကနေ ဈေးမဝယ်ဘူး။ နှုတ်တိုက်ပညတ်တရားကို မသိသူတွေ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် မရှိဘူးလို့တောင် ပြောကြတယ်။ အဲဒီလို ဘာသာရေး ခေါင်းဆောင်တွေဆီကနေ သာမန်လူတန်းစားတွေ အကူအညီ၊ လမ်းညွှန်မှု တောင်းဖို့ မပြောနဲ့။ ဝေးဝေး ရှောင်ကြမှာ သေချာတယ်။ ယေရှုကတော့ အဲဒီဘာသာရေး ခေါင်းဆောင်တွေနဲ့ လုံးဝ မတူဘူး။
၈ သာမန်လူတန်းစားတွေနဲ့ ယေရှု လွတ်လွတ်လပ်လပ် ပေါင်းတယ်။ အတူတူ စားသောက်တယ်။ ရောဂါ ကုပေးတယ်။ သွန်သင်ပေးတယ်။ မျှော်လင့်ချက် ပေးတယ်။ အများစု ယေဟောဝါကို ကိုးကွယ်မှာ မဟုတ်ဘူးဆိုတာ သိတယ်။ (မဿဲ ၇:၁၃၊ ၁၄) ဒါပေမဲ့ သတင်းကောင်း ကြားခွင့်၊ မိမိနောက် လိုက်ခွင့် လူတိုင်းကို ရစေချင်တယ်။ လူများစွာ မှန်ရာ လုပ်မယ်ဆိုတာ သိတယ်။ အကြင်နာ ကင်းတဲ့ ပုရောဟိတ်တွေ၊ ဖာရိရှဲတွေနဲ့ သိပ်ကွာတယ်။ ဒါပေမဲ့ သဘောထား ပြောင်းပြီး ယေရှုနောက် လိုက်ကြသူတွေထဲမှာ ပုရောဟိတ်၊ ဖာရိရှဲ တော်တော်များများ ပါတယ်။ (တမန်တော် ၆:၇။ ၁၅:၅) ယေရှုကို ရှိန်စရာ မလိုမှန်း သူကြွယ်တွေ၊ အခွင့်အာဏာ ရှိသူတွေတောင် သိကြတယ်။—မာကု ၁၀:၁၇၊ ၂၂။
၉။ ယေရှုကို အမျိုးသမီးတွေ ဘာကြောင့် မရှိန်ကြသလဲ။
၉ အမျိုးသမီးတွေလည်း ယေရှုကို မရှိန်ကြဘူး။ ဘာသာရေး ခေါင်းဆောင်တွေဆိုရင် အမျိုးသမီးတွေကို မတူမတန် ဆက်ဆံတယ်။ ပညာသင်မပေးရဘူးလို့ ရဗ္ဗိတွေ ပြောတယ်။ ယုံကြည်စိတ်ချလို့ မရဘူးဆိုပြီး တရားရေးကိစ္စတွေမှာ သက်သေ ထွက်ဆိုခွင့် မပေးဘူး။ အမျိုးသမီး မဟုတ်လို့ ကျေးဇူးတင်ပါတယ်လို့တောင် ထည့်ဆုတောင်းကြတယ်။ ယေရှုကတော့ လေးလေးစားစား ဆက်ဆံပေးမှန်း အမျိုးသမီးတွေ သတိထားမိကြတယ်။ ယေရှုဆီကနေ သင်ယူချင်လွန်းလို့ အမျိုးသမီး တော်တော်များများ လာကြတယ်။ ဥပမာ၊ လာဇရုရဲ့ အစ်မ မာသ ချက်ဖို့ပြုတ်ဖို့ ပျာယာခတ်၊ ဗျာများနေချိန် အစ်မ နောက်တစ်ယောက် ဖြစ်တဲ့ မာရိက သခင်ယေရှုရဲ့ ခြေရင်းမှာ ထိုင်ပြီး သွန်သင်ပေးတာတွေ အာရုံစိုက် နားထောင်တယ်။ ဦးစားထားသင့်တာ ဦးစားထားတဲ့အတွက် မာရိကို ယေရှု ချီးမွမ်းတယ်။—လုကာ ၁၀:၃၉-၄၂။
၁၀။ လူနာတွေကို ယေရှု ဆက်ဆံပုံနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဆက်ဆံပုံ ဘယ်လို ကွာသလဲ။
၁၀ လူနာတွေလည်း ယေရှုဆီ ရောက်လာတတ်တယ်။ ဘာသာရေး ခေါင်းဆောင်တွေဆိုရင် သူတို့ကို အပယ်ခံတွေလို ဆက်ဆံကြတာ။ အနာကြီး ရောဂါသည်တွေကို သီးသန့် နေခိုင်းဖို့ မောရှေပညတ် တောင်းဆိုထားတာ မှန်ပါတယ်။ ဒါပေမဲ့ ရောဂါ ကူးမှာ စိုးလို့ သီးသန့် နေခိုင်းတာ။ မတူမတန် ဆက်ဆံဖို့ မဟုတ်ဘူး။ (ဝတ်ပြုရာ အခန်းကြီး ၁၃) နောက်ပိုင်း၊ ရဗ္ဗိပညတ်တွေမှာတော့ အနာကြီး ရောဂါသည်တွေကို မစင်လို ရွံစရာကောင်းသူတွေအဖြစ် ဖော်ပြလာကြတယ်။ ဘာသာရေး ခေါင်းဆောင်တချို့ဆိုရင် အနာကြီး ရောဂါသည်တွေ အနားကပ်မလာအောင် ခဲနဲ့တောင် ပေါက်ကြတယ်။ ဒီလိုမျိုး ဆက်ဆံခံရသူတွေဟာ ဆရာသမားတွေနား လာရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေရှုဆီ လာရဲတယ်။ “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းအောင် လုပ်ပေးပါလား” လို့ အနာကြီး ရောဂါသည်တစ်ယောက် ပြောတယ်။ ယုံကြည်ခြင်း ဘယ်လောက် ရှိကြောင်း သူ့စကားတွေက ဖော်ပြတယ်။ (လုကာ ၅:၁၂) ယေရှု ဘယ်လို တုံ့ပြန်သလဲ နောက်အခန်းမှာ လေ့လာကြမယ်။ ဘာပဲဖြစ်ဖြစ် ယေရှု ရှိန်စရာ မကောင်းဘူးဆိုတာ ဒီမှတ်တမ်းက သက်သေပဲ။
၁၁။ ကိုယ့်အပြစ်နဲ့ကိုယ် မလုံမလဲ ဖြစ်နေသူတွေ ယေရှုဆီ စိတ်ပေါ့ပေါ့ပါးပါး လာရဲကြောင်း ဘယ်ဥပမာက ဖော်ပြသလဲ။ ဘာသင်ခန်းစာ ရသလဲ။
၁၁ ကိုယ့်အပြစ်နဲ့ကိုယ် မလုံမလဲ ဖြစ်နေသူတွေလည်း ယေရှုဆီ စိတ်ပေါ့ပေါ့ပါးပါး လာရဲတယ်။ ဖာရိရှဲအိမ်မှာ ယေရှု စားသောက်နေချိန်အကြောင်း စဉ်းစားကြည့်ပါ။ အပြစ်များသူအဖြစ် သိထားကြတဲ့ အမျိုးသမီးတစ်ယောက် ယေရှုဆီ ရောက်လာပြီး ခြေရင်းနားမှာ ဒူးထောက်၊ တရှုံ့ရှုံ့ ငိုတယ်။ ယေရှုခြေထောက်မှာ မျက်ရည်တွေ စိုသွားတော့ ဆံပင်နဲ့ သုတ်ပေးတယ်။ အဲဒီအမျိုးသမီးကို အနားကပ်ခံလို့ အိမ်ရှင် စိတ်ကသိကအောက် ဖြစ်ပြီး ယေရှုကို အပြစ်တင်တယ်။ ဒါပေမဲ့ အမျိုးသမီး နောင်တစစ် ရတာကို ယေရှု ချီးမွမ်းပြီး ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချစေတယ်။ (လုကာ ၇:၃၆-၅၀) ဒီနေ့လည်း ကိုယ့်အပြစ်နဲ့ကိုယ် မလုံမလဲ ဖြစ်နေသူတွေထဲမှာ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းချင်သူတွေ ရှိတယ်။ သူတို့ အကူအညီ လိုတယ်။ အဲဒီလို လူတွေကို ကူညီပေးမယ့်သူတွေဟာ ကြင်နာမှု ရှိဖို့၊ ရှိန်အောင် မနေဖို့ သိပ်လိုတယ်။ ဒါနဲ့ ယေရှုကို လူတွေ ဘာကြောင့် မရှိန်ကြသလဲ။
ယေရှု ဘာကြောင့် ရှိန်စရာ မကောင်းသလဲ
၁၂။ ယေရှု ဘာကြောင့် ရှိန်စရာ မကောင်းသလဲ။
၁၂ ကောင်းကင်ဘုံစံ ချစ်ဖခင်ကို ယေရှု အပြည့်အဝ အတုယူတယ်ဆိုတာ သတိရပါ။ (ယောဟန် ၁၄:၉) ယေဟောဝါဟာ ‘ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးဘူး’ လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တမန်တော် ၁၇:၂၇) “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ယေဟောဝါဟာ သစ္စာရှိ ကျေးကျွန်တွေ ဆုတောင်းတာ နားထောင်ဖို့၊ ကူညီဖို့ အမြဲ အသင့်ရှိတယ်။ မိမိကို ရှာနေသူတွေ၊ ဝတ်ပြုချင်သူတွေ ဆုတောင်းတဲ့အခါလည်း နားထောင်တယ်။ (ဆာလံ ၆၅:၂) စကြဝဠာမှာ တန်ခိုးအရှိဆုံး၊ အရေးပါဆုံး ပုဂ္ဂိုလ်ဟာ ကျွန်တော်တို့ ရင်ဖွင့်စကားပြောဖို့ အလွယ်ဆုံး ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတဲ့ အချက်ကို စဉ်းစားကြည့်လိုက်ပါ။ ဖခင်လိုပဲ ယေရှုလည်း လူတွေကို ချစ်တယ်။ ဘယ်လောက်တောင် ချစ်တယ်ဆိုတာ နောက်အခန်းတွေမှာ ဆွေးနွေးသွားမယ်။ ဘာပဲဖြစ်ဖြစ် ယေရှုရဲ့ မေတ္တာကို အတိုင်းသား မြင်ရလို့ လူတွေ မရှိန်ကြတာ။ ယေရှု ဘယ်နည်းတွေနဲ့ မေတ္တာပြသလဲ သုံးသပ်ကြည့်ရအောင်။
၁၃။ ယေရှုကို မိဘတွေ ဘယ်လို အတုယူနိုင်သလဲ။
၁၃ တစ်ယောက်ချင်းစီကို ယေရှု စိတ်ဝင်တစား ရှိတာ လူတွေ အလွယ်တကူ ခံစားမိကြတယ်။ ပင်ပန်းနေချိန်၊ အလုပ်များချိန်၊ တွေးစရာတွေ များနေချိန်မှာတောင် လူတွေကို ယေရှု စိတ်ဝင်တစား ရှိတယ်။ သိခဲ့တဲ့အတိုင်း ကလေးတွေကို မိဘတွေ ခေါ်လာချိန်မှာ ယေရှု အလုပ် တအား များနေတာတောင် ရအောင် အချိန်ပေးတယ်။ မိဘတွေအတွက် စံနမူနာကောင်းပါပဲ။ ဒီနေ့ခေတ်မှာ သားသမီး ပြုစုပျိုးထောင်ရတာ တကယ် ခက်တယ်။ ဒါပေမဲ့ စကားပြောဖို့ မိဘအရိပ်အခြေ သားသမီး ကြည့်နေရတာမျိုး မဖြစ်သင့်ဘူး။ သားသမီးကို ဂရုမစိုက်နိုင်လောက်တဲ့အထိ အလုပ်များတဲ့အချိန် ရှိတတ်ပါတယ်။ ဒါပေမဲ့ ရတာနဲ့ တန်းပြီး အချိန်ပေးမယ်လို့ ကတိပေးနိုင်မလား။ သင်သာ ကတိ တည်မယ်ဆိုရင် သားသမီး စိတ်ရှည်ရှည် စောင့်တတ်လာမယ်။ ဘယ်ကိစ္စမဆို မိဘကို အမြဲ ပြောပြလို့ ရတယ်ဆိုတာ သိလာမယ်။
၁၄-၁၆။ (က) ယေရှု ဘာကြောင့် ဦးဆုံး အံ့ဖွယ်အမှု လုပ်ဖြစ်သွားသလဲ။ ဒါ ဘာကြောင့် အံ့သြစရာ ကောင်းသလဲ။ (ခ) ကာနမြို့မှာ လုပ်တဲ့ အံ့ဖွယ်အမှုကနေ ယေရှုအကြောင်း ဘာသိရသလဲ။ မိဘတွေ ဘာသင်ယူရသလဲ။
၁၄ လူတွေရဲ့ ခံစားချက်ကို အလေးထားတယ်ဆိုတာ ယေရှု ပြတယ်။ ယေရှုရဲ့ ဦးဆုံး အံ့ဖွယ်အမှုကို စဉ်းစားကြည့်ပါ။ ဂါလိလဲပြည်၊ ကာနမြို့က မင်္ဂလာ ဧည့်ခံပွဲတစ်ခု ယေရှု တက်တယ်။ သတို့သား၊ သတို့သမီး အရှက်ကွဲမယ့် ကိစ္စ ပေါ်လာတယ်။ စပျစ်ဝိုင် ကုန်သွားတာ။ ဒီအကြောင်း မိခင် မာရိ လာပြောပြတော့ ယေရှု ဘာလုပ်သလဲ။ ဧည့်ခံပွဲမှာ ဝိုင်းကူသူတွေကို ကျောက်ရေအိုး ခြောက်လုံးမှာ ရေအပြည့် ဖြည့်ခိုင်းတယ်။ ပွဲအုပ်ဆီ ယူသွားပြီး မြည်းခိုင်းတော့ အကောင်းစား စပျစ်ဝိုင် ဖြစ်နေတယ်။ အံ့ဩစရာပဲ။ ရေတွေ “စပျစ်ဝိုင် ဖြစ်သွား” ပြီ။ (ယောဟန် ၂:၁-၁၁) ပစ္စည်းတစ်ခုကနေ နောက်တစ်ခု ပြောင်းသွားအောင် လုပ်ဖို့ လူတွေ စိတ်ကူးယဉ်တာ ကြာပြီ။ ခဲသတ္တုကနေ ရွှေ ပြောင်းအောင် ရာစုနှစ်တွေတစ်လျှောက် ကြိုးစားကြတယ်။ တော်တော်လေးကို ဆင်တူတဲ့ ဒြပ်စင်တွေ ဖြစ်ပေမဲ့ ပြောင်းအောင် မလုပ်နိုင်ကြဘူး။ a ဒါဆိုရင် ရေနဲ့ စပျစ်ဝိုင်ကော ဆင်တူသလား။ လုံးဝ မတူဘူး။ ဓာတုဗေဒနည်းအရ ရေမှာ အခြေခံ ဒြပ်စင်နှစ်ခုပဲ ပါတယ်။ စပျစ်ဝိုင်ကျတော့ ဒြပ်ပေါင်း တစ်ထောင်နီးပါး ရှိပြီး အများစုက ရှုပ်ထွေးတဲ့ ဒြပ်ပေါင်းတွေ ဖြစ်တယ်။ မင်္ဂလာ ဧည့်ခံပွဲမှာ ဒီအံ့ဖွယ်အမှု ယေရှု ဘာကြောင့် လုပ်သလဲ။ ဧည့်ခံပွဲတွေမှာ စပျစ်ဝိုင် ဘာကြောင့် အရေးပါသလဲ။
၁၅ စပျစ်ဝိုင် ကုန်သွားလို့ သတို့သားနဲ့ သတို့သမီး တော်တော်လေး စိတ်ပူသွားမှာပဲ။ ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသမှာ ဧည့်ခံတာကို တအား အလေးထားကြတယ်။ မင်္ဂလာ ဧည့်ခံပွဲမှာ စပျစ်ဝိုင် ကုန်သွားတာ ရှက်စရာ သိပ်ကောင်းပြီး နှစ်တွေ ကြာသွားရင်တောင် လူပြောစရာကြီး ဖြစ်နေမှာ။ သတို့သား၊ သတို့သမီးရဲ့ အပူကို ကိုယ့်အပူလို့ ယေရှု သဘောထားတယ်။ ဒါကြောင့် ကူညီဖြေရှင်းပေးလိုက်တာ။ စိုးရိမ်ပူပန်စရာ ရှိရင် ယေရှုဆီ လူတွေ ဘာကြောင့် လာပြောပြမှန်း သင် သဘောပေါက်ပြီ မဟုတ်လား။
၁၆ ဒီကဏ္ဍမှာလည်း မိဘတွေ သင်ယူနိုင်တယ်။ ကိုယ့်သားသမီး စိတ်လေးနေတာ ရှိလို့ လာပြောပြတယ် ဆိုပါစို့။ အရေးမပါဘူးလို့ လွယ်လွယ်လေး တွေးမိနိုင်တယ်။ ကလေးကလားလို့ သဘောထားပြီး ရယ်မိနိုင်တယ်။ သင့်ပြဿနာတွေနဲ့ ယှဉ်လိုက်ရင် သားသမီးရဲ့ ပြဿနာ အရေးမပါပုံ ပေါက်နေနိုင်ပါတယ်။ ဒါပေမဲ့ သူ စိတ်ထဲ တကယ် လေးနေလို့ လာပြောတယ်ဆိုတာ သတိရပါ။ သင် သိပ်ချစ်တဲ့သူ အလေးထားတဲ့ ကိစ္စကို သင်လည်း အလေးထားရမယ် မဟုတ်လား။ ကိုယ် စိတ်ပူတဲ့ ကိစ္စကို မိဘ အလေးထားပေးမှန်း သိရင် ဘယ်ကိစ္စမဆို သားသမီးတွေ ရှိန်မနေဘဲ ပြောပြရဲလာမယ်။
၁၇။ နူးညံ့သိမ်မွေ့ကြောင်း ယေရှု ဘယ်လို ပြသလဲ။ နူးညံ့သိမ်မွေ့ဖို့ စိတ်ဓာတ် ကြံ့ခိုင်မှု ဘာကြောင့် လိုသလဲ။
၁၇ အခန်း ၃ မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ယေရှု နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ (မဿဲ ၁၁:၂၉) နူးညံ့သိမ်မွေ့တာဟာ နှစ်သက်စရာ အရည်အသွေး ဖြစ်ပြီး လူတစ်ယောက် နှိမ့်ချမှု ရှိကြောင်း အထောက်အထားပဲ။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးလည်း ဖြစ်တယ်။ နူးညံ့သိမ်မွေ့သူမှာ ဘုရားပေး ဉာဏ်ပညာ ရှိတယ်။ (ဂလာတိ ၅:၂၂၊ ၂၃။ ယာကုပ် ၃:၁၃) ဒေါသ ဆွခံရချိန်မှာတောင် ယေရှု ကိုယ့်ကိုယ်ကိုယ် ထိန်းတယ်။ ယေရှု နူးညံ့သိမ်မွေ့လို့ လူပျော့လို့ မထင်ပါနဲ့။ “နူးညံ့သိမ်မွေ့သူတွေဟာ သံမဏိလို စိတ်ဓာတ် ကြံ့ခိုင်တယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ မှန်ပါတယ်၊ ဒေါသ ထိန်းပြီး တခြားသူတွေကို သိမ်သိမ်မွေ့မွေ့ ဆက်ဆံဖို့ဆိုတာ စိတ်မာမှ ရတာ။ ကျွန်တော်တို့ ကြိုးစားမယ်ဆိုရင် ယေရှုလိုပဲ နူးညံ့သိမ်မွေ့နိုင်ဖို့ ယေဟောဝါ ခွန်အား ပေးမယ်။ ပေါင်းသင်းဆက်ဆံရ လွယ်သူ ဖြစ်လာမယ်။
၁၈။ ယေရှု အကျိုးသင့်အကြောင်းသင့် ရှိကြောင်း ဘယ်လို ပြသလဲ။ အကျိုးသင့်အကြောင်းသင့် ရှိသူနား လူတွေ ဘာကြောင့် လာချင်တယ်လို့ သင် ထင်သလဲ။
၁၈ ယေရှု အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တိုင်ရာမြို့ကို ယေရှု ရောက်နေတုန်း အမျိုးသမီးတစ်ယောက် အကူအညီ လာတောင်းတယ်။ အဲဒီအမျိုးသမီးရဲ့ သမီးဟာ “နတ်ဆိုးစွဲတဲ့ ဝေဒနာကို အလူးအလိမ့် ခံစားနေရ” တယ်။ ကုမပေးချင်တဲ့အကြောင်း နည်းသုံးနည်းနဲ့ ယေရှု သိစေတယ်။ ပထမ၊ စကားတစ်ခွန်းမှ ပြန်မပြောဘဲ နေတယ်။ ဒုတိယ၊ ကုမပေးချင်ရတဲ့ အကြောင်းရင်း ရှင်းပြတယ်။ တတိယ၊ ပိုရှင်းအောင် ပုံဥပမာနဲ့ ပြောတယ်။ ယေရှု ခက်ထန်ပုံ၊ ခေါင်းမာပုံ ပေါက်သလား။ မိမိလို ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဆီမှာ မတန်မရာ လာတောင်းဆိုတယ်လို့ အမျိုးသမီး ခံစားသွားရအောင် လုပ်သလား။ မလုပ်ဘူး။ ယေရှု မစာမနာ လုပ်မှာ မဟုတ်မှန်း အမျိုးသမီး သိနေတယ်။ ကုမပေးပါဘူးလို့ ပြောနေတာတောင် တကျည်ကျည် တောင်းဆိုတယ်။ ယုံကြည်ခြင်း ခိုင်ခံ့လွန်းလို့သာ ဒီလို ဇွဲနပဲနဲ့ တောင်းဆိုနေမှန်း ယေရှု အသိအမှတ်ပြုပြီး သမီးဖြစ်သူကို ကုပေးလိုက်တယ်။ (မဿဲ ၁၅:၂၂-၂၈) အကျိုးသင့်အကြောင်းသင့် ရှိလို့၊ ပြောတာ နားထောင်ပေးတတ်လို့၊ ဖြစ်နိုင်တဲ့အခါ လိုက်လျောပေးတတ်လို့ လူတွေ ယေရှုနား လာချင်ကြတာ။
သင် ပေါင်းသင်းဆက်ဆံရ လွယ်သလား
၁၉။ ပေါင်းသင်းဆက်ဆံရ တကယ် လွယ်မလွယ် ဘယ်လို သိနိုင်သလဲ။
၁၉ ပေါင်းသင်းဆက်ဆံရ လွယ်တယ်လို့ လူတွေ အထင်ခံချင်ကြတယ်။ “အချိန်မရွေး လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း လာပြောလို့ ရတယ်နော်” လို့ ကိုယ့်လက်အောက်က လူတွေကို အခွင့်အာဏာရှိသူတချို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ “ငါဟာ ခိုင်မြဲတဲ့ မေတ္တာ ရှိသူပါလို့ ပြောတဲ့သူတွေ များပါရဲ့။ တကယ် သစ္စာရှိသူကတော့ ရှားပါးလိုက်တာ” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ပညာအလိမ္မာ ၂၀:၆) ပေါင်းသင်းဆက်ဆံရ လွယ်သူပါလို့ ပြောဖို့ လွယ်ပေမဲ့ လူတွေကို ယေရှု ဆက်ဆံသလို ဆက်ဆံနေရဲ့လား။ အဖြေက ကိုယ့်အထင် မဟုတ်ဘဲ ကိုယ့်ကို တခြားသူတွေ ဘယ်လို မြင်သလဲဆိုတာပေါ် မူတည်တယ်။ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်စေပါ” လို့ ပေါလု ပြောတယ်။ (ဖိလိပ္ပိ ၄:၅) ဒါကြောင့် ‘ငါ့ကို တခြားသူတွေကို ဘယ်လို မြင်သလဲ။ ငါ ဘယ်လို နာမည်မျိုး ထွက်သလဲ’ လို့ ယောက်တိုင်း ဆန်းစစ်သင့်တယ်။
၂၀။ (က) ခရစ်ယာန် အကြီးအကဲတွေ ပေါင်းသင်းဆက်ဆံရ လွယ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) အသင်းတော် အကြီးအကဲတွေဆီကနေ ဘာကြောင့် တရားလွန် မမျှော်လင့်သင့်သလဲ။
၂၀ အထူးသဖြင့်၊ ခရစ်ယာန် အကြီးအကဲတွေဟာ ပေါင်းသင်းဆက်ဆံရ လွယ်ဖို့ ကြိုးစားကြတယ်။ “လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာအရပ်လို၊ ရေမရှိတဲ့ မြေမှာ စီးဆင်းနေတဲ့ စမ်းချောင်းတွေလို၊ ပူပြင်းခြောက်သွေ့တဲ့ မြေမှာ ကျောက်ဆောင်ကြီးအရိပ်လို ဖြစ်မယ်” ဆိုတဲ့ ဟေရှာယ ၃၂:၁၊ ၂ ပါ စကားတွေနဲ့အညီ အတတ်နိုင်ဆုံး နေကြတယ်။ ပေါင်းသင်းဆက်ဆံရ လွယ်မှ အဲဒီလို ကာကွယ်ပေး၊ နှစ်သိမ့်အားပေးနိုင်မှာ။ ခက်ခဲကျပ်တည်းတဲ့ ကာလ ဖြစ်နေတဲ့အပြင် အကြီးအကဲတွေမှာ တာဝန် များလို့ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ သိုးတွေကို ဂရုမစိုက်နိုင်လောက်အောင် အလုပ်များလွန်းပုံ ပေါက်မနေသင့်ဘူး။ (၁ ပေတရု ၅:၂) အသင်းတော်က ညီအစ်ကို/မတွေလည်း အကျိုးသင့်အကြောင်းသင့် ရှိရမယ်။ အကြီးအကဲတွေဆီကနေ တရားလွန် မမျှော်လင့်ရဘူး။ နှိမ့်ချမှု ရှိဖို့၊ အကြီးအကဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ယေဟောဝါ တောင်းဆိုထားလို့ပဲ။—ဟီဘရူး ၁၃:၁၇။
၂၁။ သားသမီးတွေ အချိန်မရွေး စကားလာပြောရဲအောင် မိဘတွေ ဘာလုပ်နိုင်သလဲ။ နောက်အခန်းမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၂၁ မိဘတွေဟာ သားသမီးတွေ အချိန်မရွေး စကားလာပြောရဲအောင် နေကြတယ်။ ဒါ တကယ် အရေးကြီးတယ်။ အမေ့ကိုဖြစ်ဖြစ်၊ အဖေ့ကိုဖြစ်ဖြစ် စိတ်ချလက်ချ ရင်ဖွင့်ပြောလို့ ရတယ်ဆိုတာ သားသမီးတွေကို သိစေချင်ကြတယ်။ အမှား လုပ်ထားတဲ့အကြောင်း သားသမီး ဝန်ခံတဲ့အခါ၊ အတွေးချော်နေတဲ့အခါ နူးညံ့သိမ်မွေ့ဖို့၊ အကျိုးသင့်အကြောင်းသင့် ရှိဖို့၊ လွန်လွန်ကဲကဲ မတုံ့ပြန်မိဖို့ ဂရုစိုက်ကြတယ်။ စိတ်ရှည်ရှည် လေ့ကျင့်၊ တည့်မတ်ပေးတာဟာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းဖို့ ကြိုးစားနေတာပဲ။ ကျွန်တော်တို့အားလုံး ယေရှုလိုပဲ ပေါင်းသင်းဆက်ဆံရ လွယ်သူ ဖြစ်ချင်ကြတယ်။ ယေရှုကို ပေါင်းသင်းဆက်ဆံရ လွယ်သူ ဖြစ်စေတဲ့ အရေးကြီးဆုံး အရည်အသွေးတစ်ခု ဖြစ်တဲ့ သနားစာနာမှုအကြောင်း နောက်အခန်းမှာ ဆွေးနွေးကြမယ်။
a ရွှေဟာ အက်တမ် အမှတ်စဉ် ၇၉ ဖြစ်ပြီး ခဲဟာ အက်တမ် အမှတ်စဉ် ၈၂ ဖြစ်လို့ တော်တော် နီးစပ်တယ်။ ရွှေနဲ့ ယှဉ်ရင် ခဲအက်တမ်ထဲက နျူကလိယမှာ ပရိုတွန်သုံးခု ပိုနေတာပဲ ရှိတယ်။ ခဲနည်းနည်းလောက်ကို ရွှေ ဖြစ်အောင် ဒီနေ့ခေတ် သိပ္ပံပညာရှင်တွေ ပြောင်းနိုင်ကြပြီ။ ဒါပေမဲ့ စွမ်းအင် အများကြီး သုံးရလို့ ကုန်ကျစရိတ် သိပ်များတယ်။