အခန်း ၂၆
ကောင်းတာ လုပ်ဖို့ ခက်ရတဲ့အကြောင်းရင်း
ရှောလု မကောင်းတာတွေ လုပ်ခဲ့တုန်းက ဘယ်သူ သဘောကျသလဲ။— စာတန်မာရ်နတ်ပဲပေါ့။ ဂျူးဘာသာရေး ခေါင်းဆောင်တွေလည်း သဘောကျခဲ့တယ်။ နောက်ပိုင်းမှာ ပေါလုလို့ခေါ်တဲ့ ရှောလုဟာ ကြီးမြတ်တဲ့ဆရာရဲ့ တပည့် ဖြစ်လာတဲ့အခါ အဲဒီဘာသာရေး ခေါင်းဆောင်တွေက သူ့ကို မုန်းလာတော့တယ်။ ဒါကြောင့် ယေရှုရဲ့ တပည့်တစ်ယောက်အနေနဲ့ ကောင်းတာလုပ်ဖို့ ဘာကြောင့် ခက်ခဲတယ်ဆိုတာ ကလေးတို့ နားလည်ရဲ့လား။—
တစ်ခါတုန်းက အာနနိဆိုတဲ့ ပုရောဟိတ်မင်းက ပေါလုရဲ့ ပါးကို ရိုက်ဖို့ အမိန့်ပေးခဲ့တယ်။ ပေါလုကို ထောင်ချဖို့တောင် ကြိုးစားခဲ့တယ်။ ပေါလုဟာ ယေရှုရဲ့ တပည့် ဖြစ်လာတဲ့အခါ အတော့်ကို ဒုက္ခခံခဲ့ရတယ်။ လူဆိုးတွေက ပေါလုကို ရိုက်နှက်တဲ့အပြင် ကျောက်ခဲတွေနဲ့ ပေါက်သတ်ဖို့အထိ ကြိုးစားခဲ့ကြတယ်။—တမန်တော် ၂၃:၁၊ ၂။ ၂ ကောရိန္သု ၁၁:၂၄၊ ၂၅။
လူအများက ဘုရားသခင် မကြိုက်တာတွေ လုပ်ဖို့ တို့တစ်တွေကို ဆွယ်ကြလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ကောင်းတာကို ငါ ဘယ်လောက်အထိ ချစ်သလဲ။ လူတွေ မုန်းရင်မုန်းပါစေ၊ ကောင်းတာကိုလုပ်မယ် ဆိုတဲ့အထိ ကောင်းမှုကို တကယ်ချစ်ရဲ့လား။ အဲဒီလိုလုပ်ဖို့ဆိုတာ သတ္တိရှိရမယ်၊ ဟုတ်တယ် မဟုတ်လား။—
‘ကောင်းတာ လုပ်တာကို လူတွေ ဘာဖြစ်လို့ မုန်းကြတာလဲ။ တကယ်ဆိုရင် ဝမ်းသာရမှာ မဟုတ်လား’ ဆိုပြီး ကလေးတို့ တွေးမိကြမှာပဲ။ တကယ်လည်း ဝမ်းသာသင့်ပါတယ်။ ယေရှု လုပ်တဲ့ ကောင်းမှုတွေကြောင့် လူတွေက ယေရှုကို ချစ်ခင်ကြတယ်။ တစ်ခါက မြို့သားအားလုံး ယေရှု တည်းခိုတဲ့ အိမ်တံခါးနားမှာ စုရုံးလာကြတယ်။ လူနာတွေ ရောဂါပျောက်အောင် ယေရှု ကုပေးတဲ့အတွက် ခုလိုလာကြတာ။—တစ်ခါတလေကျတော့ ယေရှု သင်ပေးတာကို လူတွေ မကြိုက်ကြဘူး။ အမြဲတမ်း မှန်တာတွေပဲ သင်ပေးပေမဲ့ လူတွေ မကြိုက်ကြဘူး။ အမှန်တရား ပြောတဲ့အတွက် ယေရှုကို သိပ်မုန်းတဲ့သူတွေတောင် ရှိတယ်။ တစ်နေ့မှာ ယေရှု ကြီးပြင်းရာမြို့ နာဇရက်မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ယေရှုဟာ ဂျူးတွေ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့နေရာ တရားဇရပ်ကို သွားတယ်။
အဲဒီမှာ ယေရှုက ကျမ်းစာကနေ အင်မတန်ကောင်းတဲ့ ဟောပြောချက်တစ်ခု ဟောပြောတယ်။ ပထမတော့ လူတွေက ကြိုက်ကြတယ်။ ယေရှုရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေကြောင့် အံ့သြကြတယ်။ သူတို့မြို့မှာပဲ ကြီးပြင်းလာသူဖြစ်လို့ မယုံနိုင်အောင် ဖြစ်နေကြတယ်။
နောက်တော့ ယေရှုက တခြားအကြောင်း ဆက်ပြောတယ်။ ဂျူးလူမျိုး မဟုတ်သူတွေကို ဘုရားသခင် မျက်နှာသာပေးခဲ့ချိန်က အကြောင်းတွေကို ပြောပြတယ်။ ဒီအကြောင်းလည်း ပြောရော တရားဇရပ်မှာ ရှိသူတွေ ဒေါသထွက်ကြတယ်။ ဘာကြောင့်လဲ သိသလား။— သူတို့ပဲ ဘုရားမျက်နှာသာရတဲ့ လူမျိုး ဖြစ်တယ်လို့ ထင်ကြလို့ပဲပေါ့။ တခြားလူမျိုးတွေထက် သူတို့ မြင့်မြတ်တယ်လို့ ထင်နေတယ်လေ။ ယေရှုရဲ့စကားကြောင့် ယေရှုကို မုန်းကြတယ်။ ပြီးတော့ ယေရှုကို ဘာလုပ်ဖို့တောင် ကြိုးစားသလဲ သိလား။—
‘ယေရှုကို မြို့ပြင် ဆွဲထုတ်သွားကြတယ်။ ပြီးတော့ မြို့တည်ရာ တောင်ထိပ်စွန်းကနေ တွန်းချဖို့ လုပ်တဲ့အခါ ယေရှုက လူအုပ်ကြားထဲကနေ ရှောင်ထွက်သွားတယ်’ လို့ ကျမ်းစာမှာ ဆိုထားတယ်။—လုကာ ၄:၁၆-၃၀။
ကလေးတို့သာ ဒီလိုမျိုး ကြုံတွေ့ရရင် အဲဒီလူတွေဆီ ပြန်သွားပြီး ဘုရားသခင်အကြောင်း ပြောပြဦးမလား။— ဒီလိုလုပ်ဖို့ဆိုတာ သတ္တိရှိရမယ်၊ ဟုတ်တယ် မဟုတ်လား။— ယေရှုကတော့ တစ်နှစ်ကြာပြီးတဲ့နောက် နာဇရက်မြို့ကို ပြန်သွားတယ်။ “တရားဇရပ်မှာ သွန်သင်တယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ ဘုရားသခင်ကို မချစ်တဲ့ လူတွေကို ကြောက်လို့ အမှန်တရားကို မဟောဘဲနေတာမျိုး မလုပ်ခဲ့ဘူး။—မဿဲ ၁၃:၅၄။
ဥပုသ်နေ့တစ်နေ့မှာ ယေရှု တရားဇရပ်ထဲ ဝင်သွားတဲ့အခါ လက်တစ်ဖက်သေသူကို တွေ့တယ်။ ဒီလူကို ကျန်းမာစေဖို့ ယေရှုမှာ ဘုရားပေးတဲ့တန်ခိုး ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိနေသူတချို့က ယေရှုကို ပြဿနာရှာချင်တယ်။ ကြီးမြတ်တဲ့ဆရာ ဘာလုပ်သလဲ။— “ခင်ဗျားတို့မှာ သိုးတစ်ကောင် ရှိတယ်ဆိုပါစို့။ အဲဒီသိုး ဥပုသ်နေ့မှာ တွင်းထဲ ကျသွားရင် မဆွဲတင်ဘဲနေတဲ့သူ ရှိသလား” ဆိုပြီး အရင်ဆုံး မေးလိုက်တယ်။
ဟုတ်တာပေါ့၊ သူတို့ အလုပ်နားရမယ့် ဥပုသ်နေ့ဖြစ်နေရင်လည်း သိုးကို ဆွဲတင်ကြမှာပဲ။ ဒါကြောင့် ယေရှုက ‘လူဟာ သိုးထက် အများကြီး တန်ဖိုးရှိတယ်။ ဒါကြောင့် ဥပုသ်နေ့မှာ
လူကို ကောင်းမှု ပြုသင့်တယ်’ ဆိုပြီး ပြောလိုက်တယ်။ ယေရှုအနေနဲ့ ဒီလူကို ကျန်းမာစေပြီး ကျေးဇူးပြုသင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တယ်။ယေရှုက အဲဒီလူကို လက်ဆန့်ခိုင်းတယ်။ လက်က ချက်ချင်းပဲ ကောင်းသွားတယ်။ အဲဒီလူ ဘယ်လောက် ပျော်လိုက်မလဲနော်။ ဒါပေမဲ့ တခြားလူတွေကကော။ ဝမ်းသာကြသလား။— ဝမ်းမသာကြဘူး။ ယေရှုကို ပိုပြီး မုန်းလာတယ်။ ထွက်သွားပြီး ယေရှုကို သတ်ဖို့ အကြံထုတ်ကြတယ်။—မဿဲ ၁၂:၉-၁၄။
အခုခေတ်မှာလည်း ဒီလိုပါပဲ။ တို့တစ်တွေ ဘာပဲလုပ်လုပ် လူတိုင်း စိတ်ကျေနပ်အောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တို့တစ်တွေအနေနဲ့ ဘယ်သူ့စိတ်ကြိုက် ဖြစ်စေချင်သလဲဆိုတာ ဆုံးဖြတ်ရမယ်။ ယေဟောဝါဘုရားနဲ့ သားတော် ယေရှုခရစ်တို့ စိတ်ကြိုက် ဖြစ်စေချင်ရင် သူတို့သင်ပေးတဲ့အတိုင်း အမြဲတမ်း လိုက်နာရမယ်။ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် တို့တစ်တွေကို ဘယ်သူက မုန်းမလဲ။ ကောင်းတာကိုလုပ်ဖို့ ခက်ခဲအောင် ဘယ်သူကလုပ်မလဲ။—
စာတန်မာရ်နတ် လုပ်လိမ့်မယ်။ တခြား ဘယ်သူတွေ ရှိသေးသလဲ။— မှားတာတွေကို ယုံကြည်အောင် မာရ်နတ် လှည့်စားထားတဲ့သူတွေလည်း လုပ်လိမ့်မယ်။ ယေရှုက သူ့ခေတ်က ဘာသာရေး ခေါင်းဆောင်တွေကို “ခင်ဗျားတို့ရဲ့အဖဟာ မာရ်နတ်ပဲ။ သူ့ဆန္ဒအတိုင်း ခင်ဗျားတို့ လုပ်ချင်ကြတာ” ဆိုပြီး ပြောခဲ့တယ်။—ယောဟန် ၈:၄၄။
မာရ်နတ် ကြိုက်တဲ့လူတွေ အများကြီး ရှိတယ်။ သူတို့ကို ယေရှုက “လောက” လို့ခေါ်တယ်။ ယေရှု ပြောနေတဲ့ “လောက” ဆိုတာ ဘာဖြစ်မယ် ထင်သလဲ။— ကောင်းပြီ၊ ယောဟန် အခန်းကြီး ၁၅၊ အခန်းငယ် ၁၉ ကို ဖွင့်ကြည့်ရအောင်။ အဲဒီမှာ ယေရှုရဲ့စကားကို ဒီလိုဖတ်ရတယ်– “ခင်ဗျားတို့ဟာ ဒီလောကနဲ့ပတ်သက်နေရင် လောကက သူ့လူတွေ ဖြစ်နေတဲ့ ခင်ဗျားတို့ကို ချစ်လိမ့်မယ်။ အခုတော့ ခင်ဗျားတို့က ဒီလောကနဲ့ ဘာမှ မပတ်သက်တဲ့အပြင် ဒီလောကထဲ ကျွန်တော် ရွေးချယ်ထားသူတွေ ဖြစ်နေတဲ့အတွက် လောကက ခင်ဗျားတို့ကို မုန်းတယ်။”
ဒါကြောင့် ယေရှုရဲ့ တပည့်တွေကို မုန်းတဲ့ လောကဆိုတာ ယေရှုရဲ့နောက်လိုက် မဟုတ်သူတွေ ပါဝင်တယ်။ ဒီလောက,က ယေရှုရဲ့ တပည့်တွေကို ဘာဖြစ်လို့ မုန်းသလဲ။— ဒီအချက်ကို စဉ်းစားကြည့်ပါ။ ဒီလောကရဲ့မင်းဟာ ဘယ်သူလဲ။— ‘တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ၁ ယောဟန် ၅:၁၉။
ဩဇာအောက်မှာ ရှိနေတယ်’ လို့ကျမ်းစာက ဆိုတယ်။ အဲဒီဆိုးညစ်သူက စာတန်ပဲပေါ့။—ကဲ၊ ကောင်းတာ လုပ်ဖို့ ဘာကြောင့် ဒီလောက် ခက်မှန်း သိပြီ မဟုတ်လား။— စာတန်နဲ့ သူ့လောကက ခက်အောင် လုပ်နေတာ။ နောက်အကြောင်းတစ်ခု ရှိသေးတယ်။ အဲဒါကဘာလဲ မှတ်မိသလား။— ဒီစာအုပ် အခန်း ၂၃ မှာတုန်းက တို့အားလုံးဟာ အပြစ်နဲ့ မွေးလာသူတွေ ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အပြစ်တရားရယ်၊ မာရ်နတ်ရယ်၊ ဒီလောကရယ် မရှိတော့ဘူးဆိုရင် သိပ်ကောင်းမယ် မဟုတ်လား။—
‘ဒီလောက ရွေ့သွားကွယ်ပျောက်နေတယ်’ လို့ ကျမ်းစာက ဆိုထားတယ်။ ဆိုလိုတာက ကြီးမြတ်တဲ့ဆရာရဲ့ နောက်လိုက် မဟုတ်သူအားလုံး ရှိတော့မှာ မဟုတ်ဘူး။ ထာဝစဉ် အသက်ရှင်ခွင့် ရကြမှာ မဟုတ်ဘူး။ ဘယ်သူတွေ ထာဝစဉ် အသက်ရှင်မယ်ဆိုတာ သိသလား။— “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်သူကတော့ အမြဲတည်တယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (၁ ယောဟန် ၂:၁၇) ဟုတ်ပါတယ်၊ ကောင်းတာကို လုပ်တဲ့သူတွေ၊ ‘ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်သူတွေ’ ပဲ ဘုရားရဲ့ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ရမှာ။ ဒါကြောင့် ဘယ်လောက်ဘဲ ခက်ပါစေ ကောင်းတာကိုပဲ တို့တစ်တွေ လုပ်ချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။—
ကောင်းတာကို လုပ်ဖို့ ဘာကြောင့် မလွယ်ရတဲ့အကြောင်း ဖော်ပြတဲ့ ဒီကျမ်းချက်တွေကို အတူတူ ဖတ်ရအောင်– မဿဲ ၇:၁၃၊ ၁၄။ လုကာ ၁၃:၂၃၊ ၂၄။ တမန်တော် ၁၄:၂၁၊ ၂၂။