မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

ကြင်နာတတ်ဖို့ သင်ခန်းစာ

ကြင်နာတတ်ဖို့ သင်ခန်းစာ

တစ်ဖက်သတ်​အစွဲ​ဆိုတာ ဘာကို ဆိုလိုသလဲ သိလား။— တစ်ဖက်သတ်​အစွဲ​ဆိုတာ ကိုယ်​နဲ့ ပုံပန်း​မတူ၊ စကား မတူတဲ့​သူကို မကြိုက်​မနှစ်သက်တာကို ဆိုလိုတယ်။ ဒါကြောင့် တစ်ဖက်သတ်​အစွဲ ရှိတယ်ဆိုတာ လူတစ်ယောက်ကို ကောင်းကောင်း မသိဘဲ ကြည့်​လို့​မရ​တာ၊ မကောင်းတဲ့ အထင်အမြင် ရှိတာကို ပြောတာ။

လူတစ်ယောက်ကို တကယ် မသိဘဲ​နဲ့၊ ဒါမှမဟုတ် ကိုယ်​နဲ့ မတူ​လို့ ကြည့်​လို့​မရဘူး​ဆိုတာ မှန်တယ် ထင်သလား။— မမှန်​ဘူးကွဲ့၊ အဲဒီလို​အစွဲ​ရှိတာ မကောင်း​ဘူး၊ အကြင်နာမဲ့​ရာ​လည်း ကျတယ်။ ကိုယ်​နဲ့ မတူ​ရုံ​နဲ့ လူတစ်ယောက်ကို မကြင်မနာ မဆက်ဆံသင့်​ဘူး။

စဉ်းစား​ကြည့်၊ ကလေးတို့​နဲ့ အသားအရောင် မတူ​သူ၊ စကား မတူ​သူ တစ်ယောက်ယောက်ကို သိသလား။— ထိခိုက်​ဒဏ်ရာ ရလို့၊ ဒါမှမဟုတ် ရောဂါ​ကြောင့် ရုပ်​ဆင်း​အင်္ဂါ တစ်မျိုးတစ်မည် ဖြစ်သွား​သူတွေကို ကလေးတို့ သိချင်​သိမယ်။ ကိုယ်​နဲ့ မတူတဲ့​သူတွေကို ကလေးတို့ ချစ်ခင်​ကြင်နာသလား။—

ကိုယ်​နဲ့ လူမျိုး အသားအရောင် မတူ​သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ

ကြီးမြတ်တဲ့​ဆရာ ယေရှုခရစ်ရဲ့ စကားကို နားထောင်မယ်​ဆိုရင် လူတိုင်းကို ကြင်နာ​မှာ​ပဲ။ လူတစ်ယောက် ဘယ်​နိုင်ငံသား ဖြစ်ပါစေ၊ ဘာ​အသားအရောင် ရှိပါစေ တို့တစ်တွေ​အတွက် ဘာမှ ထူးခြား​သွားမှာ မဟုတ်ဘူး။ အဲဒီ​လူကို ကြင်နာ​ရမယ်။ လူအားလုံး​က ဒါကို လက်မခံကြ​ပေမဲ့ သင်ခန်းစာ​တစ်ခုကို ယေရှု သင်ပေးခဲ့တယ်။ အဲဒီ​အကြောင်းကို ကြည့်ရအောင်။

လူမျိုးရေး ခွဲခြား​တတ်တဲ့ ဂျူး​တစ်ယောက် ယေရှု​ဆီ လာပြီး ‘ထာဝရ​အသက် ရဖို့ ကျွန်တော် ဘာလုပ်ရမလဲ’ လို့ မေးခွန်းထုတ်​တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်​နိုင်ငံသားတွေကိုပဲ သနား​ကြင်နာသင့်တယ်လို့ အဲဒီ​လူ ပြော​စေ​ချင်​မှန်း ယေရှု သိတယ်။ ဒါနဲ့ မေးခွန်း​ကို အဖြေ မပေး​ဘဲ ‘ပညတ်​ကျမ်းမှာ ဘာ​ရေးထားသလဲ’ လို့ ပြန်​မေးလိုက်တယ်။

အဲဒီ​လူက ‘ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှနဲ့ ချစ်ပါ။ ပြီးတော့ လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ’ ဆိုပြီး ရေးထားတယ်​လို့ ဖြေတယ်။ ယေရှု​က ‘ခင်ဗျား ဖြေတာ မှန်တယ်။ အဲဒီ​အတိုင်း အမြဲ​လုပ်ပါ။ အသက် ရလိမ့်မယ်’ လို့​ပြောတယ်။

ဒါပေမဲ့၊ အဲဒီ​လူက လူမျိုး​ချင်း မတူတဲ့​သူတွေကို ချစ်ခင်​ချင်စိတ် မရှိဘူး။ ဒါကြောင့် ဆင်ခြေပေး​တဲ့​အနေနဲ့ ‘ကျွန်တော်​ချစ်​ရမယ့် လူသားချင်းဟာ ဘယ်သူ​လဲ’ ဆိုပြီး မေး​ပြန်တယ်။ “လူသားချင်း​ဆိုတာ ခင်ဗျားရဲ့ မိတ်ဆွေ​တွေ​ပေါ့၊” “ခင်ဗျား​နဲ့ တူတဲ့​သူတွေ​ပဲ” ဆိုပြီး ယေရှုကို ဖြေစေချင်​ပုံ​ရတယ်။ ယေရှု​က ပုံပြင်​တစ်ပုဒ် ပြောပြီး အဖြေ​ပေးတယ်။ ဂျူး​တစ်ယောက်နဲ့ ရှမာရိ​တစ်ယောက် အကြောင်း​ပဲ။ ပုံပြင်​လေး​က ဒီလိုကွဲ့။

လူတစ်ယောက် ဂျေရုဆလင်​မြို့ကနေ ယေရိခေါ​မြို့ကို ဆင်း​သွားသ​တဲ့။ ဂျူးလူမျိုး​တစ်ယောက်​ပေါ့။ လမ်းမှာ ဓားပြတွေနဲ့ တိုးပါ​လေ​ရော။ ဓားပြတွေက သူ့ကို ရိုက်နှက်​ပြီး ငွေတွေကို​ရော အဝတ်အစား​ပါ​မကျန် ချွတ်ယူ​ကြတယ်။ သူ့ကို ရိုက်နှက်​ပြီး သေလုမြောပါး ဖြစ်​တော့​မှ လမ်းဘေး​မှာ ပစ်ထားခဲ့ကြ​တယ်။

သိပ်​မကြာ​ဘူး၊ ပုရောဟိတ်​တစ်ယောက် အဲဒီ​လမ်းအတိုင်း ဆင်းလာတယ်။ အကြီးအကျယ် ဒဏ်ရာ​ရထားတဲ့​လူကို တွေ့တယ်။ ကလေးတို့သာ​ဆိုရင် ဘာလုပ်မလဲ။— အဲဒီ​ပုရောဟိတ်​ကတော့ လမ်း​တစ်ဖက်​ကို ရှောင်​ပြီး ဆက်​သွားတယ်။ ခဏလေး​တောင် မရပ်ဘူး။ အဲဒီ​လူကို ဘာတစ်ခုမှ အကူအညီ မပေးဘူး။

အဲဒီနောက် ဘာသာရေး သိပ်​ကိုင်းရှိုင်းတဲ့ လူတစ်ယောက် အဲဒီ​လမ်းအတိုင်း ဆင်းလာ​ပြန်တယ်။ ဂျေရုဆလင်​မြို့ ဗိမာန်တော်မှာ အမှုဆောင်တဲ့ လေဝိ​အမျိုးသား​ပေါ့။ သူ​ကော ခဏလောက် ရပ်​ပြီး အကူအညီ ပေးသလား။— မပေး​ဘူးကွဲ့။ ပုရောဟိတ်​လို​ပဲ ဘာမှ လုပ်​မပေးဘူး။

နောက်ဆုံးမှာ ရှမာရိ​လူတစ်ယောက် ဆင်းလာတယ်။ ဟို​လမ်း​ကွေ့​နားက လူကို တွေ့လား။— ဒဏ်ရာဒဏ်ချက်​တွေ​နဲ့ လဲနေတဲ့​ဂျူး​ကို တွေ့​လိုက်ရတယ်။ တကယ်​ဆိုရင် ရှမာရိ​လူမျိုးနဲ့ ဂျူးလူမျိုး​တွေဟာ မတည့်​ကြဘူး။ (ယောဟန် ၄:၉) ဒီတော့ ရှမာရိ​လူဟာ အဲဒီ​လူကို မကူညီ​ဘဲ ပစ်ထား​ခဲ့​မလား။ ‘အဲဒီ​ဂျူး​ကို ငါ​ဘာလို့ ကူ​ရမှာ​လဲ။ ငါ​ဒုက္ခရောက်​ရင် သူ ကူညီ​ပေးမှာ​မှ မဟုတ်တာ’ ဆိုပြီး ပြောသလား။

ရှမာရိ​လူဟာ ဘာဖြစ်လို့ လူသားချင်း​ကို ချစ်တဲ့​သူ ဖြစ်သလဲ

ရှမာရိ​လူဟာ လမ်းဘေး​မှာ လဲနေတဲ့​လူကို ကြည့်ပြီး သနား​သွားတယ်။ သေချင်​သေပါ​လေ့​စေ​ဆိုပြီး ဒီအတိုင်း ပစ်မထား​ရက်​ဘူး။ ဒါနဲ့ မြည်းပေါ်​က ဆင်း​ပြီး လူနာ​ကို သွား​ပြုစုတယ်။ ဒဏ်ရာတွေ သက်သာ​လာစေဖို့ ဆီ​နဲ့ ဝိုင် လိမ်းပေး​တယ်။ ပြီးတော့ ပတ်တီး စည်းပေး​တယ်။

အဲဒီနောက် လူနာ​ကို မြည်းပေါ် အသာလေး ပွေ့တင်​လိုက်တယ်။ ပြီးတော့ တည်းခိုခန်း​ဆီ ဖြည်းဖြည်းချင်း ဆင်းသွားကြတယ်။ အဲဒီမှာ လူနာ​အတွက် တည်းခို​စ​ရာ စီစဉ်​ပေးပြီး ကောင်းကောင်း ပြုစု​ပေးတယ်။

အခု ယေရှု​က ‘ဒီ​လူ​သုံးယောက်မှာ လူသားချင်း ချစ်တဲ့ မေတ္တာ​ပြတာ ဘယ်သူလို့ ထင်သလဲ’ ဆိုပြီး သူနဲ့ စကားပြော​နေသူကို မေးလိုက်တယ်။ ကလေးတို့ ဘယ်လို ဖြေမလဲ။ ပုရောဟိတ်​လား၊ လေဝိ​လူ​လား၊ ရှမာရိ​လူ​လား။—

အဲဒီ​လူက ‘သနားစိတ်နဲ့ လူနာ​ကို ကူညီ​ပြုစုပေး​တဲ့​သူပါ’ ဆိုပြီး ဖြေတယ်။ ဒါနဲ့ ယေရှု​က ‘ခင်ဗျားလည်း သွားပြီး အဲဒီအတိုင်း လုပ်ပါ’ ဆိုပြီး ပြော​လိုက်တယ်။—လုကာ ၁၀:၂၅-၃၇

သိပ်​ကောင်းတဲ့ ပုံပြင်လေးပဲ မဟုတ်လား။ ဘယ်သူဟာ တို့တစ်တွေ ချစ်​ရမယ့် လူသားချင်း​လဲ​ဆိုတာ ရှင်း​သွား​တယ်။ ကိုယ်​နဲ့ သိပ်​ခင်​တဲ့ သူငယ်​ချင်း​တွေ​လောက်​ပဲ မဟုတ်ဘူး။ တို့နဲ့ အသားအရောင် တူတဲ့​သူ၊ စကား​တူတဲ့​သူတွေ​လောက်​ပဲ မဟုတ်ဘူး။ ဘယ်မှာ​ပဲ နေ​နေ၊ ဘယ်လို​ပုံစံပဲ ရှိ​ရှိ၊ ဘာ​စကားပဲ​ပြောပြော လူတွေ​အားလုံးကို ချစ်ခင်​ကြင်နာရ​မယ်​လို့ ယေရှု သင်ပေး​နေတာ။

ယေဟောဝါ​ဘုရားလည်း ဒီလိုပဲ သနား​ကြင်နာ​တတ်တယ်။  ခွဲခြား​ဆက်ဆံ​တာ၊ ဘက်​လိုက်​တာ မရှိဘူး။ ‘ကောင်းကင်မှာ​စံမြန်းတဲ့ အဖ​ဘုရားက လူဆိုး​လူကောင်း​အပေါ် နေ​ထွက်​စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်​သူတွေ​အပေါ် မိုးရွာ​စေတယ်’ ဆိုပြီး ယေရှု ပြောခဲ့တယ်။ ဒါကြောင့် တို့တစ်တွေလည်း ဘုရားသခင်​လို​ပဲ လူအားလုံးကို ကြင်နာသင့်တယ်။—မဿဲ ၅:၄၄-၄၈

ကလေးတို့ လူသားချင်း​ကို ချစ်တဲ့​သူ ဘယ်လို ဖြစ်နိုင်သလဲ

ဒီတော့ လူတစ်ယောက် ဒဏ်ရာ​ရတာကို မြင်ရင် ကလေးတို့ ဘာလုပ်မလဲ။— အဲဒီ​လူဟာ တိုင်းတစ်ပါးသား၊ ကိုယ်​နဲ့ အသားအရောင် မတူတဲ့​သူ ဖြစ်နေရင်​ကော။ ဒီ​လူဟာ​လည်း ကလေးတို့​ရဲ့ လူသားချင်းပါပဲ။ ဒါကြောင့် သူ့ကို ကူညီပေးသင့်တယ်။ ကိုယ်က မကူညီ​နိုင်ဘူး​ဆိုရင် လူကြီး​တစ်ယောက်ကို အကူအညီ တောင်း​နိုင်တယ်။ ဒါမှမဟုတ် ရဲ​ဖြစ်ဖြစ်၊ ဆရာ/မဖြစ်​ဖြစ် အကူအညီ တောင်း​နိုင်တယ်။ ဒါဆိုရင် ရှမာရိ​လူ​လို ကြင်နာမှု ပြရာ​ရောက်တယ်​ကွဲ့။

ကြီးမြတ်တဲ့​ဆရာက တို့တစ်တွေကို ကြင်နာစိတ် ရှိစေချင်တယ်။ ဘယ်လို​လူမျိုးပဲ ဖြစ်ပါစေ ကူညီပေး​စေချင်တယ်။ ဒါကြောင့်လည်း ကြင်နာ​တတ်တဲ့ ရှမာရိ​လူနဲ့​ပတ်သက်တဲ့ ဒီ​ပုံပြင်​လေး​ကို ပြောပြ​ခဲ့​တာပေါ့။

လူမျိုး၊ နိုင်ငံသား မခွဲခြား​ဘဲ လူအားလုံး​အပေါ် ကြင်နာ​တတ်ဖို့​နဲ့ ပတ်သက်ပြီး ပညာအလိမ္မာ ၁၉:၂၂။ တမန်တော် ၁၀:၃၄၊ ၃၅။ ၁၇:၂၆ တို့ကို ဖတ်ပါ။