အခန်း ၇
နာခံမှုက ကာကွယ်ပေးတယ်
ကလေးတို့ ကိုယ်လုပ်ချင်တာ လုပ်ရရင် သဘောမကျဘူးလား။ ဘာလုပ်ရမယ်ဆိုပြီး ပြောမယ့်သူ တစ်ယောက်မှ မရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတဲ့အခါမျိုးကော ရှိသလား။ ကဲ၊ မှန်မှန်ပြောကြရအောင်။ ဘယ်လို ထင်သလဲ။—
ဒါပေမဲ့ ကလေးတို့အတွက် ဘယ်ဟာက ပိုကောင်းသလဲ။ ကိုယ်လုပ်ချင်ရာ လုပ်တာက တကယ်ကောင်းပါ့မလား။ ဖေဖေ မေမေရဲ့ စကားကို နားထောင်တာက ပိုကောင်းသလား။— ကလေးတို့ မိဘစကား နားထောင်ရမယ်လို့ ဘုရားသခင် ပြောထားတာ အကြောင်းကောင်း ရှိရမယ်။ ဘာလဲဆိုတာ ကြည့်ရအောင်။
ကလေးတို့အသက် ဘယ်လောက်ရှိပြီလဲ။— ကလေးတို့ ဖေဖေရဲ့အသက်ကော ဘယ်လောက်ရှိပြီလဲ၊ သိသလား။— ကလေးတို့ မေမေရဲ့ အသက်ကော။ ဘိုးဘိုး၊ ဘွားဘွားရဲ့ အသက်ကော ဘယ်လောက်ရှိပြီလဲ။— သူတို့ဟာ ကလေးတို့ထက် အများကြီး အသက်ကြီးတယ်။ အသက်ကြီးလေလေ ပိုသိလေလေပဲ။ ကြားတာ၊ မြင်တာ၊ သိတာ၊ တတ်တာလည်း ပိုများတယ်။ ဒါကြောင့် ငယ်ရွယ်သူတွေဟာ အသက်ကြီးသူတွေဆီက ပညာ အများကြီး ရနိုင်တာပေါ့။
ကိုယ့်ထက် ငယ်တဲ့သူ တစ်ယောက်ယောက်ကို သိသလား။— ကလေးတို့ဟာ သူ့ထက် ပိုသိတယ် မဟုတ်လား။— ဘာကြောင့် ပိုသိသလဲ။— အသက် ပိုကြီးလို့ပေါ့။ ငယ်တဲ့သူထက် သင်ယူရတဲ့အချိန် ပိုရခဲ့တယ်လေ။
ကလေးတို့နဲ့ တို့ထက်၊ ဘယ်သူထက်မဆို ပိုအသက်ကြီးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။— ယေဟောဝါဘုရားပဲပေါ့။ ဘုရားသခင်ဟာ ကလေးတို့ထက်ကော၊ တို့ထက်ကော ပိုသိတယ်။ ဘုရားသခင်က တို့တစ်တွေကို တစ်ခုခု လုပ်ခိုင်းရင် ခက်ခဲရင်တောင်မှ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် ဖြစ်တယ်ဆိုတာ စိတ်ချနိုင်တယ်။ တစ်ခါတုန်းက ကြီးမြတ်တဲ့ဆရာတောင်မှ နာခံဖို့ အခက်ကြုံခဲ့ရတယ်ဆိုတာ ကလေးတို့ သိသလား။—
တစ်ခါက ယေရှုကို သိပ်ခက်တဲ့အလုပ်တစ်ခု ဘုရားသခင်က လုပ်ခိုင်းတယ်။ ဒီပုံမှာ တွေ့ရတဲ့အတိုင်း အဲဒါနဲ့ပတ်သက်ပြီး ယေရှု ဆုတောင်းခဲ့တယ်။ “အဖ၊ အလိုရှိမယ်ဆိုရင် ဒီခွက်ကို လွှဲဖယ်ပေးပါ” ဆိုပြီး ဆုတောင်းတယ်။ ဒီလို ဆုတောင်းခဲ့တာကို ကြည့်ရင် ဘုရားအလိုတော် ဆောင်ရတာ အမြဲ မလွယ်ဘူးဆိုတာကို ယေရှု ပြခဲ့တယ်။ ဒါပေမဲ့ ဆုတောင်းချက်ကို ယေရှု ဘယ်လို အဆုံးသတ်သလဲ။ သိကြသလား။—
ယေရှုက “ဒါပေမဲ့ ကျွန်တော့်ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” ဆိုပြီး အဆုံးသတ်ခဲ့တယ်။ (လုကာ ၂၂:၄၁၊ ၄၂) ဟုတ်တယ်ကွဲ့၊ ယေရှုဟာ ကိုယ့်အလိုဆန္ဒအတိုင်း မဟုတ်ဘဲ ဘုရားအလိုတော်အတိုင်း ဖြစ်စေချင်တယ်။ အကောင်းဆုံးလို့ ကိုယ်ထင်တာကို လုပ်မယ့်အစား ဘုရားသခင် အလိုရှိတာကိုပဲ ဆက်လုပ်ခဲ့တယ်။
ဒီအကြောင်းကနေ ဘာသိရသလဲ။— ဘုရားသခင် ပြောတဲ့အတိုင်း လုပ်ဆောင်တာ မလွယ်ကူပေမဲ့ အဲဒီအတိုင်း လုပ်တာ အမြဲမှန်ကန်တယ်ဆိုတာ သိရတယ်။ နောက်တစ်ခုလည်း သိရသေးတယ်။ ဘာလဲဆိုတာ သိသလား။— တချို့လူတွေ ပြောသလို ဘုရားသခင်နဲ့ ယေရှုဟာ ပုဂ္ဂိုလ်တစ်ပါးတည်း မဟုတ်ဘူး။ ယေဟောဝါဘုရားဟာ သားတော် ယေရှုထက် ပိုအသက်ကြီးတယ်၊ ပိုလည်း သိတယ်။
ဘုရားသခင်ကို နာခံမယ်ဆိုရင် ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပြတာပဲ။ “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်” လို့ ကျမ်းစာက ဆိုထားတယ်ကွဲ့။ (၁ ယောဟန် ၅:၃) ဒါကြောင့် တို့အားလုံး ဘုရားသခင်ကို နာခံဖို့ လိုတယ်ဆိုတာ နားလည်ရတယ်။ ကလေးတို့ ဘုရားသခင့်စကားကို နားမထောင်ချင်ကြဘူးလား။—
ဧဖက် အခန်းကြီး ၆၊ အခန်းငယ် ၁၊ ၂၊ ၃ တို့မှာ ကျမ်းစာ ပြောထားတာကို ဖတ်ကြမယ်။ ဒီလိုဆိုထားတယ်ကွဲ့– “သားသမီးတို့၊ ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်။ ‘မိဘကို ရိုသေပါ’ ဆိုတဲ့ ပညတ်ဟာ ကတိတော်နဲ့ ဒွန်တွဲနေတဲ့ ပထမဆုံးပညတ်ပဲ။ ‘ဒါမှသာ ကောင်းစားလိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်လိမ့်မယ်’ ဆိုတဲ့ ကတိ ဖြစ်တယ်။”
ဘုရားသခင်က ကလေးတို့ကို ဘာလုပ်ခိုင်းသလဲဆိုတာ သိရအောင် ကျမ်းစာကို ဖွင့်ဖတ်ကြည့်မယ်။တွေ့တယ် မဟုတ်လား။ မိဘစကား နားထောင်ရမယ်လို့ ကလေးတို့ကို ပြောတဲ့ ပုဂ္ဂိုလ်ဟာ ယေဟောဝါဘုရားကိုယ်တိုင် ဖြစ်တယ်။ မိဘတို့ကို “ရိုသေပါ” ဆိုတာ ဘာကို ဆိုလိုသလဲ။ သူတို့ကို လေးလေးစားစား ဆက်ဆံတာကို ပြောတာ။ မိဘစကား နားထောင်ရင် “ကောင်းစား” မယ်လို့လည်း ဘုရားသခင် ကတိပေးထားတယ်။
နာခံတဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့သူတွေအကြောင်း ပြောပြမယ်နော်။ အဲဒီလူတွေဟာ ဟိုရှေးရှေးတုန်းက ဂျေရုဆလင်ဆိုတဲ့ မြို့ကြီးတစ်ခုမှာ နေထိုင်ကြတယ်။ အဲဒီမြို့သား အများစုက ဘုရားသခင်စကားကို နားမထောင်ကြဘူးလေ။ ဒါနဲ့ ယေရှုက ဂျေရုဆလင်မြို့ကို ဘုရားသခင် ဖျက်ဆီးပစ်မယ်လို့ သတိပေးခဲ့တယ်။ ပြီးတော့ မှန်တာကို ချစ်မြတ်နိုးရင် အသက်ဘေးကနေ ဘယ်လို လွတ်မြောက်နိုင်တယ်ဆိုတာကိုပါ ပြောပြခဲ့တယ်။ ‘ဂျေရုဆလင်မြို့ကို စစ်တပ် ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ ဒီမြို့ ပျက်စီးတော့မယ်ဆိုတာ သိလိုက်ပါ။ အဲဒီအချိန်ရောက်ရင် ဂျေရုဆလင်မြို့ကနေ ထွက်ပြီး တောင်ပေါ်ကို ပြေးရမယ့်အချိန် ဖြစ်တယ်’ လို့ ပြောခဲ့တယ်။—လုကာ ၂၁:၂၀-၂၂။
ယေရှု ပြောခဲ့တဲ့အတိုင်းပဲ စစ်တပ်က ဂျေရုဆလင်မြို့ကို လာတိုက်ပါလေရော။ ရောမ စစ်တပ်က မြို့ကို ဝိုင်းပြီး စခန်းချလိုက်တယ်။ နောက်တော့ အကြောင်းတစ်ခုခုကြောင့် စစ်သားတွေ ပြန်ဆုတ်သွားကြတယ်။ လူအများစုက အန္တရာယ်ကင်းပြီလို့ ထင်ကြတာပေါ့။ ဒါနဲ့ မြို့ထဲမှာပဲ ဆက်နေကြတယ်။ ဒါပေမဲ့ ယေရှုက ဘာလုပ်သင့်တယ်လို့ ပြောခဲ့သလဲ။— ကလေးတို့သာ ဂျေရုဆလင်မြို့မှာ ရှိခဲ့ကြမယ်ဆိုရင် ဘာလုပ်ကြမလဲ။— ယေရှုကို တကယ် ယုံကြည်တဲ့လူတွေဟာ အိုးအိမ်တွေ စွန့်ခွာပြီး ဂျေရုဆလင်မြို့နဲ့ဝေးရာ တောင်ပေါ်ကို ထွက်ပြေးကြတယ်။
တစ်နှစ်လုံးလုံး ကုန်လွန်သွားခဲ့တယ်၊ ဂျေရုဆလင်မြို့ ဘာမှ ဖြစ်မသွားဘူး။ ဒုတိယနှစ်မှာလည်း ဘာမှ မဖြစ်ဘူး။ တတိယနှစ်မှာလည်း ဘာမှ ဖြစ်မလာဘူး။ မြို့ကနေ ထွက်ပြေး
သွားသူတွေကို လူမိုက်တွေလို့ တချို့ ထင်ရင်ထင်မယ်။ ဒါပေမဲ့ စတုတ္ထနှစ်ကျတော့ ရောမ စစ်တပ်တွေ ပြန်ရောက်လာပြီလေ။ ဂျေရုဆလင်မြို့ကို ပတ်ပတ်လည် ဝိုင်းရံပြီး စခန်းချလိုက်ကြတယ်။ အခုတော့ ထွက်ပြေးဖို့ အချိန်နှောင်းသွားပြီလေ။ ဒီတစ်ချီတော့ စစ်တပ်က မြို့ကို ဖျက်ဆီးလိုက်တယ်။ မြို့ထဲက လူအများစုဟာ အသတ်ခံရတယ်၊ ကျန်တဲ့လူတွေကျတော့ အကျဉ်းသားများအဖြစ် ဖမ်းသွားခံရကြတယ်လေ။ဒါပေမဲ့ ယေရှုစကား နားထောင်ခဲ့တဲ့လူတွေကော ဘာဖြစ်သွားသလဲ။— ဘေးမသီ ရန်မခ ရှိခဲ့ကြတယ်။ သူတို့က ဂျေရုဆလင်မြို့နဲ့ အဝေးကြီးမှာ။ ဒါကြောင့် ဘာမှ မဖြစ်ဘူးပေါ့။ စကားနားထောင်တဲ့အတွက် ကာကွယ်ခံရကြတယ်။
ကလေးတို့လည်း တကယ်လို့ စကားနားထောင်ရင် အကာအကွယ် ရမှာလား။— လမ်းပေါ်မှာ ဘယ်တော့မှ မကစားနဲ့လို့ မိဘတွေက ပြောရင်ပြောမယ်။ ဘာကြောင့် ဒီလိုပြောသလဲ။— ကလေးတို့ ကားတိုက်ခံရမှာ စိုးလို့ပေါ့။ ဒါပေမဲ့ တစ်နေ့ကျရင် ကလေးတို့က ‘အခု
ကား မရှိဘူး။ ဘာမှ မဖြစ်ပါဘူး။ တခြားကလေးတွေလည်း လမ်းပေါ်မှာ ကစားနေကြတာပဲ။ ဘာမှလည်း ဖြစ်တာ မတွေ့ရဘူး’ ဆိုပြီး ထင်ချင်ထင်မယ်။ဂျေရုဆလင်မြို့ထဲက လူတွေလည်း အဲဒီလိုပဲ ထင်ခဲ့ကြတယ်။ ရောမစစ်တပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် ဘာအန္တရာယ်မှ မရှိတော့သလိုပဲ။ သူများတွေလည်း မြို့ထဲမှာ နေကြတာပဲဆိုပြီး သူတို့လည်း နေလိုက်ကြတာပေါ့။ သတိပေးရက်သားနဲ့ နားမထောင်ကြဘူးလေ။ နောက်ဆုံးတော့ အသက်ဆုံးရကြတယ်။
နောက်ဥပမာတစ်ခု ကြည့်ရအောင်။ မီးခြစ်နဲ့ ကစားဖူးသလား။— မီးခြစ် ခြစ်လိုက်တဲ့အခါ မီးတောက်လေးကို ကြည့်ရတာ ပျော်စရာကောင်းသလိုလို ဖြစ်မယ်။ ဒါပေမဲ့ မီးခြစ်နဲ့ ကစားတာဟာ အန္တရာယ်ကြီးတယ်ကွဲ့။ တစ်အိမ်လုံး မီးလောင်ပြာကျသွားနိုင်တယ်၊ ကလေးတို့လည်း သေသွားနိုင်တယ်ကွဲ့။
တစ်ခါတလေ နားထောင်ရုံနဲ့ မလုံလောက်ဘူးဆိုတာ မှတ်ထားရမယ်။ အမြဲ နားထောင်မယ်ဆိုရင် အကာအကွယ်ရမယ်ကွဲ့။ ‘သားသမီးတို့၊ မိဘစကားကို နားထောင်ကြ’ ဆိုပြီး ကလေးတို့ကို ပြောတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။— ဘုရားသခင်ပေါ့။ ကလေးတို့ကို တကယ်ချစ်လို့ ပြောတယ်ဆိုတာကိုလည်း မှတ်ထားပါ။
နာခံမှုရဲ့ အရေးကြီးပုံကို တင်ပြထားတဲ့ ဒီကျမ်းချက်တွေ ဖတ်ကြည့်ပါ– ပညာအလိမ္မာ ၂၃:၂၂။ ဒေသနာ ၁၂:၁၃။ ဟေရှာယ ၄၈:၁၇၊ ၁၈။ ကောလောသဲ ၃:၂၀။