အခန်း ၄၀
ဘုရားသခင်ကို ပျော်ရွှင်စေနိုင်တဲ့အကြောင်း
ဘုရားသခင် ပျော်ရွှင်အောင် တို့တစ်တွေ ဘာလုပ်နိုင်သလဲ။ ဘုရားသခင်ကို တစ်ခုခု ပေးနိုင်သလား။— ‘တောထဲက သားရဲတိရစ္ဆာန်တွေအားလုံး ငါ့ဥစ္စာချည်းပဲ’ လို့ ယေဟောဝါ ပြောတယ်။ ပြီးတော့ “ငွေကို ငါပိုင်တယ်။ ရွှေကိုလည်း ပိုင်တယ်” လို့လည်း ပြောထားသေးတယ်။ (ဆာလံ ၂၄:၁။ ၅၀:၁၀။ ဟဂ္ဂဲ ၂:၈) ဒါပေမဲ့ တို့တစ်တွေ ဘုရားသခင်ကို ပေးနိုင်တဲ့အရာ တစ်ခုတော့ ရှိတယ်။ အဲဒါက ဘာလဲ။—
ယေဟောဝါဟာ သူ့ကို ဝတ်ပြုမလား၊ ဝတ်မပြုဘူးလားဆိုတာ ရွေးချယ်ခွင့် ပေးထားတယ်။ သူလုပ်စေချင်သလို အတင်းအကျပ် မလုပ်ခိုင်းဘူး။ ဘုရားသခင်ကို ဝတ်ပြုမယ် ဝတ်မပြုဘူးဆိုတာ ရွေးချယ်နိုင်အောင် တို့တစ်တွေကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။ အဖြေရှာကြည့်ရအောင်။
စက်ရုပ်ကို ကလေးတို့ သိမှာပေါ့နော်။ စက်ရုပ်ဆိုတာ ထုတ်လုပ်သူက လုပ်စေချင်တာကို လုပ်ပေးနိုင်အောင် တီထွင်ပြုလုပ်ထားတဲ့ စက်တစ်မျိုး ဖြစ်တယ်။ ဒါကြောင့် စက်ရုပ်မှာ ရွေးချယ်နိုင်တဲ့အခွင့် မရှိဘူး။ တို့အားလုံးကိုလည်း စက်ရုပ်လိုမျိုးဖြစ်အောင် ယေဟောဝါ လုပ်နိုင်တာပဲ။ တို့တစ်တွေကို ဘုရား လုပ်စေချင်တာကိုပဲ လုပ်နိုင်အောင် ဖန်ဆင်းနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီလိုမျိုး မလုပ်ခဲ့ဘူး။ ဘာကြောင့်လဲ သိသလား။— ကစားစရာတချို့ဟာ စက်ရုပ်တွေ ဖြစ်တယ်။ ခလုပ်နှိပ်ထားလိုက်ရင် ထုတ်လုပ်သူ ပုံစံထုတ်ထားတဲ့အတိုင်းပဲ အလုပ်လုပ်ကြတယ်။ အဲဒီလိုမျိုး ကစားစရာအရုပ်မျိုး တွေ့ဖူးသလား။— ပုံစံချထားသလောက်၊ ညွှန်ကြားချက် ပေးထားသလောက်ပဲ အလုပ်လုပ်တဲ့ စက်ရုပ်မျိုးနဲ့ ကစားဖန်များလာတဲ့အခါ လူတွေဟာ
အီသွားတတ်ကြတယ်။ ဘုရားသခင်ဟာ တို့တစ်တွေကို သူ့ကိုဝတ်ပြုဖို့ ညွှန်ကြားချက်သွင်းထားတဲ့ စက်ရုပ်လိုမျိုး သူ့စကား နားထောင်တာကို မလိုချင်ဘူး။ ယေဟောဝါဟာ တို့တစ်တွေ သူ့ကို ချစ်လို့၊ သူ့စကားကို နားထောင်ချင်စိတ် ရှိလို့ သူ့ကို ဝတ်ပြုတာကိုပဲ လိုချင်တယ်။တို့တစ်တွေ စိတ်လိုကိုယ်လျောက် ဘုရားသခင့်စကားကို နားထောင်ရင် ကောင်းကင်ဘုံစံ ဖခင်စိတ်ထဲမှာ ဘယ်လိုခံစားရမယ် ထင်သလဲ။—ကဲ၊ ကလေးတို့ရဲ့ အပြုအမူဟာ မိဘတို့အပေါ် ဘယ်လို သက်ရောက်တတ်သလဲ၊ ပြောပြပါ။— ပညာရှိတဲ့သားဟာ “ဖခင်ကို ဝမ်းမြောက်စေတယ်။” သားမိုက်ကတော့ “မိခင်ကို ဝမ်းနည်းစေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၁၀:၁) ဖေဖေနဲ့ မေမေ ခိုင်းတဲ့အတိုင်း လုပ်တဲ့အခါ သူတို့ ပျော်ရွှင်ကြတာကို ကလေးတို့ သတိထားမိသလား။— ဒါပေမဲ့ သူတို့စကားကို နားမထောင်တဲ့အခါ သူတို့ ဘယ်လိုခံစားရသလဲ။—
ကဲ၊ အခု တို့တစ်တွေရဲ့ ကောင်းကင်ဘုံစံဖခင် ယေဟောဝါအကြောင်း စဉ်းစားကြည့်ရအောင်။ ဘုရားသခင်က သူ့စိတ်ပျော်ရွှင်အောင် တို့တစ်တွေ ဘယ်လို လုပ်ရမယ်ဆိုတာ ပြောပြထားတယ်။ ကျမ်းစာကို ယူပြီး ပညာအလိမ္မာ ၂၇:၁၁ ကို ဖွင့်လိုက်ပါ။ ဒီကျမ်းချက်မှာ ဘုရားသခင်က “ငါ့သား၊ [ဒါမှမဟုတ် ငါ့သမီးလို့လည်း ပြောနိုင်တယ်] ဉာဏ်ပညာ ရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်” လို့ ပြောထားတယ်။ လူတစ်ယောက်ကို ကဲ့ရဲ့တယ်ဆိုတာ ဘာကို ဆိုလိုသလဲ သိသလား။— လူတစ်ယောက်က ကလေးတို့ကို ဟားတိုက်ပြီး ပြောတဲ့အတိုင်း လုပ်လည်း မလုပ်နိုင်ဘဲနဲ့ ဆိုပြီး ပြောမယ်ဆိုရင် အဲဒါ ကဲ့ရဲ့တာပဲပေါ့။ စာတန်က ယေဟောဝါကို ဘယ်လို ကဲ့ရဲ့သလဲ။— ကြည့်ရအောင်။
အခန်း ၈ မှာ စာတန်ဟာ နံပါတ်တစ် ဖြစ်ချင်တဲ့အကြောင်း၊ သူ့စကားကို လူတကာ နားထောင်စေချင်တဲ့အကြောင်း သိခဲ့ရတယ်။ စာတန် ဘာပြောသလဲဆိုတော့ လူတွေ ယေဟောဝါကို ကိုးကွယ်တာဟာ ထာဝရအသက် ရမှာမို့လို့တဲ့။ အာဒံနဲ့ ဧဝကို ဘုရားသခင့်စကား နားမထောင်အောင် ဆွယ်လို့ ရသွားပြီးနောက် စာတန်က ဘုရားသခင်ကို စိန်ခေါ်တော့တယ်။ ဘုရားသခင်ကို စာတန်က ‘လူတွေ ခင်ဗျားကို ဝတ်ပြုနေတယ်ဆိုတာ ခင်ဗျားဆီကနေ အကျိုးတွေ ရနေလို့။ ကျုပ်ကို အခွင့်ပေးကြည့်ပါလား။ ဘယ်သူ့ကိုမဆို ခင်ဗျားကို ကျောခိုင်းသွားအောင် လုပ်ပြမယ်’ လို့ ပြောခဲ့တယ်။
ဒီစာအုပ်ကျမ်းစာမှာ အဲဒီလိုစကားမျိုး အတိအကျကို မတွေ့ရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ယောဘအကြောင်း ဖတ်ကြည့်ရင် အဲဒီသဘောမျိုးနဲ့ ဘုရားသခင်ကို စာတန် ပြောခဲ့တာ ရှင်းရှင်းလေး တွေ့နိုင်တယ်။ ဘုရားသခင်အပေါ် ယောဘ သစ္စာရှိမယ် မရှိဘူးဆိုတာ စာတန်အတွက်ကော၊ ဘုရားသခင်အတွက်ပါ တကယ့်ကို အရေးကြီးတယ်။ ယောဘကျမ်း အခန်းကြီး ၁ နဲ့ ၂ ကို ဖွင့်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ကြရအောင်။
ကောင်းကင်မှာ ကောင်းကင်တမန်တွေ ယေဟောဝါ ရှေ့မှောက် အခစားဝင်တဲ့အခါ စာတန်လည်း ရောက်နေတာကို ယောဘကျမ်း အခန်းကြီး ၁ ထဲမှာ ဖော်ပြထားတယ်။ ဒါနဲ့ ယေဟောဝါက “ဘယ်က လာတာလဲ” လို့ စာတန်ကို မေးတော့ ကမ္ဘာအနှံ့ လှည့်လည်ပြီး လာခဲ့တာလို့ ပြန်ဖြေတယ်။ ဒါနဲ့ ယေဟောဝါက ‘ယောဘကို သတိထားမိသလား။ သူဟာ ငါ့ကိုဝတ်ပြုပြီး မကောင်းမှု ဘာတစ်ခုမှ မလုပ်ဘူး’ ဆိုပြီး မေးလိုက်တယ်။—ယောဘ ၁:၆-၈။
စာတန်က ချက်ချင်းပဲ စောဒကတက်တော့တယ်။ ‘ယောဘဟာ ဘာဒုက္ခမှ မရှိလို့သာ ခင်ဗျားကို ကိုးကွယ်နေတာပေါ့။ သူ့ဆီကနေ ခင်ဗျားရဲ့ ကာကွယ်မှုတွေ၊ ကောင်းချီးတွေကို ရုပ်သိမ်းကြည့်လိုက်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်။’ ဒါနဲ့ ယေဟောဝါက ‘ကောင်းပြီ၊ စာတန်။ သူ့ကို လုပ်ချင်သလို လုပ်နိုင်တယ်။ ဒါပေမဲ့ လူကိုတော့ မထိနဲ့’ လို့ ပြန်ပြောတယ်။—ယောဘ ၁:၉-၁၂။
ဒါနဲ့ စာတန် ဘာလုပ်သလဲ။— လူတွေကို ယောဘရဲ့ နွားတိရစ္ဆာန်တွေနဲ့ မြည်းတွေကို လုယူခိုင်းတယ်။ ထိန်းကျောင်းတဲ့သူတွေကို သတ်ပစ်ခိုင်းတယ်။ ပြီးတော့ မိုးကြိုးပစ်ပြီး သိုးတွေနဲ့ သိုးထိန်းတွေကို သတ်ပစ်တယ်။ အဲဒီနောက် လူတွေကို ကုလားအုတ်တွေ လုယူခိုင်းပြီး ထိန်းကျောင်းတဲ့သူတွေကို သတ်ပစ်ခိုင်းတယ်။ နောက်ဆုံးအနေနဲ့ စာတန်က ယောဘရဲ့ ကလေးဆယ်ယောက် ရှိနေတဲ့အိမ်ကို လေပြင်းမုန်တိုင်းတစ်ခု တိုက်ခိုင်းပြီး ကလေးအားလုံးကို သတ်ပစ်လိုက်တယ်။ ဒီလိုမျိုး ဖြစ်တာတောင်မှ ယေဟောဝါကို ယောဘ ဆက်ဝတ်ပြုခဲ့တယ်။—ယောဘ ၁:၁၃-၂၂။
စာတန်ကို နောက်တစ်ခေါက် တွေ့တဲ့အခါ ယေဟောဝါက ယောဘ သစ္စာရှိမြဲ ရှိနေတာကို ထောက်ပြတယ်။ စာတန်ကလည်း ‘သူ့အရိုးနဲ့အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ကျိန်းသေ ကျိန်ဆဲလိမ့်မယ်’ လို့ စောဒကတက်ပြန်တယ်။ ဒါနဲ့ ယေဟောဝါက ယောဘရဲ့ကိုယ်ကို ထိခိုက်ခွင့် ပြုလိုက်ပေမဲ့ သူ့ကို မသတ်ရဘူးလို့ သတိပေးလိုက်တယ်။
ယောဘရဲ့ သစ္စာရှိမှုကြောင့် ယေဟောဝါစိတ်ထဲ ဘယ်လို နေမယ် ထင်သလဲ။— ပျော်တာပေါ့။ ယေဟောဝါအနေနဲ့ ‘ယောဘကို ကြည့်။ သူ ငါ့ကို ဝတ်ပြုတယ်ဆိုတာ သူ့ဆန္ဒအတိုင်း သူဝတ်ပြုတာကွ’ လို့ စာတန်ကို ပြောနိုင်လို့ပါပဲ။ ကလေးတို့လည်း ယောဘလို စာတန်ကို လိမ်လည်သူအဖြစ် သက်သေထူတဲ့နေရာမှာ စံပြတစ်ဦးအနေနဲ့ ယေဟောဝါ ညွှန်ပြနိုင်တဲ့သူတစ်ဦး ဖြစ်ချင်သလား။— ယေဟောဝါကို ဝတ်မပြုအောင် ဘယ်သူ့ကိုမဆို လုပ်နိုင်တယ်ဆိုတဲ့ စာတန်ရဲ့အဆိုကို ယေဟောဝါ ချေပတဲ့နေရာမှာ ပါဝင်ခွင့်ရတာဟာ အခွင့်ထူးတစ်ရပ် ဖြစ်တယ်။ ယေရှုလည်း ဒါကို အခွင့်ထူးလို့ ကျိန်းသေ မှတ်ယူခဲ့မှာပဲ။
ကြီးမြတ်တဲ့ဆရာဟာ မကောင်းတာလုပ်ဖို့ စာတန် ဆင်တဲ့ ထောင်ချောက်ထဲ ဘယ်တော့မှ အကျမခံခဲ့ဘူး။ သူ့ရဲ့စံနမူနာက သူ့ဖခင်ကို ဘယ်လောက် ပျော်ရွှင်စေမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေဟောဝါအနေနဲ့ ယေရှုကို ညွှန်ပြပြီး ‘ငါ့သားကို ကြည့်။ ငါ့ကို ချစ်တဲ့အတွက် ငါ့အပေါ် အပြည့်အဝ သစ္စာရှိတယ်’ လို့ စာတန်ကို တုံ့ပြန်နိုင်ခဲ့တယ်။ ဖခင်ရဲ့ စိတ်နှလုံးကို ရွှင်ပြုံးအောင် လုပ်နိုင်ခဲ့တဲ့အတွက် ယေရှု ဘယ်လောက် ဝမ်းသာမယ် ဆိုတာကိုလည်း စဉ်းစားကြည့်ပါ။ အဲဒီဝမ်းမြောက်မှုကြောင့်လည်း ယေရှုဟာ ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံတဲ့အထိ ကြံ့ကြံ့ခံနိုင်ခဲ့တာ ဖြစ်တယ်။—ဟီဘရူး ၁၂:၂။
ကလေးတို့ကော ကြီးမြတ်တဲ့ဆရာကို အတုယူပြီး ယေဟောဝါကို ပျော်ရွှင်စေချင်သလား။—ဒါဆိုရင် ယေဟောဝါ လုပ်စေချင်တာတွေကို အဆက်မပြတ် သင်ယူပြီး ဘုရားသခင် ပျော်ရွှင်အောင် အဲဒီအတိုင်း လုပ်သွားကြပါ။
ဘုရားသခင် ပျော်ရွှင်အောင် ယေရှု ဘာတွေ လုပ်ခဲ့တယ်၊ တို့တစ်တွေလည်း ဘာလုပ်ရမယ်ဆိုတာ ပညာအလိမ္မာ ၂၃:၂၂-၂၅။ ယောဟန် ၅:၃၀။ ၆:၃၈။ ၈:၂၈။ ၂ ယောဟန် ၄ တို့မှာ ဖတ်ကြည့်ပါ။