မိဘထံမှ သားသမီးများ လိုအပ်သည့်အရာ
မိဘတိုင်းဟာ လူသားတွေ အပြည့်အဝ နားမလည်နိုင်တဲ့ ဖြစ်ရပ်တစ်ခုမှာ ပါဝင်ကြတယ်။ မိဘတစ်ဦးစီက မိမိတို့ကိုယ်ထဲက တစ်စိတ်တစ်ပိုင်းကို ထည့်ဝင်ကြတယ်။ ရလဒ်အနေနဲ့ မိခင်ဝမ်းထဲမှာ အင်္ဂါစုံလင်တဲ့ သက်ရှိပုဂ္ဂိုလ်တစ်ဦး ကြီးထွားဖွံ့ဖြိုးလာတယ်။ ဒါကြောင့် ကလေးမွေးဖွားခြင်းကို “အံ့ဖွယ်ဖြစ်ရပ်တစ်ပါး” လို့ ပြောစမှတ်ပြုကြတာ မဆန်းပါဘူး။
ကလေးမွေးဖွားခြင်းဟာ မိဘတာဝန် အစပဲ ရှိပါသေးတယ်။ ကနဦးမှာ မွေးကင်းစ ကလေးတွေဟာ သူတစ်ပါးအပေါ် လုံးဝနီးပါး အားထားမှီခိုကြရပေမဲ့ ကြီးပြင်းလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ ပြုစုယုယမှုထက်မက လိုအပ်လာတယ်။ စိတ်ပိုင်း၊ ခံစားချက်ပိုင်း၊ စာရိတ္တပိုင်း၊ ဝတ်ပြုရေးပိုင်း ရင့်သန်ဖွံ့ဖြိုးမှုအတွက် အကူအညီ လိုအပ်လာတယ်။
ကလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ မိဘမေတ္တာ အထူးလိုအပ်တယ်။ ကလေးတွေကို ချစ်ကြောင်း နှုတ်နဲ့ ဖွင့်ပြောဖို့ အရေးကြီးပေမဲ့ လုပ်ရပ်နဲ့ လက်တွေ့ပြဖို့လည်း အရေးကြီးတယ်။ သားသမီးတွေအနေနဲ့ မိဘတို့ရဲ့ စံနမူနာကောင်း လိုအပ်ကြတယ်။ အသက်တာမှာ လိုက်လျှောက်ရမယ့် အခြေခံမူတွေ၊ စာရိတ္တ လမ်းညွှန်တွေလည်း လိုအပ်ကြတယ်။ ဒါတွေကို ငယ်ရွယ်နုနယ်တဲ့ ကလေးဘဝကစပြီး လိုအပ်ကြတယ်။ အခါမနှောင်းမီ အဲဒီအကူအညီကို ကလေးတွေ မရရှိရင် ကြေကွဲစရာအဖြစ်ဆိုးတွေ ဖြစ်လာနိုင်တယ်။ ဖြစ်လည်း ဖြစ်နေပါတယ်။
အကောင်းဆုံး အခြေခံမူတွေကို သမ္မာကျမ်းစာမှာ တွေ့ရတယ်။ ကျမ်းစာကို အခြေခံတဲ့ ညွှန်ကြားချက်မှာ တစ်မူထူးခြားတဲ့ အကျိုးကျေးဇူး ရှိတယ်။ အဲဒီညွှန်ကြားချက်ကတစ်ဆင့် ကလေးတွေ ကြားရတဲ့စကားတွေဟာ လူသားတစ်ဦးဦးရဲ့စကား မဟုတ်ဘဲ ဖန်ဆင်းရှင်၊ ကောင်းကင်ဘုံစံ ဖခင်ရဲ့ စကားတော် ဖြစ်ကြောင်း နားလည်လာကြတယ်။ ဒါက ဆုံးမစကားကို ပြိုင်ဘက်ကင်းတဲ့သြဇာ ရှိစေတယ်။
သားသမီးတွေရဲ့ စိတ်ထဲမှာ မှန်ကန်တဲ့အခြေခံမူတွေ စွဲမှတ်သွားစေဖို့ မိဘတွေ ကြိုးစားသွန်သင်ပေးပါလို့ သမ္မာကျမ်းစာက အားပေးထားတယ်။ ဒါပေမဲ့ သားသမီးတွေ ကြီးပြင်းလာတာနဲ့အမျှ မိဘတွေဟာ အရေးအကြီးဆုံး အကြောင်းအရာတွေကို သားသမီးများနဲ့ ပြောဆိုဆွေးနွေးဖို့ ခက်ခဲလာတာကို တွေ့ရလေ့ရှိတယ်။ ဒီကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်က အဲဒီလိုအခြေအနေမျိုး ဖြစ်ပေါ်မလာစေဖို့
ရည်ရွယ်ရေးသားထားပါတယ်။ မိဘတွေနဲ့ ကလေးတွေ အတူတူဖတ်ဖို့ အကြောင်းအရာတွေကို စီစဉ်ပေးထားပါတယ်။ ဒီ့အပြင် ဒီစာအုပ်ဟာ ကလေးသူငယ်တွေနဲ့ အတူဖတ်ရှုသူတို့အကြား အပြန်အလှန် စကားပြောဆိုတာကိုပါ အားပေးထားပါတယ်။ဒီစာအုပ်က ကလေးတွေဘက်ကနေ သဘောထားတုံ့ပြန်မှုအတွက် လမ်းကြောင်းပေးထားကြောင်း မိဘတွေ သတိပြုမိကြမယ်။ သင့်တော်တဲ့မေးခွန်းများစွာ ထည့်သွင်းထားတယ်။ အဲဒီမေးခွန်းတွေ ရောက်တဲ့အခါ တုံးရှည် (—) တစ်ခုကို တွေ့ရပါမယ်။ အဲဒီမှာ ခဏရပ်ပြီး ကလေးကို အဖြေပေးဖို့ အားပေးပါဆိုတဲ့ သတိပေးချက် ဖြစ်တယ်။ ကလေးတွေရဲ့ သဘာဝက ပါဝင်လိုခြင်းဖြစ်တယ်။ မပါဝင်ရရင် စိတ်ဝင်စားမှု လျင်မြန်စွာ ပျောက်သွားတတ်တယ်။
ဒါပေမဲ့ ပိုအရေးကြီးတာက အဲဒီမေးခွန်းတွေက ကလေးရဲ့ စိတ်ထဲမှာ ဘာရှိမှန်း သိမြင်စေပါမယ်။ မှန်ပါတယ်၊ ကလေးတွေရဲ့ အဖြေဟာ အမြဲမှန်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မေးခွန်းတစ်ခုစီရဲ့ နောက်ကွယ်ရှိ အကြောင်းအရာတွေက ကလေးတစ်ဦးကို မှန်ကန်တဲ့ တွေးခေါ်မှုပုံစံမျိုး ဖြစ်ထွန်းလာအောင် ထောက်ကူပေးဖို့ စီစဉ်ထားပါတယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်တစ်ခုကတော့ ရုပ်ပုံ ၂၃၀ ကျော် ပါရှိတာပါပဲ။ ရုပ်ပုံများစွာမှာ ကလေးတွေဘက်က တွေ့ရဖတ်ရတာအပေါ် မူတည်ဖြေဆိုရမယ့် ပုံစာတွေ ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးနဲ့အတူ ရုပ်ပုံတွေကို လေ့လာဆန်းစစ်ပါ။ ရုပ်ပုံတွေက သင်ပေးနေတဲ့ သင်ခန်းစာတွေကို ကောင်းစွာသဘောပေါက်စေတဲ့ သင်ထောက်ကူကောင်းတွေ ဖြစ်နိုင်ပါတယ်။
ကလေး စာဖတ်တတ်လာရင် ဒီစာအုပ်ကို ဖတ်ပြဖို့၊ မိမိဘာသာဖတ်ဖို့ အားပေးပါ။ များများဖတ်နိုင်လေလေ ကလေးရဲ့ စိတ်နှလုံးထဲမှာ မွန်မြတ်သော ဆုံးမစကား စွဲမှတ်လေလေ ဖြစ်မယ်။ ဒါပေမဲ့ မိဘတွေနဲ့ သားသမီးစပ်ကြား ချစ်ခင်လေးစားမှုနှောင်ကြိုး တိုးပွားခိုင်မြဲစေဖို့ အတူတူ ဖတ်ပါ၊ ပုံမှန် ဖတ်ဖြစ်အောင် ဖတ်ပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က လူတွေ လုံးဝ မတွေးမိတဲ့နည်းနဲ့ ကလေးသူငယ်တွေဟာ လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ လိင်ကိစ္စ၊ နတ်ဝိဇ္ဇာအတတ်၊ တခြားယုတ်ညံ့တဲ့ အကျင့်ဓလေ့တွေနဲ့ ထိတွေ့လာကြတယ်။ ဒါကြောင့် သူတို့လေးတွေ လိုအပ်တဲ့ ကာကွယ်မှုကို ဒီစာအုပ်က သိက္ခာရှိရှိ၊ ရိုးရိုးစင်းစင်း တင်ဆက်ထားပါတယ်။ ဒါပေမဲ့ ကလေးတွေဟာ ခပ်သိမ်းသော ဉာဏ်ပညာရဲ့ ရင်းမြစ်ဖြစ်တဲ့ ကောင်းကင်ဘုံစံ ယေဟောဝါအဖဘုရားဆီ ဦးတည်ညွှန်ပြပေးတာမျိုး အထူးသဖြင့် လိုအပ်ကြတယ်။ ကြီးမြတ်တဲ့ဆရာ ယေရှုက ဒီလိုပဲ အမြဲပြုလုပ်တယ်။ ဒီစာအုပ်ဟာ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုဘဝကို ယေဟောဝါစိတ်တော်နဲ့ တွေ့တဲ့ပုံစံ ဖြစ်လာအောင် ပုံသွင်းပေးခြင်းဖြင့် ထာဝရကောင်းချီး ရရှိစေမယ်လို့ ကျွန်တော်တို့ ရိုးသားစွာ မျှော်လင့်ပါတယ်။