အောင်ခြင်းတေးသစ် သီဆိုခြင်း
အခန်း ၂၉
အောင်ခြင်းတေးသစ် သီဆိုခြင်း
ရူပါရုံ ၉
အကြောင်းအရာ– ၁၄၄,၀၀၀ သည် သိုးသငယ်နှင့်အတူ ဇိအုန်တောင်ပေါ်တွင် ရှိကြ၏။ ကောင်းကင်တမန် ကြေညာချက်များ မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွားသည်။ ကောက်လှိုင်းများကို ရိတ်သိမ်း၏
ပြည့်စုံချိန်– ၁၉၁၄ ခုနှစ်မှ ဆင်းရဲဒုက္ခကြီးအထိ
၁။ ဗျာဒိတ်အခန်းကြီး ၇၊ ၁၂ နှင့် ၁၃ တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာကိုသိရှိခဲ့ရပြီး ယခုဘာကိုသိရမည်နည်း။
အရုံပြောင်းကာ ယောဟန်၏နောက်ရူပါရုံတစ်ခုကို ရှုစားရသည်မှာ စိတ်လန်းဆန်းဖွယ်ပါတကား။ သခင့်နေ့တော်အတွင်း ယေဟောဝါ၏ သစ္စာရှိအမှုတော်ထမ်းများနှင့် သူတို့၏လှုပ်ရှားဆောင်ရွက်မှုများကို ယခုကျွန်ုပ်တို့မြင်ရပြီ။ နဂါး၏ ကိုးရိုးကားရားနိုင်ပြီး သားရဲနှင့်တူသည့် အဖွဲ့အစည်းများနှင့် တခြားစီပင်။ (ဗျာဒိတ် ၁:၁၀) ထိုဘိသိက်ခံကျွန် ၁၄၄,၀၀၀ အားလုံးကို တံဆိပ်ခတ်၍မပြီးမချင်း ဖျက်ဆီးခြင်း လေးမျက်နှာလေများကို ချုပ်ကိုင်ထားကြောင်း ဗျာဒိတ် ၇:၁၊ ၃ က ဖော်ထုတ်နှင့်ခဲ့ပြီ။ ထိုအချိန်ပိုင်း၌ “မိန်းမ၏အမျိုးအနွယ်ထဲမှ ကျန်ကြွင်းသူများ” သည် နဂါးစာတန်၏ အထူးပစ်မှတ်ဖြစ်လာကြောင်း ဗျာဒိတ် ၁၂:၁၇ က အသိပေးနှင့်ပြီ။ ယေဟောဝါ၏ သစ္စာရှိအမှုထမ်းများကို ပြင်းပြင်းထန်ထန် ဖိစီးနှိပ်ကွပ်ပြီး ရက်စက်စွာညှဉ်းပန်းနှိပ်စက်ရန် မြေကြီးပေါ်တွင် စာတန်ပေါ်ထွန်းစေသော နိုင်ငံရေးအဖွဲ့အစည်းများကို ဗျာဒိတ်အခန်းကြီး ၁၃ က ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နှင့်ပြီ။ သို့သော် ထိုရန်သူကြီးသည် ဘုရားသခင့်ရည်ရွယ်ချက်ကို မပျက်ပြားစေနိုင်။ စာတန်၏ အယုတ်တမာအဖျက်လုပ်ငန်းကြားထဲမှ ၁၄၄,၀၀၀ အားလုံးကို အောင်မြင်စွာ စုသိမ်းတော်မူကြောင်း ကျွန်ုပ်တို့သိရတော့မည်။
၂။ ဗျာဒိတ် ၁၄:၁ ၌ ယောဟန်က အဘယ်ပျော်ရွှင်ဖွယ် ဇာတ်သိမ်းခန်း၏ ပဏာမမြင်ကွင်းကို ကျွန်ုပ်တို့အား ရှုမြင်စေသနည်း၊ သိုးသငယ်ကား မည်သူနည်း။
၂ ပျော်ရွှင်ဖွယ် ၎င်းဇာတ်သိမ်းခန်း၏ ပဏာမမြင်ကွင်းကို ယောဟန်နှင့် ယနေ့ယောဟန်အတန်းအစားက ရှုစားခွင့်ရကြ၏။ “ထို့နောက် ငါကြည့်လိုက်သော် ဇိအုန်တောင်ပေါ်တွင် သိုးသငယ် ရပ်နေသည်ကို ငါမြင်ရ၏။ နဖူးပေါ်တွင် သူ၏နာမနှင့် ခမည်းတော်၏ နာမတော်ကို ရေးမှတ်ထားသူ တစ်သိန်း လေးသောင်းလေးထောင်သည် သူနှင့်အတူရှိကြ၏။” (ဗျာဒိတ် ၁၄:၁) ကျွန်ုပ်တို့မြင်ခဲ့သည့်အတိုင်း ဤသိုးသငယ်သည် မာရ်နတ်နှင့် သူ၏နတ်ဆိုးများကို ကောင်းကင်ဘုံမှ ရှင်းထုတ်ပစ်ချလိုက်သူ မိက္ခေလပင်ဖြစ်၏။ ကိုယ်တော်သည် ဒံယေလဖော်ပြသည့် “[ဘုရားသခင်၏] အမျိုးသားချင်းတို့၏အမှုကိုစောင့်သော” မိက္ခေလပင်ဖြစ်၍ ယေဟောဝါ၏ ဖြောင့်မတ်သောစီရင်ချက်အတိုင်း လုပ်ဆောင်ရာ၌ “ပေါ်လာ [“ရပ်တည်၊” ကဘ]” ဖို့အသင့်ပြင်တော်မူ၏။ (ဒံယေလ ၁၂:၁; ဗျာဒိတ် ၁၂:၇၊ ၉) ကိုယ့်အသက်ကိုစတေးသော ဘုရားသခင်၏ ဤသိုးသငယ်သည် ၁၉၁၄ ခုနှစ်မှစ၍ မေရှိယဘုရင်အဖြစ် ဇိအုန်တောင်ပေါ်မှာ ရပ်လျက်ရှိတော်မူပြီ။
၃။ သိုးသငယ်နှင့် ၁၄၄,၀၀၀ ရပ်နေရာ “ဇိအုန်တောင်” ကား အဘယ်နည်း။
၃ “ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင်ဘိသိက်ပေးပြီ” ဟု ယေဟောဝါကြိုတင် မိန့်ကြားသည့်အတိုင်းဖြစ်သည်။ (ဆာလံ ၂:၆; ၁၁၀:၂) ဤဇိအုန်တောင်သည် ဒါဝိဒ်မင်းမျိုးမှ ဆင်းသက်လာသော လူသားဘုရင်များစိုးစံသည့် မြေကြီးယေရုရှလင်မြို့တည်ရာ ပထဝီနယ်မြေ၊ မြေကြီးဇိအုန်တောင်ကို မရည်ညွှန်းတော့ချေ။ (၁ ရာဇဝင်ချုပ် ၁၁:၄-၇; ၂ ရာဇဝင်ချုပ် ၅:၂) ယေရှုသည် အေဒီ ၃၃ ခုနှစ်၌ သေလွန်၍ ထမြောက်တော်မူပြီးနောက် ကောင်းကင်ဇိအုန်တောင်ပေါ်တွင် တိုက်ထောင့်အမြစ်ကျောက်အဖြစ် တင်မြှောက်ခံရသောကြောင့်ဖြစ်၏။ ထိုဝေဟင်အရပ်၌ “အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့” ကိုတည်ရန် ယေဟောဝါ စိတ်ပိုင်းဖြတ်ထားတော်မူသည်။ ထို့ကြောင့်၊ “ဇိအုန်တောင်” သည် ယေရှုနှင့်ကိုယ်တော့် အမွေခံဖက်များ၏ ကြီးမြင့်သောရာထူးကို တင်စား၏။ နိုင်ငံတော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သည် သူတို့ဖြင့် ဖွဲ့စည်းထား၏။ (ဟေဗြဲ ၁၂:၂၂၊ ၂၈; ဧဖက် ၃:၆) သခင့်နေ့တော်အတွင်း သူတို့အား ယေဟောဝါချီးမြှောက်တော်မူသော ဘုန်းရှိသည့်မင်းထိုက်စိုးတန် အခြေအနေပင်ဖြစ်သည်။ “အသက်ကျောက်များ” အနေနှင့် ဘိသိက်ခံခရစ်ယာန်တို့သည် ဘုန်းပွင့်သောသခင်ယေရှုခရစ်နှင့်အတူ ကြီးကျယ်ခမ်းနားလှသော ကိုယ်တော့်နိုင်ငံတော်ကိုဝင်စား၍ ကောင်းကင်ဇိအုန်တောင်ပေါ်တွင် ရပ်တည်နိုင်မည့်နေ့ကို ရာစုနှစ်များတစ်လျှောက် စိတ်ဇောဖြင့် စောင့်မျှော်ခဲ့ကြသည်။—၁ ပေတရု ၂:၄-၆; လုကာ ၂၂:၂၈-၃၀; ယောဟန် ၁၄:၂၊ ၃။
၄။ ၁၄၄,၀၀၀ အားလုံး ဇိအုန်တောင်ပေါ်တွင် ရပ်နေကြသည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။
၄ ယေရှုသာမက၊ ကောင်းကင်နိုင်ငံတော်၌ ယေရှု၏တွဲဖက်အမွေခံ ၁၄၄,၀၀၀ ပါ ဇိအုန်တောင်ပေါ် ရပ်နေကြသည်ကို ယောဟန်မြင်ရ၏။ ရူပါရုံပြညွှန်သောအချိန်၌ ၁၄၄,၀၀၀ ထဲမှ ပုဂ္ဂိုလ်အများအပြား ကောင်းကင်ဘုံသို့ ရောက်နှင့်ကြပြီဖြစ်၏။ အားလုံးကား မဟုတ်။ ၎င်းရူပါရုံ၏နောက်ပိုင်း၌ သန့်ရှင်းသူအချို့ ဆက်၍ကြံ့ကြံ့ခံပြီး သစ္စာရှိရှိ သေလွန်ရန်လိုသေးကြောင်း ယောဟန်သိရှိရသည်။ (ဗျာဒိတ် ၁၄:၁၂၊ ၁၃) ထို့ကြောင့်၊ ၁၄၄,၀၀၀ ထဲမှအချို့သည် မြေကြီးပေါ်ကျန်ရှိသေးကြောင်း ထင်ရှား၏။ သို့ဖြစ်လျှင် သူတို့အားလုံး ယေရှုနှင့်အတူ ကောင်းကင်ဇိအုန်တောင်ပေါ်တွင် ရပ်နေသည်ကို ယောဟန်မြင်ရသည်မှာ အဘယ်သို့နည်း။ * သူတို့သည် ဘိသိက်ခံခရစ်ယာန်အသင်းတော်သားများအနေနှင့် “ဇိအုန်တောင်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော် ယေရုရှလင်မြို့သို့ရောက်ကြ” ၍ဖြစ်၏။ (ဟေဗြဲ ၁၂:၂၂) သူတို့သည် ပေါလု မြေကြီးပေါ်ရှိဆဲအချိန်မှာကဲ့သို့ ဝိညာဏအဓိပ္ပာယ်အရ၊ ခရစ်တော်ယေရှုနှင့်အတူ ကောင်းကင်အရပ်များသို့ ချီးမြှင့်တော်မူခြင်းခံရနှင့်ပြီ။ (ဧဖက် ၂:၅၊ ၆) ထို့ပြင်၊ ၁၉၁၉ ခုနှစ်၌ “ဤနေရာသို့တက်လာလော့” ဟူသောခေါ်ဖိတ်ချက်ကို သူတို့လက်ခံကာ ပုံဆောင်ချက်အရ “မိုးတိမ်ဖြင့် ကောင်းကင်သို့တက်ကြ” ၏။ (ဗျာဒိတ် ၁၁:၁၂) ဤကျမ်းချက်များကိုထောက်ခြင်းဖြင့် ဝိညာဉ်ရေးအရ ၁၄၄,၀၀၀ အားလုံးသည် ယေရှုခရစ်နှင့်အတူ ဇိအုန်တောင်ပေါ်တွင်ရှိကြကြောင်း သိရှိနိုင်သည်။
၅။ ၁၄၄,၀၀၀ တို့၏နဖူးပေါ်တွင် မည်သူတို့၏အမည်များ ရေးမှတ်ထား၍ အမည်တစ်ခုစီသည် အဘယ်အဓိပ္ပာယ်ထူးရှိသနည်း။
၅ ၁၄၄,၀၀၀ တို့သည် အထိမ်းအမှတ်ပြု ၆၆၆ ဂဏန်းဖြင့် တံဆိပ်ခတ်ခံရသော သားရဲဝတ်ပြုသူများနှင့် ရောနှောခြင်းမပြု။ (ဗျာဒိတ် ၁၃:၁၅-၁၈) ဤသစ္စာရှိတို့သည် ထိုသူတို့နှင့်မတူဘဲ မိမိတို့နဖူးပေါ်တွင် ဘုရားသခင်နှင့် သိုးသငယ်နာမများ ပါရှိကြ၏။ ဂျူးတစ်ဦးဖြစ်သူ ယောဟန်အနေနှင့် ဘုရားသခင့်နာမတော်ကို ဟေဗြဲ စကားလုံး יהוה အဖြစ် တွေ့ရမည်သေချာသည်။ * ဤတံဆိပ်ခတ်ခံရသူတို့သည် နဖူးပေါ်တွင် ယေရှု၏ခမည်းတော် နာမတော်ပါရှိသဖြင့် မိမိတို့သည် ယေဟောဝါ၏ သက်သေများ၊ ကိုယ်တော်၏ ကျွန်များဖြစ်ကြောင်း လူအပေါင်းရှေ့ ထင်ရှားစေ၏။ (ဗျာဒိတ် ၃:၁၂) မိမိတို့နဖူးပေါ်တွင် ယေရှု၏နာမကိုလည်း အထင်အရှားဖော်ပြခြင်းက မိမိတို့အား ကိုယ်တော်ပိုင်ဆိုင်သည်ကို ဝန်ခံကြောင်းပြ၏။ ကိုယ်တော်သည် သူတို့နှင့်စေ့စပ်ထားသော “ခင်ပွန်း၊” သူတို့သည်လည်း ကိုယ်တော်၏ “သတို့သမီး” လောင်း၊ “သတ္တဝါသစ်” ဖြစ်၍ ကောင်းကင်အသက်တာမျှော်လင့်ချက်ဖြင့် ဘုရားသခင်ကို ဝတ်ပြုကြသည်။ (ဧဖက် ၅:၂၂-၂၄; ဗျာဒိတ် ၂၁:၂၊ ၉; ၂ ကောရိန္သု ၅:၁၇၊ ခမ) သူတို့သည် ယေဟောဝါ၊ ယေရှုခရစ်တို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိ၍ ၎င်းက သူတို့၏စဉ်းစားပြုမူပုံအားလုံးအပေါ် ဩဇာလွှမ်းမိုး၏။
တေးသစ်ပမာဖြစ်သောသီချင်းကို သီဆိုကြခြင်း
၆။ ယောဟန် ဘာသီဆိုသံကိုကြားရ၍ ၎င်းကို သူမည်သို့ဖော်ပြသနည်း။
၆ ယင်းအချက်နှင့်အညီ ယောဟန် ဤသို့သတင်းပို့၏– “ထိုအခါ ကောင်းကင်မှ များစွာသော ရေ၏အသံနှင့် ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ငါကြားရသောအသံသည် တေးသံရှင် စောင်းသမားများ စောင်းတီး၍ သီဆိုသောအသံနှင့် တူ၏။ သူတို့သည် ပလ္လင်တော်ရှေ့၊ သက်ရှိသတ္တဝါ လေးပါးနှင့် အကြီးအကဲများရှေ့တွင် သီချင်းသစ်ပမာဖြစ်သော သီချင်းကို သီဆိုလျက်နေကြ၏။ မြေကြီးပေါ်မှ ဝယ်ယူသောသူ တစ်သိန်းလေးသောင်းလေးထောင်မှတစ်ပါး မည်သူမျှ ထိုသီချင်းကို မသီဆိုတတ်။” (ဗျာဒိတ် ၁၄:၂၊ ၃) ၁၄၄,၀၀၀ တို့က သာယာသော သံပြိုင်တေးသီချင်း သီဆိုကြသည်ကို ယောဟန်ကြားရသောအခါ မြည်ဟည်းသော ရေတံခွန်များနှင့် မိုးကြိုးပစ်သံများကို သတိရသည်မှာ အံ့ဩစရာမဟုတ်။ ကြည်လင်သည့် စောင်းကဲ့သို့သော နောက်ခံဂီတသံသည် နာပျော်ဖွယ်ပါတကား။ (ဆာလံ ၈၁:၂) ကမ္ဘာပေါ်ရှိ အဘယ်တေးသံစုံအဖွဲ့က ထိုသံပြိုင်တေးလောက် မြိုင်မြိုင်ဆိုင်ဆိုင်ရှိနိုင်မည်နည်း။
၇။ (က) ဗျာဒိတ် ၁၄:၃ ပါ တေးသစ်ကား အဘယ်နည်း။ (ခ) ဆာလံ ၁၄၉:၁ ပါသီချင်းသည် ကျွန်ုပ်တို့ခေတ်၌ မည်သို့အသစ်ဖြစ်လာသနည်း။
၇ ထို “တေးသစ်” ကား အဘယ်နည်း။ ဗျာဒိတ် ၅:၉၊ ၁၀ ဆွေးနွေးစဉ်ဆိုခဲ့သည့်အတိုင်း ၎င်းတေးသစ်သည် ယေဟောဝါ၏ နိုင်ငံတော်ရည်ရွယ်ချက်နှင့်လည်းကောင်း၊ ယေရှုခရစ်အားဖြင့် ဝိညာဏဣသရေလလူတို့ကို “ကျွန်တော်တို့၏ ဘုရားသခင်အဖို့ နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များဖြစ်စေ” ရန်တည်းဟူသော ဘုရားသခင့် အံ့ချီးဖွယ် စီမံချက်နှင့်လည်းကောင်း စပ်ဆိုင်၏။ ယေဟောဝါကို ချီးမွမ်းသောသီချင်းဖြစ်၍ ဘုရားသခင့်ဣသရေလလူမျိုးအားဖြင့်လည်းကောင်း၊ သူတို့အဖို့လည်းကောင်း ယေဟောဝါဖြစ်မြောက်စေတော်မူသည့် အမှုသစ်များကို လူတို့အား သိကြားစေ၏။ (ဂလာတိ ၆:၁၆) ဝိညာဏဣသရေလဝင်တို့သည် ဆာလံဆရာ၏ အောက်ပါဖိတ်ကြားချက်ကို တုံ့ ပြန်ကြပေသည်– “ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကိုဆို၍ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်းတော်မူသော ဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန်သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ။” (ဆာလံ ၁၄၉:၁၊ ၂) ထိုစကားများကို ရှေးရာစုနှစ်များစွာက ရေးခဲ့သည်မှန်၏။ သို့သော် ကျွန်ုပ်တို့လက်ထက်၌ အသစ်သောနားလည်ချက်ဖြင့် သီဆိုကြ၏။ ၁၉၁၄ ခုနှစ်၌ မေရှိယနိုင်ငံတော် ဖွားမြင်၏။ (ဗျာဒိတ် ၁၂:၁၀) ၁၉၁၉ ခုနှစ်မှစ၍ ယေဟောဝါ၏ လူမျိုးတော်သည် အားသစ်မာန်သစ် စိတ်ဇောသစ်ဖြင့် “နိုင်ငံတော်၏တရားစကား” ကို စတင်ကြေညာကြသည်။ (မဿဲ ၁၃:၁၉) သူတို့သည် ၁၉၁၉ ခုနှစ် နှစ်ချုပ်ကျမ်းချက် (ဟေရှာယ ၅၄:၁၇) ၏စေ့ဆော်မှုကို ခံရသည့်ပြင်၊ ဝိညာဏပရဒိသုအတွင်းသို့ ပြန်ရောက်လာသဖြင့် စိတ်ဓာတ်တက်ကြွလာပြီး ထိုနှစ်မှစ၍ ‘စိတ်နှလုံးနှင့် ယေဟောဝါရှေ့တော်၌ ကျူးဧ၍ သီဆိုကြ’ လေသည်။—ဧဖက် ၅:၁၉။
၈။ ဗျာဒိတ် ၁၄:၃ ပါ တေးသစ်ကို အဘယ်ကြောင့် ၁၄၄,၀၀၀ သာလျှင် သင်ယူနိုင်သနည်း။
၈ သို့သော်၊ အဘယ်ကြောင့် ၁၄၄,၀၀၀ သာ ဗျာဒိတ် ၁၄:၃ ပါ တေးသီချင်းကို သင်ယူနိုင်ကြသနည်း။ လက်ရွေးစင် ဘုရားသခင့်နိုင်ငံတော်အမွေခံများအဖြစ် သူတို့တွေ့ကြုံသောတွေ့ကြုံမှုနှင့် ပတ်သက်သောကြောင့်ဖြစ်၏။ သူတို့သာလျှင် ဘုရားသခင့်သားများအဖြစ် မွေးစားခြင်း၊ ဝိညာဉ်တော်ဖြင့်ဘိသိက်ပေးခြင်း ခံရကြသည်။ သူတို့သာလျှင် ထိုကောင်းကင်နိုင်ငံ၏အစိတ်အပိုင်းဖြစ်လာရန် မြေကြီးမှဝယ်ယူတော်မူခြင်းခံရကြပြီး သူတို့သာလျှင် “ယဇ်ပုရောဟိတ်များဖြစ်ကြ” ၍ ယေရှုခရစ်နှင့်အတူ “ဘုရင်များအဖြစ်ဖြင့်အုပ်စိုး” ကာ လူသားများကို စုံလင်ခြင်းအဖြစ်သို့ ပို့ဆောင်ကြလိမ့်မည်။ သူတို့သာလျှင် ယေဟောဝါရှေ့တော်၌ “တေးသစ်ပမာဖြစ်သောသီချင်းကို သီဆိုလျက်နေကြ” သည်ကို ယောဟန်မြင်ရ၏။ * အဆိုပါထူးခြားသော အတွေ့အကြုံများနှင့် အလားအလာများရှိကြသောကြောင့် သူတို့သာလျှင် နိုင်ငံတော်အကြောင်းကို အထူးနားလည်ပြီး အခြားမည်သူမျှ မတတ်နိုင်သည့်နည်းဖြင့် နိုင်ငံတော်အကြောင်းကို သီဆိုနိုင်ခြင်းဖြစ်သည်။—ဗျာဒိတ် ၂၀:၆; ကောလောသဲ ၁:၁၃; ၁ သက်သာလောနိတ် ၂:၁၁၊ ၁၂။
၉။ ဘိသိက်ခံတို့၏သီဆိုခြင်းကို လူအုပ်ကြီးက မည်သို့တုံ့ပြန်ခဲ့ပြီး ဤနည်းဖြင့် အဘယ်တိုက်တွန်းစကားအတိုင်း ပြုခဲ့ကြပြီနည်း။
၉ သို့တစေ၊ အခြားသူများသည် သူတို့၏သီဆိုသံကိုနားထောင်ပြီး တုံ့ပြန်ကြ၏။ ၁၉၃၅ ခုနှစ်မှစ၍ တိုးပွားလျက်ရှိသော အခြားသိုးမှ လူအုပ်ကြီးသည် သူတို့၏အောင်ခြင်းတေးကိုကြားရ၍ လှုံ့ဆော်ခံရသဖြင့် သူတို့နှင့်အတူ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ကြေညာကြလေသည်။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) ဤလူသစ်များအနေနှင့် ဘုရားသခင့်နိုင်ငံတော်၏ အနာဂတ်အုပ်စိုးရှင်များ သီဆိုသောတေးသစ်ကို အတိအကျ မသီဆိုနိုင်ကြသည်မှန်၏။ သို့တစေ၊ သူတို့လည်း ယေဟောဝါ၏ ဂုဏ်တော်ကိုချီးမွမ်းသော ငြိမ့်ညောင်းသည့် သံပြိုင်တေးကို သီဆိုနိုင်ကြပေသည်။ ၎င်းတေးသည် ယေဟောဝါ ပြုလျက်ရှိတော်မူသော အမှုသစ်များအတွက် ကိုယ်တော်အား ထောမနာပြုသည့် သီချင်းဖြစ်သည်။ ဤနည်းဖြင့် ဆာလံဆရာ၏ တိုက်တွန်းချက်အတိုင်း ပြုလုပ်ကြ၏။ “ထာဝရဘုရားအား အသစ်သောသီချင်းကိုဆိုကြလော့။ မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရဘုရားအား သီချင်းဆို၍ နာမတော်ကို ကောင်းချီးပေးကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။ ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။ လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးအစွမ်းသတ္တိ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟုဝန်ခံကြလော့။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့။”—ဆာလံ ၉၆:၁-၃၊ ၇၊ ၁၀; ၉၈:၁-၉။
၁၀။ အကြီးအကဲ ၂၄ ပါးရှေ့၌ ၁၄၄,၀၀၀ သီဆိုကြသည်မှာ မည်သို့ဖြစ်နိုင်သနည်း။
၁၀ အကြီးအကဲ ၂၄ ပါးသည် ကောင်းကင်ရာထူး၌ရှိသော ဘုန်းအသရေဆောင် ၁၄၄,၀၀၀ ပင်ဖြစ်ရကား ၁၄၄,၀၀၀ သည် အကြီးအကဲများ “ရှေ့” ၌ မည်သို့သီဆိုနိုင်ကြမည်နည်း။ သခင့်နေ့တော်စောစောပိုင်းတွင် “ခရစ်တော်၌သေလွန်သောသူတို့” သည် ဝိညာဉ်သတ္တဝါများအဖြစ် ထမြောက်လာကြ၏။ သို့ဖြစ်၍ အောင်နိုင်သော သစ္စာရှိဘိသိက်ခံခရစ်ယာန်များသည် ယခု ကောင်းကင်ဘုံ၌ရှိကြပြီး သူတို့သည် ယဇ်ပုရောဟိတ်များဖြစ်သော အကြီးအကဲအဖွဲ့ ၂၄ ဖွဲ့ ဆောင်ရွက်သော အလုပ်များနှင့်တူသည့်အလုပ်များကို ပုံခိုင်းချက်အရ လုပ်ဆောင်ကြ၏။ ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းဆိုင်ရာရူပါရုံ၌ သူတို့ပါဝင်ကြသည်။ (၁ သက်သာလောနိတ် ၄:၁၅၊ ၁၆; ၁ ရာဇဝင်ချုပ် ၂၄:၁-၁၈; ဗျာဒိတ် ၄:၄; ၆:၁၁) ထို့ကြောင့် မြေကြီးပေါ်၌ ကျန်ရှိဆဲဖြစ်သော ၁၄၄,၀၀၀ မှ အကြွင်းအကျန်များသည် ထမြောက်၍ ကောင်းကင်ဘုံသို့ရောက်ရှိကြသော မိမိတို့၏ညီအစ်ကိုများရှေ့၌ တေးသီချင်းသစ်ကို သီဆိုကြခြင်းဖြစ်သည်။
၁၁။ ဘိသိက်ခံအောင်နိုင်သူတို့ကို အကြီးအကဲ ၂၄ ပါးအဖြစ်လည်းကောင်း၊ ၁၄၄,၀၀၀ အဖြစ်လည်းကောင်း အဘယ်ကြောင့် ညွှန်းဆိုသနည်း။
၁၁ ဤတွင် ကျွန်ုပ်တို့က ဘိသိက်ခံအောင်နိုင်သူများကို ပုံခိုင်းချက်ဖြစ်သောအကြီးအကဲ ၂၄ ပါးအဖြစ်လည်းကောင်း၊ ၁၄၄,၀၀၀ အဖြစ်လည်းကောင်း အဘယ်ကြောင့်ရည်ညွှန်းသနည်း ဟူ၍လည်းမေးနိုင်၏။ ဗျာဒိတ်ကျမ်းက တစ်ခုတည်းသောဤအုပ်စုကို ရှုထောင့်နှစ်ခုမှ ကြည့်သောကြောင့်တည်း။ အကြီးအကဲ ၂၄ ပါးကို ယေဟောဝါ၏ပလ္လင်တော်ဝန်းကျင်တွင် ဘုရင်နှင့် ယဇ်ပုရောဟိတ်များဖြစ်သော သူတို့နောက်ဆုံးရယူကြမည့်ရာထူး၌ ရှိကြသည်ကို တွေ့ရစမြဲဖြစ်၏။ လက်ရှိအချိန်တွင် ၁၄၄,၀၀၀ ထဲမှ အကြွင်းအကျန်အနည်းငယ် ကမ္ဘာပေါ်၌ ကျန်ရှိသေးသည်မှန်သော်လည်း အကြီးအကဲ ၂၄ ပါးက ၎င်း ၁၄၄,၀၀၀ အုပ်စုတစ်ခုလုံးကို ပုံခိုင်း၏။ (ဗျာဒိတ် ၄:၄၊ ၁၀; ၅:၅-၁၄; ၇:၁၁-၁၃; ၁၁:၁၆-၁၈) သို့ရာတွင် ဗျာဒိတ်အခန်းကြီး ၇ က လူသားတို့ထဲမှ ဝယ်ယူတော်မူသော ၁၄၄,၀၀၀ ကို အဓိကထား၍တင်ပြပြီး ဝိညာဏဣသရေလတစ်ဦးချင်းကို အရေအတွက်ပြည့်သည်တိုင် တံဆိပ်ခတ်ရန်၊ မရေမတွက်နိုင်သော လူအုပ်ကြီးအား ကယ်တင်ခြင်းပေးရန်တည်းဟူသော ယေဟောဝါ၏ မဟာရည်ရွယ်ချက်ကို အလေးအနက်ဖော်ပြသည်။ ဗျာဒိတ်အခန်းကြီး ၁၄ က အောင်နိုင်သူ နိုင်ငံတော်အတန်းအစားဝင် ၁၄၄,၀၀၀ သည် သိုးသငယ်နှင့်အတူ ဇိအုန်တောင်ပေါ်မှာ အရေအတွက်အပြည့် စုဝေးတော်မူခြင်း ခံရမည်ဖြစ်ကြောင်း ခိုင်လုံစေသည့် ကားချပ်ကို ပုံဖော်၏။ ၁၄၄,၀၀၀ အဝင်ဖြစ်ရန် ပြည့်မီရမည့် အရည်အချင်းများကိုလည်း တင်ပြ၏။ ကျွန်ုပ်တို့ ယခုတွေ့ရတော့မည့်အတိုင်းဖြစ်၏။ *
သိုးသငယ်၏နောက်လိုက်များ
၁၂။ (က) ၁၄၄,၀၀၀ အကြောင်းကို ယောဟန်က မည်သို့ဆက်လက်ဖော်ပြသနည်း။ (ခ) ၁၄၄,၀၀၀ ကို လူပျိုစင်များအဖြစ် ညွှန်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်ဖြင့်နည်း။
၁၂ “မြေကြီးပေါ်မှဝယ်ယူသော” ၁၄၄,၀၀၀ အကြောင်းကို ယောဟန်ရှေ့ဆက်တင်ပြ၏– “ဤသူတို့သည် မိမိတို့ကိုယ်ကို ဗျာဒိတ် ၁၄:၄၊ ၅) ၁၄၄,၀၀၀ တို့သည် “လူပျိုစင်များ” ဖြစ်ကြသည်ဟူသောအချက်က ယင်းအတန်းအစားဝင်တို့သည် အသွေးအသား၌ ထိမ်းမြားခြင်းမရှိကြောင်းကို မဆိုလိုပါ။ ခရစ်ယာန်တစ်ကိုယ်ရေဘဝသည် အကျိုးထူးသော်လည်း အချို့သောအခြေအနေများ၌ ထိမ်းမြားလျှင် သာ၍ကောင်းသည်ဟု တမန်တော်ပေါလုက ကောင်းကင်သို့ခေါ်တော်မူခြင်း ခံရသောသူတို့အား ရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၁၊ ၂၊ ၃၆၊ ၃၇) ၁၄၄,၀၀၀ အတန်းအစား၏ ထူးခြားသောကြန်အင်မှာ ဝိညာဏ လူပျိုစင်ဖြစ်ခြင်းတည်း။ သူတို့သည် လောကီနိုင်ငံရေးနှင့်လည်းကောင်း၊ မိစ္ဆာဘာသာနှင့်လည်းကောင်း ဝိညာဏဖောက်ပြားမှုမပြုဘဲ ရှောင်ခဲ့ကြပြီ။ (ယာကုပ် ၄:၄; ဗျာဒိတ် ၁၇:၅) ခရစ်တော်နှင့်စေ့စပ်ထားသော သတို့သမီးအနေနှင့်၊ “မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါ” အောင် မိမိတို့ကိုယ်ကို စင်ကြယ်စွာစောင့်ထိန်းခဲ့ကြပြီ။—ဖိလိပ္ပိ ၂:၁၅။
မိန်းမများဖြင့် မညစ်ညူးစေသူများ ဖြစ်ကြ၏။ အမှန်သော်၊ သူတို့သည် လူပျိုစင်များ ဖြစ်ကြသည်။ သိုးသငယ် သွားလေရာရာနောက်သို့ အစဉ်တစိုက် လိုက်ပါသူများ ဖြစ်ကြ၏။ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အသီးဦးများအဖြစ် လူသားတို့ထဲမှ ဝယ်ယူသောသူများ ဖြစ်ကြသည်။ သူတို့၏နှုတ်၌ မုသားကိုမတွေ့ရ။ သူတို့သည် အပြစ်အနာအဆာ ကင်းစင်ကြ၏။” (၁၃။ ၁၄၄,၀၀၀ သည် အဘယ်ကြောင့် ယေရှုအတွက် သင့်မြတ်သောသတို့သမီးဖြစ်၍ “သိုးသငယ် သွားလေရာရာနောက်သို့” မည်သို့ “အစဉ်တစိုက်လိုက်ပါ” ကြသနည်း။
၁၃ ထို့ပြင်၊ “သူတို့၏နှုတ်၌ မုသာကိုမတွေ့ရ။” ဤနေရာ၌ သူတို့၏ဘုရင် ယေရှုခရစ်နှင့်တူပေသည်။ စုံလင်သူတစ်ဦးအနေနှင့် “ထိုသခင်သည် ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။” (၁ ပေတရု ၂:၂၁၊ ၂၂) ၁၄၄,၀၀၀ သည် တစ်ချိန်တည်းတွင် အပြစ်အနာအဆာ ကင်းစင်ကြ၏၊ မုသာလည်းမပြောသောကြောင့် ယေဟောဝါ၏ ယဇ်ပုရောဟိတ်မင်းကြီးအဖို့ စင်ကြယ်သော သတို့သမီးဖြစ်ရန် အသင့်ရှိကြ၏။ ယေရှုမြေကြီးပေါ်မှာရှိစဉ် စိတ်နှလုံးဖြောင့်မှန်သူများအား မိမိနောက်တော်သို့လိုက်ရန် ဖိတ်ခေါ်တော်မူ၏။ (မာကု ၈:၃၄; ၁၀:၂၁; ယောဟန် ၁:၄၃) ခေါ်ဖိတ်ချက်ကို လက်ခံသူတို့သည် ကိုယ်တော့်ဘဝ နည်းလမ်းတော်ကိုအတုယူ၍ ဩဝါဒများကို နာခံကြ၏။ သို့ဖြင့်၊ သူတို့သည် မြေကြီးပေါ်အသက်ရှင်နေကြစဉ် စာတန့်လောက၌ သိုးသငယ်လမ်းပြတော်မူသည့်အတိုင်း “သွားလေရာရာနောက်သို့ အစဉ်တစိုက် လိုက်ပါ” ကြ၏။
၁၄။ (က) ၁၄၄,၀၀၀ တို့သည် အဘယ်နည်းဖြင့် “ဘုရားသခင်နှင့် သိုးသငယ်အဖို့ အသီးဦးများ” ဖြစ်ကြသနည်း။ (ခ) အဘယ်အဓိပ္ပာယ်အရ၊ လူအုပ်ကြီးလည်း အသီးဦးများဖြစ်ကြသနည်း။
၁၄ ၁၄၄,၀၀၀ ကို “မြေကြီးပေါ်၊” “လူသားတို့ထဲမှ” ဝယ်ယူတော်မူ၏။ သူတို့ကို သားများအဖြစ် ဘုရားသခင်မွေးစားတော်မူ၏။ ထို့ပြင်၊ သူတို့ထမြောက်သည့်နောက် အသွေးအသားနှင့် လူသားမျှသာမဟုတ်တော့။ အခန်းငယ် ၄ ဆိုသည့်အတိုင်း၊ “ဘုရားသခင်နှင့်သိုးသငယ်အဖို့ အသီးဦးများ” ဖြစ်လာကြသည်။ ပထမရာစု၌ ယေရှုသည် “အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူ” သည်မှန်၏။ (၁ ကောရိန္သု ၁၅:၂၀၊ ၂၃) သို့ရာတွင် ၁၄၄,၀၀၀ သည် ယေရှု၏ယဇ်ဖြင့်ဝယ်ယူသည့် မစုံလင်သောလူတို့အထဲမှ “အဦးသီးသောအသီး” ဖြစ်ကြသည်။ (ယာကုပ် ၁:၁၈) သို့တစေ၊ သူတို့ကိုစုသိမ်းပြီးသည်နှင့် လူသားတို့ထဲမှ အသီးအနှံ ကောက်သိမ်းခြင်းအလုပ် ပြီးပြတ်သွားသည်မဟုတ်။ ဗျာဒိတ်ကျမ်းက မရေမတွက်နိုင်သော လူအုပ်ကြီးတစ်အုပ်ကို ရိတ်သိမ်းခြင်းအကြောင်း ဖော်ပြခဲ့ပြီ။ ထိုလူအုပ်ကြီးက “ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော ကျွန်ုပ်တို့၏ဘုရားသခင်နှင့် သိုးသငယ်တို့၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရကြသတည်း” ဟစ်ကြော်ကြ၏။ လူအုပ်ကြီးသည် ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်ကြမည်။ “အသက်စမ်းရေတွင်းများ” မှရေကို သူတို့ အဆက်မပြတ် သောက်သုံးသည်နှင့်အမျှ မြေကြီးပေါ်တွင် စုံလင်သော လူသားများအဆင့်သို့ ရောက်ရှိကြမည်။ ဆင်းရဲဒုက္ခကြီးပြီးသည့်နောက်၌ ဟေးဒီးစ်သည် သွန်မှောက်ခံရသဖြင့် သန်းပေါင်းအသင်္ချေသော လူသားများထမြောက်လာ၍ ထိုအသက်ရေများကို သောက်သုံးခွင့်ရကြလိမ့်မည်။ ဤအချက်ကိုထောက်လျှင် လူအုပ်ကြီးကို အခြားသိုးများထဲမှ အသီးဦးများဟုခေါ်ဆိုနိုင်၏။ သူတို့သည် အဦးဆုံး “သိုးသငယ်၏သွေးတော်၌ မိမိတို့၏ဝတ်လုံကို ဖြူအောင်လျှော်ဖွပ်” သူများဖြစ်ကြ၍ မြေကြီးပေါ် ထာဝစဉ်နေထိုင်ရန် မျှော်လင့်ကြသည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄၊ ၁၇; ၂၀:၁၂၊ ၁၃။
၁၅။ သုံးမျိုးသောအသီးဦးများသည် မောရှေပညတ်တရားအောက် ကျင်းပသောပွဲများနှင့် အဘယ်တူညီချက်များရှိသနည်း။
၁၅ သုံးမျိုးသောထိုအသီးဦး (ယေရှုခရစ်၊ ၁၄၄,၀၀၀ နှင့် လူအုပ်ကြီး) တို့သည် ရှေးမောရှေပညတ်တရားအရ ကျင်းပသော ပွဲတော်သုံးပွဲနှင့် တူညီချက်များရှိသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။ နိသန်လ ၁၆ ရက်၊ အဇုမပွဲ (တဆေးမဲ့မုန့်ပွဲ) အတွင်း မုယောကောက်ဦးလှိုင်းတစ်စည်းကို ယေဟောဝါအား ပူဇော်၏။ (ဝတ်ပြုရာ ၂၃:၆-၁၄) နိသန်လ ၁၆ ရက်နေ့ကား၊ သေခြင်းမှ ယေရှုထမြောက်ရာနေ့ပင်တည်း။ နိသန်လ ၁၆ ရက်နေ့မှရေတွက်သော ရက် ၅၀ မြောက်နေ့၌ ဣသရေလလူတို့သည် ဂျုံမှည့်ကောက်ဦးသိမ်းပွဲကို ကျင်းပကြ၏။ (ထွက်မြောက်ရာ ၂၃:၁၆; ဝတ်ပြုရာ ၂၃:၁၅၊ ၁၆) ထိုပွဲကို (“ငါးဆယ်မြောက်” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစကားလုံးဖြစ်သည့်) ပင်တေကုတ္တေပွဲ (သီတင်းပွဲ) ဟုခေါ်တွင်လာသည်။ ၁၄၄,၀၀၀ ၏ပထမအသင်းဝင်များ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံကြသည့်အချိန်ကား အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့မှာပင်တည်း။ နောက်ဆုံး၌ ကောက်လှိုင်းရှိသမျှကိုစုသိမ်းသော သတ္တမလ၌ သကေနေပွဲ (တဲနေပွဲ) ကိုကျင်းပကြသည်။ ကျေးဇူးတော်ကို ရွှင်လန်းစွာချီးမွမ်းချိန်ဖြစ်၍ ဣသရေလလူတို့သည် စွန်ပလွံခက်များအပါအဝင် သစ်ခက်များဖြင့်ပြုလုပ်သည့်တဲတွင် တစ်သီတင်းနေထိုင်ကြ၏။ (ဝတ်ပြုရာ ၂၃:၃၃-၄၃) ထို့နည်းတူ၊ မဟာရိတ်သိမ်းခြင်းမှရသော ကောက်လှိုင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် လူအုပ်ကြီးလည်း ပလ္လင်တော်ရှေ့တွင် “လက်၌ . . . စွန်ပလွံခက်များကိုကိုင်လျက်” ကျေးဇူးတော်ကိုချီးမွမ်းကြ၏။—ဗျာဒိတ် ၇:၉။
ထာဝရသတင်းကောင်း ကြေညာခြင်း
၁၆၊ ၁၇။ (က) ကောင်းကင်တမန်တစ်ပါး အဘယ်မှာပျံသန်းနေသည်ကို ယောဟန်တွေ့ရသနည်း၊ အဘယ်ကြေညာချက်ကို ထုတ်ပြန်နေသနည်း။ (ခ) နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၌ မည်သူများပါဝင်၍ အဘယ်အတွေ့အကြုံများက ဤအချက်ကိုပြသနည်း။
၁၆ ယောဟန် ဤသို့ဆက်၍ဆို၏– “ထို့နောက် ကောင်းကင်အလယ်တွင် အခြားကောင်းကင်တမန်တစ်ပါး ပျံဝဲလျက်နေသည်ကို ငါမြင်ရ၏။ သူသည် မြေကြီးပေါ်တွင် နေထိုင်သော သူတို့အားလည်းကောင်း၊ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကား၊ လူပုဂ္ဂိုလ် အသီးသီးတို့အားလည်းကောင်း ဝမ်းမြောက်ဖွယ်သတင်းအဖြစ်ကြေညာရန် ထာဝရသတင်းကောင်း ပါရှိ၏။ သူက ‘ဘုရားသခင် တရားစီရင်တော်မူရာ အချိန်နာရီ ကျရောက်ပြီဖြစ်၍ ဘုရားသခင်အား ခန့်ညားကြောက်ရွံ့၍ ဘုန်းတော်ကို ချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် စမ်းရေတွင်းများကို ပြုလုပ်တော်မူသောအရှင်အား ဗျာဒိတ် ၁၄:၆၊ ၇) ဤကောင်းကင်တမန်သည် ငှက်များပျံသန်းရာ “ကောင်းကင်အလယ်တွင်” ပျံဝဲလျက်နေ၏။ (ဗျာဒိတ် ၁၉:၁၇ နှိုင်းယှဉ်။) သို့ဖြစ်၍ သူ့အသံကို ကမ္ဘာတစ်ခွင်လုံးတွင် ကြားနိုင်၏။ ဤကောင်းကင်တမန်၏ ကမ္ဘာတစ်ဝန်းကြွေးကြော်မှုသည် အဘယ်ရုပ်မြင်သံကြား သတင်းလွှင့်ချက်ထက်မဆို ကျယ်ဝန်းလှသည်တကား။
ကိုးကွယ်ကြလော့’ ဟူ၍ ကြီးစွာသော စကားသံဖြင့် မြွက်ဆို၏။” (၁၇ သားရဲနှင့် ၎င်း၏ရုပ်တုကိုမကြောက်ဘဲ၊ စာတန်ချုပ်ကိုင်သော ပုံခိုင်းချက်ဖြစ်သည့် သားရဲမှန်သမျှထက် သာ၍တန်ခိုးကြီးမားသော ပြိုင်စံမဲ့သည့်ယေဟောဝါအား ခန့်ညားကြောက်ရွံ့ကြရန် လူတိုင်း တိုက်တွန်းခံရ၏။ စဉ်းစားသာကြည့်။ ယေဟောဝါသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီး ယခု၊ မြေကြီးကိုတရားစီရင်တော်မူမည့်အချိန် ကျရောက်လေပြီ။ (ကမ္ဘာဦး ၁:၁; ဗျာဒိတ် ၁၁:၁၈ နှိုင်းယှဉ်။) ယေရှုမြေကြီးပေါ်တွင်ရှိစဉ် ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုတော်မူသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ဘိသိက်ခံခရစ်ယာန် အသင်းတော်သည် ဤခိုင်းစေချက်အတိုင်း လုပ်ဆောင်လျက်ရှိ၏။ (၁ ကောရိန္သု ၉:၁၆; ဧဖက် ၆:၁၅) ဤတွင် ဗျာဒိတ်ကျမ်းက ယင်းဟောပြောခြင်းလုပ်ငန်း၌ အရူပကောင်းကင်တမန်များလည်း ပါဝင်ကြကြောင်း ဖော်ပြ၏။ ပူပန်သောကရောက်၍ ဝိညာဏကူညီမှုကို တောင့်တရုံမက ဆုတောင်းလျက်ပင်နေသော ပုဂ္ဂိုလ်များထံသို့ ယေဟောဝါသက်သေများရောက်ရှိသွားသည့်ကိစ္စများ၌ ကောင်းကင်တမန်၏ ညွှန်ကြားမှုပါရှိကြောင်း အကြိမ်ပေါင်းမနည်း သာဓကထင်ရှားခဲ့ပြီတကား။
၁၈။ ကောင်းကင်အလယ်တွင်ပျံဝဲသော ကောင်းကင်တမန်ကြေညာချက်အရ၊ ဘာအတွက် အချိန်နာရီကျရောက်လာပြီဖြစ်သနည်း၊ မည်သူများက ကြေညာချက်များကို ဆက်လက်ထုတ်ပြန်ကြမည်နည်း။
၁၈ ကောင်းကင်အလယ်၌ပျံဝဲသော ကောင်းကင်တမန် ကြော်ငြာသည့်အတိုင်း တရားစီရင်ရန် အချိန်ကျရောက်လေပြီ။ အဘယ်စီရင်ချက် ချတော်မူမည်နည်း။ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမကောင်းကင်တမန်တို့၏ကြေညာချက်ကို ကြားရသောအခါ နားအူသွားပါလိမ့်မည်။—ယေရမိ ၁၉:၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ၁ ကောရိန္သု ၄:၈ တင်ပြသည့်အတိုင်း ဘိသိက်ခံခရစ်ယာန်တို့သည် မြေကြီးပေါ်မှာရှိစဉ် ဘုရင်များအဖြစ် မစိုးစံကြပါ။ သို့တစေ၊ ဗျာဒိတ် ၁၄:၃၊ ၆၊ ၁၂၊ ၁၃ ပါ ရှေ့နောက်စကားများအရ၊ မြေကြီးအသက်တာ ကုန်ဆုံးသည့်တိုင် ကြံ့ကြံ့ခံရင်း သတင်းကောင်းဟောပြောခြင်းဖြင့် တေးသစ်ကို ပါဝင်သီဆိုကြသည်။
^ အပိုဒ်၊ 5 အခြားရူပါရုံများ၌ ဟေဗြဲနာမည်များသုံးစွဲခြင်းက ယင်းအချက်ကိုထောက်ခံ၏။ ယေရှုအား “ဖျက်ဆီးခြင်း” ဟုအဓိပ္ပာယ်ရှိသော “အဗဒ္ဒုန်” ဟူသည့် ဟေဗြဲအမည်ကိုပေးထား၏။ ကိုယ်တော်သည် “ဟေဗြဲဘာသာဖြင့် ဟာ-မဂေဒုန်ဟုခေါ်ဝေါ်သော” အရပ်၌ တရားစီရင်၍ အပြစ်ပေးတော်မူ၏။—ဗျာဒိတ် ၉:၁၁; ၁၆:၁၆။
^ အပိုဒ်၊ 8 “သီချင်းသစ် ပမာဖြစ်သော သီချင်း” ဟူ၍ကျမ်းစာဆို၏။ အကြောင်းမှာ ၎င်းသီချင်းသည် ရှေးကပရောဖက်ပြုစကားများ၌ မှတ်တမ်းတင်ထားပြီဖြစ်၍တည်း။ သို့သော်၊ ၎င်းကို မည်သူမျှ သီဆိုနိုင်သောအရည်အချင်းမရှိ။ ယခုသော်၊ နိုင်ငံတော်တည်ထောင်ပြီး သန့်ရှင်းသူများထမြောက်ကြပြီဖြစ်၍ အရှိတရားများ အကောင်အထည်ပေါ်လာပြီး ပရောဖက်ပြုချက်များပြည့်စုံလာသဖြင့် ၎င်းသီချင်းကို အမြိုင်ဆိုင်ဆုံးနည်းဖြင့် သီဆိုရန် အချိန်တန်ပြီ။
^ အပိုဒ်၊ 11 အိမ်သားများအား အချိန်တန်အစာကျွေးမွေးသော သစ္စာနှင့်သတိပညာရှိကျွန်၏ အခြေအနေနှင့် တူပေသည်။ (မဿဲ ၂၄:၄၅၊ ကဘ) ကျွန်သည် အုပ်စုတစ်ခုအနေနှင့် အစာကျွေးမွေးရန်တာဝန်ရှိသော်လည်း တစ်ဦးချင်းဖြစ်သော ယင်းအုပ်စုအဝင် အိမ်သားများသည် ထိုဝိညာဉ်အစာကိုမှီဝဲခြင်းဖြင့် အစာရေစာ ဝပြောကြ၏။ တစ်ခုတည်းသောအုပ်စုကို အဖွဲ့အလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းအလိုက်သော်လည်းကောင်း ခြားနားစွာဖော်ပြလိုက်ခြင်းဖြစ်သည်။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၀၂၊ ၂၀၃ ပါ ရုပ်ပုံ]
၁၄၄,၀၀၀
အသက်ကြီးသူ ၂၄ ပါး
ရှုထောင့်နှစ်ခုမှ မြင်ရသော သိုးသငယ် ခရစ်တော်ယေရှု၏ တွဲဖက်အမွေစားအမွေခံများ