အခန်း ၁၃
နိုင်ငံတော်သတင်းဟောပြောသူတွေ သူတို့ရဲ့အမှုကို တရားရုံးမှာတင်ပြ
၁၊ ၂။ (က) ဘာသာရေးခေါင်းဆောင်တွေက ဟောပြောခြင်းလုပ်ငန်းကို ဘာလုပ်ခဲ့ကြသလဲ။ တမန်တော်တွေ ဘယ်လိုတုံ့ပြန်သလဲ။ (ခ) မဟောရဆိုတဲ့အမိန့်ကို တမန်တော်တွေ နားမထောင်တာ ဘာကြောင့်လဲ။
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲပြီးတာ သိပ်မကြာသေးဘူး။ ဂျေရုဆလင်မြို့မှာ ခရစ်ယာန်အသင်းတော် တည်ထောင်တာ အပတ်အနည်းငယ်လောက်ပဲ ရှိသေးတယ်။ ဒါက စာတန်အတွက် အခွင့်ကောင်းပဲ။ အသင်းတော် မခိုင်ခံ့သေးခင်မှာ စာတန်က အသင်းတော်ကို အပြတ်ရှင်းပစ်ချင်တယ်။ ဒါကြောင့် သူက ချက်ချင်းပဲ ဘာသာရေးခေါင်းဆောင်တွေကို ကြိုးကိုင်ချယ်လှယ်ပြီး နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တားမြစ်တယ်။ တမန်တော်တွေကတော့ သတ္တိရှိရှိဆက်ဟောကြလို့ “သခင်အား ယုံကြည်လာသူ” အမျိုးသားအမျိုးသမီး များသထက်များလာတယ်။—တ. ၄:၁၈၊ ၃၃; ၅:၁၄။
၂ ဆန့်ကျင်သူတွေက ဒေါသူပုန်ထပြီး တိုက်ခိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ တမန်တော်အားလုံးကို ထောင်ချလိုက်တယ်။ ဒါပေမဲ့ အဲဒီညမှာ ယေဟောဝါရဲ့ကောင်းကင်တမန်က ထောင်တံခါးဖွင့်ပေးတဲ့အတွက် မနက်ကျတော့ တမန်တော်တွေ ဆက်ဟောနေပြန်ရော။ ဒါနဲ့ ထပ်အဖမ်းခံရပြီး ဘာသာရေးခေါင်းဆောင်တွေရှေ့ ရောက်သွားတယ်။ တမန်တော်တွေဟာ မဟောရဆိုတဲ့အမိန့်ကို ချိုးဖောက်တယ်ဆိုပြီး ခေါင်းဆောင်တွေက စွပ်စွဲကြတယ်။ တမန်တော်တွေကလည်း “ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” လို့ သတ္တိရှိရှိပြန်ပြောတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဒေါသထွက်လွန်းလို့ တမန်တော်တွေကို “ကွပ်မျက်” ချင်တဲ့အထိပဲ။ အဲဒီလိုဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ ရိုသေလေးစားခံရတဲ့ ပညတ်ကျမ်းဆရာ ဂါမလျေလက “သတိပြုကြလော့။ . . . ဤသူတို့ကို အရေးမယူဘဲ သူတို့ဘာသာရှိကြပါစေ” ဆိုပြီး ဘာသာရေးခေါင်းဆောင်တွေကို သတိပေးတယ်။ အံ့ဩစရာက၊ သူပြောတာကိုလက်ခံပြီး တမန်တော်တွေကို လွှတ်ပေးလိုက်ကြတယ်။ သစ္စာရှိတမန်တော်တွေ ဘာလုပ်ကြသလဲ။ “ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြောလျက်နေကြ၏။”—တ. ၅:၁၇-၂၁၊ ၂၇-၄၂; သု. ၂၁:၁၊ ၃၀။
၃၊ ၄။ (က) စာတန်က ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ဖို့ ဘယ်နည်းလမ်းကို အရင်ကတည်းက အသုံးပြုခဲ့သလဲ။ (ခ) ဒီအခန်းနဲ့ နောက်နှစ်ခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။
၃ အေဒီ ၃၃ မှာဖြစ်ပျက်ခဲ့တဲ့ အဲဒီကိစ္စဟာ ခရစ်ယာန်အသင်းတော်ကို တရားဥပဒေအရ ဦးဆုံးဆန့်ကျင်တိုက်ခိုက်တာဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ်တော့ မဟုတ်ဘူး။ (တ. ၄:၅-၈; ၁၆:၂၀; ၁၇:၆၊ ၇) ဒီနေ့အချိန်မှာ စာတန်က စစ်မှန်တဲ့ဝတ်ပြုရေးဆန့်ကျင်သူတွေကို ကြိုးကိုင်ချယ်လှယ်နေဆဲမို့ သူတို့က ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ဖို့ အာဏာပိုင်တွေကို သွေးထိုးပေးနေကြတယ်။ ဆန့်ကျင်သူတွေက ဘုရားသခင့်လူမျိုးတော်ကို အမျိုးမျိုးစွပ်စွဲကြတယ်။ တစ်ခုကတော့ အများပြည်သူ ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်သူတွေ၊ တစ်နည်းအားဖြင့် ပြဿနာဖန်တီးသူတွေဆိုပြီး စွပ်စွဲတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေသူတွေဆိုပြီး စွပ်စွဲတယ်။ ဒါ့အပြင် စီးပွားရေးအရောင်းအဝယ်လုပ်သူတွေ၊ တစ်နည်းအားဖြင့် လှည့်လည်ရောင်းချသူတွေဆိုပြီးတော့လည်း စွပ်စွဲတယ်။ ညီအစ်ကိုတွေက သင့်တော်တဲ့အချိန်မှာ တရားရုံးသွားပြီး အဲဒီစွပ်စွဲချက်တွေမှားကြောင်း သက်သေပြကြတယ်။ ဘာရလဒ်တွေ ရခဲ့သလဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာချမှတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်တွေက အခု သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ “သတင်းကောင်းကို ခုခံကာကွယ်၍ တရားဥပဒေအရ အတည်ဖြစ်စေ” ရာမှာ အမှုတချို့က ဘယ်လိုနည်းတွေနဲ့ကူညီပေးခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ရအောင်။—ဖိ. ၁:၇။
၄ ဒီအခန်းမှာ လွတ်လပ်စွာဟောပြောခွင့်ကို ဘယ်လိုခုခံကာကွယ်ခဲ့သလဲဆိုတာ လေ့လာကြမယ်။ နောက်နှစ်ခန်းမှာတော့ လောကနဲ့သီးခြားနေပြီး နိုင်ငံတော်ရဲ့စံနှုန်းတွေအတိုင်း အသက်ရှင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားဆင်နွှဲခဲ့တဲ့ တရားဥပဒေတိုက်ပွဲတချို့အကြောင်း လေ့လာပါမယ်။
ပြဿနာဖန်တီးသူတွေလား၊ ဘုရားသခင့်နိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံသူတွေလား
၅။ ၁၉၃၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ နိုင်ငံတော်သတင်းဟောပြောသူတွေ ဘာကြောင့်အဖမ်းခံရသလဲ။ အဖွဲ့အစည်းကိုဦးဆောင်သူတွေက ဘာလုပ်ဖို့ စဉ်းစားခဲ့ကြသလဲ။
၅ ၁၉၃၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ ပြည်နယ်တွေနဲ့မြို့တွေက ယေဟောဝါသက်သေတွေကို အမှုဆောင်လုပ်ငန်းအတွက် တရားဝင်ခွင့်ပြုချက် ဒါမှမဟုတ် လိုင်စင်လုပ်ဖို့ ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေက လိုင်စင်မလုပ်ကြဘူး။ လိုင်စင်ဆိုတာ ဖျက်သိမ်းခံရနိုင်တယ်။ ဒါ့အပြင် နိုင်ငံတော်သတင်း ဟောပြောပါဆိုတဲ့ ယေရှုရဲ့အမိန့်ကိုမလိုက်နာအောင် ဘယ်အစိုးရကမှ တားဆီးပိုင်ခွင့်မရှိဘူးဆိုပြီး သူတို့ယူဆကြတယ်။ (မာ. ၁၃:၁၀) ဒါကြောင့်လည်း နိုင်ငံတော်သတင်းဟောပြောသူ ရာနဲ့ချီအဖမ်းခံရတယ်။ ဒီအခါ အဖွဲ့အစည်းကိုဦးဆောင်သူတွေက တရားရုံးမှာ အမှုရင်ဆိုင်ဖို့ စဉ်းစားကြတယ်။ သက်သေခံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အစိုးရက မတရား တားဆီးပိတ်ပင်ထားမှန်း သူတို့သက်သေပြနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ၁၉၃၈ ခုနှစ်မှာတော့ သမိုင်းတွင်မယ့်အမှုတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ဘယ်အဖြစ်အပျက်လဲ။
၆၊ ၇။ ကန့်ဝဲလ်မိသားစု ဘာတွေကြုံခဲ့ရသလဲ။
၆ အသက် ၆၀ အရွယ် ညီအစ်ကိုနယူတန် ကန့်ဝဲလ်၊ သူ့ဇနီး အက်စတာ၊ သားတွေဖြစ်တဲ့ ဟင်နရီ၊ ရပ်စယ်လ်နဲ့ ဂျက်ဆီတို့ဟာ အထူးရှေ့ဆောင်တွေဖြစ်ကြတယ်။ ၁၉၃၈၊ ဧပြီ ၂၆ ရက်၊ အင်္ဂါနေ့မနက်မှာ သူတို့ငါးယောက်စလုံး ကော်နက်တီကပ်ပြည်နယ်၊ နယူးဟေဗင်မြို့မှာ တစ်ရက်လုံးဟောမယ်ဆိုပြီး အိမ်ကထွက်လာခဲ့တယ်။ တကယ်တော့ အဲဒီမြို့မှာ တစ်ရက်ထက်မကနေဖို့ ပြင်ဆင်ထားခဲ့တာ။ ဘာကြောင့်လဲ။ သူတို့က ခဏခဏအဖမ်းခံရဖူးတော့ ထပ်အဖမ်းခံရနိုင်တယ်ဆိုတာ သိထားလို့ပဲ။ ဒါပေမဲ့ နိုင်ငံတော်သတင်းဟောပြောချင်တဲ့ သူတို့မိသားစုရဲ့စိတ်ဆန္ဒကတော့ မလျော့နည်းသွားပါဘူး။ ဒါနဲ့ နယူးဟေဗင်မြို့ကို ကားနှစ်စီးနဲ့ ရောက်လာကြတယ်။ နယူတန်က ကျမ်းစာစာပေတွေနဲ့ ခရီးဆောင်ဓာတ်ပြားစက်တွေပါတဲ့ကားကို မောင်းပြီး အသက် ၂၂ နှစ်အရွယ် ဟင်နရီက အသံချဲ့စက်ပါတဲ့ကားကို မောင်းတယ်။ ထင်တဲ့အတိုင်းပါပဲ၊ နာရီအနည်းငယ်အတွင်းမှာ ရဲတွေရောက်လာတယ်။
၇ ဦးဆုံး၊ အသက် ၁၈ နှစ်အရွယ် ရပ်စယ်လ်၊ အဲဒီနောက် နယူတန်နဲ့အက်စတာ အဖမ်းခံရတယ်။ အသက် ၁၆ နှစ်အရွယ် ဂျက်ဆီက မိဘတွေနဲ့အစ်ကို,ကို ရဲတွေခေါ်သွားတာ လှမ်းတွေ့လိုက်တယ်။ ဟင်နရီက မြို့ရဲ့တခြားနေရာမှာဟောနေတော့ ဂျက်ဆီခမျာ တစ်ယောက်တည်းကျန်ခဲ့ရှာတယ်။ ဒါတောင် သူ့ရဲ့ဓာတ်ပြားစက်ကိုယူပြီး
ဆက်ဟောတုန်းပဲ။ ဂျက်စီက ကက်သလစ်လူကြီးနှစ်ယောက်ကို ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ “ရန်သူများ” ဆိုတဲ့ဟောပြောချက်ဓာတ်ပြား ဖွင့်ပြတယ်။ ဟောပြောချက်ကို နားထောင်ရင်းနဲ့ အဲဒီလူတွေဒေါသထွက်လွန်းလို့ ဂျက်စီကို ရိုက်ချင်တဲ့အထိပဲ။ ဂျက်စီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ထွက်သွားတယ်။ သိပ်မကြာပါဘူး၊ ရဲတစ်ယောက်က သူ့ကိုဖမ်းလိုက်ပြီး အချုပ်ထဲပို့လိုက်တယ်။ ရဲတွေက ညီအစ်မအက်စတာကို စွဲချက်မတင်ပေမဲ့ ညီအစ်ကိုနယူတန်နဲ့သားတွေကိုတော့ စွဲချက်တင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ အာမခံနဲ့လွတ်လာကြတယ်။၈။ ဂျက်စီကန့်ဝဲလ်ဟာ ပြဿနာဖန်တီးသူဖြစ်တယ်လို့ တရားရုံးက ဘာကြောင့်ဆုံးဖြတ်တာလဲ။
၈ လအနည်းငယ်အကြာ၊ ၁၉၃၈၊ စက်တင်ဘာလမှာ ကန့်ဝဲလ်မိသားစုဟာ နယူးဟေဗင်မြို့ အမှုစစ်တရားရုံးမှာ အမှုရင်ဆိုင်ရတယ်။ နယူတန်၊ ရပ်စယ်လ်နဲ့ ဂျက်စီတို့ဟာ လိုင်စင်မရှိဘဲ အလှူငွေကောက်ခံခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရတယ်။ ကော်နက်တီကပ်ပြည်နယ် တရားရုံးချုပ်မှာ အယူခံဝင်ပေမဲ့ ရုံးတော်က ဂျက်စီဟာ ပြဿနာဖန်တီးသူဖြစ်တယ်၊ တစ်နည်းအားဖြင့် ငြိမ်ဝပ်ပိပြားမှုပျက်ပြားစေတဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲ။ ဟောပြောချက်ကိုနားထောင်ခဲ့တဲ့ ကက်သလစ်လူကြီးနှစ်ယောက်က ဟောပြောချက်ဟာ သူတို့ရဲ့ဘာသာကို စော်ကားတယ်၊ သူတို့ကိုလည်း ဒေါသထွက်စေတယ်လို့ ရုံးတော်မှာ သက်သေထွက်ဆိုလို့ပဲ။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ တာ၀န်ရှိညီအစ်ကိုတွေက အကြီးဆုံးတရားရုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်မှာ အယူခံဝင်ခဲ့တယ်။
၉၊ ၁၀။ (က) အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က ကဲန့်ဝဲလ်မိသားစုရဲ့အမှုကို ဘယ်လိုဆုံးဖြတ်ချက်ချခဲ့သလဲ။ (ခ) အဲဒီဆုံးဖြတ်ချက်ကနေ ကျွန်တော်တို့ အခုထိ ဘယ်လိုအကျိုးခံစားနေရသလဲ။
၉ ၁၉၄၀၊ မတ်လ ၂၉ ရက်ကစပြီး တရားသူကြီးချုပ် ချားလ်စ် အီး ဟယူးဇ်နဲ့ တွဲဖက်တရားသူကြီးရှစ်ယောက်ဟာ ယေဟောဝါသက်သေတွေရဲ့ရှေ့နေဖြစ်သူ ညီအစ်ကိုဟေဒင် * လျှောက်လဲချက်ကို ကြားနာခဲ့တယ်။ ကော်နက်တီကပ်ပြည်နယ်ရဲ့ အကျိုးဆောင်ရှေ့နေကလည်း တန်ပြန်လျှောက်လဲချက်ပေးပြီး သက်သေခံတွေဟာ ပြဿနာဖန်တီးသူတွေဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားတဲ့အခါ တရားသူကြီးတစ်ယောက်က “ခရစ်တော်ယေရှုဟောခဲ့တဲ့သတင်းကို သူ့ခေတ်သူ့အခါမှာ လူကြိုက်မများခဲ့ဘူး မဟုတ်လား” လို့မေးလိုက်တယ်။ ဒါနဲ့ ပြည်နယ်အကျိုးဆောင်ရှေ့နေက “ဟုတ်ပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင်၊ အဲဒီသတင်းကိုဟောတဲ့အတွက် ယေရှု ဘာဖြစ်ခဲ့တယ်ဆိုတာကိုလည်း ကျမ်းစာမှာဖော်ပြထားတယ်” လို့ပြန်ဖြေလိုက်တယ်။ တကယ့်ကိုရှင်းလင်းတဲ့အဖြေပါပဲ။ အကျိုးဆောင်ရှေ့နေ အမှတ်တမဲ့ပြောလိုက်တဲ့စကားက ယေရှုနဲ့ သက်သေခံတွေကိုတစ်ဖွဲ့၊ ယေရှုကိုပြစ်ဒဏ်စီရင်သူတွေနဲ့ ပြည်နယ်ကိုတစ်ဖွဲ့ ဖြစ်သွားစေတယ်။ ၁၉၄၀၊ မေလ ၂၀ ရက်မှာ တရားရုံးက သက်သေခံတွေကို အနိုင်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်တယ်။
ကာဗင်တန်ရဲ့၁၀ တရားရုံးဆုံးဖြတ်ချက်က ဘယ်လောက် ထိရောက်မှုရှိခဲ့သလဲ။ အဲဒီဆုံးဖြတ်ချက်က ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးတာကြောင့် ပြည်ထောင်စုအစိုးရဖြစ်စေ၊ ပြည်နယ်ဖြစ်စေ၊ ဒေသန္တရအစိုးရဖြစ်စေ ဘယ်အရာကမှ ဘာသာရေးလွတ်လပ်ခွင့်ကို တရားဥပဒေအရ ကန့်သတ်တားမြစ်လို့မရတော့ဘူး။ ဒါ့အပြင် ဂျက်စီရဲ့အပြုအမူဟာ “အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေးကို . . . ခြိမ်းခြောက်ရာမရောက်ဘူး” ဆိုပြီး ရုံးတော်က ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်က ယေဟောဝါသက်သေတွေဟာ အများပြည်သူ ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်သူတွေမဟုတ်မှန်း အခိုင်အမာသက်သေထူတယ်။ ဒါက ဘုရားသခင့်ကျေးကျွန်တွေ အပြတ်အသတ်အနိုင်ရလိုက်တဲ့ တရားဥပဒေအောင်ပွဲပါပဲ။ အဲဒီကနေ အခုထိ ဘယ်လိုအကျိုးခံစားနေရသလဲ။ ရှေ့နေညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “မတရား တားဆီးပိတ်ပင်မှုတွေကို ကြောက်စရာမလိုဘဲ ဘာသာရေးလွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်တာကြောင့် အခုအချိန်မှာ သက်သေခံတွေဟာ ပတ်ဝန်းကျင်မှာရှိသူတွေကို မျှော်လင့်ခြင်းသတင်းကောင်း ဝေမျှနိုင်ကြပြီ။”
နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေသူတွေလား၊ အမှန်တရားကို ကြွေးကြော်သူတွေလား
၁၁။ ကနေဒါနိုင်ငံက ညီအစ်ကိုတွေ ဘယ်ကင်ပိန်းကို ပြုလုပ်ခဲ့ကြသလဲ။ ဘာကြောင့်လဲ။
၁၁ ၁၉၄၀ ပြည့်လွန်နှစ်တွေအတွင်း ကနေဒါနိုင်ငံ မှာ ယေဟောဝါသက်သေတွေဟာ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေ ကြုံခဲ့ရတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အစိုးရ လျစ်လျူရှုထားမှန်း ပြည်သူလူထုသိစေဖို့ ၁၉၄၆ ခုနှစ်မှာ ညီအစ်ကိုတွေက ၁၆ ရက်ကြာ ကင်ပိန်းတစ်ခုပြုလုပ်ပြီး ဘုရားသခင်နှင့်ခရစ်တော်အပေါ် ကွီဘက်၏အမုန်းမီးနှင့် လွတ်လပ်မှုသည် ကနေဒါလူမျိုးအတွက်ရှက်ဖွယ်ဖြစ် ဝေစာကို ဝေငှခဲ့ကြတယ်။ လေးမျက်နှာရှိတဲ့ အဲဒီဝေစာက ကွီဘက်ပြည်နယ်မှာ ညီအစ်ကိုတွေအပေါ်ကျူးလွန်တဲ့ အုပ်စုဖွဲ့ရမ်းကားမှု၊ ရဲတွေရဲ့ ရက်စက်ယုတ်မာမှု၊ ကက်သလစ်ဘုန်းကြီးတွေ သွေးထိုးလှုံ့ဆော်တဲ့ ဆူပူအုံကြွမှုတွေအကြောင်း အသေးစိတ်ဖော်ပြထားတယ်။ “ယေဟောဝါသက်သေတွေကို ဥပဒေမဲ့ဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်နေတယ်။ မွန်ထရီအောလ်မြို့မှာ ယေဟောဝါသက်သေတွေကိုစွပ်စွဲတဲ့ အမှုပေါင်း ၈၀၀ လောက်ရှိတယ်” လို့ဝေစာက ဖော်ထုတ်ခဲ့တယ်။
၁၂။ (က) ဆန့်ကျင်သူတွေက ဝေစာ ကင်ပိန်းကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ခ) ညီအစ်ကိုတွေကို ဘယ်ပြစ်မှုနဲ့ စွဲချက်တင်ခဲ့သလဲ။ (အောက်ခြေ မှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၂ ကွီဘက်ပြည်နယ်ဝန်ကြီးချုပ် မောရစ် ဒူပလေစီက ကက်သလစ်ဘုန်းတော်ကြီး ဗီနာဗာနဲ့ပူးပေါင်းပြီး ဝေစာကို တန်ပြန်ထိုးစစ်ဆင်တဲ့အနေနဲ့ သက်သေခံတွေကို “မညှာတာဘဲ တိုက်ခိုက်” ဖို့ကြေညာလိုက်တယ်။ ဒါနဲ့ တရားစွဲဆိုမှုအရေအတွက်က ၈၀၀ ကနေ *
၁,၆၀၀ အထိ နှစ်ဆခုန်တက်သွားတယ်။ “ရဲတွေ ခဏခဏဖမ်းလွန်းလို့ ဘယ်နှစ်ကြိမ် အဖမ်းခံရမှန်းတောင် မမှတ်မိတော့ဘူး” လို့ရှေ့ဆောင်ညီအစ်မတစ်ယောက် ပြောပြတယ်။ ဝေစာဝေငှတဲ့ သက်သေခံတွေဟာ “နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် စာပေတွေ ရေးသားထုတ်ဝေဖြန့်ဖြူးခြင်း” ပြစ်မှုနဲ့ စွဲချက်တင်ခံခဲ့ရတယ်။၁၃။ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတဲ့ပြစ်မှုနဲ့ ဦးဆုံးအမှုရင်ဆိုင်ခဲ့ရသူတွေက ဘယ်သူတွေလဲ။ ရုံးတော်က ဘယ်လိုစီရင်ချက်ချသလဲ။
၁၃ ၁၉၄၇ ခုနှစ်မှာ ညီအစ်ကိုအက်မေ ဘူရှေနဲ့ သမီးတွေဖြစ်တဲ့ ၁၈ နှစ်အရွယ် ဇီဇယ်လ်၊ ၁၁ နှစ်အရွယ် လူစီလ်တို့ဟာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတဲ့ပြစ်မှုနဲ့ တရားရုံးမှာ ဦးဆုံးအမှုရင်ဆိုင်ခဲ့ရတယ်။ အကြောင်းကတော့ ကွီဘက်မြို့တော်တောင်ဘက် တောင်တန်းဒေသမှာရှိတဲ့ သူတို့ယာခင်းအနီးမှာ ကွီဘက်၏အမုန်းမီးဝေစာကို ဝေငှခဲ့လို့ပဲ။ ဒါပေမဲ့ သူတို့ကို ဥပဒေ မလေးစားသူတွေ၊ ပြဿနာဖန်တီးသူတွေအဖြစ် စွပ်စွဲဖို့ အခက်သားပဲ။ ညီအစ်ကိုဘူရှေဟာ နှိမ့်ချသူ၊ နူးညံ့သိမ်မွေ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ယာခင်းလေးမှာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေသူပါ။ တစ်ခါတလေ မြင်းလှည်းလေးနဲ့ မြို့ပေါ်တက်လေ့ရှိတယ်။ ဒါပေမဲ့ သူ့မိသားစုဟာ ဝေစာထဲမှာပါတဲ့ စော်ကားမှုတချို့ကို ခံခဲ့ရရှာတယ်။ သက်သေခံတွေကိုမုန်းတဲ့ အမှုစစ်တရားရုံး တရားသူကြီးက ဘူရှေမိသားစုအပြစ်မဲ့ကြောင်း သက်သေပြတဲ့ အထောက်အထားတွေကို ပယ်ချလိုက်တယ်။ အဲဒီအစား ဝေစာဟာ အစိုးရကိုဆန့်ကျင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက် ဘူရှေမိသားစုမှာ အပြစ်ရှိတယ်ဆိုတဲ့ တရားလိုရဲ့လျှောက်လဲချက်ကို လက်ခံခဲ့တယ်။ သဘောကတော့ အမှန်တရားကိုပြောတာ ရာဇဝတ်မှုပဲဆိုပြီး တရားသူကြီး ယူဆတယ်။ ညီအစ်ကိုဘူရှေနဲ့ ဇီဇယ်လ်တို့ဟာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် စာပေတွေ ရေးသားထုတ်ဝေဖြန့်ဖြူးခြင်းပြစ်မှုနဲ့ ပြစ်ဒဏ်စီရင်ခံရပြီး လူစီလ်လေးတောင် အချုပ်ထဲမှာ နှစ်ရက်နေလိုက်ရတယ်။ ညီအစ်ကိုတွေက အမှုကို နိုင်ငံရဲ့အကြီးဆုံးတရားရုံးဖြစ်တဲ့ ကနေဒါတရားရုံးချုပ်မှာ အယူခံဝင်တဲ့အခါ ရုံးတော်က အမှုကိုကြားနာဖို့ သဘောတူခဲ့တယ်။
၁၄။ နှိပ်စက်ညှဉ်းပန်းခံရတဲ့နှစ်တွေအတွင်း ကွီဘက်မှာရှိတဲ့ ညီအစ်ကိုတွေ ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ။
၁၄ အဲဒီအချိန်အတောအတွင်း ကွီဘက်က သတ္တိခဲညီအစ်ကိုညီအစ်မတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြားမှာ နိုင်ငံတော်သတင်းကို ဆက်ဟောပြောခဲ့တာကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့တယ်။ ၁၉၄၆ ခုနှစ်မှာ ကင်ပိန်းစတင်ပြီးနောက် လေးနှစ်အတွင်း ကွီဘက်မှာ သက်သေခံအရေအတွက် ၃၀၀ ကနေ ၁,၀၀၀ အထိ တိုးတက်လာတယ်။ *
၁၅၊ ၁၆။ (က) ဘူရှေမိသားစုရဲ့အမှုကို ကနေဒါတရားရုံးချုပ်က ဘယ်လို ဆုံးဖြတ်ခဲ့သလဲ။ (ခ) ဒီအောင်ပွဲက ညီအစ်ကိုတွေနဲ့တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။
၁၅ ၁၉၅၀၊ ဇွန်လမှာ တရားသူကြီးကိုးယောက်နဲ့ဖွဲ့စည်းထားတဲ့ ကနေဒါတရားရုံးချုပ်က ညီအစ်ကိုအက်မေ ဘူရှေရဲ့အမှုကို ကြားနာတယ်။ ခြောက်လအကြာ၊ ၁၉၅၀၊ ဒီဇင်ဘာလ ၁၈ ရက်မှာ ရုံးတော်က သက်သေခံတွေကို အနိုင်ပေးလိုက်တယ်။ ဘာကြောင့်လဲ။ သက်သေခံတွေရဲ့ရှေ့နေဖြစ်သူ ညီအစ်ကိုဂလန်းဟူးရဲ့ ရှင်းပြချက်အရ “နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေခြင်း” မှာ အကြမ်းဖက်ဖို့ လှုံ့ဆော်ပေးတာ၊ အစိုးရကို တော်လှန်ပုန်ကန်တာတွေ ပါဝင်တယ်၊ ဒါပေမဲ့ ဝေစာမှာ “အဲဒီလိုလှုံ့ဆော်မှုတွေ မပါတဲ့အတွက် တရားဥပဒေအရ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်” ဆိုတဲ့ တရားခံရဲ့လျှောက်လဲချက်ကို ရုံးတော်က သဘောတူတယ်။ ညီအစ်ကိုဟူးက “ကျွန်တော်တို့ အောင်ပွဲဆင်နိုင်ဖို့ ယေဟောဝါ ကူညီပေးခဲ့ပုံကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်” လို့ပြောပြတယ်။ *
၁၆ မှန်ပါတယ်၊ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ဟာ ဘုရားသခင့်နိုင်ငံတော်အတွက် အပြတ်အသတ်အောင်ပွဲတစ်ခုပါပဲ။ ဒီဆုံးဖြတ်ချက်က နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် စာပေတွေ ရေးသားထုတ်ဝေဖြန့်ဖြူးခြင်းပြစ်မှုနဲ့ ကွီဘက်မှာ သက်သေခံတွေကို စွဲချက်တင်ထားတဲ့ ဆိုင်းငံ့အမှုပေါင်း ၁၂၂ မှုကို ဖျက်သိမ်းပေးလိုက်တယ်။ ဒါ့အပြင် ကနေဒါနိုင်ငံသားတွေနဲ့ ဗြိတိသျှဓနသဟာယနိုင်ငံသားတွေဟာ အစိုးရရဲ့လုပ်ရပ်တွေနဲ့ *
ပတ်သက်ပြီး သူတို့ရဲ့သဘောထားကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရှိပြီဆိုတဲ့ သဘောဖြစ်တယ်။ ဒီအောင်ပွဲက ယေဟောဝါသက်သေတွေရဲ့လွတ်လပ်ခွင့်ကို ကွီဘက်ပြည်နယ်အစိုးရနဲ့ချာ့ခ်ျတို့ ပူးပေါင်းတိုက်ခိုက်တာကိုလည်း ရှုံးနိမ့်သွားစေတယ်။လှည့်လည်ရောင်းချသူတွေလား၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း ထက်သန်စွာကြေညာသူတွေလား
၁၇။ အစိုးရတချို့က ဟောပြောခြင်းလုပ်ငန်းကို ဟန့်တားဖို့ ဘယ်လိုကြိုးစားကြသလဲ။
၁၇ အစောပိုင်းခရစ်ယာန်တွေလိုပဲ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်တွေဟာ “ဘုရားသခင်၏တရားစကားတော်ကို လှည့်လည်ရောင်းချ” သူတွေ မဟုတ်ဘူး။ (၂ ကောရိန္သု ၂:၁၇ ကိုဖတ်ပါ။) ဒါပေမဲ့ အစိုးရတချို့က စီးပွားရေးထိန်းချုပ်တဲ့ဥပဒေတွေကိုသုံးပြီး ကျွန်တော်တို့ရဲ့အမှုဆောင်လုပ်ငန်းကို ဟန့်တားဖို့ ကြိုးစားကြတယ်။ ယေဟောဝါသက်သေတွေဟာ လှည့်လည်ရောင်းချသူတွေလား၊ အမှုတော်ဆောင်တွေလားဆိုတာကို ဆုံးဖြတ်ပေးတဲ့ အမှုနှစ်ခုကို သုံးသပ်ကြည့်ရအောင်။
၁၈၊ ၁၉။ ဒိန်းမတ်မှာရှိတဲ့ အာဏာပိုင်တွေက ဟောပြောခြင်းလုပ်ငန်းကို တားဆီးဖို့ ဘယ်လိုကြိုးစားခဲ့သလဲ။
၁၈ ဒိန်းမတ်။ လှည့်လည်ရောင်းချတဲ့လိုင်စင်မပါဘဲ ပုံနှိပ်စာပေတွေကိုရောင်းတာ တရားမဝင်ဘူးဆိုတဲ့ ဥပဒေကို ၁၉၃၂၊ အောက်တိုဘာလ ၁ ရက်မှာ အတည်ပြုခဲ့တယ်။ ညီအစ်ကိုတွေကတော့ ဘာလိုင်စင်မှ မလုပ်ကြဘူး။ နောက်တစ်နေ့မှာ ကြေညာသူငါးယောက်က မြို့တော် ကိုပင်ဟေဂင်ရဲ့အနောက်ဘက် မိုင် ၂၀ အကွာက ရာစ်ကီလာမြို့လေးမှာ ဟောပြောကြတယ်။ တစ်နေကုန်ဟောပြောပြီးချိန်မှာ ညီအစ်ကို ဩဂတ်စ် လာမန် ပျောက်နေမှန်းသိလိုက်တယ်။ လိုင်စင်မရှိဘဲ ပစ္စည်းရောင်းတယ်ဆိုပြီး သူ့ကိုဖမ်းလိုက်တာ။
၁၉ ၁၉၃၂၊ ဒီဇင်ဘာလ ၁၉ ရက်မှာ ဩဂတ်စ် လာမန်က တရားရုံးမှာ အမှုရင်ဆိုင်ခဲ့တယ်။ ပစ္စည်းလှည့်လည်ရောင်းချတာမဟုတ်ဘဲ ကျမ်းစာ,စာပေတွေဝေငှတာဖြစ်တယ်လို့ သူထွက်ဆိုတယ်။ အမှုစစ်တရားရုံးက သူ့ရဲ့ထွက်ဆိုချက်ကို လက်ခံလိုက်တယ်။ ရုံးတော်က အခုလိုပြောတယ်– “တရားခံဟာ . . . ကိုယ့်ကိုယ်ကိုယ် ငွေကြေးထောက်ပံ့နိုင်သူဖြစ်တယ်။ သူ့မှာ ဘာစီးပွားရေးအကျိုးအမြတ်မှ မရဘူး၊ ရချင်တဲ့စိတ်လည်း မရှိဘူး။ စာပေဝေငှလို့ သူ့ဘက်ကတောင် ငွေကြေးဆုံးရှုံးမှုရှိတယ်။” ရုံးတော်က လာမန်ရဲ့လုပ်ရပ်ကို “ကုန်အရောင်းအဝယ်လုပ်ငန်းအဖြစ် သတ်မှတ်” လို့မရနိုင်ဘူးဆိုပြီး သက်သေခံတွေဘက်ကနေ ဆုံးဖြတ်ပေးခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့်လူမျိုးရဲ့ရန်သူတွေကတော့ တစ်နိုင်ငံလုံးမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ (ဆာ. ၉၄:၂၀) ဒါကြောင့် အစိုးရရှေ့နေက နိုင်ငံတော်တရားရုံးချုပ်အထိတက်ပြီး အယူခံဝင်တယ်။ ညီအစ်ကိုတွေ ဘယ်လိုတုံ့ပြန်သလဲ။
၂၀။ ဒိန်းမတ်နိုင်ငံတရားရုံးချုပ်က ဘယ်လိုစီရင်ချက်ချခဲ့သလဲ။ ညီအစ်ကိုတွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။
၂၀ တရားရုံးချုပ်မှာ အမှုကိုမကြားနာခင် တစ်ပတ်မှာ သက်သေခံတွေဟာ ဒိန်းမတ်နိုင်ငံတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်တင်ခဲ့ကြတယ်။ ၁၉၃၃၊ အောက်တိုဘာလ ၃ ရက်၊ အင်္ဂါနေ့မှာ တရားရုံးချုပ်က စီရင်ချက်ချတယ်။ ဩဂတ်စ်လာမန်ဟာ ဥပဒေမချိုးဖောက်ဘူးဆိုတဲ့ အောက်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ရုံးတော်က သဘောတူခဲ့တယ်။ ဒီစီရင်ချက်က သက်သေခံတွေ လွတ်လွတ်လပ်လပ် ဆက်ဟောပြောနိုင်တယ်ဆိုတဲ့ သဘောပဲ။ အဲဒီအောင်ပွဲအတွက် ယေဟောဝါကို ကျေးဇူးတင်တဲ့အနေနဲ့ ညီအစ်ကိုညီအစ်မတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ အရင်ကထက်ပိုပါဝင်ခဲ့ကြတယ်။ တရားရုံးဆုံးဖြတ်ချက်ချပြီးကတည်းက ဒိန်းမတ်နိုင်ငံမှာ ညီအစ်ကိုတွေဟာ အမှုဆောင်လုပ်ငန်းကို အစိုးရရဲ့အနှောင့်အယှက်မရှိဘဲ ဆက်လုပ်ဆောင်နိုင်ခဲ့တယ်။
၂၁၊ ၂၂။ ညီအစ်ကိုမားဒေါ့ခ်အမှုကို အမေရိကန်တရားရုံးချုပ်က ဘယ်လိုစီရင်ချက်ချခဲ့သလဲ။
၂၁ အမေရိကန်ပြည်ထောင်စု။ ၁၉၄၀၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ တနင်္ဂနွေနေ့မှာ ရှေ့ဆောင်ဖြစ်သူ ရောဘတ် မားဒေါ့ခ် ဂျူနီယာနဲ့ တခြားသက်သေခံခုနစ်ယောက်တို့ဟာ
ပဲင်စီလ်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့နားက ဂျီးနက်မြို့မှာ ဟောပြောနေတုန်း အဖမ်းခံလိုက်ရတယ်။ စာပေဝေငှဖို့ လိုင်စင်မဝယ်ထားတဲ့အတွက် သူတို့ကို ပြစ်ဒဏ်စီရင်ခဲ့တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အယူခံဝင်တဲ့အခါ အမေရိကန်တရားရုံးချုပ်က အမှုကိုကြားနာဖို့ သဘောတူခဲ့တယ်။၂၂ ၁၉၄၃၊ မေလ ၃ ရက်မှာ တရားရုံးချုပ်က သက်သေခံတွေကို ကာကွယ်ပေးတဲ့စီရင်ချက် ချမှတ်ခဲ့တယ်။ လိုင်စင်ရှိဖို့လိုတယ်ဆိုတာကို တရားရုံးက ကန့်ကွက်တယ်။ အကြောင်းကတော့ “ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးကိုခံစားရဖို့ အဖိုးအခ” တောင်းခံရာရောက်လို့ပဲ။ “လွတ်လပ်စွာပုံနှိပ်ခွင့်ကို ကန့်သတ်ပြီး လွတ်လပ်စွာကိုးကွယ်ခွင့်ကို တားမြစ်တဲ့” မြို့တော်ဥပဒေကို ရုံးတော်က ပယ်ချလိုက်တယ်။ တရားသူကြီးအများစုရဲ့သဘောထားကို တရားသူကြီး ဝီလျံ အို ဒေါက်ကလပ်စ် ဖော်ပြတဲ့အခါ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းဟာ “ဟောပြောရုံထက်မကဘူး၊ ဘာသာရေးစာပေ ဝေငှရုံထက်လည်း မကဘူး။ နှစ်ခုစလုံးပါဝင်တယ်” လို့ပြောတယ်။ “ဒီဘာသာရေးလုပ်ဆောင်မှုဟာ ချာ့ခ်ျတွေမှာဝတ်ပြုတာ၊ တရားဟောစင်ကနေ ဟောတာလိုပဲ . . . မြင့်မားတဲ့ဥပဒေဘောင်နဲ့ အံဝင်တယ်” လို့သူဆက်ပြောတယ်။
၂၃။ ၁၉၄၃ ခုနှစ်မှာရရှိခဲ့တဲ့ တရားဥပဒေအောင်ပွဲတွေက ကျွန်တော်တို့အတွက် ဘာကြောင့်အရေးပါသလဲ။
၂၃ တရားရုံးချုပ်ရဲ့ဒီစီရင်ချက်က ဘုရားသခင့်လူမျိုးအတွက် အရေးပါတဲ့တရားဥပဒေအောင်ပွဲတစ်ခုပါပဲ။ ကျွန်တော်တို့ဟာ အရောင်းအဝယ်လုပ်သူတွေမဟုတ်ဘဲ ခရစ်ယာန်အမှုတော်ဆောင်တွေ ဖြစ်တယ်ဆိုတာ အတည်ပြုပေးလိုက်တာပဲ။ ၁၉၄၃ ခုနှစ်ရဲ့ မေ့မရနိုင်တဲ့အဲဒီနေ့မှာ ယေဟောဝါသက်သေတွေဟာ တရားရုံးချုပ်မှာ အမှုပေါင်း
၁၃ မှုထဲက မားဒေါ့ခ်အမှုအပါအဝင် ၁၂ မှုကို အနိုင်ရခဲ့တယ်။ မကြာသေးခင်ကရင်ဆိုင်ခဲ့ရတဲ့ အမှုတွေမှာ ဆန့်ကျင်သူတွေက လူအများရှေ့နဲ့ တစ်အိမ်တက်ဆင်းဟောပြောခွင့်ကို ထပ်ပြီးတိုက်ခိုက်လာတဲ့အတွက် အထက်မှာဖော်ပြခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်တွေကို ခိုင်မာတဲ့သာဓကတွေအဖြစ် အသုံးပြုနိုင်ခဲ့တယ်။“ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်”
၂၄။ အစိုးရက ဟောပြောခြင်း လုပ်ငန်းကို ပိတ်ပင်တဲ့အခါ ကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြသလဲ။
၂၄ အစိုးရက နိုင်ငံတော်သတင်းကို လွတ်လွတ်လပ်လပ်ဟောပြောဖို့ တရားဝင်ခွင့်ပြုတဲ့အခါ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်တဲ့ ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ကြတယ်။ ဒါပေမဲ့ အစိုးရက ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တဲ့အခါ ကျွန်တော်တို့ရဲ့နည်းလမ်းတွေကို ပြုပြင်ပြောင်းလဲပြီး အတတ်နိုင်ဆုံး ဆက်ဟောကြတယ်။ “ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” လို့ တမန်တော်တွေ ပြောခဲ့သလို ကျွန်တော်တို့လည်း ပြောကြတယ်။ (တ. ၅:၂၉; မ. ၂၈:၁၉၊ ၂၀) တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိတ်ပင်ထားတာ ဖယ်ရှားပေးဖို့ တရားရုံးတွေမှာ အယူခံဝင်ကြတယ်။ သာဓကနှစ်ခုကို လေ့လာကြည့်ရအောင်။
၂၅၊ ၂၆။ နီကာရာဂွာမှာ ဘယ်အဖြစ်အပျက်တွေကြောင့် တရားရုံးချုပ်အထိ တက်ခဲ့ရသလဲ။ ဘာရလဒ်ရခဲ့သလဲ။
၂၅ နီကာရာဂွာ။ ၁၉၅၂၊ နိုဝင်ဘာလ ၁၉ ရက်မှာ ဌာနခွဲအမှုထမ်းဖြစ်သူ သာသနာပြုညီအစ်ကို ဒေါ်နဗန် မွန်စတာမန်ဟာ မြို့တော် မန်နာဂွာမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို သွားခဲ့ရတယ်။ အဲဒီရုံးရဲ့အရာရှိ အာနိုဒို ဂါစီယာက သူနဲ့လာတွေ့ခိုင်းထားလို့ပဲ။ နီကာရာဂွာမှာရှိတဲ့ ယေဟောဝါသက်သေအားလုံး “သူတို့ရဲ့ယုံကြည်ချက်တွေ ဟောပြောတာ၊ ဘာသာရေးလုပ်ငန်းတွေ တိုးချဲ့တာ မလုပ်ရတော့ဘူး” လို့ အရာရှိက ဒေါ်နဗန်ကို ပြောတယ်။ အကြောင်းရင်းကိုမေးကြည့်တော့ သက်သေခံတွေဟာ အမှုဆောင်လုပ်ငန်းကိုလုပ်ဆောင်ဖို့ အစိုးရဝန်ကြီးဆီကနေ ခွင့်ပြုချက်မရထားတဲ့အပြင် ကွန်မြူနစ်တွေလို့လည်း စွပ်စွဲခံထားရတယ်ဆိုပြီး အရာရှိက ရှင်းပြတယ်။ ဘယ်သူတွေက စွပ်စွဲတာလဲ။ ရိုမန်ကက်သလစ်ဘုန်းကြီးတွေပေါ့။
၂၆ ညီအစ်ကိုမွန်စတာမန်က သာသနာရေးဝန်ကြီးဌာနနဲ့ သမ္မတအန်နာစတေစီယို စမိုဇာ ဂါစီယာဆီ အသနားခံစာ ချက်ချင်းတင်ပေမဲ့ ဘာမှမထူးဘူး။ ဒါကြောင့် ညီအစ်ကိုတွေဟာ သူတို့ရဲ့နည်းလမ်းကို ပြောင်းလိုက်တယ်။ နိုင်ငံတော်ခန်းမကို ပိတ်လိုက်ပြီးနောက် အုပ်စုလေးတွေဖွဲ့ပြီး စည်းဝေးကြတယ်။ လမ်းပေါ်သက်သေခံတာကိုလည်း ရပ်လိုက်ပေမဲ့ တခြားနည်းတွေနဲ့ ဆက်ဟောကြတယ်။ တစ်ချိန်တည်းမှာ နီကာရာဂွာတရားရုံးချုပ်ကို အသနားခံစာတင်ပြီး ပိတ်ပင်မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတယ်။ သတင်းစာတွေက ပိတ်ပင်မှုအကြောင်းနဲ့ အသနားခံစာမှာပါတဲ့အကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြတယ်။ ဒါနဲ့ တရားရုံးချုပ်က အမှုကိုကြားနာဖို့ သဘောတူလိုက်တယ်။ ဘာရလဒ်ရခဲ့သလဲ။ ၁၉၅၃၊ ဇွန်လ ၁၉ ရက်မှာ တရားရုံးချုပ်က သက်သေခံတွေကို အနိုင်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်။ ပိတ်ပင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ချက်ဖော်ထုတ်ခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ ရုံးတော်က စီရင်ချက်ချတယ်။ နီကာရာဂွာအစိုးရနဲ့ သက်သေခံတွေရဲ့ဆက်ဆံရေး အရင်အတိုင်း ပြန်ဖြစ်စေရမယ်လို့လည်း အမိန့်ထုတ်ခဲ့တယ်။
၂၇။ ရုံးတော်ရဲ့ဆုံးဖြတ်ချက်ကို နီကာရာဂွာနိုင်ငံသားတွေ ဘာကြောင့်တအံ့တသြဖြစ်ခဲ့သလဲ။ ဒီအောင်ပွဲကို ညီအစ်ကိုတွေ ဘယ်လိုသဘောထားသလဲ။
၂၇ တရားရုံးချုပ်က သက်သေခံတွေဘက်ကနေ ရပ်တည်ပေးလို့ နီကာရာဂွာနိုင်ငံသားတွေ တအံ့တသြဖြစ်ခဲ့ကြတယ်။ တကယ်ဆိုရင် အဲဒီအချိန်မှာ ဘုန်းကြီးတွေရဲ့သြဇာကြီးလွန်းလို့ ရုံးတော်က သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်ကိစ္စတွေကို ရှောင်လေ့ရှိတယ်။ အစိုးရအရာရှိတွေကလည်း သိပ်အာဏာရှိတဲ့အတွက် ရုံးတော်က သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို မလွန်ဆန်သလောက်ပဲ။ ဒါကြောင့် ညီအစ်ကိုတွေက ဘုရင်ယေရှုဆီကနေ အကာအကွယ်ရခဲ့လို့၊ သူတို့ဆက်ဟောပြောခဲ့လို့ အခုလိုအောင်ပွဲဆင်နိုင်တယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။—တ. ၁:၈။
၂၈၊ ၂၉။ ၁၉၈၀ ပြည့်လွန်နှစ်အလယ်ပိုင်းတုန်းက ဇိုင်ယာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားသလဲ။
၂၈ ဇိုင်ယာ။ ၁၉၈၀ ပြည့်လွန်နှစ်အလယ်ပိုင်းတုန်းက ဇိုင်ယာနိုင်ငံ၊ အခု ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမှာ သက်သေခံ ၃၅,၀၀၀ လောက်ရှိတယ်။ နိုင်ငံတော်လုပ်ငန်းဆက်တိုးတက်စေဖို့ ဌာနခွဲက အဆောက်အအုံသစ်တွေ ဆောက်လုပ်ခဲ့တယ်။ ၁၉၈၅၊ ဒီဇင်ဘာလရောက်တော့ ကင်ရှာဆာမြို့တော် အားကစားကွင်းမှာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး ကျင်းပတဲ့အခါ နိုင်ငံအသီးသီးက ကိုယ်စားလှယ် ၃၂,၀၀၀ တက်ရောက်ခဲ့တယ်။ အဲဒီနောက်မှာတော့ ယေဟောဝါကျေးကျွန်တွေရဲ့အခြေအနေ ပြောင်းလဲသွားတယ်။ ဘာဖြစ်ပျက်ခဲ့သလဲ။
၂၉ အဲဒီတုန်းက ဇိုင်ယာမှာ သာသနာပြုညီအစ်ကို မာဆယ် ဖီလ်တော အမှုဆောင်နေတယ်။ သူက ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်မှာ ဝန်ကြီးချုပ်ဒူပလေစီရဲ့အုပ်ချုပ်မှုအောက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူဖြစ်တယ်။ သူအခုလိုပြောပြတယ်– “၁၉၈၆၊ မတ်လ ၁၂ ရက်မှာ တာဝန်ရှိညီအစ်ကိုတွေ စာတစ်စောင် လက်ခံရရှိခဲ့တယ်။ အဲဒီစာကတော့ ဇိုင်ယာမှာ ယေဟောဝါသက်သေတွေကို တရားမဝင်အသင်းအဖွဲ့အဖြစ် ကြေညာလိုက်တဲ့စာပဲ။” ပိတ်ပင်မှုကို နိုင်ငံတော်သမ္မတ မိုဘူတူစီစီ စီကို လက်မှတ်ရေးထိုးခဲ့တယ်။
၃၀။ ဌာနခွဲကော်မတီက ဘယ်အရေးကြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာသလဲ။ သူတို့ဘာလုပ်ဖို့ ဆုံးဖြတ်ခဲ့သလဲ။
၃၀ နောက်တစ်နေ့မှာ နိုင်ငံပိုင်အသံလွှင့်ရုံကနေ “[ဇိုင်ယာ] မှာ ယေဟောဝါသက်သေတွေအကြောင်း နောက်ဘယ်တော့မှ ကြားရမှာမဟုတ်တော့ဘူး” လို့ကြေညာခဲ့တယ်။ ချက်ချင်းပဲ နှိပ်စက်ညှဉ်းပန်းမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ နိုင်ငံတော်ခန်းမတွေ ဖျက်ဆီးခံရတယ်။ ညီအစ်ကိုတွေ လုယက်ခံရ၊ ဖမ်းဆီးထောင်ချခံရပြီး ရိုက်နှက်ခံရတယ်။ သက်သေခံကလေးတွေတောင် ထောင်ချခံရတယ်။ ၁၉၈၈၊ အောက်တိုဘာလ ၁၂ ရက်မှာ အစိုးရက အဖွဲ့အစည်းပိုင်ဆိုင်တာတွေကို သိမ်းယူလိုက်ပြီး ဌာနခွဲခြံဝင်းကို တပ်ဖွဲ့တစ်ဖွဲ့က သိမ်းပိုက်လိုက်တယ်။ တာဝန်ရှိညီအစ်ကိုတွေက သမ္မတမိုဘူတူဆီ
အသနားခံစာပေးပို့ခဲ့ပေမဲ့ ဘာမှအကြောင်းမထူးဘူး။ အဲဒီတော့ ဌာနခွဲကော်မတီက “တရားရုံးချုပ်မှာ အယူခံဝင်မလား၊ စောင့်ကြည့်အုံးမလား” ဆိုတဲ့ အရေးကြီးဆုံးဖြတ်ချက်ချဖို့ လိုအပ်လာတယ်။ အဲဒီအချိန်မှာ ဌာနခွဲကော်မတီ ညှိနှိုင်းရေးမှူးဖြစ်သူ သာသနာပြုညီအစ်ကိုတိမသီ ဟုမ်းစ်က “ဉာဏ်ပညာနဲ့လမ်းညွှန်မှုရဖို့ ယေဟောဝါကို ကျွန်တော်တို့ မျှော်ကိုးခဲ့ကြတယ်” လို့ ပြန်ပြောပြတယ်။ ဆုတောင်းပြီး သေချာဆွေးနွေးသုံးသပ်ပြီးနောက် အခုအချိန်မှာ အမှုရင်ဆိုင်ဖို့ မသင့်သေးဘူးလို့ ကော်မတီက ဆုံးဖြတ်ခဲ့တယ်။ အဲဒီအစား ညီအစ်ကိုတွေကို ဂရုစိုက်ကြည့်ရှုပေးဖို့နဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေဖို့ အာရုံစိုက်ခဲ့ကြတယ်။“အမှုရင်ဆိုင်ချိန် အတွင်းမှာ ကိစ္စရပ် တွေကို ယေဟောဝါ ဘယ်လို ပြောင်းလဲပေးတယ်ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရတယ်”
၃၁၊ ၃၂။ ဇိုင်ယာနိုင်ငံ တရားရုံးချုပ်က ဘယ်ထူးခြားတဲ့ ဆုံးဖြတ်ချက်ချခဲ့သလဲ။ အဲဒါက ညီအစ်ကိုတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။
၃၁ နှစ်များစွာ ကုန်လွန်ခဲ့ပြီ။ သက်သေခံတွေကို ဖိနှိပ်တာ လျော့နည်းလာပြီး တိုင်းပြည်မှာ လူ့အခွင့်အရေးကို ပိုလေးစားလာကြတယ်။ ဒါကြောင့် ပိတ်ပင်မှုနဲ့ပတ်သက်ပြီး ဇိုင်ယာနိုင်ငံ တရားရုံးချုပ်ဆီ အယူခံဝင်ဖို့ အချိန်တန်ပြီလို့ ဌာနခွဲကော်မတီက ဆုံးဖြတ်လိုက်တယ်။ ထူးခြားတာက၊ တရားရုံးချုပ်က အမှုကြားနာဖို့ သဘောတူလိုက်တာပဲ။ ပိတ်ပင်တဲ့အမိန့်ကို သမ္မတထုတ်ပြန်ပြီး ခုနစ်နှစ်နီးပါးအကြာ၊ ၁၉၉၃၊ ဇန်နဝါရီလ ၈ ရက်မှာ တရားရုံးက သက်သေခံတွေအပေါ် အစိုးရရဲ့လုပ်ရပ်ဟာ တရားဥပဒေနဲ့မညီဘူးလို့ ဆုံးဖြတ်ပြီး ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တယ်။ စဉ်းစားကြည့်ပါ၊ တရားသူကြီးတွေဟာ အသက်အန္တရာယ်ရှိတဲ့ကြားက အရဲစွန့်ပြီး နိုင်ငံတော်သမ္မတရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်တာပဲ။ ညီအစ်ကိုဟုမ်းစ်က “အမှုရင်ဆိုင်ချိန်အတွင်းမှာ ကိစ္စရပ်တွေကို ယေဟောဝါဘယ်လို ပြောင်းလဲပေးတယ်ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရတယ်” လို့ ပြောပြတယ်။ (ဒံ. ၂:၂၁) ဒီအောင်ပွဲကြောင့် ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ ဘုရင်ယေရှုက သူ့နောက်လိုက်တွေကို ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားနေတယ်လို့ သူတို့ခံစားခဲ့ရတယ်။
၃၂ ပိတ်ပင်မှုရုပ်သိမ်းပြီးနောက် ဌာနခွဲရုံးက သာသနာပြုတွေကို ဖိတ်ခေါ်ဖို့၊ ဌာနခွဲအဆောက်အအုံသစ်တွေ ဆောက်လုပ်ဖို့၊ ကျမ်းစာ,စာပေတွေ တင်သွင်းဖို့ ခွင့်ပြုချက် * ယေဟောဝါက သူ့လူမျိုးရဲ့ဝတ်ပြုရေးကို ဘယ်လိုကာကွယ်ပေးနေတယ်ဆိုတာ သိရတဲ့အတွက် ကမ္ဘာတစ်ဝန်းက ဘုရားသခင့်ကျေးကျွန်တွေ ဝမ်းသာပီတိဖြစ်ရတယ်။—ဟေရှာ. ၅၂:၁၀။
ရလာတယ်။“ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်”
၃၃။ တရားဥပဒေတိုက်ပွဲတချို့အကြောင်း ပြန်သုံးသပ်တဲ့အခါ ဘာသိရှိရသလဲ။
၃၃ တရားဥပဒေတိုက်ပွဲတချို့အကြောင်း ပြန်သုံးသပ်တဲ့အခါ ယေရှုက “ဆန့်ကျင်သူအားလုံး စုပေါင်း၍ပင် မငြင်းခုံ၊ မဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို သင်တို့အား ငါပေးမည်” ဆိုတဲ့ကတိအတိုင်း လုပ်ဆောင်နေတာ ထင်ရှားတယ်။ (လုကာ ၂၁:၁၂–၁၅ ကိုဖတ်ပါ။) တစ်ခါတစ်ရံမှာ ယေဟောဝါက သူ့လူမျိုးကိုကာကွယ်ပေးဖို့ ခေတ်သစ်ဂါမလျေလတွေကို ပေါ်ထွန်းစေတယ်။ တရားမျှတမှုဘက် ရပ်တည်ပေးဖို့ သတ္တိရှိတဲ့တရားသူကြီးတွေ၊ ရှေ့နေတွေကို လှုံ့ဆော်ပေးတယ်။ ယေဟောဝါက ဆန့်ကျင်သူတွေရဲ့ လက်နက်တွေကို တုံးသွားစေတယ်။ (ဟေရှာယ ၅၄:၁၇ ကိုဖတ်ပါ။) ဆန့်ကျင်မှုတွေက ဘုရားသခင်ရဲ့လုပ်ငန်းကို ရပ်တန့်အောင်မလုပ်နိုင်ပါဘူး။
၃၄။ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်ပွဲ တွေက ဘာကြောင့် ဒီလောက်ထူးခြားရတာလဲ။ အဲဒါတွေက ဘာကိုသက်သေထူသလဲ။ (“ နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို တိုးတက်စေတဲ့ ထူးခြားတဲ့တရားဥပဒေအောင်ပွဲများ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၃၄ ကျွန်တော်တို့ရရှိခဲ့တဲ့ တရားဥပဒေအောင်ပွဲတွေက ဘာကြောင့် ဒီလောက်ထူးခြားရတာလဲ။ စဉ်းစားကြည့်ပါ၊ ယေဟောဝါသက်သေတွေက ထင်ပေါ်ကျော်ကြားသူတွေ၊ ဩဇာအာဏာရှိသူတွေ မဟုတ်ကြဘူး။ မဲမပေးကြဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေကို မထောက်ခံကြဘူး။ နိုင်ငံရေးသမားတွေကိုလည်း မစည်းရုံးကြဘူး။ ဒါ့အပြင် တရားရုံးတွေမှာအမှုရင်ဆိုင်ရတဲ့ ညီအစ်ကိုညီအစ်မအများစုဟာ “ပညာတတ်များမဟုတ်၊ သာမန်လူများသာ” ဖြစ်ကြတယ်။ (တ. ၄:၁၃) ဒါကြောင့် လူ့အမြင်အရပြောရရင်၊ တရားရုံးတွေက ဩဇာကြီးမားတဲ့ ဘာသာရေးသမားတွေ၊ နိုင်ငံရေးသမားတွေကို ဆန့်ကျင်ပြီး ကျွန်တော်တို့ကို ကူညီပေးစရာအကြောင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ တရားရုံးတွေက ကျွန်တော်တို့ကို အကြိမ်ကြိမ် အနိုင်ပေးခဲ့တယ်။ ဒီအောင်ပွဲတွေက ကျွန်တော်တို့ဟာ “ခရစ်တော်၏တပည့်များအဖြစ်” “ဘုရားသခင့်ရှေ့တော်” မှာ လျှောက်လှမ်းနေကြောင်း သက်သေထူတယ်။ (၂ ကော. ၂:၁၇) ဒါကြောင့် “ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်” လို့ တမန်တော်ပေါလုနဲ့အတူ ကျွန်တော်တို့လည်း ပြောဆိုနိုင်ကြပါတယ်။—ဟေဗြဲ ၁၃:၆။
^ အပိုဒ်၊ 9 ကန့်ဝဲလ်နဲ့ ကော်နက်တီကပ်ပြည်နယ်အမှုဟာ အမေရိကန်တရားရုံးချုပ်မှာ ညီအစ်ကိုတွေ ဘက်ကနေ ဟေဒင် ကာဗင်တန် ထုချေပြောဆိုခဲ့တဲ့ အမှုပေါင်း ၄၃ မှုထဲက ဦးဆုံးအမှုဖြစ်တယ်။ ညီအစ်ကိုဟေဒင်က ၁၉၇၈ ခုနှစ်မှာ ကွယ်လွန် သွားတယ်။ ကျန်ရစ်သူဇနီး ဒေါ်ရသီက သစ္စာရှိရှိ အမှုဆောင်ပြီး ၂၀၁၅ ခုနှစ်၊ သူ့အသက် ၉၂ နှစ်မှာ သေဆုံးသွားတယ်။
^ အပိုဒ်၊ 12 ဒီစွဲချက်က ၁၆၀၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဥပဒေအပေါ် အခြေခံတယ်။ အဲဒီဥပဒေအရ လူတစ်ယောက်ပြောတဲ့စကားက အစိုးရကိုပုန်ကန်ဖို့ လှုံ့ဆော်ပေးတယ်လို့ ဂျူရီအဖွဲ့က ယူမှတ်တယ်ဆိုရင် အဲဒီလူကို အပြစ်ရှိတယ်လို့ စီရင်နိုင်တယ်။ သူပြောတာမှန်နေရင်တောင် အဲဒီလိုစီရင်ပိုင်ခွင့်ရှိတယ်။
^ အပိုဒ်၊ 14 ၁၉၅၀ ပြည့်နှစ်တုန်းက ကွီဘက်မှာအမှုဆောင်ခဲ့တဲ့ အချိန်ပြည့်အမှုဆောင် ၁၆၄ ယောက်ရှိတယ်။ သူတို့ထဲက ၆၃ ယောက်ဟာ ဂိလဒ်ကျောင်းဆင်းတွေဖြစ်ပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းခံရမှာကိုသိလျက်နဲ့ တာဝန်ကို လိုလိုလားလားလက်ခံခဲ့ကြတယ်။
^ အပိုဒ်၊ 15 ညီအစ်ကိုဒဗလျူ ဂလန်းဟူးဟာ သတ္တိရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး ၁၉၄၃ ကနေ ၂၀၀၃ ခုနှစ်အထိ ကနေဒါနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ ယေဟောဝါသက်သေတွေအတွက် ရာနဲ့ချီတဲ့ တရားဥပဒေတိုက်ပွဲတွေကို ကျွမ်းကျွမ်းကျင်ကျင် တိုက်ခိုက်ပေးခဲ့တယ်။
^ အပိုဒ်၊ 16 ဒီအမှုအကြောင်း အသေးစိတ်အချက်အလက်ကို ၂၀၀၀၊ ဧပြီလ ၂၂ ရက် နိုးလော့! စာမျက်နှာ ၁၈-၂၄ (အင်္ဂလိပ်) မှာပါတဲ့ “စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏” ဆောင်းပါးမှာ ကြည့်ပါ။
^ အပိုဒ်၊ 32 နောက်ဆုံးမှာတော့ စစ်တပ်က ဌာနခွဲခြံဝင်းကနေ ဖယ်ပေးလိုက်ပေမဲ့ ဌာနခွဲအဆောက်အအုံသစ်ကို တခြားနေရာမှာ ဆောက်လုပ်ခဲ့တယ်။