အခန်း ၁၅
ဘုရားသခင့်မိတ်ဆွေများသည် ကောင်းမှုကို လုပ်ဆောင်ကြ
သင်ချီးမွမ်းလေးစားသည့်မိတ်ဆွေတစ်ဦးရှိလျှင် သူ့ကဲ့သို့ဖြစ်ရန် သင်ကြိုးပမ်းသည်။ “ထာဝရဘုရား [ယေဟောဝါ] သည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့်ပြည့်စုံတော်မူ . . . ၏” ဟုကျမ်းစာကဆိုသည်။ (ဆာလံ ၂၅:၈) ဘုရားသခင့်မိတ်ဆွေဖြစ်ရန် ကျွန်ုပ်တို့သည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောရှိရမည်။ ကျမ်းစာကဤသို့ဆိုသည်– “သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ . . . မေတ္တာတရား၌ကျင်လည်ကြလော့။” (ဧဖက် ၅:၁၊ ၂) ထိုသို့ပြုလုပ်နိုင်သည့်နည်းအချို့မှာ–
အခြားသူများကိုကူညီပါ။ “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”—ဂလာတိ ၆:၁၀။
အလုပ်ကြိုးစားပါ။ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကိုလုပ်ဆောင်အားထုတ်စေ။”—ဧဖက် ၄:၂၈။
ကာယရေးနှင့် ကိုယ်ကျင့်တရားစင်ကြယ်ပါ။ “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း . . . နှင့်ပြည့်စုံကြကုန်အံ့။”—၂ ကောရိန္သု ၇:၁။
သူတစ်ပါးကိုမေတ္တာပြပါ။ “ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။”—၁ ယောဟန် ၄:၇။
တိုင်းပြည်၏ဥပဒေများကို နာခံပါ။ “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ . . . လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း . . . ပေးကြလော့။”—ရောမ ၁၃:၁၊ ၇။