မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

လောကနဲ့ သီးခြားနေနိုင်ပုံ

လောကနဲ့ သီးခြားနေနိုင်ပုံ

‘ခင်​ဗျား​တို့​ဟာ ဒီ​လော​က​နဲ့ ဘာ​မှ မပတ်​သက်​ဘူး။’​—ယောဟန် ၁၅:၁၉

၁။ ယေရှု​ဟာ လူ​သား​တစ်ဦး​အဖြစ် မိမိ​ရဲ့​နောက်​ဆုံး​ည​မှာ ဘာ​ကို အလေး​ပေး​ဖော်ပြခဲ့​သလဲ။

ယေရှု​ဟာ လူ​သား​တစ်ဦး​အဖြစ် မိမိ​ရဲ့​နောက်​ဆုံး​ည​မှာ နောက်​လိုက်​တွေရဲ့ အနာ​ဂတ်​အကျိုး​အတွက် အလွန်​စိုး​ရိမ်​ကြောင်း ဖော်ပြခဲ့​တယ်။ ဒါ​နဲ့​ပတ်​သက်​ပြီး ယေရှု​က “သူတို့​ကို ဒီ​လော​က​က​နေ ခေါ်​ထုတ်​ပေး​ဖို့ ကျွန်​တော် ဆုတောင်း​နေ​တာ မဟုတ်​ပါ​ဘူး။ ဆိုး​ညစ်​သူ​ရဲ့​ရန်​က​နေ ကာ​ကွယ်​စောင့်​ရှောက်​ပေး​ဖို့ ဆုတောင်း​နေ​တာ​ပါ။ ကျွန်​တော်​က ဒီ​လော​က​နဲ့ မပတ်​သက်​သလို သူတို့​လည်း လော​က​နဲ့ မပတ်​သက်​ကြ​ပါ​ဘူး” လို့ ဖခင်​ဆီ ဆုတောင်း​ခဲ့​တယ်။ (ယောဟန် ၁၇:၁၅၊ ၁၆) လှိုက်​လှဲ​တဲ့ အဲဒီ​ဆုတောင်း​ချက်​မှာ မိမိ​နောက်​လိုက်​တွေ​ကို အလွန်​ချစ်​ကြောင်း၊ ‘ခင်​ဗျား​တို့​ဟာ ဒီ​လော​က​နဲ့ ဘာ​မှ မပတ်​သက်​ဘူး’ လို့ တ​ပည့်​တ​ချို့​ကို အဲဒီ​ည​အစော​ပိုင်း​မှာ ပြော​ခဲ့​တဲ့​စကား​တွေ​ဟာ အရေး​ကြီး​ကြောင်း ယေရှု​ ဖော်ပြခဲ့​တယ်။ (ယောဟန် ၁၅:၁၉) ဒါ​ကြောင့် မိမိ​ရဲ့ နောက်​လိုက်​တွေ လော​က​နဲ့ သီး​ခြား​နေ​တာ​ဟာ ယေရှု​အတွက် အလွန်​အရေး​ကြီး​မှန်း ရှင်း​နေ​ပါ​တယ်။

၂။ ယေရှု​ပြော​ခဲ့​တဲ့ “လော​က”​ ဆို​တာ ဘာ​ကို ရည်​ညွှန်း​သလဲ။

ယေရှု​ပြော​ခဲ့​တဲ့ “လော​က” ဆို​တာ ဘု​ရား​နဲ့ စိမ်း​ကား​နေ​တဲ့၊ စာ​တန် အုပ်​ချုပ်​နေ​တဲ့ လူ​သား​ထု​ကို ရည်​ညွှန်း​တယ်။ စာ​တန်​က​နေ အရင်း​ခံ​တဲ့ အတ္တ​ဆန်​ပြီး ထောင်​လွှား​တဲ့​သဘော​ထား သူတို့​ကို လွှမ်း​မိုး​နေ​တယ်။ (ယောဟန် ၁၄:၃၀။ ဧဖက် ၂:၂။ ၁ ယောဟန် ၅:၁၉) မှန်​ပါ​တယ်၊ ‘လော​က​နဲ့ မိတ်​ဖွဲ့​သူ​ဟာ ဘု​ရား​သခင်​ရဲ့​ရန်​သူ ဖြစ်​တယ်။’ (ယာကုပ် ၄:၄) ဒါ​ပေမဲ့ ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ချင်​သူ​အားလုံး​ဟာ ဒီ​လော​က​မှာ နေ​ထိုင်​ပေမဲ့ လော​က​နဲ့ ဘယ်​လို သီး​ခြား​ဖြစ်​နိုင်​သလဲ။ ခ​ရစ်​တော်​အုပ်​ချုပ်​မယ့် ဘု​ရား​နိုင်​ငံ​ကို ဆက်​သစ္စာ​စောင့်​သိ​ပြီး လော​က​နိုင်​ငံ​ရေး​မှာ ကြား​နေ​ခြင်း၊ လော​က​စိတ်​ဓာတ်​ကို တွန်း​လှန်​ခြင်း၊ ဣ​န္ဒြေ​ရှိ​ရှိ ဝတ်​စား​ဆင်​ယင်​ခြင်း၊ ဘဝ​ကို ရိုး​ရိုး​ရှင်း​ရှင်း​ထား​ခြင်း၊ ဘု​ရား​ဆီ​က ချပ်​ဝတ်​တန်​ဆာ​ကို ဝတ်​ဆင်​ခြင်း ဆို​တဲ့ နည်း​လမ်း​ငါး​ခု​ကို သုံးသပ်​ပါ​မယ်။

ဆက်​သစ္စာ​စောင့်​သိ​ပြီး ကြား​နေ​ခြင်း

၃။ (က) ယေရှု​ဟာ သူ့​ခေတ်​က နိုင်​ငံ​ရေး​မှာ ဘာ​ကြောင့် မပါ​ဝင်​ခဲ့​သလဲ။ (ခ) ယေရှု​ရဲ့ ဘိ​သိက်​ခံ​နောက်​လိုက်​တွေ​ဟာ သံ​အမတ်​တွေ​အဖြစ် အမှု​ဆောင်​တယ်​လို့ ဘာ​ကြောင့် ဆို​နိုင်​သလဲ။ (အောက်​ခြေ​မှတ်​ချက်​ကို​လည်း ကြည့်​ပါ။)

ယေရှု​ဟာ သူ့​ခေတ်​က နိုင်​ငံ​ရေး​မှာ မပါ​ဝင်​ဘဲ ဘု​ရား​သခင့်​နိုင်​ငံ​အကြောင်း ဟော​ပြော​တာ​ကို အာ​ရုံ​စိုက်​ခဲ့​တယ်။ ယေရှု​ဟာ အဲဒီ​အနာ​ဂတ် ကောင်း​ကင်​အစိုး​ရ​ရဲ့ မင်း​လောင်း​ဖြစ်​တယ်။ (ဒံယေလ ၇:၁၃၊ ၁၄။ လုကာ ၄:၄၃။ ၁၇:၂၀၊ ၂၁) ဒါ​ကြောင့် ရော​မဘု​ရင်​ခံ ပု​န္တိ​ပိလတ်​ရှေ့​မှာ “ကျွန်​တော့်​နိုင်​ငံ​ဟာ ဒီ​လော​က​နဲ့ မပတ်​သက်​ဘူး” လို့ ယေရှု ပြော​နိုင်​ခဲ့​တယ်။ (ယောဟန် ၁၈:၃၆) သစ္စာ​ရှိ​နောက်​လိုက်​တွေ​ဟာ ခ​ရစ်​တော်​နဲ့ သူ့​ရဲ့ နိုင်​ငံ​ကို သစ္စာ​စောင့်​သိ​ခြင်း၊ အဲဒီ​နိုင်​ငံ​အကြောင်း လော​က​မှာ ဟော​ပြော​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ရဲ့ ပုံသက်သေ​ကို တု​ပကြ​တယ်။ (မဿဲ ၂၄:၁၄) “ကျွန်​တော်​တို့​ဟာ ခ​ရစ်​တော်​ရဲ့​ကိုယ်​စား သံ​အမတ်​တွေ​ပဲ။ . . . ဒါ​ကြောင့် ‘ဘု​ရား​သခင်​နဲ့ ပြန်​လည်​သင့်​မြတ်​အောင် လုပ်​ကြ​ပါ’ ဆို​ပြီး ခ​ရစ်​တော်​ကိုယ်​စား ကျွန်​တော်​တို့ တောင်း​ပန်​နေ​တာ​ပါ” လို့ တမန်​တော်​ပေါလု ရေး​ခဲ့​တယ်။ *​—၂ ကော​ရိန္သု ၅:၂၀

၄။ ဘု​ရား​နိုင်​ငံ​ကို သစ္စာ​စောင့်​သိ​ကြောင်း ခ​ရစ်​ယာန်​စစ်​အားလုံး ဘယ်​လို တင်​ပြကြ​သလဲ။ (“ အစော​ပိုင်း​ခ​ရစ်​ယာန်တွေ​ရဲ့ ကြား​နေ​မှု” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။)

သံ​အမတ်​တွေ​ဟာ တိုင်း​တစ်ပါး​အစိုး​ရ​ကို ကိုယ်​စား​ပြု​တာ​ကြောင့် သူတို့​တာဝန်​ထမ်း​ဆောင်​တဲ့ နိုင်​ငံ​ရဲ့ ပြည်​တွင်း​ရေး​မှာ စွက်​ဖက်​ခြင်း​မပြု​ဘဲ ကြား​နေ​ကြ​တယ်။ ဒါ​ပေမဲ့ သူတို့​ကိုယ်​စား​ပြု​တဲ့​အစိုး​ရ​ကို ထောက်​ခံ​ကြ​တယ်။ “ကောင်း​ကင်​နိုင်​ငံ​သား​တွေ” ဖြစ်​တဲ့ ခ​ရစ်​တော်​ရဲ့ ဘိ​သိက်​ခံ နောက်​လိုက်​စစ်​တွေ​လည်း အလား​တူ​ပဲ။ (ဖိ​လိပ္ပိ ၃:၂၀) သူတို့​ဟာ ဘု​ရား​နိုင်​ငံ​တော်​အကြောင်း ထက်​ထက်​သန်​သန် ဟော​ပြော​ပြီး ခ​ရစ်​တော်​ရဲ့ သန်း​နဲ့​ချီ​တဲ့ “တ​ခြား​သိုး​တွေ” ကို “ဘု​ရား​သခင်​နဲ့ ပြန်​လည်​သင့်​မြတ်​အောင်” ကူညီ​ပေး​ကြ​တယ်။ (ယောဟန် ၁၀:၁၆။ မဿဲ ၂၅:၃၁-၄၀) “တ​ခြား​သိုး​တွေ” ဟာ ယေရှု​ရဲ့ ဘိ​သိက်​ခံ​ညီ​တွေ​ကို ထောက်မ​ရာ​မှာ ခ​ရစ်​တော်​ရဲ့ သံ​တ​မန်​တွေ​အဖြစ် ဆောင်​ရွက်​ကြ​တယ်။ အဲဒီ​အုပ်​စု​နှစ်​ခု​စ​လုံး​ဟာ မေရှိ​ယ​နိုင်​ငံ​တော်​ကို ထောက်​ခံ​ပြီး စည်း​လုံး​တဲ့ သိုးစု​တစ်​စု​အဖြစ် လော​က​နိုင်​ငံ​ရေး​မှာ ပြတ်​ပြတ်​သား​သား ကြား​နေ​ကြ​တယ်။​—ဟေ​ရှာ​ယ ၂:၂–၄ ကို​ဖတ်​ပါ။

၅။ စစ်​မှန်​တဲ့​ခ​ရစ်​ယာန်​တွေ ကြား​နေ​ရ​တဲ့ နောက်​အကြောင်း​ရင်း​ဟာ ဘာ​လဲ။

ခ​ရစ်​ယာန်​စစ်​တွေ ကြား​နေ​တာ​ဟာ ခ​ရစ်​တော်​ကို သစ္စာ​စောင့်​သိ​ဖို့​ဆို​တဲ့ အချက်​တစ်​ခု​တည်း​ကြောင့်​ပဲ မဟုတ်​ဘူး။ ရှေး​ခေတ် အစ္စရေး​လူမျိုး​ဟာ ဘု​ရား​ပေး​ထား​တဲ့ နိုင်​ငံ​တစ်​ခု​မှာ​ပဲ နေ​ထိုင်​ခဲ့​တယ်။ ကျွန်​တော်​တို့​က​တော့ နိုင်​ငံ​တ​ကာ​မှာ​ရှိ​တဲ့ ညီ​အစ်​ကို​အသင်း​အပင်း​အဝင် ဖြစ်​တယ်။ (မဿဲ ၂၈:၁၉။ ၁ ပေတရု ၂:၉) ဒါ​ကြောင့် ဒေ​သခံ နိုင်​ငံ​ရေး​ပါ​တီ​တွေ​ကို ကျွန်​တော်​တို့ ထောက်​ခံ​နေ​မယ်​ဆို​ရင် နိုင်​ငံ​တော်​သတင်း​ကို လွတ်​လပ်​စွာ ဟော​ပြော​ခွင့်​နဲ့ ခ​ရစ်​ယာန်​စည်း​လုံး​မှု​ကို များ​စွာ​ထိ​ခိုက်​လိမ့်​မယ်။ (၁ ကော​ရိန္သု ၁:၁၀) ဒါ့​အပြင် ကျွန်​တော်​တို့ ချစ်​ရ​မယ့် ယုံ​ကြည်​သူ​ချင်း​တွေ​ကို စစ်​အတွင်း တိုက်​ခိုက်​ရ​လိမ့်​မယ်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၃:၁၀-၁၂) ဒါ​ကြောင့် ယေရှု​က တ​ပည့်တွေ​ကို ဓား​လက်​နက် မကိုင်​ဖို့၊ ရန်​သူ​တွေ​ကို​တောင် ချစ်​ဖို့ မိန့်မှာ​ခဲ့​တယ်။​—မဿဲ ၅:၄၄။ ၂၆:၅၂။ စာ​မျက်​နှာ ၅၅ မှာ​ပါ​တဲ့ “ ငါ​ဟာ ကြား​နေ​သူ​တစ်ဦး​လား” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

၆။ ဘု​ရား​သခင်​ဆီ သင် ဆက်​ကပ်​အပ်​နှံ​တာ​ဟာ ဆီ​ဇာ​နဲ့ သင့်​ဆက်ဆံ​ရေး​အပေါ် ဘယ်​လို သက်​ရောက်​မှု​ရှိ​သလဲ။

စစ်​မှန်​တဲ့ ခ​ရစ်​ယာန်​တွေ​အနေ​နဲ့ ကျွန်​တော်​တို့​ဟာ လူ​သား​တစ်ဦး​ဦး၊ လူ့​အဖွဲ့​အစည်း ဒါ​မှ​မဟုတ် နိုင်​ငံ​တစ်​ခု​ခု​ဆီ​မှာ မဟုတ်​ဘဲ ဘု​ရား​သခင်​ဆီ အသက်​တာ​ကို ဆက်​ကပ်​အပ်​နှံ​ထား​ကြ​တယ်။ ၁ ကော​ရိန္သု ၆:၁၉၊ ၂၀ မှာ “ခင်​ဗျား​တို့​ဟာ ကိုယ့်​ကိုယ်​ကိုယ် မပိုင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ခင်​ဗျား​တို့​ကို တန်​ဖိုး​ကြီး​ကြီး​ပေး​ပြီး ဝယ်​ထား​လို့​ပဲ” လို့ ဖော်ပြထား​တယ်။ ဒါ​ကြောင့် ယေရှု​ရဲ့ နောက်​လိုက်​တွေ​ဟာ “ဆီ​ဇာ” ရ​ထိုက်​တဲ့ ရို​သေလေး​စား​မှု၊ အခွန် စ​တာ​တွေ​ကို ပေး​ပြီး အတိုင်း​အတာ​တစ်​ခု​အထိ လက်​အောက်​ခံ​ကြ​ပေမဲ့ “ဘု​ရား​သခင်​နဲ့​ဆိုင်​တာ ဘု​ရား​သခင်​ကို ပေး” ကြ​တယ်။ (မာကု ၁၂:၁၇။ ရော​မ ၁၃:၁-၇) ဘု​ရား​ကို ပေး​တဲ့​အထဲ​မှာ ဝတ်​ပြု​ကိုးကွယ်​တာ၊ စိတ်​စွမ်း​ကိုယ်​စွမ်း​ရှိ​သမျှ ချစ်​တာ၊ သစ္စာ​ရှိ​ရှိ​နာ​ခံ​တာ ပါ​ဝင်​တယ်။ လို​အပ်​မယ်​ဆို​ရင် ဘု​ရား​အတွက် ကိုယ့်​အသက်​ကို​တောင် စွန့်​ဖို့ အသင့်​ရှိ​ကြ​တယ်။​—လုကာ ၄:၈။ ၁၀:၂၇။ တမန်​တော် ၅:၂၉ နဲ့ ရော​မ ၁၄:၈ ကို​ဖတ်​ပါ။

“လော​က​စိတ်​ဓာတ်” ကို တွန်း​လှန်​ခြင်း

၇၊ ၈။ “လော​က​စိတ်​ဓာတ်” ဆို​တာ ဘာ​လဲ။ ဒီ​စိတ်​ဓာတ်​ဟာ နာ​ခံ​မှု​မရှိ​သူ​တွေ​ဆီ​မှာ ဘယ်​လို “ရှင်​သန်​လှုပ်​ရှား​နေ” သလဲ။

ခ​ရစ်​ယာန်​တွေ လော​က​နဲ့​သီး​ခြား​နေ​တဲ့ နောက်​တစ်​နည်း​က​တော့ လော​က​ရဲ့ ဆိုး​ညစ်​တဲ့​စိတ်​ဓာတ်​ကို တွန်း​လှန်​ခြင်း​ဖြစ်​တယ်။ “ကျွန်​တော်​တို့​ဟာ လော​က​စိတ်​ဓာတ်​ကို မရ​ဘဲ ဘု​ရား​သခင်​ဆီ​က စွမ်းအား​တော်​ကို ရ​ထား​တယ်” လို့ ပေါလု​ရေး​ခဲ့​တယ်။ (၁ ကော​ရိန္သု ၂:၁၂) ဧဖက်​မြို့​သား​တွေ​ကို​လည်း သူ​ဒီ​လို​ပြော​တယ်– ‘ခင်​ဗျား​တို့​ဟာ တစ်​ချိန်​က ဒီ​လော​က​ရဲ့ လမ်း​စဉ်​အတိုင်း၊ လေ​လို​ပျံ့​နေ​တဲ့ စိတ်​ဓာတ်​ကို ထိန်း​ချုပ်​ထား​သူ​ရဲ့ အလို​ဆန္ဒ​အတိုင်း လျှောက်​လှမ်း​ခဲ့​ကြ​တယ်။ အဲဒီ​စိတ်​ဓာတ်​ဟာ နာ​ခံ​မှု​မရှိ​သူ​တွေ​ဆီ​မှာ ရှင်​သန်​လှုပ်​ရှား​နေ​တယ်။’​—ဧဖက် ၂:၂၊ ၃

ဒီ​လော​က​ရဲ့ “လေ” ဒါ​မှ​မဟုတ် လော​က​စိတ်​ဓာတ်​ဟာ မမြင်​နိုင်​တဲ့ တွန်း​အား​တစ်​ခု​ဖြစ်​ပြီး ဘု​ရား​သခင်​ကို မနာ​ခံ​ဖို့ လှုံ့​ဆော်​ပေး​တယ်။ “သွေး​သား​အလို​ဆန္ဒ၊ မျက်​စိ​ရဲ့​အလို​ဆန္ဒ” တွေ​ကို မြေတောင်​မြှောက်​ပေး​တယ်။ (၁ ယောဟန် ၂:၁၆။ ၁ တိမောသေ ၆:၉၊ ၁၀) လော​က​စိတ်​ဓာတ်​ဟာ “ထိန်း​ချုပ်” နိုင်​စွမ်း​ရှိ​ပြီး အပြစ်​ပြု​လို​တဲ့ သွေး​သား​ဆန္ဒ​ကို ဆွဲ​ဆောင်​တယ်၊ လိမ္မာ​ပါး​နပ်​တယ်။ အဆက်​မပြတ် သြဇာ​သက်​ရောက်​ပြီး လေ​လို နေ​ရာ​တိုင်း​မှာ ပျံ့​နှံ့​နေ​တယ်။ ဒါ့​အပြင် တစ်​ကိုယ်​ကောင်း​ဆန်​တာ၊ မာ​န​ကြီး​တာ၊ ရည်​မှန်း​ချက်​ကြီး​တာ၊ အမှား​အမှန်​ကို ကိုယ်​တိုင် ဆုံး​ဖြတ်​ချင်​တာ၊ ပုန်​ကန်​ချင်​တာ စ​တဲ့ ဘု​ရား​တ​ရား​မဲ့ အကျင့်​စ​ရိုက်​တွေ​ကို တ​ဖြည်း​ဖြည်း မွေး​မြူ​လာ​စေ​တယ်။ ဒီ​နည်း​နဲ့ လော​က​စိတ်​ဓာတ်​ဟာ နာ​ခံ​မှု​မရှိ​သူ​တွေ​ဆီ​မှာ “ရှင်​သန်​လှုပ်​ရှား​နေ” တယ်။ * ရိုး​ရိုး​လေး​ပြော​ရ​ရင် လော​က​စိတ်​ဓာတ်​ဟာ လူ​တွေရဲ့​စိတ်​နှလုံး​ထဲ​မှာ မာ​ရ်​နတ်​ရဲ့ အကျင့်​စ​ရိုက်​တွေ​ကို တ​ဖြည်း​ဖြည်း ဖြစ်​ပေါ်​လာ​စေ​တယ်။​—ယောဟန် ၈:၄၄။ တမန်​တော် ၁၃:၁၀။ ၁ ယောဟန် ၃:၈၊ ၁၀

၉။ သင့်​စိတ်​နှလုံး​မှာ လော​က​စိတ်​ဓာတ် ဘယ်​လို ဝင်​လာ​နိုင်​သလဲ။

လော​က​စိတ်​ဓာတ်​ဟာ သင့်​စိတ်​နှလုံး​မှာ အမြစ်​စွဲ​လာ​နိုင်​သလား။ သတိ​မထား​ဘူး​ဆို​ရင် အမြစ်​စွဲ​လာ​နိုင်​တယ်။ (ပညာ​အလိမ္မာ ၄:၂၃ ကို​ဖတ်​ပါ။) လူ​ကောင်း​ဖြစ်​ပုံ​ရ​ပေမဲ့ ယေဟောဝါ​ကို မချစ်​တဲ့​သူ​တွေ​နဲ့ ပေါင်း​သင်း​မယ်​ဆို​ရင် လော​က​စိတ်​ဓာတ် မသိ​မသာ လွှမ်း​မိုး​လာ​တတ်​တယ်။ (ပညာ​အလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) ဒါ့​အပြင် မကောင်း​တဲ့​စာပေ​၊ ညစ်​ညမ်း​တဲ့ ဒါ​မှ​မဟုတ် အယူ​ဖောက်​ပြန်​တဲ့ ဝက်​ဘ်​ဆိုက်၊ အကျိုး​မပြု​တဲ့​ဖျော်​ဖြေမှု၊ အလွန်​အမင်း ပြိုင်​ဆိုင်​တဲ့ အား​က​စား​ပွဲ​တွေ​က​တစ်ဆင့် အဲဒီ​ဆိုး​ညစ်​တဲ့​စိတ်​ဓာတ် ဝင်​လာ​နိုင်​တယ်။ စာ​တန်​နဲ့ စာ​တန့်​လော​က​ရဲ့ အတွေး​အခေါ်​ကို ထင်​ဟပ်​တဲ့ ဘယ်​သူ​မဆို၊ ဘယ်​အရာ​မဆို​က​တစ်ဆင့် ဝင်​လာ​နိုင်​တယ်။

၁၀။ လော​က​စိတ်​ဓာတ်​ကို ဘယ်​လို တွန်း​လှန်​နိုင်​သလဲ။

၁၀ ကျွန်​တော်​တို့​ဟာ အန္တရာယ်​ရှိ​တဲ့ လော​က​စိတ်​ဓာတ်​ကို ဘယ်​နည်း​နဲ့ တွန်း​လှန်​နိုင်​သလဲ။ ဘု​ရား​သခင့်​မေတ္တာ​ကို ဘယ်​နည်း​နဲ့ အမြဲခံစား​ရ​နိုင်​သလဲ။ ယေဟောဝါ​ရဲ့ ပြင်​ဆင်​ပေး​ချက်​တွေ​က​နေ အပြည့်​အဝ အကျိုး​ရ​ယူ​ပြီး သန့်​ရှင်း​သော စွမ်းအား​တော်​အတွက် အမြဲ ဆုတောင်း​ခြင်း​အား​ဖြင့် ဖြစ်​တယ်။ ယေဟောဝါ​ဟာ မာ​ရ်​နတ် ဒါ​မှ​မဟုတ် သူ့​လက်​အောက်​မှာ​ရှိ​တဲ့ ဆိုး​ညစ်​တဲ့​လော​က​ထက် တန်ခိုး​ကြီး​တယ်။ (၁ ယောဟန် ၄:၄) ဒါ​ကြောင့် ဆုတောင်း​ခြင်း​အား​ဖြင့် ယေဟောဝါ​နဲ့ ရင်းရင်း​နှီး​နှီး ရှိ​နေ​ဖို့ သိပ်​အရေး​ကြီး​တယ်။

ဣ​န္ဒြေ​ရှိ​ရှိ ဝတ်​စား​ဆင်​ယင်​ခြင်း

၁၁။ ဝတ်​စား​ဆင်​ယင်​မှု​စံနှုန်း​တွေ​မှာ လော​က​စိတ်​ဓာတ် ဘယ်​လို လွှမ်း​မိုး​နေ​သလဲ။

၁၁ လူ​တစ်ဦး​ရဲ့ ဝတ်​စား​ဆင်​ယင်​ပုံ​နဲ့ တစ်​ကိုယ်​ရေ​သန့်​ရှင်း​မှု​ကို ကြည့်​ပြီး သူ့​စိတ်​ဓာတ်​ကို သိ​မြင်​နိုင်​တယ်။ နိုင်​ငံ​များ​စွာ​မှာ ဝတ်​စား​ဆင်​ယင်​မှု​စံနှုန်း​တွေ အလွန်​ကျ​ဆင်း​နေ​တဲ့​အတွက် ရုပ်​သံ​သတင်း​တင်​ဆက်​သူ​တစ်ဦး​က နောက်​ဆို​ရင် ပြည့်​တန်​ဆာ​တွေ ဝတ်​စ​ရာ​ရှိ​တော့​မှာ မဟုတ်​ဘူး​လို့ ပြော​တယ်။ ဆယ်​ကျော်​သက်​အရွယ် မရောက်​သေး​တဲ့ မိန်း​က​လေး​တွေ​တောင် “များ​များ​ဖော်၊ နည်း​နည်း​ဖုံး” တဲ့​ပုံ​စံ​ကို ဖမ်း​နေ​ကြ​ပြီလို့ သတင်း​တစ်​ပုဒ်​က ဆို​တယ်။ နောက်​တစ်​မျိုး​က​တော့ ဖြစ်​က​တတ်​ဆန်း ဝတ်​စား​တာ​ဖြစ်​တယ်။ ဒါ​ဟာ ပုန်​ကန်​တဲ့​စိတ်​ဓာတ်​ကို ဖော်ပြရုံ​မက ဂုဏ်​သိက္ခာ​နဲ့ ကိုယ့်​ကိုယ်​ကိုယ် လေး​စား​မှု မရှိ​ဘူး​ဆို​တာ​ကို​လည်း ဖော်ပြရာ​ရောက်​တယ်။

၁၂၊ ၁၃။ ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ဆင်​ယင်​ပုံ​ကို ဘယ်​မူ​တွေ​က လမ်း​ညွှန်​သင့်​သလဲ။

၁၂ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​ဟာ ကောင်း​တဲ့​အသွင်​အပြင် ရှိ​ချင်​ကြ​တယ်။ ဆိုလို​တာ​က သန့်​ရှင်း​သပ်​ရပ်​တဲ့၊ နှစ်​သက်​ဖွယ်​ကောင်း​တဲ့၊ အချိန်​အခါ​နဲ့ လိုက်​ဖက်​တဲ့ ဝတ်​စား​ပုံ​ဖြစ်​တယ်။ ကျွန်​တော်​တို့​ရဲ့ အသွင်​အပြင်​ဟာ ‘ဣ​န္ဒြေ​ရှိ​ခြင်း၊ ချင့်​ချိန်​မှု​ရှိ​ခြင်း’ ကို အချိန်​တိုင်း ထင်​ဟပ်​နေ​သင့်​တယ်။ “ဘု​ရား​သခင်​ကို ကြည်​ညို​တယ်​ဆို​တဲ့” အမျိုး​သား၊ အမျိုး​သမီး​တွေ​မှာ​ရှိ​တဲ့ “မွန်​မြတ်​တဲ့ အကျင့်​တွေ” နဲ့ ကိုက်​ညီ​နေ​သင့်​တယ်။ ကျွန်​တော်​တို့​ဟာ ကိုယ့်​ကို အာ​ရုံ​စိုက်​စေ​ဖို့ မဟုတ်​ဘဲ “ဘု​ရား​သခင့်​မေတ္တာ ခံစား​ရ​စေ​မယ့်​အရာတွေ​ကို အမြဲလုပ်​ဆောင်​နိုင်” ဖို့ အဓိ​က​ထား​​တယ်။ (၁ တိမောသေ ၂:၉၊ ၁၀။ ယုဒ ၂၁) မှန်​ပါ​တယ်၊ “ဘု​ရား​သခင့်​ရှေ့​မှာ အလွန်​အဖိုး​တန်​တဲ့” “စိတ်​ထား​အလှ” ကို ကျွန်​တော်​တို့ အလှ​ပဆုံး တန်​ဆာ​ဆင်​ချင်​ကြ​တယ်။​—၁ ပေတရု ၃:၃၊ ၄

၁၃ ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ဆင်​ယင်​ပုံ​ဟာ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​အပေါ် တ​ခြား​သူ​တွေရဲ့ ရှု​မြင်​ပုံ​ကို သြဇာ​သက်​ရောက်​နိုင်​တာ​ကို​လည်း မမေ့​ပါ​နဲ့။ ‘ဣ​န္ဒြေ​ရှိ​ခြင်း’ လို့ပြန်ဆို​ထား​တဲ့ ဂရိ​စကား​လုံး​ကို ကိုယ်​ကျင့်​တ​ရား​နဲ့​ပတ်​သက်​ပြီး သုံး​တဲ့​အခါ တ​ခြား​သူ​တွေ​ရဲ့​ခံစား​ချက် ဒါ​မှ​မဟုတ် ထင်​မြင်​ချက်​ကို လေး​စား​တဲ့​သဘော သက်​ရောက်​တယ်။ ဒါကြောင့် ကိုယ့်​လုပ်​ပိုင်​ခွင့်​ထက် တ​ခြား​သူ​တွေ​ရဲ့ အမှား​အမှန်​သိ​စိတ်​ကို အလေး​ထား​သင့်​တယ်။ အထူး​သဖြင့် ယေဟောဝါ​နဲ့ ကိုယ်​တော့်​လူမျိုး​ကို ကျွန်​တော်​တို့ ဂုဏ်​တင်​ချင်​ကြ​တယ်။ “ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ထောက်​ပြီး အရာရာ​ကို လုပ်​ဆောင်” ခြင်း​အား​ဖြင့် မိမိ​တို့​ကိုယ်​ကို ဘု​ရားရဲ့ အမှု​ဆောင်​သူ​တွေ​ဖြစ်​မှန်း ဖော်ပြချင်​ကြ​တယ်။​—၁ ကော​ရိန္သု ၄:၉။ ၁၀:၃၁။ ၂ ကော​ရိန္သု ၆:၃၊ ၄။ ၇:၁

ငါ့​အသွင်​အပြင်​က ယေဟောဝါ​ကို ဂုဏ်​တင်​သလား

၁၄။ ကျွန်​တော်​တို့​ရဲ့​အသွင်​အပြင်၊ တစ်​ကိုယ်​ရေ​သန့်​ရှင်း​မှု​နဲ့​ပတ်​သက်​ပြီး ကိုယ့်​ကိုယ်​ကိုယ် ဘယ်​မေး​ခွန်း​တွေ မေး​သင့်​သလဲ။

၁၄ အမှု​ဆောင်​လုပ်ငန်း​မှာ ပါ​ဝင်​တဲ့​အခါ၊ ခ​ရစ်​ယာန်​အစည်း​အဝေး​တွေ တက်​ရောက်​တဲ့​အခါ ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ဆင်​ယင်​မှု​နဲ့ သန့်​ရှင်း​မှု​ဟာ ပို​အရေး​ကြီး​တယ်။ ဒါ​ကြောင့် ကိုယ့်​ကိုယ်​ကိုယ် ဒီ​လို​မေး​ပါ– ‘ငါ့​ရဲ့​အသွင်​အပြင်​နဲ့ တစ်​ကိုယ်​ရေ​သန့်​ရှင်း​မှု​က မလို​လား​အပ်​တဲ့ အာ​ရုံ​စိုက်​မှု ဖြစ်​စေ​မလား။ တ​ခြား​သူ​တွေ​ကို စိတ်​အနှောင့်​အယှက် ဖြစ်​စေ​မလား။ အသင်း​တော်​တာဝန်​တွေ​အတွက် အရည်​အချင်း​ပြည့်​မီ​ဖို့​ထက် ဒီ​ကဏ္ဍတွေ​မှာ ငါ့​လုပ်​ပိုင်​ခွင့်​က ပို​အရေး​ကြီး​တယ်​လို့ ယူ​ဆ​သလား။’​—ဆာလံ ၆၈:၆။ ဖိ​လိပ္ပိ ၄:၅။ ၁ ပေတရု ၅:၆

၁၅။ ဝတ်​စား​ဆင်​ယင်​မှု၊ တစ်​ကိုယ်​ရေ သန့်​ရှင်း​မှု​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ သတ်​သတ်​မှတ်​မှတ် စည်း​မျဉ်း​တွေ ဘာ​ကြောင့် မချ​မှတ်​ထား​သလဲ။

၁၅ ကျမ်း​စာ​မှာ ဝတ်​စား​ဆင်​ယင်​မှု၊ တစ်​ကိုယ်​ရေ​သန့်​ရှင်း​မှု​နဲ့​ပတ်​သက်​ပြီး ခ​ရစ်​ယာန်တွေ​အတွက် သတ်​သတ်​မှတ်​မှတ် စည်း​မျဉ်း​တွေ မချ​မှတ်​ထား​ဘူး။ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့ လွတ်​လပ်​စွာ ရွေး​ချယ်​ခွင့်​နဲ့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို အသုံး​ပြု​စေ​ချင်​တယ်။ “ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ကို အမြဲအသုံး​ပြု​ပြီး အမှား​အမှန် ခွဲ​ခြား​သိ​နိုင်​အောင် လေ့ကျင့်” ထား​သူ​တွေ၊ ကျမ်း​စာ​မူ​တွေ​ကို ဆင်​ခြင်​သုံးသပ်​တဲ့ ရင့်​ကျက်​သူ​တွေ ဖြစ်​စေ​ချင်​တယ်။ (ဟီ​ဘ​ရူး ၅:၁၄) အရေး​ကြီး​ဆုံး​က ဘု​ရား​သခင်​နဲ့ လူ​လူ​ချင်း​ကို ချစ်​တဲ့​မေတ္တာ​ရဲ့ လမ်း​ညွှန်​မှု​အတိုင်း လုပ်​ဆောင်​ဖို့ ဘု​ရား အလို​ရှိ​တယ်။ (မာကု ၁၂:၃၀၊ ၃၁ ကို​ဖတ်​ပါ။) ဒီ​လမ်း​ညွှန်​မှု​ဘောင်​တွေ​အတွင်း ဝတ်​စား​ဆင်​ယင်​နိုင်​တဲ့ ပုံ​စံ​အများ​ကြီး ရှိ​တယ်။ ကမ္ဘာ​တစ်​ဝန်း​မှာ​ရှိ​တဲ့ ယေဟောဝါ​သက်​သေတွေ စု​ဆုံ​ကြ​တဲ့​အခါ သူတို့​ရဲ့​ဝတ်​စား​ဆင်​ယင်​ပုံ​အမျိုး​မျိုး​ကို ကြည့်​ရင် ဒီ​အချက်​ကို သိ​နိုင်​တယ်။

ဘဝ​ကို ရိုး​ရိုး​ရှင်း​ရှင်း​ထား​ခြင်း

၁၆။ လော​က​စိတ်​ဓာတ်​နဲ့ ယေရှု​ရဲ့​သွန်သင်​ချက်​ဟာ ဘယ်​လို ဆန့်​ကျင်​ဘက်​ဖြစ်​သလဲ။ ကိုယ့်​ကိုယ်​ကိုယ် ဘယ်​မေး​ခွန်း​တွေ မေး​သင့်​သလဲ။

၁၆ လော​က​စိတ်​ဓာတ်​ဟာ လှည့်​စား​တတ်​တယ်၊ ငွေ​နဲ့ ရုပ်​ပစ္စည်း​တွေ​ရှိ​ရင် ပျော်​ရွှင်​မယ်​လို့ လူ​သန်း​ပေါင်း​များ​စွာ​ကို ထင်​မှတ်​စေ​တယ်။ ဒါ​ပေမဲ့ ယေရှု​က “လူ​တစ်​ယောက်​ဟာ စည်း​စိမ်​ကြွယ်​ဝ​နေ​ရင်​တောင် သူ့​စည်း​စိမ်​က အသက်​မပေး​နိုင်​ဘူး” လို့ ပြော​ခဲ့​တယ်။ (လုကာ ၁၂:၁၅) ကိုယ့်​ကိုယ်​ကိုယ် အလွန့်​အလွန် ခြိုး​ခြံ​နေ​ထိုင်​ဖို့ ယေရှု​ပြော​နေ​တာ မဟုတ်​ဘူး။ “ဘု​ရား​သခင်​ကို မှီ​ခို​ဖို့ လို​အပ်​မှန်း သိ​မြင်​သူ၊” ဘဝ​ကို ရိုး​ရိုး​ရှင်း​ရှင်း​ထား​သူ၊ ဘု​ရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​ဖို့​ကို​သာ အဓိ​က အာ​ရုံ​စိုက်​သူ​တွေ​ဟာ အသက်​နဲ့ စစ်​မှန်​တဲ့​ပျော်​ရွှင်​မှု ရ​မယ်​လို့ သွန်သင်​ပေး​နေ​တာ ဖြစ်​တယ်။ (မဿဲ ၅:၃။ ၆:၂၂၊ ၂၃) ကိုယ့်​ကိုယ်​ကိုယ် ဒီ​လို​မေး​ပါ– ‘ယေရှု​သင်​ပေး​တဲ့​အရာ​ကို ငါ တ​ကယ်​ယုံ​ကြည်​ရဲ့​လား။ ဒါ​မှ​မဟုတ် ငါ့​ကို “မု​သား​ရဲ့​အဖ”​လွှမ်း​မိုး​နေ​ပြီလား။ (ယောဟန် ၈:၄၄) ငါ့​အပြော​အဆို၊ ပန်း​တိုင်၊ ဦးစား​ထား​ရာတွေ​နဲ့ ငါ့​ဘဝ​ပုံ​စံ​က ဘာ​ကို ဖော်ပြနေ​သလဲ။’​—လုကာ ၆:၄၅။ ၂၁:၃၄-၃၆။ ၂ ယောဟန် ၆

၁၇။ ဘဝ​ကို ရိုး​ရိုး​ရှင်း​ရှင်း​ထား​သူ​တွေ ခံစား​ရ​တဲ့ အကျိုး​ကျေး​ဇူး​တ​ချို့​ကို ဖော်ပြပါ။

၁၇ “ဉာဏ်​ပညာ​ဟာ ဖြောင့်​မတ်​တယ်​ဆို​တာ​ကို လုပ်​ရပ်​တွေ​နဲ့ သက်​သေပြလိမ့်​မယ်” လို့ ယေရှု ပြော​တယ်။ (မဿဲ ၁၁:၁၉) ဘဝ​ကို ရိုး​ရိုး​ရှင်း​ရှင်း​ထား​သူ​တွေ ခံစား​ရ​တဲ့ အကျိုး​ကျေး​ဇူး​တ​ချို့​ကို သုံးသပ်​ကြည့်​ကြ​စို့။ သူတို့​ဟာ နိုင်​ငံ​တော်​လုပ်ငန်း​မှာ စစ်​မှန်​တဲ့​လန်း​ဆန်း​မှု ခံစား​ရ​တယ်။ (မဿဲ ၁၁:၂၉၊ ၃၀) မလို​လား​အပ်​တဲ့ စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ရှောင်​တဲ့​အတွက် စိတ်​ပိုင်း​ဆိုင်​ရာ ဝေ​ဒ​နာ​တွေ မခံစား​ရ​ဘူး။ (၁ တိမောသေ ၆:၉၊ ၁၀ ကို​ဖတ်​ပါ။) ဘဝ​လို​အပ်​ရာ​တွေ​ရှိ​ရုံ​နဲ့ ကျေ​နပ်​ရောင့်ရဲ​တဲ့​အတွက် မိသား​စု​နဲ့ ခ​ရစ်​ယာန်​မိတ်ဆွေ​တွေ​ကို အချိန် ပို​ပေး​နိုင်​တယ်။ နှစ်​နှစ်​ခြိုက်​ခြိုက် အိပ်​စက်​နိုင်​တယ်။ (ဒေ​သနာ ၅:၁၂) တတ်​နိုင်​သမျှ ပေး​ကမ်း​တဲ့​အတွက် အလွန်​ပျော်​ရွှင်​ကြ​တယ်။ (တမန်​တော် ၂၀:၃၅) သူတို့​ဟာ ‘မျှော်​လင့်​ချက် ရှင်​သန်’ နေ​ပြီး စိတ်​ငြိမ်သက်​မှု​နဲ့ ကျေ​နပ်​မှု ခံစား​ရ​တယ်။ (ရော​မ ၁၅:၁၃။ မဿဲ ၆:၃၁၊ ၃၂) တန်​ဖိုး​ဖြတ်​မရ​တဲ့ ကောင်း​ချီး​တွေ​ပါ​ပဲ။

“ချပ်​ဝတ်​တန်​ဆာ အပြည့်​အစုံ​ကို” ဝတ်​ဆင်​ခြင်း

၁၈။ ကျွန်​တော်​တို့​ရဲ့ ရန်​သူ၊ သူ့​ရဲ့​ နည်း​စ​နစ်​နဲ့ ‘တိုက်​ခိုက်​မှု’ အကြောင်း ကျမ်း​စာ​က ဘယ်​လို ဖော်ပြသလဲ။

၁၈ ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ရ​ဖို့ လုပ်​ဆောင်​နေ​သူ​တွေ​ဟာ စာ​တန့် တိုက်​ခိုက်​မှု​က​နေ အကာ​အကွယ် ရ​ရှိ​ကြ​တယ်။ စာ​တန်​ဟာ ခ​ရစ်​ယာန်​တွေ​ရဲ့ ပျော်​ရွှင်​မှု​ကို​သာ​မက ထာ​ဝ​ရ​အသက်​ကို​ပါ ဆုံး​ၡုံး​စေ​ချင်​တယ်။ (၁ ပေတရု ၅:၈) “ကျွန်​တော်​တို့​ဟာ အသွေး​အသား​ဖြစ်​တဲ့ လူ​တွေ​နဲ့ တိုက်​ခိုက်​နေ​ရ​တာ မဟုတ်​ဘူး။ အုပ်​စိုး​သူ​တွေ၊ အခွင့်​အာ​ဏာ​ရှိ​သူ​တွေ၊ အမှောင်​လော​က​ရဲ့ အုပ်​စိုး​ရှင်​တွေ​ဖြစ်​တဲ့ ကောင်း​ကင်​က နတ်​ဆိုး​များ​စွာ​နဲ့ တိုက်​ခိုက်​နေ​ရ​တာ” လို့ ပေါလု​ပြော​တယ်။ (ဧဖက် ၆:၁၂) “တိုက်​ခိုက်” ဆို​တဲ့ စကား​လုံး​ဟာ က​တုတ်​ကျင်း​ထဲ​က​နေ တိုက်​ခိုက်​တာ​မျိုး​လို အဝေး​က​တိုက်​ခိုက်​တာ​ကို မဟုတ်​ဘဲ အနီး​ကပ်​တိုက်​ခိုက်​တာ​ကို ဆိုလို​တယ်။ ဒါ့​အပြင် “အုပ်​စိုး​သူ​တွေ၊” “အခွင့်​အာ​ဏာ​ရှိ​သူ​တွေ၊” “လော​က​ရဲ့ အုပ်​စိုး​ရှင်​တွေ” ဆို​တဲ့ အသုံး​အနှုန်း​တွေ​က နာမ်​ဝိညာဉ်​ဘုံ​က​လာ​တဲ့ တိုက်​ခိုက်​မှု​ဟာ အလွန်​စ​နစ်​ကျ​ပြီး ကြို​တင်​စီ​စဉ်​မှု​ရှိ​ကြောင်း ဖော်ပြတယ်။

၁၉။ ခ​ရစ်​ယာန်တွေ​ဝတ်​ဆင်​ရ​မယ့် ချပ်​ဝတ်​တန်​ဆာ​ကို ဖော်ပြပါ။

၁၉ ကျွန်​တော်​တို့​မှာ ချို့​ယွင်း​ချက်​တွေ၊ ကန့်​သတ်​ချက်​တွေ​ရှိ​ပေမဲ့ အောင်​မြင်​နိုင်​ပါ​တယ်။ ဘယ်​လို​နည်း​နဲ့​လဲ။ “ဘု​ရား​သခင်​ဆီ​က ချပ်​ဝတ်​တန်​ဆာ အပြည့်​အစုံ​ကို ဝတ်​ဆင်​ထား” ခြင်းအား​ဖြင့် ဖြစ်​တယ်။ (ဧဖက် ၆:၁၃) အဲဒီ​ချပ်​ဝတ်​တန်​ဆာ​ကို ဧဖက် ၆:၁၄-၁၈ မှာ ဒီ​လို​ဖော်ပြတယ်– “ဒီ​တော့ အမှန်​တ​ရား​ခါး​ပန်း​ကို စည်း​ထား​ကြ၊ ဖြောင့်​မတ်​ခြင်း ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​ပြီး အခိုင်​အမာ ရပ်​တည်​ကြ။ ငြိမ်သက်​ခြင်း​သတင်း​ကောင်း ဟော​ဖို့ အသင့်​ရှိ​နေ​ခြင်း​ဆို​တဲ့ ဖိ​နပ်​ကို စီး​ထား​ကြ။ အဲ​ဒါ​တွေ​အပြင် ဆိုး​ညစ်​သူ​ပစ်​ခတ်​တဲ့ မီး​မြား​တွေ​ကို ငြိမ်း​သတ်​နိုင်​တဲ့ ယုံ​ကြည်​ခြင်း ဒိုင်း​လွှား​ကြီး​ကို​လည်း ကိုင်​ဆောင်​ထား​ကြ။ ကယ်​တင်​ခြင်း သံ​ခ​မောက်​ကို ဆောင်း​ထား​ကြ။ ဘု​ရား​သခင့် တ​ရား​စကား​ဖြစ်​တဲ့ စွမ်းအား​တော်​ဓား​ကို​လည်း ကိုင်​စွဲ​ကြ။ အချိန်​အခါ​တိုင်း​မှာ စွမ်းအား​တော်​လမ်း​ညွှန်​မှု​နဲ့​အညီ တိုး​လျှိုး​အသနား​ခံ​ခြင်း၊ ဆုတောင်း​ခြင်း အမျိုး​မျိုး​နဲ့ ဆုတောင်း​နေ​ပါ။”

၂၀။ ကျွန်​တော်​တို့​ရဲ့ အခြေ​အနေ​ဟာ စစ်​သား​တစ်ဦး​ရဲ့ အခြေ​အနေ​နဲ့ ဘယ်​လို ကွာ​ခြား​သလဲ။

၂၀ ခ​ရစ်​ယာန်တွေ ဝတ်​ဆင်​ရ​မယ့် ချပ်​ဝတ်​တန်​ဆာ​ဟာ ဘု​ရား​သခင် ပြင်​ဆင်​ပေး​ထား​တာ ဖြစ်​လို့ ကျွန်​တော်​တို့ ဝတ်​ဆင်​နေ​သရွေ့ အကာ​အကွယ်​ရ​မှာ သေချာ​တယ်။ စစ်​သား​တွေ​ဟာ စစ်​မတိုက်​ဘဲ ငြိမ်သက်​အေး​ချမ်း​စွာ နေ​ရ​တဲ့​အချိန်​တွေ ရှိ​နိုင်​တယ်။ ခ​ရစ်​ယာန်​တွေ​က​တော့ စာ​တန့်​လော​က​ကို ဘု​ရား​သခင် ဖျက်​ဆီး​ပြီး နတ်​ဆိုး​အားလုံး​ကို တွင်း​နက်​ကြီး​ထဲ ပစ်​ချ​ချိန်​အထိ သေရေး​ရှင်​ရေး​တိုက်​ပွဲ​ကို အဆက်​မပြတ် တိုက်​ခိုက်​နေ​ရ​တယ်။ (ဗျာဒိတ် ၁၂:၁၇။ ၂၀:၁-၃) ဒါ​ကြောင့် သင်​ဟာ အား​နည်း​ချက်​တွေ၊ မကောင်း​တဲ့​ဆန္ဒ​တွေ​ကို တိုက်​လှန်​နေ​ရ​တယ်​ဆို​ရင် လက်​မလျှော့​လိုက်​ပါ​နဲ့။ ကျွန်​တော်​တို့​အားလုံး ယေဟောဝါ​ကို ဆက်​သစ္စာ​ရှိ​နေ​ဖို့ ကိုယ့်​ကိုယ်​ကိုယ် “ထိုး​နှက်” နေ​ရ​မှာ ဖြစ်​လို့​ပဲ။ (၁ ကော​ရိန္သု ၉:၂၇) တ​ကယ်​ဆို​ရင် ကျွန်​တော်​တို့ မတိုက်​လှန်​ဘဲ​နေ​တော့​မှ​သာ အန္တရာယ်​ရှိ​တာ။

၂၁။ ခ​ရစ်​ယာန်​တွေ ဆင်​နွှဲ​နေ​တဲ့ တိုက်​ပွဲ​ကို ဘယ်​နည်း​နဲ့​ပဲ အောင်​မြင်​နိုင်​သလဲ။

၂၁ ဒါ့​အပြင် ကျွန်​တော်​တို့​ရဲ့ အစွမ်း​ခွန်​အား​နဲ့ ဒီ​တိုက်​ပွဲ​ကို မအောင်​မြင်​နိုင်​ဘူး။ ဒါ​ကြောင့် ပေါလု​က ယေဟောဝါ​ဆီ “အချိန်​အခါ​တိုင်း​မှာ” ဆုတောင်း​ဖို့ လို​တယ်​လို့ သတိ​ပေး​တယ်။ တစ်​ချိန်​တည်း​မှာ ယေဟောဝါ​ရဲ့​စကား​ကို နား​ထောင်​တဲ့​အနေ​နဲ့ ကျမ်း​စာ​ကို လေ့​လာ​ရ​မယ်၊ ဒီ​တိုက်​ပွဲ​ကို ကျွန်​တော်​တို့​တစ်ဦး​တည်း တိုက်​နေ​တာ မဟုတ်​တဲ့​အတွက် အခွင့်​အရေး​ရ​တိုင်း ‘ရဲ​ဘော်​ရဲ​ဘက်​တွေ’ နဲ့ ပေါင်း​သင်း​ရ​မယ်။ (ဖိလေမုန် ၂။ ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅) ဒီ​ကဏ္ဍတွေ​ကို သစ္စာ​ရှိ​ရှိ လုပ်​ဆောင်​သူ​တွေ​ဟာ အောင်​မြင်​ရုံ​သာ​မက အခက်​အခဲ​ကြုံရ​ချိန်​မှာ သူတို့​ရဲ့​ယုံ​ကြည်​ခြင်း​ကို ကောင်း​စွာ ခု​ခံ​ကာ​ကွယ်​နိုင်​ပါ​လိမ့်​မယ်။

သင့်​ယုံ​ကြည်​ခြင်း​ကို ခု​ခံ​ကာ​ကွယ်​ဖို့ အသင့်​ရှိ​ပါ

၂၂၊ ၂၃။ (က) ကျွန်​တော်​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို ခု​ခံ​ကာ​ကွယ်​ဖို့ ဘာ​ကြောင့် အမြဲ အသင့်​ရှိ​နေ​ရ​မလဲ။ ကိုယ့်​ကိုယ်​ကိုယ် ဘယ်​မေး​ခွန်း​တွေ မေး​သင့်​သလဲ။ (ခ) နောက်​အခန်း​မှာ ဘယ်​အကြောင်း​ကို ဆွေး​နွေး​ကြ​မလဲ။

၂၂ ‘ခင်​ဗျား​တို့​ဟာ ဒီ​လော​က​နဲ့ ဘာ​မှ မပတ်​သက်​တဲ့​အတွက် လော​က​က ခင်​ဗျား​တို့​ကို မုန်း​တယ်’ လို့ ယေရှု​ပြော​ခဲ့​တယ်။ (ယောဟန် ၁၅:၁၉) ဒါ​ကြောင့် ခ​ရစ်​ယာန်​တွေ​ဟာ လေး​စား​တဲ့​သဘော၊ နူး​ညံ့​တဲ့​သဘော​နဲ့ ကိုယ့်​ယုံ​ကြည်​ခြင်း​ကို ခု​ခံ​ကာ​ကွယ်​ဖို့ အမြဲ အသင့်​ရှိ​နေ​ရ​မယ်။ (၁ ပေတရု ၃:၁၅ ကို​ဖတ်​ပါ။) ကိုယ့်​ကိုယ်​ကိုယ် ဒီ​လို​မေး​ပါ– ‘အများ​လက်ခံ​တဲ့ သဘော​ထား​တစ်​ခု​ကို တစ်​ခါ​တ​လေ​ ယေဟောဝါ​သက်​သေတွေ ဘာ​ကြောင့် လက်မခံ​​သလဲ​ဆို​တာ ငါ နား​လည်​သလား။ အဲဒီ​လို​အခြေ​အနေ​မျိုး​မှာ ကျမ်း​စာ​နဲ့ သစ္စာ​ရှိ​ကျွန်​ပြော​တာ မှန်​တယ်​ဆို​တာ ငါ တ​ကယ်​ယုံ​ကြည်​ရဲ့​လား။ (မဿဲ ၂၄:၄၅။ ယောဟန် ၁၇:၁၇) ယေဟောဝါ​အမြင်​မှာ မှန်​တာ​ကို လုပ်​တဲ့​အခါ တ​ခြား​သူ​တွေ​နဲ့ မတူ​မှာ​ကို မကြောက်​တဲ့​အပြင် အဲဒီ​အတွက် ဂုဏ်​ယူ​သလား။’​—ဆာလံ ၃၄:၂။ မဿဲ ၁၀:၃၂၊ ၃၃

၂၃ ဒါ​ပေမဲ့ လော​က​နဲ့ သီး​ခြား​နေ​လို​တဲ့ ကျွန်​တော်​တို့​ရဲ့​ဆန္ဒ​ဟာ ပို​သိမ်​မွေ့​တဲ့​နည်း​တွေ​နဲ့ စမ်း​သပ်​ခံ​ရ​လေ့​ရှိ​တယ်။ ဥပမာ၊ အထက်​မှာ ဖော်ပြခဲ့​တဲ့​အတိုင်း မာ​ရ်​နတ်​ဟာ လော​က​ရဲ့​ဖျော်​ဖြေမှု​ကို အသုံး​ချ​ပြီး ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ လော​က​ဘက် ပါ​သွား​အောင် သွေး​ဆောင်​တယ်။ ဒါ​ကြောင့် ကျွန်​တော်​တို့​ကို လန်း​ဆန်း​စေ​ပြီး အမှား​အမှန်​သိ​စိတ် ကြည်​လင်​စေ​တဲ့ အကျိုး​ပြု​တဲ့​ဖျော်​ဖြေမှု​ကို ဘယ်​လို ရွေး​ချယ်​နိုင်​သလဲ။ ဒီ​အကြောင်း​ကို နောက်​အခန်း​မှာ ဆွေး​နွေး​ပါ​မယ်။

^ စာပိုဒ်၊ 3 အေဒီ ၃၃၊ ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​က​စ​ပြီး ခ​ရစ်​တော်​ဟာ မြေကြီး​ပေါ်​မှာ​ရှိ​တဲ့ ဘိ​သိက်​ခံ​နောက်​လိုက်​တွေရဲ့ အသင်း​တော်​အပေါ် ဘု​ရင်​အဖြစ် အုပ်​စိုး​နေ​ပြီ။ (ကောလောသဲ ၁:၁၃) ၁၉၁၄ ခု​နှစ်​မှာ ခ​ရစ်​တော်​ဟာ “လော​က​နိုင်​ငံ” ကို အုပ်​စိုး​ဖို့ ဘု​ရင့်​အာ​ဏာ ရ​ရှိ​တယ်။ ဒါ​ကြောင့် ဘိ​သိက်​ခံ​ခ​ရစ်​ယာန်တွေ​လည်း မေရှိ​ယ​နိုင်​ငံ​တော်​ရဲ့ သံ​အမတ်​တွေ​အဖြစ် အခု အမှု​ဆောင်​နေ​ကြ​တယ်။​—ဗျာဒိတ် ၁၁:၁၅

^ စာပိုဒ်၊ 8 ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တဲ့ ကျမ်း​စာ​ဖြင့် ကျိုး​ကြောင်း​ဆင်​ခြင်​ခြင်း စာ​အုပ်၊ စာ​မျက်​နှာ ၂၉၆-၂၉၉ ကို ကြည့်​ပါ