အခန်း ၁၁၅
ယေရှုရဲ့ နောက်ဆုံးပသခါပွဲ နီးလာပြီ
မဿဲ ၂၆:၁-၅၊ ၁၄-၁၉ မာကု ၁၄:၁၊ ၂၊ ၁၀-၁၆ လုကာ ၂၂:၁-၁၃
-
ယုဒရှကာရုတ် ငွေယူပြီး သစ္စာဖောက်အပ်နှံ
-
တမန်တော်နှစ်ယောက် ပသခါပွဲအတွက် ပြင်ဆင်
သံလွင်တောင်ပေါ်မှာ ယေရှုက သူ့ရဲ့ အနာဂတ် ရောက်ရှိခြင်းနဲ့ လောကစနစ် နိဂုံးပိုင်းအကြောင်း တမန်တော်လေးယောက် မေးတာကို အဖြေပေးရင်း သူတို့ကို သွန်သင်လို့ ပြီးသွားပြီ။
နိသန်လ ၁၁ ရက်က တော်တော်အလုပ်များတဲ့ နေ့ပဲ။ ယေရှုက တမန်တော်တွေကို “ခင်ဗျားတို့ သိတဲ့အတိုင်း နောက်နှစ်ရက်ဆိုရင် ပသခါပွဲတော် ရောက်တော့မယ်။ အဲဒီအခါ လူသားကို သစ်တိုင်ပေါ်တင်ပြီး သတ်ဖို့ အပ်လိမ့်မယ်” လို့ပြောတယ်။ ညအိပ်ဖို့ ဗေသနိရွာကို ပြန်တဲ့လမ်းမှာ ဒီစကားတွေကို ပြောတာဖြစ်မယ်။—မဿဲ ၂၆:၂။
နောက်တစ်နေ့၊ ဗုဒ္ဓဟူးနေ့မှာတော့ ယေရှုက ဘယ်မှမသွားဘဲ တပည့်တွေနဲ့ပဲ သီးသန့်နေပုံရတယ်။ အင်္ဂါနေ့တုန်းက ဘာသာရေး ခေါင်းဆောင်တွေကို ပြစ်တင်ရှုတ်ချပြီး လူသိရှင်ကြား ဖော်ထုတ်ခဲ့လို့ သူတို့က ယေရှုကိုသတ်ဖို့ ရှာကြံနေကြတယ်။ ဒါကြောင့် နိသန်လ ၁၂ ရက်နေ့မှာ ယေရှုက ပေါ်ပေါ်ထင်ထင် မသွားလာဘူး။ နောက်တစ်နေ့ညနေ နေဝင်ပြီးချိန်၊ နိသန်လ ၁၄ ရက် စတင်ချိန်မှာ တမန်တော်တွေနဲ့အတူ ပသခါပွဲကျင်းပတဲ့အခါ ဘာအနှောင့်အယှက်မှ မဖြစ်စေချင်လို့ပဲ။
ဒါပေမဲ့ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေကတော့ အလုပ်များနေကြတယ်။ ပုရောဟိတ်မင်း ကယာဖရဲ့အိမ်ဝင်းမှာ စုဝေးကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ယေရှုဖော်ထုတ်လို့ ဒေါသထွက်နေကြတယ်။ အခု “ယေရှုကို အကွက်ဆင်ဖမ်းပြီး သတ်ပစ်ဖို့ တိုင်ပင်ကြတယ်။” ဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ ဖမ်းမှာလဲ။ “ပွဲတော်အတွင်းမှာတော့ ဖမ်းလို့မဖြစ်ဘူး။ လူတွေ ရုတ်ရုတ်သဲသဲဖြစ်မှာ စိုးရိမ်တယ်” လို့ သူတို့ပြောတယ်။ (မဿဲ ၂၆:၄၊ ၅) ယေရှုကို လက်ခံတဲ့လူတွေက အများကြီးဆိုတော့ ကြောက်နေကြတာပေါ့။
ဒီအချိန်မှာပဲ ဘာသာရေးခေါင်းဆောင်တွေဆီ ဧည့်သည်တစ်ယောက် ရောက်လာတယ်။ ယေရှုရဲ့တမန်တော် ယုဒရှကာရုတ်ဖြစ်နေလို့ သူတို့ သိပ်အံ့သြသွားတယ်။ သခင်ကို သစ္စာဖောက်ဖို့ အကြံကို သူ့စိတ်ထဲ စာတန်သွင်းပေးလိုက်တာ။ ယုဒက မဿဲ ၂၆:၁၅) သူတို့လည်း ဝမ်းသာအားရနဲ့ “ငွေပေးမယ်လို့ ကတိပေးကြတယ်။” (လုကာ ၂၂:၅) ဘယ်လောက်ပေးမှာလဲ။ ငွေစ ၃၀ ပေးမယ်လို့ သဘောတူကြတယ်။ ထူးခြားတာက ကျွန်တစ်ယောက်ရဲ့ တန်ဖိုးကလည်း ရှယ်ကယ် ၃၀ ပဲ။ (ထွက်မြောက်ရာ ၂၁:၃၂) ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေက ယေရှုကို တန်ဖိုးမရှိတဲ့သူ၊ အထင်သေးစရာကောင်းတဲ့သူအဖြစ် သဘောထားမှန်း ပြလိုက်တာ။ အဲဒီအချိန်ကစပြီး ယုဒလည်း “လူတွေမရှိခိုက် ယေရှုကိုအပ်နှံဖို့ အခွင့်ကောင်း ရှာနေတော့တယ်။”—လုကာ ၂၂:၆။
“ယေရှုကို ခင်ဗျားတို့လက်ထဲ အပ်မယ်ဆိုရင် ဘယ်လောက်ပေးမလဲ” လို့မေးတယ်။ (ဗုဒ္ဓဟူးနေ့ နေဝင်တာနဲ့ နိသန်လ ၁၃ ရက်စပြီ။ ဒီနေ့က ဗေသနိရွာမှာ ယေရှုတည်းခိုတာ ခြောက်ရက်မြောက်နေ့ဖြစ်ပြီး နောက်ဆုံးညလည်း ဖြစ်တယ်။ မနက်ဖြန်ဆိုရင် ပသခါပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ဖို့ နောက်ဆုံးနေ့ပဲ။ သိုးကလေး တစ်ကောင်ကိုလည်း အဆင်သင့် ရှာထားရမယ်။ ဒါမှ နိသန်လ ၁၄ ရက်အစမှာ သိုးကိုသတ်ပြီး တစ်ကောင်လုံး ကင်နိုင်မှာ။ ပသခါညစာကို ယေရှုနဲ့ တပည့်တွေ ဘယ်နေရာမှာစားမလဲ၊ ဘယ်သူက ပြင်ဆင်ပေးမှာလဲ။ အသေးစိတ် အစီအစဉ်ကို ယေရှုပြောပြမထားတော့ ယုဒက ပုရောဟိတ်ကြီးတွေဆီ သတင်းမပို့နိုင်ဘူး။
ကြာသပတေးနေ့ နေ့လယ်လောက်မှာ ယေရှုက ပေတရုနဲ့ ယောဟန်ကို “ကျွန်တော်တို့စားဖို့ ပသခါညစာကို သွားပြင်ဆင်ကြပါ” ဆိုပြီး ဗေသနိရွာကနေ လွှတ်လိုက်တယ်။ “ဘယ်မှာ သွားပြင်ဆင်ရမလဲ” လို့မေးတော့ “ခင်ဗျားတို့ မြို့ထဲဝင်တဲ့အခါ ရေအိုးထမ်းလာတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိမ့်မယ်။ သူ့နောက်ကိုလိုက်ပြီး သူဝင်တဲ့အိမ်ထဲ လိုက်ဝင်သွားပါ။ ပြီးတော့ ‘“တပည့်တွေနဲ့အတူ ပသခါညစာ စားမယ့်အခန်းက ဘယ်မှာလဲ” လို့ ဆရာမေးတယ်’ ဆိုပြီး အိမ်ရှင်ကို ပြောပါ။ အိမ်ရှင်က အပေါ်ထပ်မှာရှိတဲ့ ပြင်ဆင်ပြီးသား အခန်းကြီးကို ပြလိမ့်မယ်။ အဲဒီအခန်းမှာ ညစာပြင်ဆင်ပါလို့ မှာလိုက်တယ်။”—လုကာ ၂၂:၈-၁၂။
အိမ်ရှင်က ယေရှုရဲ့တပည့် ဆိုတာ သေချာတယ်။ ဒီပွဲအတွက် သူ့အိမ်ကို ယေရှုအသုံးပြုမယ်လို့ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်နိုင်တယ်။ တမန်တော်နှစ်ယောက်လည်း ဂျေရုဆလင်မြို့ကို ရောက်တဲ့အခါ ယေရှုမှာတဲ့အတိုင်း လုပ်ကြတယ်။ ယေရှုနဲ့ တမန်တော် ၁၂ ယောက်၊ စုစုပေါင်း ၁၃ ယောက် ပသခါညစာစားဖို့အတွက် သိုးကလေးနဲ့ တခြားလိုအပ်တာအားလုံးကို အဆင်သင့် ပြင်ထားကြတယ်။