အခန်း ၁၃၅
တပည့်များစွာကို ကိုယ်ယောင်ထင်ရှားပြ
-
ဧမောက်ရွာကို သွားတဲ့လမ်းမှာ ယေရှုပေါ်လာ
-
ကျမ်းချက်တွေရဲ့ အဓိပ္ပာယ်နားလည်အောင် အကြိမ်ကြိမ် ရှင်းပြ
-
သောမ သံသယပျောက်သွား
နိသန် ၁၆ ရက်၊ တနင်္ဂနွေနေ့မှာ တပည့်တွေ ကြောက်နေကြတယ်။ သင်္ချိုင်းဂူ ဘာလို့ ဟာလာဟင်းလင်းဖြစ်နေမှန်း နားမလည်ကြဘူး။ (မဿဲ ၂၈:၉၊ ၁၀။ လုကာ ၂၄:၁၁) အဲဒီနေ့ ညနေပိုင်းလောက်မှာ ကလောဖနဲ့ နောက်တပည့်တစ်ယောက်ဟာ ဂျေရုဆလင်မြို့ကနေ ခုနစ်မိုင်လောက်ဝေးတဲ့ ဧမောက်ရွာကို သွားနေကြတယ်။
ခရီးသွားရင်း ဖြစ်ပျက်ခဲ့သမျှကို အချင်းချင်း ပြောဆိုဆွေးနွေးနေကြတယ်။ ဒီလိုပြောနေတုန်း သူစိမ်းတစ်ယောက် ရောက်လာပြီး သူတို့နဲ့အတူ လိုက်လာတယ်။ သူက “ခင်ဗျားတို့ ခရီးသွားရင်း ဘာအကြောင်းတွေ ငြင်းခုံနေကြတာလဲ” လို့မေးတော့ ကလောဖက “ဂျေရုဆလင်မြို့မှာနေပြီး ဒီရက်ပိုင်းမှာ ဘာတွေဖြစ်နေမှန်း ခင်ဗျားတစ်ယောက်ပဲ မသိတာဆိုတော့ ခင်ဗျားဟာ တိုင်းတစ်ပါးသားလား” လို့ပြောတယ်။ သူစိမ်းကလည်း “ဘာအကြောင်းများပါလိမ့်” ဆိုပြီးမေးတယ်။—လုကာ ၂၄:၁၇-၁၉။
သူတို့က “နာဇရက်မြို့သား ယေရှုရဲ့အကြောင်းပေါ့။” “အစ္စရေးလူမျိုးကို ကယ်တင်မယ့်သူအဖြစ် သူ့ကို ကျွန်တော်တို့ မျှော်လင့်ခဲ့တာ” လို့ပြောတယ်။—လုကာ ၂၄:၁၉-၂၁။
ပြီးတော့ အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြောပြတယ်။ အမျိုးသမီးတချို့ ယေရှုရဲ့ သင်္ချိုင်းဂူကို ရောက်သွားပေမဲ့ ဟာလာဟင်းလင်းဖြစ်နေတာကို တွေ့ခဲ့ရကြောင်း၊ ထူးဆန်းတာက ယေရှု အသက်ပြန်ရှင်ပြီလို့ပြောတဲ့ ကောင်းကင်တမန်တွေကို အမျိုးသမီးတွေ မြင်ခဲ့ရကြောင်း ပြောပြတယ်။ တချို့သူတွေ သင်္ချိုင်းဂူကို သွားကြည့်တော့လည်း “သူတို့ပြောတဲ့အတိုင်း ဟုတ်နေတယ်” ဆိုပြီးပြောပြတယ်။—လုကာ ၂၄:၂၄။
အဲဒီတပည့်နှစ်ယောက်ဟာ အဖြစ်အပျက်တွေရဲ့ အဓိပ္ပာယ်ကို နားမလည်ကြဘူး။ ဒီအခါ သူစိမ်းက သူတို့ရဲ့ အတွေးအခေါ်ကို တည့်မတ်ပေးတယ်။ “ပရောဖက်တွေ ပြောခဲ့သမျှကို နာယူချင်စိတ်မရှိတဲ့ အသိဉာဏ်မဲ့သူတို့၊ ခရစ်တော်ဟာ ဘုန်းအသရေ ရရှိဖို့ ဒီလိုဝေဒနာတွေ ခံရမှာပဲ မဟုတ်လား” ဆိုပြီး ပိုင်ပိုင်နိုင်နိုင် ပြောတဲ့အခါ သူတို့ စိတ်ထိမိသွားကြတယ်။ (လုကာ ၂၄:၂၅၊ ၂၆) ဒီနောက် ခရစ်တော်နဲ့ ပတ်သက်ပြီး ကျမ်းစောင်တွေထဲမှာ ရေးထားသမျှကို ဆက်ရှင်းပြတယ်။
ဒီလိုနဲ့ သူတို့သွားမယ့်ရွာနား ရောက်လာတယ်။ တပည့်နှစ်ယောက်က ထပ်သိချင်သေးတာမို့ သူစိမ်းကို “ကျွန်တော်တို့ဆီမှာပဲ တည်းလိုက်ပါ။ နေ့တာကုန်လို့ မိုးတောင်ချုပ်တော့မယ်” ဆိုပြီး တိုက်တွန်းနေတာနဲ့ သူလည်း သူတို့ဆီမှာ ဝင်တည်းလိုက်တယ်။ သူတို့တွေ စားသောက်ဖို့ပြင်တော့ သူစိမ်းက ဆုတောင်းပြီးတဲ့နောက် မုန့်ကိုဖဲ့ပြီး သူတို့ကို ပေးတယ်။ အဲဒီအခါကျမှ ယေရှုဖြစ်နေမှန်း မှတ်မိသွားကြပေမဲ့ ယေရှု ကွယ်ပျောက်သွားတယ်။ (လုကာ ၂၄:၂၉-၃၁) အခုတော့ ယေရှု အသက်ပြန်ရှင်ပြီဆိုတာ သေချာပေါက် သိသွားကြပြီ။
တပည့်နှစ်ယောက်လည်း စိတ်လှုပ်ရှားလွန်းလို့ “လမ်းမှာ ငါတို့ကို သူစကားတွေပြောပြီး ကျမ်းချက်တွေ အသေအချာ ရှင်းပြတုန်းက ငါတို့ရင်ထဲမှာ လှိုက်ဆူသွားတာပဲ မဟုတ်လား” ဆိုပြီးပြောတယ်။ (လုကာ ၂၄:၃၂) ပြီးတာနဲ့ ဂျေရုဆလင်မြို့ကို ထပြန်သွားကြတယ်။ အဲဒီမှာ တမန်တော်တွေနဲ့ တခြားတပည့်တွေကို တွေ့တယ်။ ကလောဖနဲ့ သူ့အဖော် ဘာမှ မပြောရသေးခင် တခြားသူတွေက “သခင် အသက်ပြန်ရှင်လာတာ အမှန်ပဲ။ ရှိမုန်ကို လာတွေ့သွားတယ်” လို့ပြောကြတယ်။ (လုကာ ၂၄:၃၄) သူတို့နှစ်ယောက်လည်း ယေရှု ကိုယ်ယောင်ထင်ရှားပြတဲ့အကြောင်း ပြန်ပြောပြတယ်။ မှန်ပါတယ်၊ သူတို့လည်း မျက်မြင်သက်သေတွေပါပဲ။
အဲဒီလိုပြောနေတုန်း အခန်းထဲမှာ ယေရှု ပေါ်လာတဲ့အခါ အားလုံး လန့်ဖျပ်သွားကြတယ်။ တကယ်တော့ သူတို့က ဂျူးတွေကိုကြောက်လို့ တံခါးပိတ်ထားကြတာ။ အခု သူတို့အလယ်မှာ ယေရှု ရပ်နေတာကိုကြည့်ပြီး မယုံနိုင်အောင် ဖြစ်နေကြတယ်။ ဒါနဲ့ ယေရှုက “ငြိမ်သက်ခြင်း ရှိပါစေ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ သူတို့ကတော့ ကြောက်နေကြတယ်။ အရင်တစ်ခါတုန်းကလိုပဲ “ဝိညာဉ်ပုဂ္ဂိုလ် ပေါ်လာတယ်လို့” ထင်နေကြတယ်။—လုကာ ၂၄:၃၆၊ ၃၇။ မဿဲ ၁၄:၂၅-၂၇။
ယေရှုက သူဟာ ဝိညာဉ်မဟုတ်ဘဲ သွေးသားခန္ဓာရှိကြောင်း သက်သေထူဖို့ သူ့ခြေလက်တွေကို ပြလိုက်ပြီး “ဘာလို့ လန့်သွားတာလဲ။ ဘာလို့ သံသယဝင်နေတာလဲ။ ဒီမှာ ကျွန်တော့်ခြေလက်တွေကို ကြည့်။ ကျွန်တော်ပါပဲ။ ကိုင်ကြည့်၊ စမ်းကြည့်ကြပါဦး။ ဝိညာဉ်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုလုပ်ပြီး ကျွန်တော့်လို အရိုးတွေ၊ အသားတွေ ရှိနိုင်မှာလဲ” လို့ပြောတယ်။ (လုကာ ၂၄:၃၆-၃၉) သူတို့လည်း အံ့သြပြီး သိပ်ဝမ်းသာသွားပေမဲ့ မယုံနိုင်ကြသေးဘူး။
ယေရှုက သူ တကယ့် လူသားဖြစ်မှန်း သူတို့ယုံအောင် “စားစရာ တစ်ခုခုရှိသလား” လို့မေးတယ်။ ပြီးတော့ သူတို့ပေးတဲ့ ငါးကင်တစ်ပိုင်းကို ယူပြီး စားပြလိုက်တယ်။ ဒီနောက် “ကျွန်တော် ခင်ဗျားတို့နဲ့အတူ ရှိခဲ့တုန်းက [မသေခင်တုန်းက] မောရှေရဲ့ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတွေနဲ့ ဆာလံကျမ်းမှာ ကျွန်တော့်အကြောင်း ရေးထားသမျှ ပြည့်စုံရမယ်လို့ ပြောခဲ့တာပဲ” ဆိုပြီး ပြောတယ်။—ကလောဖနဲ့ သူ့အဖော်ကို ကျမ်းစကားတွေ နားလည်အောင် ယေရှုကူညီပေးခဲ့ပြီးပြီ။ အခုလည်း ဒီနေရာမှာ စုဝေးနေသူ အားလုံးကို အခုလို ရှင်းပြတယ်– “ကျမ်းစာမှာ ခရစ်တော်ဟာ ဝေဒနာခံရမယ်၊ သုံးရက်မြောက်နေ့မှာ သေရာကနေ အသက်ပြန်ရှင်လာမယ်၊ လူတွေ အပြစ်ခွင့်လွှတ်ခံရဖို့ နောင်တယူရမယ်ဆိုတဲ့အကြောင်း ဂျေရုဆလင်မြို့ကစပြီး လူမျိုးအားလုံးကို သူ့နာမည်အမှီပြုပြီး ဟောပြောရမယ်လို့ ရေးထားတယ်။ အဲဒီအကြောင်းတွေကို ခင်ဗျားတို့ သက်သေခံရမယ်။”—လုကာ ၂၄:၄၆-၄၈။
တမန်တော်သောမက အကြောင်းတစ်ခုခုကြောင့် အဲဒီနေရာမှာ မရှိဘူး။ နောက်နေ့တွေကျတော့ ကျန်တပည့်တွေက “ငါတို့ သခင့်ကို မြင်လိုက်ရတယ်” လို့ ဝမ်းသာအားရ ပြောတဲ့အခါ သောမက “ကျွန်တော်ကတော့ သခင့်လက်မှာရှိတဲ့ သံရိုက်ရာကို မမြင်မစမ်းရရင်၊ နံဘေးကို လက်နဲ့ မစမ်းရရင် လုံးဝမယုံဘူး” လို့ပြန်ပြောတယ်။—ယောဟန် ၂၀:၂၅။
ရှစ်ရက်ကြာပြီးနောက် တပည့်တွေက အိမ်တစ်အိမ်မှာ တံခါးတွေပိတ်ပြီး စုဝေးကြပြန်တယ်။ ဒီတစ်ခါတော့ သောမလည်း ရှိနေတယ်။ သူတို့အလယ်မှာ ယေရှုက သွေးသားခန္ဓာကိုယ်နဲ့ ပေါ်လာပြီး “ငြိမ်သက်ခြင်း ရှိပါစေ” လို့ပြောတယ်။ အဲဒီနောက် သောမကိုကြည့်ပြီး “ကျွန်တော့်လက်က ဟောဒီသံရိုက်ရာကို စမ်းကြည့်။ ကျွန်တော့်နံဘေးကိုလည်း လက်နဲ့စမ်းကြည့်ပါ။ မယုံမရှိနဲ့။ ယုံလိုက်စမ်းပါ” ဆိုတော့ သောမက “ကျွန်တော့်သခင်၊ ကျွန်တော့်ဘုရားပါလား” လို့ပြောတယ်။ (ယောဟန် ၂၀:၂၆-၂၈) မှန်ပါတယ်၊ ယေဟောဝါဘုရားရဲ့ ကိုယ်စားလှယ်၊ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ယေရှု အသက်ပြန်ရှင်ပြီဆိုတာ အခု သောမ သံသယမရှိတော့ဘူး။
ယေရှုက “ခင်ဗျား ကျွန်တော့်ကိုမြင်ရလို့ ယုံတာလား။ ကျွန်တော့်ကိုမမြင်ဘဲနဲ့ ယုံတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ဆက်ပြောတယ်။—ယောဟန် ၂၀:၂၉။