အခန်း ၆၆
ဂျေရုဆလင်မြို့မှာ တဲနေပွဲတော်တက်ရောက်
-
ဗိမာန်တော်မှာ ယေရှု သွန်သင်ပေး
နှစ်ခြင်းခံပြီး နောက်ပိုင်းနှစ်တွေအတွင်း ယေရှုကို လူသိများလာတယ်။ ထောင်နဲ့ချီတဲ့ ဂျူးတွေဟာ ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေကို မြင်ခဲ့ပြီး နေရာအနှံ့အပြားမှာ ပြောကြတယ်။ အခု ဂျေရုဆလင်မြို့မှာ တဲနေပွဲတော်တက်ဖို့ ရောက်လာတဲ့လူ အတော်များများ ယေရှုကို ရှာနေကြတယ်။
ယေရှုနဲ့ပတ်သက်ပြီး တစ်ယောက်တစ်မျိုး ပြောနေကြတယ်။ တချို့က “ဒီလူဟာ သူတော်ကောင်းပဲ၊” တချို့ကျတော့ “ဘယ်ကလာ သူတော်ကောင်း ဟုတ်ရမှာလဲ။ လူတွေကို လှည့်စားနေတဲ့သူပဲ” ဆိုပြီး အမျိုးမျိုး ပြောကြတယ်။ (ယောဟန် ၇:၁၂) ပွဲတော်အစပိုင်းနေ့တွေမှာ အဲဒီလို တီးတိုးပြောနေကြတာ။ ဒါပေမဲ့ ဂျူးခေါင်းဆောင်တွေကို ကြောက်လို့ ဘယ်သူမှ လူသိရှင်ကြား မပြောရဲကြဘူး။
ပွဲတော်ချိန်တစ်ဝက်လောက်မှာ ယေရှု ဗိမာန်တော်ကို တက်လာပြီး သွန်သင်ပေးတယ်။ သူ့ရဲ့ သွန်သင်နိုင်စွမ်းကို လူတွေ သိပ်အံ့သြကြတယ်။ သူက ဘယ်ရဗ္ဗိကျောင်းမှ တက်ခဲ့တာမဟုတ်ဘူး။ ဒါကြောင့် “ဒီလူက ဘာသာရေးကျောင်းတွေ မတက်ခဲ့ဘဲနဲ့ ကျမ်းစာအသိပညာ ဘာလို့ ဒီလောက်ကြွယ်ရတာလဲ” လို့ပြောကြတယ်။—ယောဟန် ၇:၁၅။
ယေရှုက “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော့်ရဲ့တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့အရှင်ရဲ့ တရားတွေပဲ။ အဲဒီအရှင်ရဲ့အလိုတော်ကို ဆောင်ချင်တဲ့သူဆိုရင် ဒီတရားဟာ ဘုရားသခင်ဆီကလား၊ ကျွန်တော့်သဘောအတိုင်း သင်ပေးနေတာလားဆိုတာ သိလိမ့်မယ်” လို့ပြောတယ်။ (ယောဟန် ၇:၁၆၊ ၁၇) ယေရှုရဲ့ သွန်သင်ချက်တွေဟာ ဘုရားပညတ်နဲ့ ကိုက်ညီတယ်။ ဒါကြောင့် ယေရှုဟာ သူဂုဏ်တက်ဖို့ လုပ်နေတာ မဟုတ်ဘဲ ဘုရားကို ဂုဏ်တင်နေမှန်း ထင်ရှားပါတယ်။
ဒီနောက် ယေရှုက “မောရှေက ခင်ဗျားတို့ကို ပညတ်ကျမ်းပေးခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ ခင်ဗျားတို့ တစ်ယောက်မှ ပညတ်ကျမ်းကို မလိုက်နာဘူး။ ကျွန်တော့်ကိုသတ်ဖို့ ဘာလို့ ကြံစည်နေကြတာလဲ” လို့မေးတယ်။ လူတချို့ဟာ ဂျေရုဆလင်မြို့က မဟုတ်ကြဘူး။ တခြားဒေသကလာတဲ့ ဧည့်သည်တွေဖြစ်လို့ အဲဒီလို ကြံစည်နေတာကို မသိကြဘူး။ ယေရှုလို ဆရာတစ်ယောက်ကို ဘာဖြစ်လို့ သတ်ဖို့ ကြံစည်နေတာလဲဆိုတာ သူတို့ စဉ်းစားလို့မရဘူး။ ဒါကြောင့် ယေရှုဘက်က တစ်ခုခုမှားနေလို့ အခုလို ကြံစည်တာဖြစ်မယ်ဆိုပြီး ထင်နေကြတယ်။ သူတို့က “ခင်ဗျားဟာ နတ်ဆိုးပူးနေတဲ့သူပဲ။ ခင်ဗျားကိုသတ်ဖို့ ဘယ်သူ ကြံစည်နေလို့လဲ” ဆိုပြီး ပြောကြတယ်။—ယောဟန် ၇:၁၉၊ ၂၀။
တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းက ဥပုသ်နေ့မှာ လူတစ်ယောက်ကို ကုသပေးလို့ ဂျူးခေါင်းဆောင်တွေ ယေရှုကို သတ်ချင်နေကြတာ။ အခု ယေရှုက အကျိုးအကြောင်းနဲ့ ခိုင်ခိုင်လုံလုံ ရှင်းပြပြီး သူတို့ရဲ့ အစွန်းရောက် သဘောထားကို ဖော်ထုတ်ပြတယ်။ မောရှေပညတ်အရ သားယောက်ျားလေးကို ရှစ်ရက်မြောက်နေ့မှာ အရေဖျားဖြတ်ပေးရတယ်။ ဥပုသ်နေ့ဖြစ်ရင်တောင် အရေဖျားဖြတ်ကြတာပဲဆိုပြီး ယေရှုထောက်ပြတယ်။ ပြီးတော့ “မောရှေပညတ်ကို မချိုးဖောက်ချင်လို့ ဥပုသ်နေ့မှာ ခင်ဗျားတို့ အရေဖျားဖြတ်ကြတယ်ဆိုရင် ကျွန်တော်က ဥပုသ်နေ့မှာ လူတစ်ယောက်ကို ဒေါင်ဒေါင်မြည် ကျန်းမာအောင် လုပ်ပေးလိုက်တာ ခင်ဗျားတို့ ဒေါသထွက်စရာလား။ အပြင်ပန်းကိုပဲကြည့်ပြီး အကဲမဖြတ်ပါနဲ့တော့။ မှန်မှန်ကန်ကန် အကဲဖြတ်ကြပါ” လို့ပြောတယ်။—ယောဟန် ၇:၂၃၊ ၂၄။
အခြေအနေကို ကောင်းကောင်းသိနေတဲ့ ဂျေရုဆလင်မြို့သားတွေက “မင်းအရာရှိတွေ သတ်ဖို့ရှာနေတာ ဒီလူပဲ မဟုတ်လား။ ဒါပေမဲ့ ကြည့်ပါဦး။ သူ ပေါ်ပေါ်ထင်ထင်ပဲ ဟောပြောနေတယ်။ သူတို့ ဘာမှလည်း မပြောကြပါလား။ သူ့ကို ခရစ်တော်ဆိုပြီး တကယ် ထင်သွားကြလို့များလား” ဆိုပြီးပြောကြတယ်။ အဲဒီလူတွေက ယေရှုဟာ ခရစ်တော်ဖြစ်မှန်း ဘာကြောင့် မယုံကြတာလဲ။ “သူဘယ်ကလာမှန်း ကျုပ်တို့သိသားပဲ။ ခရစ်တော် ပေါ်ထွန်းတဲ့အခါကျရင်တော့ ဘယ်ကလာမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး” လို့ ပြောတယ်။—ယောဟန် ၇:၂၅-၂၇။
ဒါနဲ့ ဗိမာန်တော်မှာပဲ ယေရှု အခုလိုပြောတယ်– “ခင်ဗျားတို့ ကျွန်တော့်ကို သိတယ်။ ကျွန်တော် ဘယ်ကလာမှန်းလည်း သိတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် လာတာမဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ဟာ တကယ်ရှိတယ်။ အဲဒီအရှင်ကို ခင်ဗျားတို့ မသိဘူး။ ကျွန်တော်ကတော့ သိတယ်။ ကျွန်တော်ဟာ အဲဒီအရှင်ရဲ့ ကိုယ်စားလှယ်ပဲ။ ကျွန်တော့်ကို သူစေလွှတ်လိုက်တာ။” (ယောဟန် ၇:၂၈၊ ၂၉) အဲဒီလို ပြတ်ပြတ်သားသား ပြောလိုက်တော့ ယေရှုကိုဖမ်းဖို့ ကြိုးစားကြတယ်။ ထောင်ချဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှုသေဖို့ အချိန်မကျသေးလို့ ဘယ်သူမှ မဖမ်းနိုင်ကြဘူး။
လူအတော်များများကတော့ ယေရှုကို ယုံကြည်သက်ဝင်ကြတယ်။ ယုံလည်း ယုံကြည်သင့်တယ်။ ယေရှုက ရေပေါ် လမ်းလျှောက်တယ်။ လေမုန်တိုင်းကို ငြိမ်သက်စေတယ်။ မုန့်နဲ့ငါး နည်းနည်းလေးနဲ့ လူယောဟန် ၇:၃၁။
ထောင်ချီကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးတယ်။ ဖျားနာသူကို ကုသပေးတယ်။ ခြေဆွံ့သူ လမ်းပြန်လျှောက်အောင်၊ မျက်မမြင် ပြန်မြင်လာအောင် လုပ်ပေးတယ်။ အနာကြီးရောဂါသည်ကို ကုသပေးတယ်။ လူသေကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးတယ်။ မှန်ပါတယ်၊ အကြောင်းကောင်းရှိလို့ လူတွေက “ခရစ်တော် ပေါ်ထွန်းလာရင်တောင် ဒီလူလုပ်တာထက် ပိုများတဲ့ အံ့ဖွယ်အမှုတွေကို လုပ်နိုင်မှာ မဟုတ်ဘူး” လို့ပြောကြတယ်။—ဒီလိုပြောနေတာကို ဖာရိရှဲတွေ ကြားသွားတယ်။ ဒီအခါ ဖာရိရှဲတွေနဲ့ ပုရောဟိတ်ကြီးတွေက ယေရှုကိုဖမ်းဖို့ အစောင့်ရဲမက်တချို့ကို လွှတ်လိုက်တယ်။