အခန်း ၇၆
ဖာရိရှဲတစ်ဦးနဲ့အတူ စားသောက်ခြင်း
-
သူတော်ကောင်း ယောင်ဆောင်တဲ့ ဖာရိရှဲတွေကို ပြစ်တင်ရှုတ်ချ
ယုဒနယ်မှာရှိနေတုန်း ယေရှုကို ဖာရိရှဲတစ်ဦးက စားသောက်ဖို့ ဖိတ်တယ်။ အဲဒါက နေ့လယ်စာဖြစ်နိုင်တယ်။ (လုကာ ၁၁:၃၇၊ ၃၈။ လုကာ ၁၄:၁၂ နဲ့နှိုင်းယှဉ်ပါ။) ဖာရိရှဲတွေဟာ အစာမစားခင် တံတောင်ဆစ်အထိ လက်ဆေးတဲ့ထုံးစံ ရှိတယ်။ ယေရှုကတော့ အဲဒီလို မလုပ်ဘူး။ (မဿဲ ၁၅:၁၊ ၂) တံတောင်ဆစ်အထိ လက်ဆေးတာက ဘုရားပညတ်ကို ချိုးဖောက်ရာ မရောက်ပေမဲ့ အဲဒီလိုလုပ်ရမယ်လို့ ဘုရားသခင် မတောင်းဆိုထားဘူး။
အဲဒီထုံးစံအတိုင်း ယေရှု မလိုက်တာကိုတွေ့တော့ ဖာရိရှဲ အံ့သြနေတယ်။ ဒါကို ယေရှုသိတဲ့အတွက် “ဖာရိရှဲတို့၊ ခင်ဗျားတို့က အိုးခွက်အပြင်ဘက်ကို ဆေးကြောပါရဲ့။ အတွင်းမှာတော့ လောဘတွေ၊ ကောက်ကျစ်မှုတွေ ပြည့်နေတယ်။ ဆင်ခြင်ဉာဏ်မဲ့သူတို့၊ အပြင်ပိုင်းကို ဖန်ဆင်းတဲ့ဘုရားက အတွင်းပိုင်းကိုလည်း ဖန်ဆင်းထားတယ် မဟုတ်လား” လို့ပြောလိုက်တယ်။—လုကာ ၁၁:၃၉၊ ၄၀။
အစာမစားခင် လက်ဆေးတာက အရေးကြီးကိစ္စ မဟုတ်ဘူး။ ဘာသာရေး အရေခြုံဟန်ဆောင်တာကမှ အရေးကြီးကိစ္စဖြစ်တယ်။ ဖာရိရှဲနဲ့ တခြားသူတွေဟာ ထုံးစံအရ လက်ဆေးပေမဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ဆိုးညစ်မှုတွေကိုတော့ မဆေးကြောကြဘူး။ ဒါကြောင့် ယေရှုက “စေတနာစိတ်နဲ့ ပေးကမ်းခြင်းအားဖြင့် နွမ်းပါးသူတွေကို ကောင်းမှုပြုကြပါ။ ဒါဆိုရင် အရာရာတိုင်းမှာ ခင်ဗျားတို့ စင်ကြယ်သွားလိမ့်မယ်” လို့ဆုံးမတယ်။ (လုကာ ၁၁:၄၁) သိပ်မှန်တဲ့ စကားတွေပါပဲ။ စေတနာစိတ်နဲ့ ပေးကမ်းသင့်တယ်၊ သူတော်ကောင်း ယောင်ဆောင်ပြီး လူအထင်ကြီးအောင် ပေးကမ်းတာမျိုး မဖြစ်သင့်ဘူး။
ဖာရိရှဲတွေကတော့ အဲဒီလို မဟုတ်ကြဘူး။ ဒါကြောင့် ယေရှု အခုလိုပြောတယ်– “ခင်ဗျားတို့က ပင်စိမ်း၊ စမြိတ်၊ ဆေးဖက်ဝင်အပင် အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ ပေးလှူပေမဲ့ ဘုရားသခင်လို တရားမျှတဖို့၊ မေတ္တာပြဖို့ကျတော့ လျစ်လျူရှုထားကြတယ်။ ဆယ်ဖို့တစ်ဖို့ ပေးလှူရမှာ မှန်ပေမဲ့ ဘုရားသခင်လို တရားမျှတဖို့၊ မေတ္တာပြဖို့ကိုလည်း မေ့မထားသင့်ဘူး။” (လုကာ ၁၁:၄၂) ဘုရားပညတ်မှာ ကောက်ပဲသီးနှံတွေကို ဆယ်ဖို့တစ်ဖို့ ပေးလှူဖို့ တောင်းဆိုထားတယ်။ (တရားဟောရာ ၁၄:၂၂) အဲဒီထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုတဲ့ ပင်စိမ်း၊ စမြိတ်နဲ့ တခြားအပင်တွေပါတယ်။ ဖာရိရှဲတွေဟာ အဲဒီအပင်တွေကို ဆယ်ဖို့တစ်ဖို့အနေနဲ့ အတိအကျ ပေးလှူပေမဲ့ တရားမျှတခြင်း၊ ဘုရားရှေ့မှာ ကျိုးနွံခြင်းလိုမျိုး ပညတ်တရားမှာ တောင်းဆိုထားတဲ့ ပိုအရေးကြီးတဲ့အရာတွေကိုတော့ လျစ်လျူရှုထားကြတယ်။—မိက္ခာ ၆:၈။
“ဖာရိရှဲတို့၊ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ ထိုင်ချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်။ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့ဟာ မမြင်သာတဲ့ သင်္ချိုင်းတွင်းတွေနဲ့ တူတယ်။ လူတွေက သင်္ချိုင်းတွင်းမှန်း မသိဘဲ အဲဒီအပေါ်မှာ သွားလာကြတယ်” လို့ ယေရှုဆက်ပြောတယ်။ (လုကာ ၁၁:၄၃၊ ၄၄) လူတွေက သင်္ချိုင်းတွင်း ရှိမှန်းမသိဘဲ သွားလာမိတဲ့အခါ မသန့်မရှင်း ဖြစ်သွားတယ်။ အဲဒီအချက်ကိုသုံးပြီး ယေရှုက ဖာရိရှဲတွေရဲ့ မသန့်ရှင်းမှုဟာ မမြင်သာဘူးဆိုတာ မီးမောင်းထိုးပြတယ်။—မဿဲ ၂၃:၂၇။
ဒီအခါ ပညတ်ကျမ်းနှံ့စပ်သူ တစ်ယောက်က “ဆရာ အခုလိုပြောတာ ကျွန်တော်တို့ကိုပါ စော်ကားလိုက်တာပဲ” လို့ မကျေမနပ် ပြောတယ်။ တကယ်တော့ လူတွေကို ကူညီပေးဖို့ သူတို့ပျက်ကွက်နေမှန်း သူတို့ကိုယ်တိုင် အသိအမှတ်ပြုရမှာ။ ဒါကြောင့် ယေရှုက “ပညတ်ကျမ်းနှံ့စပ်သူတို့၊ ခင်ဗျားတို့လည်း အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က လေးလံတဲ့ ဝန်တွေကို တခြားသူတွေရဲ့ပခုံးပေါ် တင်တတ်တယ်။ ကိုယ်တိုင်ကျတော့ လက်ဖျားနဲ့တောင် မထိဘူး။ ခင်ဗျားတို့လည်း အဖြစ်ဆိုးကြုံရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေက ပရောဖက်တွေကို သတ်ခဲ့တယ်။ ခင်ဗျားတို့ကျတော့ အဲဒီပရောဖက်တွေအတွက် သင်္ချိုင်းဂူ ဆောက်ပေးတယ်” လို့ပြောတယ်။—လုကာ ၁၁:၄၅-၄၇။
ယေရှုပြောတဲ့ “ဝန်တွေ” ဆိုတာ နှုတ်တိုက်ဓလေ့ထုံးစံတွေ၊ ဖာရိရှဲတွေရဲ့ ပညတ်တရား အနက်ဖွင့်ဆိုချက်တွေ ဖြစ်တယ်။ သူတို့က လူတွေရဲ့ဘဝ အဆင်ပြေချောမွေ့အောင် မကူညီပေးဘူး။ အဲဒီအစား လေးလံတဲ့ ဝန်တွေကို မဖြစ်မနေ ထမ်းရမယ်ဆိုပြီး အတင်းတောင်းဆိုကြတယ်။ သူတို့ရဲ့ဘိုးဘေးတွေဟာ အာဗေလကစပြီး ဘုရားသခင်ရဲ့ ပရောဖက်တွေကို သတ်ခဲ့တယ်။ အခု သူတို့က ပရောဖက်တွေအတွက် သင်္ချိုင်းဂူဆောက်ပေးပြီး ဂုဏ်ပြုနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဘိုးဘေးတွေရဲ့ သဘောထားတွေ၊ လုပ်ရပ်တွေကို အတုယူနေတာ။ ဒါ့အပြင် ဘုရားသခင်စေလွှတ်တဲ့ အထင်ရှားဆုံး ပရောဖက်ကိုတောင် သတ်ပစ်ဖို့ ကြိုးစားနေကြတယ်။ ဒါကြောင့် ဒီလူမျိုးဆက်ကို ဘုရားသခင် အရေးယူမယ်ဆိုပြီး
ယေရှုပြောတယ်။ နောက် ၃၈ နှစ်အကြာ အေဒီ ၇၀ မှာ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ယေရှုက “ပညတ်ကျမ်း နှံ့စပ်သူတို့၊ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က အသိပညာ တံခါးသော့ကို သိမ်းထားတယ်။ ကိုယ်တိုင်လည်း မဝင်ဘူး။ ဝင်မယ့်သူတွေကိုလည်း တားကြတယ်” လို့ဆက်ပြောတယ်။ (လုကာ ၁၁:၅၂) ဒီလူတွေဟာ ဘုရားသခင့်စကားတော်ရဲ့ အဓိပ္ပာယ်ကို သွန်သင်ပေးရမှာ။ အခုတော့ ဘုရားသခင်ရဲ့စကားတော်ကို လူတွေ သိနားလည်နိုင်တဲ့ အခွင့်အရေးကိုတောင် ပိတ်ပင်တားဆီးနေကြတယ်။
ယေရှုရဲ့စကားတွေကို ဖာရိရှဲနဲ့ ကျမ်းတတ်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။ အဲဒီကနေ ယေရှု ထွက်သွားတဲ့အခါ သူတို့က ဒေါသတကြီး အတိုက်အခံလုပ်ပြီး မေးခွန်းတွေနဲ့ ထိုးနှက်ကြတော့တယ်။ အဲဒီလိုမေးတာက ယေရှုဆီကနေ သင်ယူချင်လို့ မဟုတ်ဘဲ ယေရှုရဲ့စကားမှာ အမှားရှာပြီး အကွက်ဆင်ဖမ်းဖို့ပဲ။