အခန်း ၁၀
ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်
-
ဆယ့်နှစ်နှစ်သားယေရှု ဆရာတွေကို မေးခွန်းမေး
-
ယေရှုက ယေဟောဝါဘုရားကို “အဖ” လို့ခေါ်
အချိန်ကတော့ နွေဦးကာလပေါ့။ နှစ်စဉ်နှစ်တိုင်း ဒီအချိန်ရောက်ရင် ယောသပ်ရဲ့ မိသားစုဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့အတူ ဂျေရုဆလင်မြို့ကို ခရီးထွက်ကြတယ်။ ပညတ်တရားအရ ပသခါပွဲတက်ဖို့ သွားကြတာ။ (တရားဟောရာ ၁၆:၁၆) နာဇရက်မြို့ကနေ ဂျေရုဆလင်မြို့ကို ဆင်းသွားဖို့ဆိုရင် ၇၅ မိုင်လောက်ဝေးတယ်။ သူတို့အားလုံး ခရီးစဉ်အတွက် အလုပ်များပြီး စိတ်လှုပ်ရှားနေကြတယ်။ ၁၂ နှစ်ရှိပြီဖြစ်တဲ့ ယေရှုလည်း ပွဲတော်တက်ရမှာ၊ ဗိမာန်တော်ကို နောက်တစ်ခေါက်သွားရမှာကိုတွေးပြီး ပျော်နေမှာပဲ။
ယေရှုတို့မိသားစုအတွက် ပသခါပွဲဆိုတာ တစ်ရက်တည်းနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး။ ပသခါပွဲပြီးတော့ နောက်တစ်နေ့ဟာ ခုနစ်ရက်ကြာကျင်းပမယ့် တဆေးမဲ့မုန့်ပွဲ စတင်တဲ့နေ့၊ “တဆေးမဲ့မုန့်ပွဲ ပထမနေ့” ဖြစ်တယ်။ (မာကု ၁၄:၁၂) ပသခါပွဲတော်ရာသီမှာ အဲဒီပွဲလည်းပါဝင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် ဂျေရုဆလင်မှာနေတဲ့အချိန် အပါအဝင် နာဇရက်မြို့ကနေ ဂျေရုဆလင်မြို့ အသွားအပြန်ခရီးဟာ နှစ်ပတ်လောက်ကြာတယ်။ ဒီနှစ်တော့ ဂျေရုဆလင်မြို့ကနေ အပြန်ခရီးမှာ ယေရှုကြောင့် နည်းနည်း ပိုကြာသွားတယ်။
အပြန်ခရီးဖြစ်တဲ့ မြောက်ဘက်ကို သွားနေရင်း ယောသပ်နဲ့ မာရိဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့အတူ ယေရှုပါလာတယ်လို့ ထင်နေတာ။ ညအိပ်ဖို့နားတော့မှ ယေရှုမပါမှန်း သိကြတယ်။ ဒါနဲ့ ခရီးဖော်တွေကြားမှာ လိုက်ရှာတော့ မတွေ့ဘူး။ ဘယ်မှာမှ ရှာမတွေ့တဲ့အဆုံး ယောသပ်နဲ့ မာရိဟာ ဂျေရုဆလင်မြို့ကို ပြန်သွားရှာရတော့တယ်။
အဲဒီမှာ တစ်ရက်လုံး လိုက်ရှာပေမဲ့ ယေရှုကို မတွေ့ဘူး။ ဒုတိယနေ့မှာလည်း မတွေ့ဘူး။ သုံးရက်မြောက်နေ့မှာတော့ အခန်းတွေ အများကြီးရှိတဲ့ ဗိမာန်တော်မှာ ပြန်တွေ့တယ်။ ယေရှုက ဂျူးဘာသာရေးဆရာတွေအလယ်မှာ ထိုင်ပြီး နားထောင်လိုက်၊ မေးခွန်းတွေမေးလိုက် လုပ်နေတာ။ သူ့ရဲ့ဉာဏ်ရည် ထက်မြက်ပုံကို အားလုံး အံ့သြနေကြတယ်။
မာရိက “သားရယ်၊ အဖေနဲ့အမေ့မှာ သားကို အပူတပြင်း ရှာလိုက်ရတာ။ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ” လို့ပြောတယ်။—လုကာ ၂:၄၈။
ယေရှုက သူဒီမှာရှိနေမှန်း မိဘတွေ မသိတာကို အံ့သြသွားပြီး “သားကို ဘာလို့ ရှာနေကြတာလဲ။ အဖရဲ့အိမ်တော်မှာ သားရှိနေမယ်ဆိုတာ မသိဘူးလား” လို့ပြောတယ်။—လုကာ ၂:၄၉။
အခုတော့ သူတို့ ပြန်ဆုံသွားကြပြီ။ ယေရှုက ယောသပ်၊ မာရိတို့နဲ့ နာဇရက်မြို့ကို ပြန်လိုက်သွားပြီး မိဘစကားကို အမြဲနာခံတယ်။ ကာယဉာဏ နှစ်တန်စလုံး ကြီးထွားဖွံ့ဖြိုးလာတယ်။ အသက်ငယ်ပေမဲ့ ဘုရားရှေ့၊ လူရှေ့ မျက်နှာရတဲ့သူ ဖြစ်လာတယ်။ ယေရှုဟာ ငယ်ငယ်ကတည်းက ဘုရားရေးရာကို စိတ်ဝင်စားတဲ့အပြင် မိဘတွေကိုလည်း လေးစားတယ်။ တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။