အခန်း ၂၀
ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ
ပထမရာစုမှာ “ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ” ပါဝင်တဲ့ အုပ်စုလေးဟာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် အမှုဆောင်ပြီး အစောပိုင်း ခရစ်ယာန် အသင်းတော်တစ်ခုလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးခဲ့တယ်။ (တမန်တော် ၁၅:၂) သူတို့ဟာ သမ္မာကျမ်းစာ ဘာပြောသလဲဆိုတာ သိအောင် ဆွေးနွေးပြီး ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို လိုက်နာတဲ့အတွက် တညီတညွတ်တည်း ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြတယ်။ (တမန်တော် ၁၅:၂၅) ယနေ့အချိန်မှာလည်း အဲဒီနည်းအတိုင်း လုပ်ဆောင်နေကြပါတယ်။
ဘုရားသခင့် အသုံးတော်ခံအနေနဲ့ ဘုရားသခင့်အလိုတော် ဆောင်နေကြတယ်။ အုပ်ချုပ်ရေးအဖွဲ့မှာ အမှုဆောင်နေတဲ့ ကောင်းကင်အတန်းအစား ညီအစ်ကိုတွေက သမ္မာကျမ်းစာကို လေးလေးနက်နက် စိတ်ဝင်စားကြပြီး လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ကျမ်းစာမေးခွန်းတွေကို ကိုင်တွယ်ရာမှာ အတွေ့အကြုံများစွာ ရှိသူတွေ ဖြစ်ကြတယ်။ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းရဲ့ လိုအပ်ရာကို သုံးသပ်ဖို့ ပတ်စဉ် စုဝေးကြတယ်။ ပထမရာစုတုန်းကလိုပဲ၊ ကျမ်းစာအခြေပြု ညွှန်ကြားချက်တွေကို စာတွေအားဖြင့် ဒါမှမဟုတ် နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ တခြားသူတွေအားဖြင့် ပေးပို့ကြတယ်။ ဒီလိုလုပ်တဲ့အတွက် ဘုရားသခင့်လူမျိုးဟာ တညီတညွတ်တည်း တွေးတော လုပ်ဆောင်နိုင်ကြတယ်။ (တမန်တော် ၁၆:၄၊ ၅) အုပ်ချုပ်ရေးအဖွဲ့က ပုံဆောင်အစာ ပြင်ဆင်ပေးမှုတွေကို ကြီးကြပ်ပေးတယ်၊ ဟောပြောခြင်းလုပ်ငန်းကို ဦးစားထားလုပ်ဆောင်ဖို့ အားလုံးကို အားပေးတယ်၊ ညီအစ်ကိုတွေကို တာဝန်ခန့်အပ်ရာမှာ ကြီးကြပ်ပေးတယ်။
ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့က လမ်းညွှန်မှုတွေ ရရှိဖို့ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါနဲ့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှုကို မျှော်ကိုးကြတယ်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၃) အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မိမိတို့ကိုယ်ကို ဘုရားသခင့်လူမျိုးရဲ့ ခေါင်းဆောင်တွေအဖြစ် မရှုမြင်ကြဘူး။ သူတို့တွေဟာ ကျန်တဲ့ ကောင်းကင်အတန်းအစား ခရစ်ယာန်အားလုံးနဲ့အတူ “သိုးသငယ်[ယေရှု]သွားလေရာ တကောက်ကောက် လိုက်သူတွေ” ဖြစ်ကြတယ်။ (ဗျာဒိတ် ၁၄:၄) သူတို့အတွက်နဲ့ သူတို့ရဲ့အလုပ်တွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးတာကို အုပ်ချုပ်ရေးအဖွဲ့က အလွန် ကျေးဇူးတင်ကြပါတယ်။
-
ပထမရာစု အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူတွေ ပါဝင်သလဲ။
-
ယနေ့ အုပ်ချုပ်ရေးအဖွဲ့က ဘုရားသခင့်လမ်းညွှန်မှုကို ဘယ်လို ရှာယူကြသလဲ။