မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲ

သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲ

အခန်း ၈

သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲ

“ကျွန်မစိတ်ဆိုးတဲ့အခါ တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်ချင်တယ်။ ဝမ်းနည်းတဲ့အခါ နှစ်သိမ့်ပေးမယ့်သူတစ်ယောက်ယောက် လိုချင်တယ်။ ပျော်ရွှင်တဲ့အခါ ကိုယ့်အပျော်တွေကို တစ်ယောက်ယောက်နဲ့ ဝေမျှခံစားချင်တယ်။ ကျွန်မအတွက်တော့ သူငယ်ချင်းဆိုတာ မရှိမဖြစ်လိုအပ်ရာပဲ။”—ဘရစ်တနီ။

ကလေးတွေက ကစားဖော်လိုတယ်၊ လူငယ်တွေက သူငယ်ချင်းလိုတယ်လို့ ပြောကြတယ်။ ကွာခြားချက်ကဘာလဲ။

ကစားဖော်ဆိုတာ သင့်ကိုအဖော်လုပ်ပေးတဲ့သူဖြစ်တယ်။

သူငယ်ချင်းဆိုတာ သင်နဲ့စံနှုန်းတူတဲ့သူဖြစ်တယ်။

ဒါ့အပြင် ‘မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ’ လို့ ကျမ်းစာပြောတယ်။ (သုတ္တံ ၁၇:၁၇ကဘ) ဒါက ငယ်ငယ်တုန်းက ကစားကွင်းမှာမိတ်ဖွဲ့ခဲ့တာထက် ပိုနက်ရှိုင်းတဲ့မိတ်ဖွဲ့မှုမျိုးကို ပြောနေတာဖြစ်တယ်။

အဖြစ်မှန်– သင်ဟာ တဖြည်းဖြည်း လူကြီးဖြစ်လာတာနဲ့အမျှ

၁။ အထင်ကြီးလေးစားစရာ အရည်အချင်းတွေရှိတဲ့

၂။ ချီးမွမ်းစရာစံနှုန်းတွေရှိတဲ့

၃။ သင့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးနိုင်တဲ့ သူငယ်ချင်းတွေ လိုအပ်လာမှာပဲ။

မေးခွန်း– အဲဒီလိုသူငယ်ချင်းမျိုး ဘယ်လိုရနိုင်မလဲ။ တစ်ချက်ချင်းစီ လေ့လာကြည့်ရအောင်။

မိတ်ဖွဲ့ရာမှာ စဉ်းစားစရာ # ၁–အထင်ကြီးလေးစားစရာ အရည်အချင်းတွေရှိခြင်း

သင်သိထားသင့်ရာ။ သူငယ်ချင်းတိုင်းက သူငယ်ချင်းကောင်းဖြစ်မလာနိုင်ဘူး။ ‘အချင်းချင်းကိုနင်းခြေဖို့ အသင့်ဖြစ်နေတဲ့ အပေါင်းအသင်းတွေရှိတယ်’ လို့တောင် ကျမ်းစာပြောတယ်။ (သုတ္တံ ၁၈:၂၄ကဘ) ဒါက နည်းနည်းပြင်းထန်ပုံပေါက်ပေမဲ့ ဒီအချက်ကိုစဉ်းစားကြည့်ပါ– သင့်မှာ သာပေါင်းညာစား သူငယ်ချင်းမျိုး ရှိဖူးလား။ သင့်အတွင်းရေးတွေကို လျှောက်ပြောတဲ့ ဒါမှမဟုတ် သင့်အကြောင်း သွားပုပ်လေလွင့်ပြောတဲ့ သူငယ်ချင်းမျိုးကော ရှိဖူးလား။ ရှိခဲ့မယ်ဆိုရင် မိတ်ဆွေသူငယ်ချင်းတွေအပေါ် အယုံအကြည်မဲ့သွားနိုင်တယ်။ * ဒါပေမဲ့ မိတ်ဖွဲ့တဲ့အခါ မမေ့သင့်တဲ့အချက်က အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်ဆိုတာပဲ။

သင်လုပ်ဆောင်နိုင်ရာ။ အတုယူစရာ အရည်အချင်းတွေရှိသူတွေကို ရွေးပေါင်းပါ။

“ကျွန်မသူငယ်ချင်း ဖီအိုနာကို လူတိုင်းက အကောင်းမြင်ကြတယ်။ ကျွန်မလည်း သူ့လိုပဲ အကောင်းပြောခံချင်တယ်၊ နာမည်ကောင်းရချင်တယ်။ သူ့မှာနာမည်ကောင်းရှိတာကို ကျွန်မ အထင်ကြီးလေးစားတယ်။”—အီဗက်၊ ၁၇ နှစ်။

ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။

၁။ ဂလာတိ ၅:၂၂၊ ၂၃ ကိုဖတ်ပါ။

၂။ ‘ငါ့သူငယ်ချင်းတွေမှာ “စွမ်းအားတော်ကြောင့်ဖြစ်ပေါ်တဲ့ အရည်အသွေးတွေ” ရှိသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

၃။ အခင်ဆုံးသူငယ်ချင်းတွေရဲ့နာမည်ကို အောက်မှာရေးပါ။ နာမည်တစ်ခုစီရဲ့ဘေးမှာ သူ့ရဲ့အကောင်းဆုံးအရည်အသွေးကို ရေးပါ။

နာမည်

․․․․․

အရည်အသွေး

․․․․․

အကြံပြုချက်– တကယ်လို့ မကောင်းတဲ့အကျင့်စရိုက်တွေပဲ ခေါင်းထဲပေါ်လာရင် ပိုကောင်းတဲ့သူငယ်ချင်းတွေကိုရှာပါ။

မိတ်ဖွဲ့ရာမှာ စဉ်းစားစရာ # ၂–ချီးမွမ်းစရာစံနှုန်းတွေရှိခြင်း

သင်သိထားသင့်ရာ။ သင်ဟာ အပေါင်းအသင်းမက်လေ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပိုပေါင်းမိလေပဲ။ ‘ဉာဏ်ပညာရှိတဲ့သူနဲ့ပေါင်းဖော်ရင် ဉာဏ်ပညာရှိလိမ့်မယ်။ လူမိုက်နဲ့ပေါင်းဖော်ရင်တော့ ဒုက္ခလှလှတွေ့လိမ့်မယ်’ လို့ကျမ်းစာပြောတယ်။ (သုတ္တံ ၁၃:၂၀ကဘ) ‘လူမိုက်’ ဆိုတာ အတန်းထဲမှာ အဆင့်မကောင်းတဲ့သူ ဒါမှမဟုတ် ဉာဏ်မကောင်းတဲ့သူကို ပြောနေတာမဟုတ်ဘူး။ အဲဒီအစား အကျိုးအကြောင်းပြပြီးပြောတာကို လက်မခံသူ၊ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာသူဖြစ်တယ်။ အဲဒီလိုသူငယ်ချင်းမျိုးကို သင်မလိုအပ်ပါဘူး။

သင်လုပ်ဆောင်နိုင်ရာ။ တွေ့ကရာလူနဲ့မိတ်ဖွဲ့မယ့်အစား သေချာရွေးချယ်ပြီးမှ မိတ်ဖွဲ့ပါ။ (ဆာလံ ၂၆:၄) ဒါပေမဲ့ ခွဲခြားဆက်ဆံတာမျိုးတော့ မလုပ်သင့်ဘူး။ အဲဒီအစား ‘ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရားသခင်အတွက်အမှုဆောင်သူနဲ့ မဆောင်သူရဲ့ကွာခြားချက်ကို မြင်’ နိုင်ဖို့ အကဲခတ်ပိုင်းခြားတတ်ရမယ်။—မာလခိ ၃:၁၈ကဘ။

“ဘုရားရဲ့စံနှုန်းတွေအတိုင်း နေထိုင်တဲ့ ရွယ်တူချင်းတွေရှာတွေ့ဖို့ ကျွန်တော့်ကို မိဘတွေကူညီပေးခဲ့တဲ့အတွက် သိပ်ကျေးဇူးတင်တာပဲ။”—ခရစ္စတိုဖာ၊ ၁၃ နှစ်။

အောက်ပါမေးခွန်းတွေကို ဖြေပါ–

သူငယ်ချင်းတွေနဲ့အတူရှိနေချိန်မှာ မှားတယ်လို့ကိုယ်သိထားတဲ့အရာတစ်ခုခုလုပ်ဖို့ သူတို့ဖိအားပေးနိုင်တယ်ဆိုပြီး စိုးရိမ်တတ်သလား။

□ စိုးရိမ်တယ်

□ မစိုးရိမ်ဘူး

သူငယ်ချင်းတွေကို မိဘတွေကြိုက်မှာမဟုတ်ဘူးဆိုပြီး မိဘတွေနဲ့မိတ်ဆက်ပေးဖို့ မဝံ့မရဲဖြစ်သလား။

□ ဖြစ်တယ်

□ မဖြစ်ဘူး

အကြံပြုချက်– စိုးရိမ်တယ်၊ မဝံ့မရဲဖြစ်တယ်လို့ ဖြေတယ်ဆိုရင် မြင့်မားတဲ့စံနှုန်းတွေရှိပြီး ခရစ်ယာန်အသက်တာမှာ ပုံသက်သေကောင်းတဲ့ သူငယ်ချင်းတွေကိုရှာပါ။

မိတ်ဖွဲ့ရာမှာ စဉ်းစားစရာ # ၃–ကောင်းတဲ့သြဇာလွှမ်းမိုးခြင်း

သင်သိထားသင့်ရာ။ “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” လို့ ကျမ်းစာမှာပြောတယ်။ (၁ ကောရိန္သု ၁၅:၃၃) လော်ရန်ဆိုတဲ့ မိန်းကလေး ဒီလိုပြောပြတယ်– “အတန်းဖော်တွေက သူတို့လုပ်ခိုင်းတာကို ကျွန်မလုပ်နေသရွေ့ ကျွန်မကိုလက်ခံကြတယ်။ ကိုယ့်မှာလည်း ပေါင်းစရာအဖော်မရှိတော့ သူတို့လို လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။” တခြားသူတွေရဲ့စံနှုန်းအတိုင်း လိုက်လုပ်မယ်ဆိုရင် ကိုယ်က စစ်တုရင်ခုံပေါ်က အရုပ်တစ်ရုပ်နဲ့တူနေပြီး သူတို့စိတ်ကြိုက် အရွှေ့ခံရမယ်ဆိုတာ လော်ရန်သိလာတယ်။ သင် အဲဒီလိုအဖြစ်မခံပါနဲ့။

သင်လုပ်ဆောင်နိုင်ရာ။ သူတို့ရဲ့ဘဝပုံစံအတိုင်း လိုက်လုပ်ဖို့ သင့်ကို မရမကဖိအားပေးသူတွေနဲ့ အဆက်ဖြတ်လိုက်ပါ။ အဲဒီလိုလုပ်ရင် သူငယ်ချင်းနည်းသွားနိုင်ပေမဲ့ ပိုပျော်လာမယ်။ ဒါ့အပြင် သင့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးမယ့် သူငယ်ချင်းကောင်းတွေနဲ့ မိတ်ဖွဲ့နိုင်ပါလိမ့်မယ်။—ရောမ ၁၂:၂

“ကျွန်တော့်မိတ်ဆွေရင်း ကလင့်ဟာ ကောင်းကောင်းချင့်ချိန်ဆုံးဖြတ်တတ်ပြီး ကိုယ်ချင်းစာစိတ်လည်းရှိတယ်။ သူ့လိုမိတ်ဆွေမျိုးရှိလို့ ကျွန်တော်တကယ်အားရှိတယ်။”—ဂျေဆန်၊ ၂၁ နှစ်။

သင့်ကိုယ်သင် ဒီလိုမေးပါ–

သူငယ်ချင်းတွေ သဘောကျစေချင်တာနဲ့ပဲ ငါ့ရဲ့ဝတ်စားပုံ၊ ပြောဆိုပြုမူပုံတွေကို အကောင်းဘက်ကနေ အဆိုးဘက် ပြောင်းလိုက်သလား။

□ ပြောင်းတယ်

□ မပြောင်းဘူး

ကိုယ်ကျင့်တရားပျက်ပြားစေနိုင်တဲ့ နေရာတွေကို သွားလေ့သွားထမရှိပေမဲ့ သူငယ်ချင်းတွေကြောင့် ငါသွားသလား။

□ သွားတယ်

□ မသွားဘူး

အကြံပြုချက်– ပြောင်းတယ်၊ သွားတယ်လို့ဖြေရင် မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့လူကြီးတစ်ယောက်ဆီမှာ အကြံဉာဏ်တောင်းပါ။ သင်ဟာ ယေဟောဝါသက်သေဖြစ်မယ်ဆိုရင် အသင်းတော်အကြီးအကဲဆီသွားပြီး သင့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးမယ့် သူငယ်ချင်းတွေရွေးချယ်ရာမှာ အကူအညီလိုအပ်ကြောင်း ပြောပြပါ။

နောက်အခန်းမှာဖတ်ကြည့်ပါ

သူငယ်ချင်းဆိုတဲ့သူတွေက ဒါမှမဟုတ် ကိုယ့်စိတ်နှလုံးက မကောင်းတာလုပ်ဖို့ သွေးဆောင်နေသလား။ ဒါဆိုရင် ဘယ်လိုတွန်းလှန်နိုင်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 တကယ်တော့ လူတိုင်းမှားတတ်ပါတယ်။ (ရောမ ၃:၂၃) သူငယ်ချင်းတစ်ယောက်က သင့်ကို စိတ်ထိခိုက်အောင်လုပ်ခဲ့ပေမဲ့ နောင်တစစ်ပြမယ်ဆိုရင် “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” ကြောင်း သတိရပါ။—၁ ပေတရု ၄:၈

အဓိကကျမ်းချက်

‘ညီအစ်ကိုထက် ပိုတွယ်တာတဲ့မိတ်ဆွေလည်းရှိတယ်။’ —သုတ္တံ ၁၈:၂၄ကဘ။

အကြံပြုချက်

ဖြောင့်မတ်တဲ့စံနှုန်းတွေအတိုင်း အသက်ရှင်ပါ။ ဒါဆိုရင် အဲဒီအတိုင်းအသက်ရှင်ဖို့ ကြိုးစားနေသူတွေနဲ့တွေ့ဖို့ အကြောင်းပိုများတယ်။ သူတို့က အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာပါ လိမ့်မယ်။

သင်သိပါသလား . . . ?

ဘုရားသခင်ဟာ မျက်နှာမလိုက်ဘူး။ ဒါပေမဲ့ ‘တဲတော်မှာ တည်းခိုခွင့်ရ’ မယ့်သူတွေကိုတော့ သေချာစိစစ်ရွေးချယ်ပြီးမှ လက်ခံတယ်။—ဆာလံ ၁၅:၁-၅ကဘ။

လက်တွေ့လုပ်ကြည့်ပါ

သူငယ်ချင်းကောင်းတွေ ရှာတွေ့နိုင်ဖို့ ငါလုပ်နိုင်တာက ․․․․․

ငါပိုရင်းနှီးချင်တဲ့ ငါ့ထက်အသက်ကြီးသူတချို့ကတော့ ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● သူငယ်ချင်းတစ်ယောက်မှာ သင်တန်ဖိုးအထားဆုံး အရည်အသွေးတွေက ဘာလဲ။

● သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ သင့်မှာ ဘယ်အရည်အသွေးတွေရှိရမလဲ။

[စာမျက်နှာ ၆၀ ပါ အကျဉ်းဖော်ပြချက်]

မိဘတွေက ကျွန်တော့်ကို သူငယ်ချင်းတချို့နဲ့ မပေါင်းဖို့ပြောတဲ့အခါ သူတို့နဲ့ပဲ ငါပေါင်းချင်တာလို့ တွေးမိတယ်။ ဒါပေမဲ့ မိဘတွေပြောတာ မှန်တယ်။ သူတို့ပြောတာကို စဉ်းစားကြည့်လိုက်တော့ သူငယ်ချင်းကောင်းတွေ အများကြီးရှိမှန်း သိလာတယ်။’’—ကိုးလ်

[စာမျက်နှာ ၆၁ ပါ လေးထောင့်ကွက်]

ဒီအကြံပြုချက်တွေအတိုင်း လုပ်ကြည့်ပါ

မိတ်ဖွဲ့ခြင်းနဲ့ပတ်သက်ပြီး မိဘတွေနဲ့ဆွေးနွေးပါ။ သူတို့ သင့်အရွယ်တုန်းက ဘယ်လိုသူငယ်ချင်းတွေနဲ့ ပေါင်းခဲ့သလဲ။ အပေါင်းအသင်းရွေးချယ်တာနဲ့ပတ်သက်ပြီး နောင်တရခဲ့သလား။ ရခဲ့တယ်ဆိုရင် ဘာကြောင့်လဲ။ သူတို့ကြုံခဲ့ရတဲ့ ပြဿနာတချို့ကို သင်ဘယ်လိုရှောင်နိုင်မလဲဆိုတာ မေးကြည့်ပါ။

သူငယ်ချင်းတွေကို မိဘတွေနဲ့မိတ်ဆက်ပေးပါ။ မိတ်မဆက်ပေးရဲဘူးဆိုရင် ‘ဘာကြောင့်လဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ သူငယ်ချင်းတွေနဲ့ပတ်သက်ရင် မိဘတွေ မကြိုက်မယ့်အရာတစ်ခုခုရှိမှန်း သင်သိထားသလား။ ဒါဆိုရင် သူငယ်ချင်းတွေကို ပိုစိစစ်ရွေးချယ်ဖို့ လိုနေပြီ။

ကောင်းကောင်းနားထောင်ပေးပါ။ သူငယ်ချင်းရဲ့ ကောင်းကျိုးနဲ့ အရေးကိစ္စတွေကို စိတ်ဝင်စားကြောင်းပြပါ။—ဖိလိပ္ပိ ၂:၄

ခွင့်လွှတ်ပါ။ စင်းလုံးချောဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”—ယာကုပ် ၃:၂

တွယ်ကပ်မနေပါနဲ့။ သူငယ်ချင်းနားမှာ တစ်ချိန်လုံး တွယ်ကပ်မနေပါနဲ့။ မိတ်ဆွေစစ်တွေဟာ သင် သူတို့ကို လိုအပ်တဲ့အချိန်မှာ ရှိနေပါလိမ့်မယ်။ —ဒေသနာ ၄:၉၊ ၁၀

[စာမျက်နှာ ၆၃ ပါ ရုပ်ပုံ]

သင်ဟာ တခြားသူတွေရဲ့စံနှုန်းအတိုင်း လိုက်လုပ်မယ်ဆိုရင် စစ်တုရင်ခုံပေါ်က အရုပ်တစ်ရုပ်လို သူတို့စိတ်ကြိုက် အရွှေ့ခံရမှာပဲ