မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘများအမေး

မိဘများအမေး

နောက်ဆက်တွဲ

မိဘများအမေး

“ငါ့ကို သား/သမီး ရင်ဖွင့်လာအောင် ဘာလုပ်နိုင်မလဲ။”

“ဘယ်အချိန် အိမ်ပြန်ရောက်ရမယ်ဆိုတဲ့ အမိန့်ထုတ်သင့်သလား။”

“ကိုယ်အလေးချိန်လျှော့ချတာနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိဖို့ သမီးကို ဘယ်လိုကူညီပေးနိုင်မလဲ။”

အဲဒီမေးခွန်းတွေဟာ ဒီနောက်ဆက်တွဲမှာပါတဲ့မေးခွန်း ၁၇ ခုထဲက တချို့ဖြစ်တယ်။ နောက်ဆက်တွဲကို အပိုင်း ၆ ပိုင်းခွဲထားတယ်။ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ ထဲက သက်ဆိုင်ရာအခန်းတွေကို ပြန်ညွှန်းထားတယ်။

အကြောင်းအရာကို ဖတ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။ ကလေးတွေကိုကူညီပေးတဲ့အခါ ဒီအကြံပြုချက်တွေ အသုံးပြုပါ။ ဒီအဖြေတွေဟာ လူ့ဉာဏ်ပညာအပေါ် အခြေမခံဘဲ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာအပေါ် အခြေခံတာကြောင့် ယုံကြည်စိတ်ချထိုက်ပါတယ်။—၂ တိမောသေ ၃:၁၆၊ ၁၇

၂၉၀  ပြောဆိုဆက်သွယ်ခြင်း

၂၉၇  စည်းကမ်းများ

၃၀၂  လွတ်လပ်မှု

၃၀၇  လိင်၊ ချိန်းတွေ့ခြင်း

၃၁၁  စိတ်လှုပ်ရှားမှုနဲ့ဆိုင်တဲ့ကိစ္စများ

၃၁၅  ၀တ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စများ

 ပြောဆိုဆက်သွယ်ခြင်း

အိမ်ထောင်ဖက် ဒါမှမဟုတ် ကလေးတွေနဲ့ စကားများနေမယ်ဆိုရင် ဘာဆိုးကျိုးရှိမလဲ

အိမ်ထောင်မှာ သဘောထားကွဲလွဲမှုဆိုတာ ရှိစမြဲပဲ။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကိုယ်တိုင်ရွေးချယ်ရမှာ ဖြစ်တယ်။ မိဘတွေ စကားများတဲ့အခါ ကလေးတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်တယ်။ ဒါက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး၊ အကြောင်းကတော့ ကလေးတွေ အိမ်ထောင်ပြုတဲ့အခါ သင့်အိမ်ထောင်ကို အတုယူမှာမို့လို့ပဲ။ သဘောထားကွဲလွဲတဲ့အခါ အကောင်းဆုံးနည်းနဲ့ဖြေရှင်းနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို ကြိုးစားကြည့်ပါ–

နားထောင်ပေးပါ။ “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်” လို့ ကျမ်းစာပြောတယ်။ (ယာကုပ် ၁:၁၉) ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုပြီး ‘အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။’ (ရောမ ၁၂:၁၇) အိမ်ထောင်ဖက်က နားမထောင်ချင်ရင်တောင် သင်က နားထောင်ပေးပါ။

အပြစ်တင်မယ့်အစား ကြိုးစားရှင်းပြပါ။ အိမ်ထောင်ဖက်ရဲ့ အပြုအမူကြောင့် ကိုယ်ဘယ်လောက် စိတ်ထိခိုက်သွားတယ်ဆိုတာ အေးအေးဆေးဆေးပြောပြပါ။ (“မင်း . . . လုပ်လို့ ကိုယ်စိတ်ထိခိုက်ရတယ်။”) စွပ်စွဲတာ၊ အပြစ်တင်တာ မလုပ်ပါနဲ့။ (“မင်း ငါ့ကို လုံးဝဂရုမစိုက်ဘူး။” “ငါ့စကားဆို ဘယ်တော့မှ နားမထောင်ဘူး။”)

အချိန်ယူပါ။ တစ်ခါတလေ ပြဿနာကို ဆက်ပြောနေမယ့်အစား စိတ်အေးသွားမှ ပြန်ဆွေးနွေးတာ အကောင်းဆုံးပဲ။ ‘ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကိုဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ’ လို့ ကျမ်းစာပြောတယ်။—သုတ္တံ ၁၇:၁၄ကဘ။

တောင်းပန်ဖို့ အသင့်ရှိပါ။ လိုအပ်မယ်ဆိုရင် ကိုယ့်ကလေးကိုတောင် တောင်းပန်ပါ။ ၁၄ နှစ်အရွယ် ဘရယ်နီ အခုလိုပြောတယ်– “တစ်ခါတလေ မိဘတွေ စကားများပြီးနောက် ကျွန်မနဲ့ အစ်ကို့ကို တောင်းပန်တယ်။ ကျွန်မတို့ကို ဘယ်လောက်ထိခိုက်မှန်း သိလို့လေ။” မိဘကိုယ်တိုင်က “တောင်းပန်ပါတယ်” လို့ပြောမှ ကလေးတွေလည်း ပြောတတ်လာမှာ။ အဲဒါက ကလေးတွေကို သင်ပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုပဲ။

ကလေးတွေနဲ့ စကားများတယ်ဆိုရင်ကော။ ကိုယ်က မီးလောင်ရာ လေပင့်လုပ်မိနေသလားဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ဒီစာအုပ်ရဲ့ အခန်း ၂၊ စာမျက်နှာ ၁၅ မှာပါတဲ့ အခြေအနေကို ပြန်ကြည့်ပါ။ ရေချယ်လ်ရဲ့အမေ ဘာလုပ်လိုက်လို့ စကားများရတာလဲ။ ကလေးတွေနဲ့ စကားမများအောင် သင်ဘယ်လိုရှောင်နိုင်မလဲ။ အောက်ပါအချက်တွေကို ကြိုးစားကြည့်ပါ–

● “နင်က အမြဲတမ်း . . .” ဒါမှမဟုတ် “နင်က ဘယ်တော့မှ . . .” ဆိုပြီး သိမ်းကျုံးပြောတဲ့စကားမျိုး ရှောင်ပါ။ အဲဒါက ရန်စကားပဲ။ တစ်စိတ်ကိုတစ်အိတ်လုပ်နေမှန်း ကလေးက သိတယ်။ အဲဒီလိုပြောတာက သူ့အမှားကြောင့်ဆိုတာထက် သင့် ဒေါသကြောင့်ဆိုတာလည်း သိတယ်။

● “နင်က” ဆိုပြီး မစာမနာပြောမယ့်အစား ကလေးရဲ့အပြုအမူက သင့်ကို ဘယ်လိုထိခိုက်တယ်ဆိုတာ ပြောပြပါ။ ဥပမာ၊ “သား/သမီး . . .  လုပ်လိုက်လို့ အမေ/အဖေ . . .  ခံစားရတယ်။” သင့်ခံစားချက်တွေဟာ ကလေးအတွက် အရေးပါတယ်ဆိုတာ ယုံပါ။ သင့်ခံစားချက်ကို ကလေးကို ပြောပြရင် သူ့ဘက်က ပူးပေါင်းလုပ်ဆောင်ချင်စိတ် ရှိလာပါလိမ့်မယ်။ *

● ဒေါသကို ထိန်းချုပ်ဖို့ မလွယ်ပေမဲ့ ကြိုးစားထိန်းချုပ်ပါ။ (သုတ္တံ ၂၉:၂၂) အိမ်အလုပ်တွေမလုပ်လို့ စကားများရတာဆိုရင် ကလေးကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ သူလုပ်ရမယ့်အလုပ်တွေကို ရေးထားလိုက်ပါ၊ မလုပ်ရင် ဘာဖြစ်မယ်ဆိုတာလည်း ပြောပြထားပါ။ သူ့အမြင်က မှားနေတယ်ဆိုရင်တောင် သူ့စကားကို နားထောင်ပေးပါ။ ကလေးအများစုက လေကြောရှည်ရှည် ဆိုဆုံးမနေတာထက် နားထောင်ပေးတာကို ပိုကြိုက်တယ်။

● ကလေးမှာ အာခံချင်တဲ့စိတ်ဝင်နေတယ်လို့ ချက်ချင်းယူဆမယ့်အစား သူ့အသက်အရွယ်မှာ ဒီလိုဖြစ်တတ်တာ သဘာဝပဲဆိုတာ ထည့်စဉ်းစားပါ။ ကလေးက သူ လူရာဝင်ပြီဆိုတာပြချင်လို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ကလေးနဲ့အပြိုင် စကားများငြင်းခုံတာမျိုး မလုပ်ပါနဲ့။ စိတ်တိုစရာဖြစ်ပေမဲ့ သင့်ရဲ့တုံ့ပြန်ပုံအားဖြင့် ကလေးကို သင်ပေးနေတယ်ဆိုတာ သတိရပါ။ စိတ်ရှည်သည်းခံမယ်ဆိုရင် ကလေးကလည်း သင့်ပုံသက်သေကို အတုယူမှာပဲ။—ဂလာတိ ၅:၂၂၊ ၂၃

အတွဲ ၁၊ အခန်း ၂ ကိုကြည့်ပါ။

ကလေးတွေကို ငါ့အတိတ်အကြောင်း ဘယ်အထိ ပေးသိသင့်သလဲ

သင်က အိမ်ထောင်ဖက်၊ သမီး၊ သူငယ်ချင်းမိသားစုတွေနဲ့ ညစာစားနေတယ်ဆိုပါစို့။ စကားပြောနေကြရင်း သင့်ရဲ့ငယ်ချစ်ဦးနဲ့ ကွဲသွားပုံအကြောင်း သူငယ်ချင်းက ပြောမိသွားရော။ အနားမှာရှိတဲ့ သမီးဖြစ်သူက လန့်ဖျပ်သွားပြီး “အမေ့မှာ တခြားချစ်သူရှိခဲ့တယ် ဟုတ်လား” လို့ မေးလိုက်တယ်။ အရင်တုန်းကအကြောင်းတွေ သမီးကို မပြောဖြစ်ခဲ့ဘူး။ အခု သူက သိချင်လာပြီဆိုတော့ သင်ဘာလုပ်မလဲ။

ကလေးမေးတာတွေကို ပြန်ဖြေတာက အကောင်းဆုံးပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကလေးက မေးခွန်းတွေမေးပြီး သင့်ဆီက အဖြေလိုချင်တာဟာ ပြောဆိုဆက်သွယ်နေတာပဲ။ ဒီလိုပြောဆိုဆက်သွယ်တာကို မိဘတွေ အလိုချင်ဆုံးပဲ။

သားသမီးတွေကို သင့်အတိတ်အကြောင်း ဘယ်လောက်အထိ ပြောပြထားသင့်သလဲ။ ရှက်စရာကောင်းတဲ့ အကြောင်းတွေကိုတော့ ပြောချင်မှာမဟုတ်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် အတိတ်က သင်ကြုံခဲ့ရတဲ့ အခက်အခဲတချို့အကြောင်း ကလေးတွေသိအောင် ပြောပြတာက အကျိုးရှိနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

ဥပမာ၊ တမန်တော်ပေါလုက သူ့အကြောင်းကို ပွင့်ပွင့်လင်းလင်း အခုလိုပြောခဲ့တယ်– “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။ . . . ငါ့အဖြစ် ဆိုးလိုက်လေခြင်း။” (ရောမ ၇:၂၁-၂၄) ယေဟောဝါဘုရားက ကျွန်တော်တို့ အကျိုးအတွက် အဲဒီစကားတွေကို ကျမ်းစာမှာ မှတ်တမ်းတင်စေခဲ့တယ်။ တကယ်လည်း အကျိုးရှိတယ်။ ကျွန်တော်တို့ဟာ တမန်တော်ပေါလုလို ပုထုဇဉ်လူသားပဲဆိုတော့ သူ ပြောခဲ့တာတွေကို နားမလည်နိုင်တဲ့သူ ရှိပါ့မလား။

အဲဒီလိုပဲ၊ သင့်ရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ အမှားတွေကို ကလေးတွေသိထားမယ်ဆိုရင် သင့်ကို ပိုနားလည်လာပါလိမ့်မယ်။ သင်ကြီးပြင်းလာတဲ့ခေတ်နဲ့ ဒီနေ့ခတ် မတူဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း၊ လူ့သဘောသဘာဝနဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကတော့ ဘယ်တော့မှမပြောင်းလဲဘူး။ (ဆာလံ ၁၁၉:၁၄၄) သင်ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ အဲဒါတွေကို ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ ကလေးတွေကို ပြောပြမယ်ဆိုရင် သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းတတ်လာလိမ့်မယ်။ ကင်မရွန်းဆိုတဲ့ ကောင်လေးတစ်ယောက် အခုလိုပြောတယ်– “သင်ကြုံရတဲ့ အခက်အခဲမျိုးကို မိဘတွေလည်းကြုံဖူးမှန်း သိလာတဲ့အခါ သူတို့လည်း ကိုယ့်လိုပါပဲလားဆိုပြီး နားလည်ပေးတတ်လာမယ်။ နောက်တစ်ခါ အခက်အခဲကြုံရရင် ငါ့မိဘတွေကော အဲဒီလိုကြုံဖူးကြလားလို့ စဉ်းစားမိလာလိမ့်မယ်။”

သတိပြုစရာ– သင့်အကြောင်းတွေ ပြောပြတဲ့အခါတိုင်း ဆုံးမစကားနဲ့ အဆုံးသတ်စရာ မလိုပါဘူး။ သင့်အနေနဲ့ ကလေးတွေ တလွဲကောက်ချက်ချမှာ၊ မိဘတွေတောင် ဒီလိုအမှားမျိုးလုပ်ဖူးတာပဲဆိုပြီး ဆင်ခြေပေးမှာကို စိုးရိမ်နေနိုင်တယ်။ ဒါပေမဲ့ ကလေး သဘောပေါက်အောင် (“ဘယ်တော့မှ ဒါမျိုးမလုပ်နဲ့ . . .”) လို့ပြောမယ့်အစား သင့်ခံစားချက်ကို (“ပြန်စဉ်းစားကြည့်တော့ ဒီလိုမလုပ်ခဲ့ရင်ကောင်းသား . . .”) လို့ တိုတိုတုတ်တုတ် ပြောပြပါ။ အဲဒီလိုပြောမယ်ဆိုရင် ကလေးတွေအနေနဲ့ ဆုံးမခံရတယ်လို့ မခံစားရဘဲ သင့်အဖြစ်အပျက်ကနေ အဖိုးတန်သင်ခန်းစာ ရလိုက်တယ်လို့ ခံစားရလိမ့်မယ်။—ဧဖက် ၆:၄

အတွဲ ၁၊ အခန်း ၁ ကိုကြည့်ပါ။

ငါ့ကို ကလေး ရင်ဖွင့်လာအောင် ဘာလုပ်နိုင်မလဲ

ကလေးတွေ ငယ်ငယ်တုန်းက သင့်ကို အားလုံး ပြောပြတယ်။ မေးခွန်းမေးလိုက်ရင် ချက်ချင်းပြန်ဖြေတယ်။ တစ်ခါတလေ မေးစရာတောင်မလိုဘူး။ သူ့ဟာသူ ပြောတော့တာပဲ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်လည်းရောက်ရော ဘာမှမပြောပြတော့ဘူး။ ‘သူတို့ သူငယ်ချင်းတွေနဲ့ဆိုရင် ပြောလိုက်တာ ရေပက်လို့တောင် မ၀င်ဘူး။ ငါ့ကိုကျတော့ စကားတောင်မပြောဘူး’ ဆိုပြီး သင်ခံစားမိနိုင်တယ်။

သင့်ကို ဆယ်ကျော်သက်ကလေးတွေ စကားမပြောတာနဲ့ အပယ်ခံရတယ်၊ သူတို့အကြောင်းမသိစေချင်ဘူးလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ သူတို့က သင့်ကို အရင်ကထက် အခုပိုလိုအပ်နေတာ။ သတင်းကောင်းက ဆယ်ကျော်သက်အများစုဟာ သက်တူရွယ်တူတွေ၊ မီဒီယာတွေကပေးတဲ့ အကြံဉာဏ်ထက် မိဘတွေရဲ့အကြံဉာဏ်ကို တန်ဖိုးထားနေဆဲပဲဆိုတာ လေ့လာချက်တွေအရ သိရတယ်။

ဒါပေမဲ့ သင့်ကို ဘာလို့ရင်မဖွင့်ချင်ကြတာလဲ။ လူငယ်တချို့ မိဘတွေကို ဘာလို့စကားမပြောချင်တာလဲဆိုတာ သူတို့ပြောတဲ့စကားတွေကနေ လေ့လာကြည့်ရအောင်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေမေးပြီး ကိုးကားထားတဲ့ကျမ်းချက်တွေကို ဖွင့်ဖတ်ကြည့်ပါ။

“ကျွန်တော့်အဖေက အလုပ်မှာရော၊ အသင်းတော်မှာပါ အမြဲအလုပ်များနေတော့ အဖေနဲ့စကားပြောဖို့ အဆင်ကိုမပြေဘူး။”—အန်ဒရူး။

‘ဆယ်ကျော်သက်ကလေးတွေနဲ့ စကားပြောဖို့ ငါအချိန်မပေးနိုင်တဲ့ပုံ ပေါက်နေသလား။ အဲဒီလိုဆိုရင် ငါ့ကို ရင်ဖွင့်လာအောင် ဘာလုပ်နိုင်မလဲ။ ကလေးတွေနဲ့ ပုံမှန်စကားပြောဖြစ်အောင် အချိန်ဖယ်ထားနိုင်မလား။’—တရားဟောရာ ၆:၇

“ကျောင်းမှာ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း အမေ့ကို ငိုပြီးပြောပြဖူးတယ်။ အမေက ကျွန်မကို နားလည်ပေးမယ့်အစား ဆူပဲဆူတယ်။ အဲဒီအချိန်ကစပြီး အရေးကြီးတဲ့ ဘာကိစ္စကိုမှ မပြောပြတော့ဘူး။”—ကန်ဂျီ။

‘ကလေးက သူ့အခက်အခဲကို ပြောပြတဲ့အခါ ငါဘယ်လိုတုံ့ပြန်သလဲ။ ဆုံးမဖို့လိုတယ်ဆိုရင်တောင် မဆုံးမခင်မှာ စာနာမှုအပြည့်နဲ့ နားထောင်ပေးသလား။’—ယာကုပ် ၁:၁၉

“မိဘတွေက ‘ပြောပါ၊ ငါတို့စိတ်မဆိုးပါဘူး’ လို့ပြောပေမဲ့ စိတ်ဆိုးကြတာချည်းပဲ။ အဲဒီအခါ ဆယ်ကျော်သက်ကလေးက မိဘတွေ ကတိမတည်ဘူးလို့ ခံစားရတယ်။”—ရေချယ်လ်။

‘စိတ်ဆိုးစရာကိစ္စတစ်ခုကို ကလေးပြောလာခဲ့ရင် ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ။’—သုတ္တံ ၁၀:၁၉

“ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ အမေ့ကို ပြောလိုက်ပြီဆိုရင် သူ့သူငယ်ချင်းတွေကို ချက်ချင်း ဖောက်သည်ချတော့တာပဲ။ ဒါနဲ့ပဲ အမေ့ကို တော်တော်ကြာကြာ အယုံအကြည် မရှိတော့ဘူး။”—ချန်တယ်လ်။

‘ကလေး ရင်ဖွင့်လာတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအကြောင်း သူများကို လျှောက်မပြောခြင်းအားဖြင့် သူ့ခံစားချက်ကို ငါ နားလည်ပေးသလား။’—သုတ္တံ ၂၅:၉

“မိဘတွေကို ပြောပြချင်တာ အများကြီးရှိပေမဲ့ သူတို့စပြောမှ ကျွန်မဘက်က ပြောလို့ရမှာပေါ့။”—ကော့တနီ။

‘ငါ့ဘက်ကအစပြုပြီး ကလေးနဲ့စကားပြောသလား။ ဘယ်အချိန်မှာပြောရင် အကောင်းဆုံးလဲ။’—ဒေသနာ ၃:၇

သင်နဲ့ကလေးကြားမှာ ပြောဆိုဆက်သွယ်ရေး ပေါင်းကူးတံတားရှိနေမယ်ဆိုရင် အရာရာ အဆင်ပြေနေမှာ။ ဂျပန်နိုင်ငံက ၁၇ နှစ်အရွယ် ဂျွန်ကိုရဲ့အဖြစ်အပျက်ကို လေ့လာကြည့်ပါ။ သူအခုလိုပြောတယ်– “အသင်းတော်က ညီအစ်ကိုညီအစ်မတွေထက် ကျောင်းနေဖက်တွေနဲ့ပေါင်းရတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်ဆိုပြီး အမေ့ကိုပြောဖူးတယ်။ နောက်နေ့ကျတော့ အမေက စာလေးတစ်စောင်ရေးပြီး စားပွဲပေါ် လာတင်ထားတယ်။ စာထဲမှာ သူလည်း ကျွန်မအရွယ်တုန်းက အဲဒီလိုခံစားခဲ့ဖူးတယ်လို့ ရေးထားတယ်။ ဒါ့အပြင် အားပေးမယ့်သူမရှိတာတောင် ဘုရားအမှုဆောင်ခဲ့ကြသူတချို့ ကျမ်းစာထဲမှာရှိတဲ့အကြောင်း ပြောပြထားတယ်။ အသင်းတော်မှာ သူငယ်ချင်းကောင်းရဖို့ ကြိုးစားတဲ့အတွက်လည်း ကျွန်မကို ချီးမွမ်းထားသေးတယ်။ ဒီအခက်အခဲကို ကျွန်မတစ်ယောက်တည်းကြုံရတာ မဟုတ်ဘဲ အမေလည်းကြုံဖူးမှန်း သိလိုက်ရတော့ ဝမ်းသာလွန်းလို့ ငိုမိတယ်။ အမေရေးထားတာတွေကြောင့် ကျွန်မ သိပ်အားရှိတာပဲ။ မှန်တာလုပ်ဖို့လည်း ခွန်အားရတယ်။”

ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေ လှောင်ပြောင်ခံရမှာမဟုတ်ဘူး၊ ဝေဖန်ခံရမှာမဟုတ်ဘူးဆိုတာ သိထားတဲ့အခါ မိဘတွေကို ရင်ဖွင့်ချင်လာမှန်း ဂျွန်ကိုရဲ့အမေ နားလည်ခဲ့တယ်။ ဒါပေမဲ့ ဆယ်ကျော်သက်ကလေးက သင့်ကိုစကားပြောရင်း စိတ်ရှုပ်နေရင်၊ စိတ်ဆိုးနေရင် ဘယ်လိုလုပ်မလဲ။ သူ့လို မတုံ့ပြန်မိဖို့ စိတ်ချုပ်တည်းလိုက်ပါ။ (ရောမ ၁၂:၂၁; ၁ ပေတရု ၂:၂၃) ကလေးဆီမှာရှိစေချင်တဲ့ အပြောအဆို၊ အပြုအမူမျိုးကို သင်ဘက်က လုပ်ပြလိုက်ပါ။

ဆယ်ကျော်သက်တွေ လူကြီးဘ၀ကို ကူးပြောင်းချိန်မှာ အပြောင်းအလဲကာလတစ်ခုကို ဖြတ်သန်းနေရမှန်း သတိရပါ။ အဲဒီအချိန်မှာ ဆယ်ကျော်သက်တွေဟာ အပြောင်းအလဲမြန်တတ်တယ်၊ တစ်ခါတလေ သူတို့ပုံစံက လူကြီးကျနေတာပဲ၊ တစ်ခါတလေကျတော့ ကလေးဆန်တယ်လို့ ပညာရှင်တွေဆိုတယ်။ သင့်ဆယ်ကျော်သက်ကလေး အဲဒီလိုဖြစ်နေရင်၊ အထူးသဖြင့် သူ့အသက်နဲ့မလိုက်အောင် ကလေးဆန်နေရင် ဘာလုပ်နိုင်မလဲ။

သူ့ကို အပြစ်မတင်ပါနဲ့။ ကလေးနဲ့ပြိုင်ပြီး ရန်မဖြစ်ပါနဲ့။ အဲဒီအစား သင့်ဆယ်ကျော်သက်ကလေးက “လူကြီးဘဝအတွက် လေ့ကျင့်မှုယူနေတယ်” ဆိုတာသတိရပြီး သူနဲ့ဆွေးနွေးပါ။ (၁ ကောရိန္သု ၁၃:၁၁) ဥပမာ၊ သူက ကလေးဆန်ဆန်နဲ့ “အမေတို့က တစ်ချိန်လုံး ပေါက်ပေါက်ဖောက်နေတာပဲ” လို့ပြောခဲ့ရင် သင် ဒေါသထွက်မိမှာပဲ။ ဒေါသနဲ့တုံ့ပြန်လိုက်ရင် စကားကောင်းကောင်း ဆက်ပြောလို့ရတော့မှာ မဟုတ်ဘူး၊ အငြင်းပွားလာတော့မယ်။ ဒီတော့ “သမီး/သားကို ကြည့်ရတာ တော်တော်လေး မကျေမနပ်ဖြစ်နေပုံပဲ။ စိတ်ဆိုးပြေသွားမှပဲ ဆက်ဆွေးနွေးရအောင်” လို့ပြောနိုင်တယ်။ ဒီလိုနည်းနဲ့ အငြင်းအခုံမဖြစ်ဘဲ စကားဆက်ပြောဖို့ အခွင့်အရေး ပေါ်လာပါလိမ့်မယ်။

အတွဲ ၁၊ အခန်း ၁ နဲ့ ၂ ကိုကြည့်ပါ။

 စည်းကမ်းများ

ဘယ်အချိန် အိမ်ပြန်ရောက်ရမယ်ဆိုတဲ့ အမိန့်ထုတ်သင့်သလား

အဲဒီမေးခွန်းကိုဖြေဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုအခြေအနေမျိုးမှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ သားဖြစ်သူက အိမ်ပြန်ရောက်ရမယ့်အချိန်ထက် မိနစ် ၃၀ ကျော်နေတာတောင် ပြန်မရောက်သေးဘူး။ အဲဒီအချိန်မှာပဲ အိမ်ရှေ့တံခါးကို ဖြည်းဖြည်းလေးဖွင့်သံ ကြားလိုက်တယ်။ ‘ငါအိပ်နေပြီလို့ သူထင်နေမှာပဲ’ ဆိုပြီး သင်တွေးလိုက်တယ်။ တကယ်တော့ သင် မအိပ်သေးဘူး။ သူပြန်ရောက်သင့်တဲ့အချိန်ကတည်းက တံခါးနားမှာ ထိုင်စောင့်နေတာ။ တံခါးပွင့်လာပြီး သားနဲ့မျက်လုံးချင်းဆုံလိုက်တဲ့အခါ သင်ဘာပြောမလဲ။ ဘာလုပ်မလဲ။

သင့်မှာ ရွေးချယ်စရာတွေရှိတယ်။ ‘ယောက်ျားလေးဆိုတာ ဒီလိုပါပဲ’ လို့တွေးပြီး အိမ်ပြန်နောက်ကျတဲ့ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလိုက်နိုင်တယ်။ ဒါမှမဟုတ် “မင်းကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး” လို့ပြောပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တယ်။ အဲဒီလိုစိတ်လိုက်မာန်ပါလုပ်မယ့်အစား အရင်ဆုံး နားထောင်ပေးပါ။ သူနောက်ကျတာ ခိုင်လုံတဲ့အကြောင်းရင်းရှိမှာပဲ။ ဒီကိစ္စကို အခွင့်ကောင်းယူပြီး သားကို အရေးကြီးသင်ခန်းစာ သင်ပေးပါ။ ဘယ်လိုနည်းနဲ့လဲ။

အကြံပြုချက်– ဒီကိစ္စကို မနက်ကျရင် ဆွေးနွေးမယ်လို့ ပြောပါ။ ပြီးတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ ကလေးနဲ့အတူထိုင်ပြီး ပြောပြပါ။ မိဘတချို့ ဒီလိုလုပ်ခဲ့ကြတယ်– ကလေးက သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျပြီးမှ ပြန်လာတဲ့အခါ အိမ်ပြန်ချိန်ကို အရင်ကထက် မိနစ် ၃၀ စောပြီး သတ်မှတ်လိုက်တယ်။ တကယ်လို့ ကလေးက သတ်မှတ်ထားတဲ့အချိန်မှာ ပြန်ရောက်တယ်၊ ယုံကြည်စိတ်ချရအောင်နေတယ်ဆိုရင် အိမ်ပြန်ရောက်ရမယ့်အချိန်ကို တစ်ခါတလေ နောက်ဆုတ်ပေးနိုင်တယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ အိမ်ပြန်ရောက်ရမယ်၊ စည်းကမ်းမလိုက်နာရင် ဘာဖြစ်မယ်ဆိုတာ ကလေး ကောင်းကောင်းသိထားဖို့လိုတယ်။ သင့်အနေနဲ့လည်း ပြောတဲ့အတိုင်း လုပ်ဖို့လိုတယ်။

“သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” လို့ ကျမ်းစာဆိုတယ်။ (ဖိလိပ္ပိ ၄:၅) ဒါကြောင့် အိမ်ပြန်ရောက်ရမယ့်အချိန်ကို မသတ်မှတ်ပေးခင် ကလေးနဲ့ သင်ဆွေးနွေးချင်မှာပဲ။ အချိန်နဲ့ပတ်သက်ပြီး ကလေးကို အကြံပြုခိုင်းပါ၊ အကြောင်းပြချက်တွေ ပေးခိုင်းပါ။ အမြင်ချင်းမတူရင်တောင် သူ့တောင်းဆိုချက်ကို စဉ်းစားပေးပါ။ ကလေးက တာဝန်ယူနိုင်သူဖြစ်မယ်ဆိုရင် အကျိုးသင့်အကြောင်းသင့်ရှိတဲ့ သူ့ဆန္ဒကို လိုက်လျောပေးနိုင်တယ်။

ဘဝမှာ အချိန်တိကျဖို့လိုတယ်။ အိမ်ပြန်ရောက်ချိန်သတ်မှတ်ပေးတာက ကလေးကို အန္တရာယ်တွေကနေ ကာကွယ်ပေးရုံတင်မကဘူး။ နောင်တစ်ချိန် အိမ်ကနေခွဲထွက်သွားတဲ့အခါ သူ့အတွက် ရေရှည်အကျိုးရှိမယ့် အရည်အသွေးတစ်ခုကို သင်ပေးနေတာ။—သုတ္တံ ၂၂:၆

အတွဲ ၁၊ အခန်း ၃ ကိုကြည့်ပါ။

အဝတ်အစားနဲ့ပတ်သက်ပြီး ကလေးတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ ငါဘာလုပ်နိုင်မလဲ

စာမျက်နှာ ၇၇ မှာပါတဲ့ အဖွင့်ဇာတ်လမ်းကို မြင်ယောင်ကြည့်ပါ။ ဟယ်သာက သင့်သမီးဆိုပါစို့။ မလုံ့တလုံဝတ်ထားတာကို မြင်လိုက်တာနဲ့ လန့်ဖျပ်သွားပြီး “အခုချက်ချင်း အိမ်ပေါ်တက်၊ အဝတ်အစားပြန်လဲလိုက်။ မလဲလို့ကတော့ ဘယ်မှမသွားရဘူး” လို့ တုံ့ပြန်မိမှာပဲ။ အဲဒီအခါ သမီးက အဝတ်အစား မလဲချင်လဲချင်နဲ့ လဲလိုက်တယ်။ ဒါပေမဲ့ အဝတ်အစားလဲတာလောက်တင် မဟုတ်ဘဲ အတွေးအခေါ်ပါ ပြောင်းလဲသွားရအောင် ဘယ်လိုသင်ပေးနိုင်မလဲ။

● ဦးဆုံး ဒီအချက်ကို သတိရပါ– ဣန္ဒြေမရှိတဲ့ အဝတ်အစားဝတ်တာ မကောင်းဘူးဆိုတာကို သင်သိထားတာထက် သင့်ဆယ်ကျော်သက်ကလေးက ပိုသိထားသင့်တယ်။ တကယ်တော့ အဝတ်အစားကြောင့် ကဲ့ရဲ့ခံရတာ၊ တဏှာအကြည့်နဲ့ ကြည့်ခံရတာမျိုး သူကြိုက်မှာမဟုတ်ဘူး။ ဣန္ဒြေမဲ့တဲ့ ဝတ်စားဆင်ယင်မှုဟာ ကြည့်ပျော်ရှုပျော်မရှိဘူးဆိုတာ စိတ်ရှည်ရှည် ရှင်းပြပါ။ * တခြားကြည့်ကောင်းတဲ့ အဝတ်အစားဝတ်ဖို့ အားပေးပါ။

● ဒုတိယ၊ အကျိုးသင့်အကြောင်းသင့်ရှိပါ။ ‘သူ့အဝတ်အစားက ကျမ်းစာလမ်းညွှန်ချက်နဲ့ ဆန့်ကျင်နေလို့လား၊ ဒါမှမဟုတ် ငါ့အကြိုက်မဟုတ်လို့များလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။ (၂ ကောရိန္သု ၁:၂၄; ၁ တိမောသေ ၂:၉၊ ၁၀) အကြိုက်မတူတာဆိုရင် သူ့ဆန္ဒကို လိုက်လျောပေးနိုင်မလား။

● တတိယ၊ ဘယ်အဝတ်အစားမျိုးကို လက်မခံနိုင်ဘူးဆိုတာလောက်ပဲ မပြောပါနဲ့။ သင့်တော်တဲ့အဝတ်အစားတွေကို လိုက်ရွေးပေးပါ။ ဒီစာအုပ်ရဲ့ စာမျက်နှာ ၈၂ နဲ့ ၈၃ မှာပါတဲ့ လေ့ကျင့်ခန်းစာရွက်ကိုအသုံးပြုပြီး သင့်ကလေးကို ကူညီပေးနိုင်ပါတယ်။ အဲဒီလိုအချိန်ယူပြီး သင်ပေးတာက အကျိုးရှိပါလိမ့်မယ်။

အတွဲ ၁၊ အခန်း ၁၁ ကိုကြည့်ပါ။

ကလေးက ဆဲလ်ဖုန်း၊ ကွန်ပျူတာနဲ့ တခြားအီလက်ထရွန်နစ် မီဒီယာတွေကို စွဲနေတယ်ဆိုရင် ဘာလုပ်နိုင်မလဲ

သင့်ဆယ်ကျော်သက်ကလေးက မက်ဆေ့ခ်ျဖတ်လိုက် ပို့လိုက်နဲ့ အွန်လိုင်းမှာ အချိန်တွေကုန်နေသလား၊ MP3 စက်နဲ့ပဲ အလုပ်များနေပြီး မိဘတွေနဲ့စကားပြောဖို့ အချိန်မရှိသလောက်ဖြစ်နေသလား။ ဒါဆိုရင် သင်ဘာလုပ်နိုင်မလဲ။

ကလေးရဲ့စက်ကို သိမ်းလိုက်လို့ ရပါတယ်။ ဒါပေမဲ့ အီလက်ထရွန်နစ် မီဒီယာအားလုံး အသုံးမဝင်ဘူးလို့ မယူမှတ်လိုက်ပါနဲ့။ သင်လည်း သင့်မိဘတွေမသုံးခဲ့ဖူးတဲ့ အီလက်ထရွန်နစ်မီဒီယာတချို့ကို သုံးနေမှာပဲ။ ဒါကြောင့် အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ သူ့ပစ္စည်းကို သိမ်းလိုက်မယ့်အစား အီလက်ထရွန်နစ်မီဒီယာကို ပညာရှိရှိ၊ မျှမျှတတသုံးတတ်ဖို့ လေ့ကျင့်ပေးပါ။ သင် ဘယ်လိုလုပ်နိုင်မလဲ။

အဲဒီအကြောင်းကို ဆယ်ကျော်သက်ကလေးနဲ့ အတူထိုင်ပြီး ဆွေးနွေးပါ။ ပထမ၊ သင် စိုးရိမ်နေရတဲ့အကြောင်းကို ပြောပြပါ။ ဒုတိယ၊ ကလေးရဲ့စကားကို နားထောင်ပေးပါ။ (သုတ္တံ ၁၈:၁၃) တတိယ၊ လက်တွေ့ကျတဲ့ဖြေရှင်းနည်းကို ရှာပါ။ ခိုင်မာပြတ်သားတဲ့စည်းကမ်းတွေ ချမှတ်ဖို့လိုပေမဲ့ အကျိုးသင့်အကြောင်းသင့်ရှိပါ။ ဆယ်ကျော်သက်အရွယ် အယ်လန် အခုလိုပြောတယ်– “မက်ဆေ့ခ်ျပို့တဲ့အကျင့် စွဲနေတုန်းကဆိုရင် မိဘတွေက ကျွန်မရဲ့ဖုန်းကို သိမ်းလိုက်မယ့်အစား ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာ အကြံပေးခဲ့တယ်။ အဲဒါကြောင့် မိဘတွေ ကွယ်ရာမှာတောင် သူ့အချိန်နဲ့သူ မျှမျှတတ သုံးတတ်လာတယ်။”

တကယ်လို့ ကလေးက အတွန့်တက်လာရင်ကော။ မိဘစကားနားမထောင်ဘူးလို့ မထင်လိုက်နဲ့။ စိတ်ရှည်ပါ၊ စဉ်းစားဖို့ အချိန်ပေးပါ။ သင်ပြောတာကို သူ့စိတ်ထဲမှာ သဘောတူပြီးသားဖြစ်လို့ သင်ပြောတဲ့အတိုင်း လိုက်လုပ်ပါလိမ့်မယ်။ ဟယ်လီလို လူငယ်တွေ ရှိကြမှာပါ။ သူ အခုလိုပြောတယ်– “မိဘတွေက ‘နင့်ကြည့်လိုက်ရင် ကွန်ပျူတာရှေ့မှာပဲ’ ဆိုပြီးပြောလို့ စိတ်ဆိုးမိတယ်။ ဒါပေမဲ့ သေချာစဉ်းစားလိုက်တော့လည်း ဟုတ်နေတာပဲ။”

အတွဲ ၁၊ အခန်း ၃၆ ကိုကြည့်ပါ

လွတ်လပ်မှု

ကလေးကို လွတ်လပ်မှု ဘယ်လောက်ပေးသင့်သလဲ

သီးသန့်နေချင်တဲ့ကိစ္စအကြောင်း စဉ်းစားလိုက်တဲ့အခါ ဒီမေးခွန်းက ရှုပ်သွားနိုင်တယ်။ သားက အိပ်ခန်းတံခါးကို ပိတ်ထားတဲ့အခါ တံခါးမခေါက်ဘဲ ဝင်သွားမလား။ သမီးက ကျောင်းကို အလောတကြီးထွက်သွားရလို့ ဖုန်းကျန်ခဲ့တဲ့အခါ သူ့ဖုန်းထဲကစာတွေကို ဖွင့်ဖတ်မလား။

ဒီမေးခွန်းတွေက ဖြေရခက်နိုင်တယ်။ မိဘဆိုတာ ကိုယ့်ကလေး ဘာတွေလုပ်နေတယ်ဆိုတာ သိခွင့်ရှိတယ်။ ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန်ရှိတယ်။ ဒါပေမဲ့ သူတို့ကို အမြဲတမ်း လိုက်မကြည့်နေနိုင်ဘူးဆိုတော့ သင့်ဘက်က ဘယ်လိုအလျှော့အတင်း လုပ်ပေးနိုင်မလဲ။

ပထမ၊ ဆယ်ကျော်သက်ကလေး သီးသန့်နေချင်တာကို မဟုတ်တာလုပ်ချင်လို့ဆိုပြီး မထင်လိုက်နဲ့။ အရွယ်ရောက်လာရင် သီးသန့်နေချင်ကြတာပဲ။ အဲဒီလိုသီးသန့်နေတာက ‘အပျံသင်စငှက်’ တွေလို ကိုယ့်မိတ်ဆွေကိုယ်ရှာ၊ ကိုယ့် “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုသုံးပြီး ကိုယ့်ပြဿနာကိုယ်ရှင်းတတ်ဖို့ အကူအညီဖြစ်စေတယ်။ (ရောမ ၁၂:၁၊ ၂) စဉ်းစားချင့်ချိန်နိုင်စွမ်းလည်း တိုးတက်လာစေပြီး အဲဒါက တာဝန်ယူတတ်တဲ့လူကြီးတွေဖြစ်လာအောင် ကူညီပေးတယ်။ ဒါ့အပြင် သူတို့ဆုံးဖြတ်ချက်တွေ မချခင်၊ ခက်ခဲတဲ့မေးခွန်းတွေ မဖြေခင် စဉ်းစားတတ်ဖို့ အခွင့်အရေးရစေတယ်။—သုတ္တံ ၁၅:၂၈

ဒုတိယ၊ ကလေးကို မျက်စိဒေါက်ထောက် ကြည့်နေမယ်ဆိုရင် သင့်ကို မကျေမနပ်ဖြစ်ပြီး ပုန်ကုန်ချင်လာမယ်ဆိုတာ သိထားပါ။ (ဧဖက် ၆:၄; ကောလောသဲ ၃:၂၁) အဲဒီလိုပြောလို့ သူတို့ကို လွှတ်ထားလိုက်ရတော့မှာလား။ မဟုတ်ပါဘူး။ ကောင်းကောင်းလေ့ကျင့်ထားတဲ့ မှားမှန်သိစိတ် ကလေးမှာရှိလာအောင် သွန်သင်ပေးဖို့ မိဘမှာတာဝန်ရှိတယ်။ (တရားဟောရာ ၆:၆၊ ၇; သုတ္တံ ၂၂:၆) အမြဲတမ်း လိုက်ကြည့်နေတာထက် အကြံပေးတာက အထိရောက်ဆုံးပဲ။

တတိယ၊ သီးသန့်နေချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်ကလေးနဲ့ ဆွေးနွေးပါ။ သူတို့ပြောတာကို နားထောင်ပေးပါ။ သင့်ဘက်က အလျှော့ပေးရမယ့်အခါမျိုးလည်း ရှိနိုင်တယ်။ သင့်ရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရင် အတိုင်းအတာတစ်ခုအထိ သီးသန့်နေခွင့်ပေးမယ်လို့ ကလေးကို ပြောပြပါ။ နားမထောင်ရင် ဘာဖြစ်မယ်ဆိုတာ ပြောထားပြီး လိုအပ်မယ်ဆိုရင် ပြောတဲ့အတိုင်းလုပ်ပါ။ ကလေးကို ဂရုမစိုက်၊ လွှတ်ထားလိုက်တာမျိုးမဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိ သီးသန့်နေဖို့ ခွင့်ပြုနိုင်ပါတယ်။

အတွဲ ၁၊ အခန်း ၁၉ကိုကြည့်ပါ

ကလေး ဘယ်နှတန်းရောက်ရင် ကျောင်းထွက်ခိုင်းရမလဲ

“ဆရာ/ ဆရာမတွေက အသင်အပြမကောင်းဘူး၊” “အိမ်စာတွေ များလွန်းတယ်၊” “အောင်မှတ်ရဖို့တောင် မနည်းကြိုးစားနေရတာ။” တချို့လူငယ်တွေဟာ ဘ၀ကိုရပ်တည်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ မရှိခင် အဲဒီလိုစိတ်ပျက်စရာတွေကြောင့် ကျောင်းထွက်ဖို့ စိတ်ကူးကြတယ်။ သင့်ကလေး ကျောင်းထွက်ချင်တယ်ဆိုရင် ဘာလုပ်မလဲ။ အောက်ပါအချက်တွေကို ကြိုးစားကြည့်ပါ–

ပညာရေးအပေါ်ထားတဲ့ သင့်သဘောထားကို ဆန်းစစ်ပါ။ ကျောင်းတက်တာက အချိန်ဖြုန်းနေတာ၊ ထောင်ကျနေသလိုပဲ၊ ကျောင်းထွက်မှပဲ အရေးကြီးတဲ့ပန်းတိုင်တွေကို လိုက်စားနိုင်မယ်လို့ သင်ယူဆသလား။ အဲဒီလိုသဘောထားမျိုး သင့်မှာရှိနေမယ်ဆိုရင် ကလေးတွေမှာလည်း ရှိမှာပေါ့။ အမှန်တော့ ဘက်စုံတတ်မြောက်ထားတဲ့ပညာရေးက ပန်းတိုင်ရောက်ဖို့ လိုအပ်တဲ့ ‘လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း’ ရှိလာအောင် ကူညီပေးတယ်။—သုတ္တံ ၃:၂၁ကဘ။

ပညာရေးအတွက် လိုအပ်တာအားလုံး စီစဉ်ပေးပါ။ တချို့က အမှတ်ကောင်းရချင်ပေမဲ့ စာကျက်နည်းအမှန်ကို မသိဘူး။ သင့်တော်တဲ့နေရာလည်း မရှိကြဘူး။ စာကောင်းကောင်းကျက်နိုင်ဖို့ အလင်းရောင်ကောင်းကောင်း၊ ရှင်းလင်းတဲ့စားပွဲနဲ့ အထောက်အကူပြုတဲ့ ပစ္စည်းအစုံအလင် ရှိရမယ်။ အဲဒီလိုသင့်တော်တဲ့နေရာ လုပ်ထားပေးမယ်ဆိုရင် ကလေးမှာ အတွေးသစ် အမြင်သစ်တွေရှိလာပြီး လောကီရေးရာနဲ့ဝတ်ပြုရေးဘက်မှာ တိုးတက်လာနိုင်တယ်။—၁ တိမောသေ ၄:၁၅ နဲ့နှိုင်းယှဉ်ပါ။

ပူးပေါင်းလုပ်ဆောင်ပါ။ ဆရာ၊ ဆရာမတွေနဲ့ အကြံပေးသူတွေကို ရန်သူလိုမဟုတ်ဘဲ မိတ်ဆွေလို သဘောထားပါ။ သူတို့ရဲ့နာမည်တွေကို သိထားပြီး ရင်းနှီးအောင်လုပ်ပါ။ ကလေးရဲ့ပန်းတိုင်နဲ့ သူတို့ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြထားပါ။ ကလေးမှာ အဆင့်နဲ့ပတ်သက်ပြီး ပြဿနာကြုံနေရတယ်ဆိုရင် အကြောင်းရင်းကိုရှာကြည့်ပါ။ ဥပမာ၊ စာတော်ခဲ့ရင် တစ်ယောက်ယောက်ရဲ့ အနိုင်ကျင့်ခံရမယ်လို့ ကလေးက ထင်နေသလား။ ဆရာ/ ဆရာမနဲ့ အဆင်မပြေလို့များလား။ မလိုက်နိုင်တဲ့ ဘာသာရပ်တွေများရှိလို့လား။ တခြားဖြစ်နိုင်တဲ့အကြောင်းရင်းတွေက– မျက်စိမကောင်းတာ၊ ဉာဏ်ရည်မမီတာတွေများလား။

သင့်ကလေးကို လောကီရေးရာနဲ့ ဝတ်ပြုရေးဘက်မှာ ပိုကောင်းကောင်းလေ့ကျင့်ပေးလေ အောင်မြင်ဖို့အခွင့်အလမ်း ပိုရှိလာလေပဲ။—ဆာလံ ၁၂၇:၄၊ ၅

အတွဲ ၁၊ အခန်း ၃ နဲ့ ၁၅ တို့ကိုကြည့်ပါ

ငါ့ကလေး အိမ်ကနေခွဲထွက်ဖို့ အသင့်ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ

ဒီစာအုပ်ရဲ့ အခန်း ၇ မှာပါတဲ့ ဆရီးနာက အိမ်ကနေခွဲထွက်သွားရမှာ ကြောက်နေတယ်။ ဘာကြောင့်ဖြစ်မလဲ။ သူအခုလိုပြောပြတယ်– “ကိုယ့်ပိုက်ဆံနဲ့ တစ်ခုခုဝယ်ချင်ရင်တောင် အဖေက မဝယ်ခိုင်းဘူး။ ဝယ်ပေးရမှာ သူ့တာဝန်လို့ပြောတယ်။ ဒါကြောင့် ကိုယ့်အသုံးစရိတ်ကိုယ်ခံရမှာ ကြောက်နေမိတယ်။” ဆရီးနာအဖေ အဲဒီလိုလုပ်တာ မှားတယ်။ သမီးကို တစ်အိုးတစ်အိမ် ထူထောင်တတ်ဖို့ ကူညီပေးရာမရောက်ဘူး။—သုတ္တံ ၃၁:၁၀၊ ၁၈၊ ၂၇

သင့်ကလေးတွေကို ဂရုစိုက်လွန်းနေသလား။ အဲဒါက ကိုယ့်ခြေပေါ်ကိုယ်ရပ်ဖို့ ခက်စေတယ်။ အခန်း ၇ မှာပါတဲ့ “အဆင်သင့်ဖြစ်ပြီလား” ခေါင်းစဉ်အောက်က အရည်အချင်းလေးခုကို မိဘတွေဘက်ကနေ ပြန်လေ့လာကြည့်ရအောင်။

 ငွေသုံးစွဲတတ်ခြင်း။ ၀င်ငွေစာရင်း ဘယ်လိုဖြည့်ရမယ်၊ အခွန်ဥပဒေကို လိုက်နာဖို့ ဘာလုပ်ရမယ်ဆိုတာ အရွယ်ရောက်နေတဲ့ သင့်ကလေး သိသလား။ (ရောမ ၁၃:၇) အကြွေး၀ယ်ကတ်ကို ဘယ်လိုသုံးရမယ်ဆိုတာ သိသလား။ (သုတ္တံ ၂၂:၇) ၀င်ငွေထွက်ငွေကို မျှတအောင် သုံးတတ်သလား။ (လုကာ ၁၄:၂၈-၃၀) သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ဝယ်ထားတဲ့ပစ္စည်းကို တန်ဖိုးထားတတ်သလား။ သူ့ရဲ့ အချိန်နဲ့ငွေကိုသုံးပြီး တခြားသူတွေကို ကူညီပေးရတာ ပျော်ရွှင်သလား။—တမန်တော် ၂၀:၃၅

အိမ်မှုကိစ္စနိုင်နင်းခြင်း။ သင့်ကလေးတွေ ချက်ပြုတ်တတ်သလား။ လျှော်ဖွပ်မီးပူတိုက်တတ်ဖို့ သင်ပေးထားသလား။ ကားမောင်းတတ်တယ်ဆိုရင် အခြေခံပြုပြင်ထိန်းသိမ်းရေးတွေဖြစ်တဲ့ ဖျူးကြိုး၊ ဆီနဲ့ ကားဘီးလဲတာမျိုးတွေ လုပ်တတ်သလား။

ပေါင်းသင်းဆက်ဆံတတ်ခြင်း။ အရွယ်ရောက်လာတဲ့ကလေးတွေ စကားများကြတဲ့အခါ သင်ပဲ ဒိုင်ခံဖြေရှင်းပေးသလား။ ဒါမှမဟုတ် သင့်မြတ်အောင် သူတို့ဘာသာ ဖြေရှင်းခိုင်းသလား။ ပြီးရင် အခြေအနေကို ပြန်ပြောပြခိုင်းသလား။—မဿဲ ၅:၂၃-၂၅

ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စများ။ ဘာကိုယုံကြည်ရမယ်လို့ ပြောထားသလား ဒါမှမဟုတ် ဘာကြောင့်ယုံကြည်လက်ခံသင့်တယ်ဆိုတာ ပြောထားသလား။ (၂ တိမောသေ ၃:၁၄၊ ၁၅) သူတို့သိချင်တဲ့ ဘာသာရေး၊ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့မေးခွန်းတွေကို အမြဲဖြေပေးနေမယ့်အစား သူတို့ရဲ့ ‘စဉ်းစားဆင်ခြင်နိုင်စွမ်း’ ကို အသုံးပြုခိုင်းသလား။ (သုတ္တံ ၁:၄ကဘ) ကိုယ်ပိုင်ကျမ်းစာလေ့လာမှုကို သင်လုပ်သလိုပဲ လုပ်စေချင်သလား ဒါမှမဟုတ် တခြားပုံစံတစ်မျိုးနဲ့ လုပ်စေချင်သလား။ *

အထက်ပါကိစ္စတွေမှာ ကလေးတွေကို လေ့ကျင့်ပေးတဲ့အခါ အတော်လေးအချိန်ကုန်ခံပြီး ကြိုးစားအားထုတ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစားရကျိုးနပ်ပါတယ်။ သူတို့ အိမ်ကနေခွဲထွက်သွားချိန်မှာ သင်ဝမ်းနည်းရသလို ဝမ်းလည်းသာပါလိမ့်မယ်။

အတွဲ ၁၊ အခန်း ၇ ကိုကြည့်ပါ

လိင်၊ ချိန်းတွေ့ခြင်း

လိင်အကြောင်း ကလေးကို ပြောပြသင့်သလား

ကလေးတွေဟာ ငယ်ငယ်လေးနဲ့ လိင်အကြောင်း သိနေကြပြီ။ “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ” ဖြစ်လို့ လူတွေဟာ “ချုပ်တည်းခြင်းမရှိသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ” တွေဖြစ်လာမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (၂ တိမောသေ ၃:၁၊ ၃၊ ၄) ကြုံရာလူနဲ့လိင်ဆက်ဆံတာကလည်း ဒီကြိုဟောချက်မှန်တယ်ဆိုတာ ဖော်ပြနေတယ်။

ဒီနေ့ခေတ်က သင်ကြီးပြင်းလာတဲ့ခေတ်နဲ့ လုံးဝမတူပေမဲ့ ပြဿနာတွေကတော့ အတူတူပါပဲ။ ဒါကြောင့် သင့်ကလေးတွေ မကောင်းတဲ့သြဇာလွှမ်းမိုးခံနေရတာကို စိုးရိမ်လွန်းတာ၊ ကြောက်ရွံ့တာတွေ မဖြစ်ပါနဲ့။ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ လောက်က ခရစ်ယာန်တွေကို တမန်တော်ပေါလု ဒီလိုတိုက်တွန်းခဲ့တယ်– “မာရ်နတ်၏စဉ်းလဲသည့် ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်နိုင်ရန် ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြလော့။” အဲဒီအတိုင်း လုပ်ဆောင်နိုင်ဖို့ သင့်ကလေးတွေကို ကူညီပေးပါ။ (ဧဖက် ၆:၁၁) ခရစ်ယာန်လူငယ်များစွာဟာ မကောင်းတဲ့သြဇာလွှမ်းမိုးမှုခံနေရတဲ့ကြားက မှန်ရာကိုလုပ်ဖို့ ကြိုးစားတိုက်လှန်နေကြတာ ချီးမွမ်းစရာပဲ။ သင့်ကလေးတွေလည်း အဲဒီလိုလုပ်နိုင်အောင် ဘယ်လိုကူညီပေးမလဲ။

ဒီစာအုပ်ရဲ့ အပိုင်း ၄ ထဲက သက်ဆိုင်ရာအခန်းတွေကိုသုံးပြီး ကလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အဲဒီအခန်းတွေမှာ စဉ်းစားတွေးတောစေတဲ့ကျမ်းချက်တွေ ပါတယ်။ မှန်ရာကိုလုပ်ခဲ့တဲ့အတွက် ကောင်းချီးခံစားရသူတွေနဲ့ ဘုရားသခင့်ပညတ်တွေကို မလိုက်နာခဲ့တဲ့အတွက် ဆိုးကျိုးခံစားရသူတွေရဲ့ ဘ၀ဖြစ်ရပ်မှန်တွေကို ဖော်ပြထားတယ်။ တခြားကျမ်းချက်တွေထဲမှာလည်း ဘုရားသခင့်လမ်းညွှန်ချက်တွေ ပါသေးတယ်။ အဲဒါတွေက ဘုရားသခင့်ပညတ်တွေအတိုင်း နေထိုင်ခြင်းက ကလေးအတွက်ရော သင့်အတွက်ပါ အခွင့်ထူးဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ ကူညီပေးတယ်။ ဒီအကြောင်းတွေကို ကလေးနဲ့လေ့လာဖို့ စီစဉ်ပါ။

အတွဲ ၁၊ အခန်း ၂၃၊ ၂၅၊ ၃၂ တို့ကိုကြည့်ပါ

ကလေးကို ချိန်းတွေ့ခွင့် ပေးသင့်ပြီလား

သင့်ကလေးတွေဟာ အနှေးနဲ့အမြန်ဆိုသလို ချိန်းတွေ့ကြတော့မှာပဲ။ ဖိလစ်အခုလိုပြောတယ်– “ကျွန်တော်တောင် ဘာမှလုပ်စရာမလိုဘူး။ ချိန်းတွေ့ဖို့ မိန်းကလေးတွေဘက်ကစပြီး တောင်းဆိုလာတာ။ ဒီတော့ ‘ငါ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားမိတယ်။’ တချို့က သိပ်လှတော့လည်း ငြင်းရခက်တာပေါ့။”

ချိန်းတွေ့တဲ့ကိစ္စအကြောင်း သင့်ဆယ်ကျော်သက်ကလေးနဲ့ ဆွေးနွေးထားဖို့လိုတယ်။ ကျောင်းမှာ၊ ခရစ်ယာန်အသင်းတော်မှာ ကြုံနေရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး သူဘယ်လို ခံစားရတယ်ဆိုတာ မေးကြည့်ပါ။ ‘အိမ်မှာထိုင်နေတဲ့အခါ၊ လမ်းလျှောက်နေတဲ့အခါ’ လိုမျိုး အေးအေးဆေးဆေးရှိတဲ့အချိန်တွေမှာ အဲဒါတွေကို ဆွေးနွေးနိုင်တယ်။ (တရားဟောရာ ၆:၆၊ ၇ကဘ) ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ‘နားထောင်ခြင်းမှာ လျင်မြန်ပါ။ စကားပြောခြင်းမှာ နှေးပါ။’—ယာကုပ် ၁:၁၉

သင့်ကလေးက လိင်ခြားသူတစ်ယောက်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုရင် လန့်ဖျပ်မသွားပါနဲ့။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် အခုလိုပြောတယ်– “ကျွန်မမှာ ရည်းစားရှိမှန်း အဖေသိသွားတော့ သိပ်စိတ်ဆိုးတယ်။ အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်မဖြစ် မေးခွန်းတွေ တရစပ်မေးပြီး ခြောက်လှန့်တော့တာပဲ။ အသက်ကလည်း ငယ်သေးတော့ အရွဲ့တိုက်ချင်လာတယ်။ မိဘတွေ မှားတယ်ဆိုတာ သက်သေပြချင်တော့ ရည်းစားနဲ့ဆက်တွဲဖြစ်ရော။”

သင်က ချိန်းတွေ့တဲ့ကိစ္စကို ကလေးတွေနဲ့ မဆွေးနွေးချင်ဘူးဆိုတာ သူတို့သိထားမယ်ဆိုရင် သင်မသိအောင် ခိုးကြောင်ခိုးဝှက် ချိန်းတွေ့ကြမှာပဲ။ အဲဒါဆို ပြဿနာအကြီးအကျယ်တက်လာနိုင်တယ်။ မိန်းကလေးတစ်ယောက် အခုလိုပြောတယ်– “မိဘတွေက အဖြစ်သည်းလွန်းရင် ကလေးတွေက ရည်းစားရှိတယ်ဆိုတာ ပိုပြီးမပြောပြချင်တော့ဘူး။ ရပ်တန်းကမရပ်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်ကြရော။”

ပွင့်ပွင့်လင်းလင်းဆွေးနွေးတာ အရမ်းအကျိုးရှိပါတယ်။ အသက် ၂၀ အရွယ် ဘရစ်တနီ အခုလိုပြောတယ်– “ချိန်းတွေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မိဘတွေနဲ့ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောနေကျပဲ။ ကျွန်မ ဘယ်သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ သူတို့သိဖို့လိုတယ်။ သိထားတာလည်း ကောင်းတယ်။ မိဘတွေက သူနဲ့စကားပြောကြည့်လို့ သဘောမကျစရာ တစ်ခုခုရှိရင် ကျွန်မကို ပြန်ပြောပြတယ်။ ဒါကြောင့် ချိန်းတွေ့တဲ့အဆင့်မရောက်ခင်မှာပဲ သူ့ကို စိတ်မဝင်စားတော့ဘူး။”

ဘာကြောင့် ခိုးကြောင်ခိုးဝှက် ချိန်းတွေ့ကြတယ်ဆိုတာနဲ့ပတ်သက်ပြီး လူငယ်တွေပြောတာကို သတိပြုပါ။ ပြီးရင် မေးခွန်းတွေကို စဉ်းစားကြည့်ပါ။

“တချို့လူငယ်တွေက အိမ်မှာမပျော်တော့ စိတ်ပြေလက်ပျောက်ဆိုပြီး ရည်းစားထားကြတယ်။”—ဝင်ဒီ။

မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ တခြားရော ဘာတွေ ထပ်လုပ်ပေးနိုင်မလဲ။

“ကျွန်မ အသက် ၁၄ နှစ်မှာ ကျောင်းပြောင်းလာတဲ့ ကျောင်းသားအသစ်တစ်ယောက်က သူနဲ့ တွဲဖို့ကမ်းလှမ်းတယ်။ ကျွန်မကို ထွေးပွေ့ထားမယ့် ကောင်လေးတစ်ယောက်ရှိတော့ ကောင်းတာပေါ့လို့တွေးမိပြီး လက်ခံလိုက်တယ်။”—ဒိုင်ယန်း။

ဒိုင်ယန်းကသာ သင့်သမီးဆိုရင် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

“မိုလ်ဘိုင်းဖုန်းတွေကြောင့် ခိုးကြောင်ခိုးဝှက် ချိန်းတွေ့ဖို့လွယ်တယ်။ ကလေးတွေဘာလုပ်နေတယ်ဆိုတာ မိဘတွေ မသိနိုင်ဘူး။”—အန်နက်။

 ကလေးတွေ ဆဲလ်ဖုန်းသုံးတယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်မလဲ။

“မိဘတွေက ကလေးတွေ ဘယ်သူနဲ့ ဘာလုပ်နေတယ်ဆိုတာ အရိပ်တကြည့်ကြည့် ကြည့်မနေဘူးဆိုရင် ခိုးကြောင်ခိုးဝှက်ချိန်းတွေ့ဖို့ ပိုလွယ်တယ်။”—သောမတ်စ်။

ဆယ်ကျော်သက်ကလေးကို သင့်တော်တဲ့ လွတ်လပ်မှုပေးပြီး တစ်ချိန်တည်းမှာ သူ့အကြောင်းပိုသိနိုင်ဖို့ ဘာနည်းလမ်းတွေရှိသလဲ။

“အိမ်မှာ ကလေးတွေ ရှိတဲ့အချိန်ဆို မိဘတွေ မရှိတတ်ဘူး။ ဒါမှမဟုတ် သူတို့ကလေး တခြားသူတွေနဲ့ အပြင်သွားတာကို စိတ်ချလက်ချလွှတ်ကြတယ်။”—နီကိုလပ်စ်။

သင့်ကလေးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းက ဘယ်သူလဲ။ သူတို့အတူရှိတဲ့အချိန်မှာ ဘာလုပ်တတ်ကြတယ်ဆိုတာ သင်သိသလား။

“မိဘတွေ သိပ်တင်းကြပ်လွန်းရင်လည်း ခိုးကြောင်ခိုးဝှက် ချိန်းတွေ့နိုင်တယ်။”—ပေါလ်။

ကျမ်းစာပညတ်တွေနဲ့ လမ်းညွှန်ချက်တွေကို အလျှော့ပေးတာမျိုးမဟုတ်ဘဲ ‘အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားအောင်’ သင် ဘယ်လိုပြနိုင်မလဲ။—ဖိလိပ္ပိ ၄:၅

“ကျွန်မအပျိုဖော်ဝင်စက ကိုယ့်ကိုယ်ကိုယ် သိပ်တန်ဖိုးမထားတတ်ဘူး။ တခြားသူတွေရဲ့ အာရုံစိုက်ခံချင်တယ်။ အနီးအနားမှာရှိတဲ့ အသင်းတော်က ကောင်လေးတစ်ယောက်ကို ကျွန်မက အီးမေးလ်စပို့ပြီး နောက်ပိုင်း ကြိုက်သွားကြတယ်။ သူက ကျွန်မကို တုန်နေအောင်ချစ်တယ်။”—လင်ဒါ။

လင်ဒါရဲ့လိုအပ်ချက်တွေကို အိမ်မှာဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းကောင်းတချို့ကို သင်စဉ်းစားမိသလား။

နောက်ဆက်တွဲထဲက ဒီအကြောင်းအရာတွေကို အခြေခံပြီး သင့်ကလေးနဲ့ဆွေးနွေးပါ။ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့တာနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြေရှင်းနည်းက နွေးနွေးထွေးထွေး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းပါပဲ။—သုတ္တံ ၂၀:၅

စိတ်လှုပ်ရှားမှုနဲ့ဆိုင်တဲ့ကိစ္စများ

ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကလေးပြောလာရင် ငါဘယ်လိုတုံ့ပြန်မလဲ

နိုင်ငံတချို့မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းဟာ လူငယ်တွေကြား တိုးများလာတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံမှာ အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်ကြားလူငယ်တွေ အများဆုံးသေဆုံးရတဲ့ တတိယအကြောင်းရင်းက ကိုယ့်ကိုယ်ကိုယ်သတ်သေကြလို့ဖြစ်တယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်ကြား လူငယ်တွေရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းဟာ နှစ်ဆတိုးများလာတယ်။ အဲဒီလိုလူငယ်တွေထဲမှာ စိတ်ရောဂါရှိသူ၊ ကိုယ့်ကိုယ်ကိုယ်သတ်သေဖူးတဲ့ မိသားစုနောက်ကြောင်းရှိသူ၊ အရင်က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြံစည်ခဲ့သူတွေ ပါဝင်တယ်။ အဲဒီလိုလုပ်ဖို့ ကြံစည်နေတဲ့ လူငယ်တစ်ယောက်မှာ အောက်ပါလက္ခဏာတွေ တွေ့ရတယ်–

● မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ မပေါင်းသင်းတော့ခြင်း

● အစားအသောက်နဲ့ အိပ်စက်မှုပုံစံ ပြောင်းသွားခြင်း

● အရင်က နှစ်သက်တဲ့လုပ်ဆောင်မှုတွေကို စိတ်မဝင်စားတော့ခြင်း

● ပင်ကိုစရိုက် သိသိသာသာပြောင်းသွားခြင်း

● မူးယစ်ဆေး၊ အရက် စွဲလာခြင်း

● တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ပေးပစ်ခြင်း

● သေခြင်းအကြောင်း ပြောဆိုခြင်း ဒါမှမဟုတ် အဲဒီအကြောင်းကိုပဲ တွေးနေခြင်း

အဲဒီလိုလက္ခဏာတွေကို မိဘတွေ ဂရုမစိုက်မိရင် အမှားကြီးမှားသွားနိုင်တယ်။ ဒါကြောင့် အဲဒီအပြောင်းအလဲတွေကို မြင်ရင် သတိထားပါ။ ဒီလိုအသက်အရွယ်မှာ ဒါမျိုးဖြစ်နေတာ မဆန်းပါဘူးဆိုပြီး မြန်မြန်ဆန်ဆန် ကောက်ချက်မချပါနဲ့။

သင့်ကလေးမှာ ပြင်းထန်တဲ့စိတ်ကျရောဂါ ဒါမှမဟုတ် တခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတယ်ဆိုရင်လည်း အကူအညီတောင်းဖို့ မရှက်ပါနဲ့။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြံစည်နေတာကို သင်ရိပ်မိရင် သူ့ကို အစ်အောက်မေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းအကြောင်းပြောတာနဲ့ပဲ အဲဒီလိုလုပ်ဖို့ တွန်းအားပေးတယ်လို့ ယူဆတာ မှားတယ်။ မိဘတွေက အဲဒီအကြောင်းကို စပြောတဲ့အခါ ကလေးတွေလည်း ပြောထွက်လာတယ်။ သင့်ကလေးက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားနေတယ်လို့ ဝန်ခံရင် ဘယ်အထိကြံစည်ထားသလဲဆိုတာ မေးမြန်းကြည့်ပြီး ချက်ချင်းကိုယ်တွယ်ဖြေရှင်းဖို့လိုတယ်။

စိတ်ကျဝေဒနာက သူ့အလိုလိုသက်သာသွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အလိုလိုပျောက်သွားခဲ့ရင်တောင် ပြဿနာမရှိတော့ဘူးလို့ မယူဆပါနဲ့။ တကယ်တော့ အဲဒီအခြေအနေက အန္တရာယ်အရှိဆုံးပဲ။ ဘာကြောင့်လဲ။ သူ အရမ်းစိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘာမှလုပ်နိုင်မှာ မဟုတ်ပေမဲ့ စိတ်နည်းနည်းတည်ငြိမ်လာရင်တော့ ကြံစည်ထားတဲ့အတိုင်း လုပ်နိုင်တယ်။

တချို့လူငယ်တွေဟာ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ကြတာ ၀မ်းနည်းစရာကောင်းတယ်။ ဒါကြောင့် သတိပေးလက္ခဏာတွေကို ဂရုစိုက်ကြည့်ပြီး လိုအပ်သလို အရေးယူလုပ်ဆောင်ပါ။ မိဘတွေနဲ့ ဂရုစိုက်တတ်တဲ့ တခြားလူကြီးတွေက “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကား” ပြောပေးမယ်ဆိုရင် သူတို့အတွက် ခိုလှုံရာနေရာ ဖြစ်လာလိမ့်မယ်။—၁ သက်သာလောနိတ် ၅:၁၄

အတွဲ ၁၊ အခန်း ၁၃ နဲ့ ၁၄ တို့ကို ကြည့်ပါ။

ငါ့ဝမ်းနည်းပူဆွေးမှုကို ကလေးမသိအောင် မျိုသိပ်ထားသင့်သလား

အိမ်ထောင်ဖက်ဆုံးပါးသွားတဲ့အချိန်ဟာ တကယ့်ကိုဝမ်းနည်းပူဆွေးစရာပါပဲ။ အဲဒီအချိန်မှာ ကလေးကလည်း ဆယ်ကျော်သက်အရွယ်ဖြစ်နေတော့ သူ့ကိုကူညီပေးဖို့ လိုနေတယ်။ သင်ကိုယ်တိုင်နဲ့ ကလေးရဲ့ ၀မ်းနည်းမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ။ * အောက်ပါအချက်တွေကို ကြိုးစားလုပ်ဆောင်ပါ–

သင့်ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။ သင့်ကိုကြည့်ပြီး ကလေးက သူ့ဘဝအတွက် အကောင်းဆုံးသင်ခန်းစာတွေကို သင်ယူနေတာ။ အခုလည်း ၀မ်းနည်းပူဆွေးမှုကို သင်ဘယ်လိုခံနိုင်ရည်ရှိရှိ ကျော်လွှားတယ်ဆိုတာ သူသင်ယူပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့၀မ်းနည်းမှုကို မျိုသိပ်ထားပြီး ကလေးရှေ့မှာ စိတ်မာတဲ့ပုံစံ မလုပ်ပြပါနဲ့။ အဲဒီလိုလုပ်ရင် ကလေးလည်း လိုက်လုပ်မှာပဲ။ သင့်ခံစားချက်တွေကို ဖော်ထုတ်ပြမယ်ဆိုရင် မျိုသိပ်ထားတာထက် ဖွင့်ချလိုက်တာ ပိုကောင်းမှန်း သူသိလာမယ်။ ဝမ်းနည်းတာ၊ စိတ်ပျက်တာ၊ ဒေါသထွက်တာတွေကလည်း ဖြစ်နေကျပဲဆိုတာ သူနားလည်လာလိမ့်မယ်။

ရင်ဖွင့်ပြောဆိုဖို့ ဆယ်ကျော်သက်ကလေးကို အားပေးပါ။ အဲဒီလိုလုပ်တဲ့အခါ အတင်းဖိအားပေးတဲ့ပုံစံမျိုး မဖြစ်စေနဲ့။ ဒါပေမဲ့ သူ့ဘက်က မပြောချင်ဘူးဆိုရင် ဒီစာအုပ်ရဲ့ အခန်း ၁၆ ကို ဆွေးနွေးပါ။ သေသွားတဲ့အိမ်ထောင်ဖက်နဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေကို သူ့ကိုပြောပြပါ။ ဘဝခရီးရှေ့ဆက်ဖို့ ဘယ်လောက်ထိ ခက်ခဲလာတော့မယ်ဆိုတာ သိစေပါ။ ဆယ်ကျော်သက်ကလေးကို သင့်ခံစားချက်တွေ ပြောပြတဲ့အခါ သူလည်း အဲဒီလိုလုပ်တတ်လာပါလိမ့်မယ်။

 သင့်ရဲ့ကန့်သတ်ချက်တွေကို အသိအမှတ်ပြုပါ။ အခုလိုခက်ခဲတဲ့အချိန်မှာ ဆယ်ကျော်သက်ကလေးကို ပံ့ပိုးပေးချင်တာ မမှားပါဘူး။ ဒါပေမဲ့ သင်ကိုယ်တိုင်လည်း ချစ်ရတဲ့သူဆုံးသွားလို့ အကြီးအကျယ် ဝမ်းနည်းပူဆွေးနေတာကို မမေ့ပါနဲ့။ စိတ်ပိုင်းနဲ့ ကာယပိုင်းမှာ အချိန်အတော်ကြာ အားလျော့နေပါလိမ့်မယ်။ (သုတ္တံ ၂၄:၁၀) ဒါကြောင့် မိသားစုထဲက ပိုင်းခြားသိမြင်မှုရှိတဲ့သူတွေနဲ့ ရင့်ကျက်တဲ့မိတ်ဆွေတွေရဲ့ အကူအညီကို တောင်းခံပါ။ ‘ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်’ လို့ ကျမ်းစာမှာ ပြောထားတာမို့ အကူအညီတောင်းခံတာက ရင့်ကျက်မှုရဲ့လက္ခဏာပဲ။—သုတ္တံ ၁၁:၂ကဘ။

ယေဟောဝါဘုရားက သူ့ကျေးကျွန်တွေကို အကောင်းတကာ့အကောင်းဆုံး အကူအညီပေးတယ်။ ကိုယ်တော် အခုလိုကတိပေးခဲ့တယ်– ‘မင်းရဲ့ဘုရား ငါယေဟောဝါဟာ မင်းရဲ့ညာလက်ကို ဆုပ်ကိုင်ပြီး “မကြောက်နဲ့။ ငါကူညီမယ်” လို့ပြောတဲ့အရှင်ပဲ။’—ဟေရှာယ ၄၁:၁၃ကဘ။

အတွဲ ၁၊ အခန်း ၁၆ ကို ကြည့်ပါ

ကိုယ်အလေးချိန်လျှော့ချတာနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိဖို့ သမီးကို ဘယ်လိုကူညီပေးနိုင်မလဲ

သင့်သမီးမှာ အစားအသောက်မူမမှန်တဲ့အကျင့် ရှိနေရင် ဘာလုပ်နိုင်မလဲ။ * ဦးဆုံး၊ ဘာကြောင့် သူ အဲဒီလိုလုပ်ရတယ်ဆိုတာ နားလည်အောင် ကြိုးစားပါ။

အစားအသောက်မူမမှန်တဲ့သူတွေဟာ သိမ်ငယ်စိတ်၀င်နေတာ၊ ဇီဇာကြောင်လွန်းတာ၊ ရည်မှန်းချက်ကြီးလွန်းတာ စတဲ့သဘောထားတွေ ရှိနေတတ်တယ်။ အဲဒီလိုစိတ်ထားတွေကို အားပေးမယ့်အစား သင့်သမီးကို ကူညီပေးပါ။—၁ သက်သာလောနိတ် ၅:၁၁

သင့်မှာကော အစားအသောက်၊ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာ ဆန်းစစ်ကြည့်ပါ။ အပြောအဆို၊ အပြုအမူနဲ့များ အဲဒါတွေကို အမှတ်တမဲ့ အလေးပေးမိသလား။ လူငယ်တွေက သူတို့ရဲ့ပုံပန်းသွင်ပြင်ကို အရမ်းဂရုစိုက်တတ်တယ်ဆိုတာ သတိရပါ။ “ဖက်တီးပုတ်လေး” လို့ စနောက်ပြီးခေါ်တာ ဒါမှမဟုတ် ‘ကလန်ကလားကြီး’ လို့ပြောတာမျိုးကို မကြိုက်ကြဘူး။

မိဘအနေနဲ့ ဒီကိစ္စကို ဆုတောင်းပြီး သမီးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အောက်ပါတို့ကို လုပ်ဆောင်ကြည့်ပါ–

● ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ်ဆိုတာ အသေအချာ စဉ်းစားထားပါ။

● သင်ရဲ့စိုးရိမ်စိတ်နဲ့ ကူညီချင်တဲ့စိတ်ကို ပေးသိပါ။

● စစချင်း တုံ့ပြန်ပုံမကောင်းရင်တောင် စိတ်မပျက်ပါနဲ့။

● စိတ်ရှည်ရှည် နားထောင်ပေးပါ။

အရေးကြီးဆုံးက အစားအသာက်မူမမှန်တဲ့အကျင့်ကို ဖျောက်ဖို့ ကြိုးစားနေတဲ့ သမီးကို မိသားစုလိုက် ကူညီပေးဖို့ ဖြစ်တယ်။

အတွဲ ၁၊ အခန်း ၁၀ ကိုကြည့်ပါ။

၀တ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စများ

ကလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ၀တ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စတွေကို ငါဘယ်လိုသင်ပေးနိုင်သလဲ

တိမောသဟာ “နို့စို့အရွယ်” ကစပြီး ၀တ်ပြုရေးနဲ့ဆိုင်တဲ့လေ့ကျင်မှု ရခဲ့တယ်လို့ ကျမ်းစာပြောတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးကို အဲဒီလိုပဲ လေ့ကျင့်ပေးခဲ့မှာပါ။ (၂ တိမောသေ ၃:၁၅) ဒါပေမဲ့ ကလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင်တော့ သူ့အသက်အရွယ်နဲ့အညီ လေ့ကျင့်ပေးတဲ့နည်းသစ်တွေ လိုအပ်လာမယ်။ သူတို့ငယ်စဉ်က ရှုပ်ထွေးတဲ့အကြောင်းတွေကို အပြည့်အဝနားမလည်ခဲ့ပေမဲ့ အခုတော့ နားလည်လာကြပြီ။ ဒါကြောင့် သူတို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုတတ်အောင် အရင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုလာလိမ့်မယ်။—ရောမ ၁၂:၁

တမန်တော်ပေါလုက တိမောသေဆီ စာရေးတဲ့အခါ တိမောသေ သင်ယူသိရှိခဲ့ပြီး ယုံကြည်စိတ်ချလာတဲ့အရာတွေအကြောင်း ဖော်ပြခဲ့တယ်။ (၂ တိမောသေ ၃:၁၄) သင့်ဆယ်ကျော်သက်ကလေးတွေဟာ သူတို့နို့စို့အရွယ်ကတည်းက သိရှိလာခဲ့တဲ့ ကျမ်းစာအမှန်တရားတွေကို အခု ယုံကြည်စိတ်ချဖို့ လိုလာပြီ။ သူတို့နှလုံးထိမိဖို့ သူတို့ကို ဘာလုပ်ပါ၊ ဘာကိုယုံကြည်ပါဆိုပြီး ပြောတာလောက်နဲ့ မလုံလောက်ဘူး။ သူတို့ကိုယ်တိုင် သင်ယူဖို့လိုတယ်။ သင်ဘယ်လို ကူညီပေးနိုင်မလဲ။ တွေးတောဆင်ခြင်ဖို့ အချိန်ပေးပါ။ အောက်ပါမေးခွန်းတွေမေးပြီး ဆွေးနွေးပါ–

● ဘုရားသခင်ရှိတယ်လို့ ဘာကြောင့်ယုံတာလဲ။—ရောမ ၁:၂၀

● ကျမ်းစာကနေ မိဘတွေ သင်ပေးတာက အမှန်တရားဆိုတာ ဘယ်လိုသိနိုင်မလဲ။—တမန်တော် ၁၇:၁၁

● ကျမ်းစာစံနှုန်းတွေက ကိုယ့်အတွက်အကောင်းဆုံးဆိုတာ ဘာကြောင့်ယုံတာလဲ။—ဟေရှာယ ၄၈:၁၇၊ ၁၈

● ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံလာမယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။—ယောရှု ၂၃:၁၄

● လောကမှာရှိတဲ့ ဘယ်အရာထက်မဆို ‘ခရစ်တော်ယေရှုနဲ့ပတ်သက်တဲ့ အသိပညာဟာ သာလွန်ထူးမြတ်’ တယ်လို့ ဘာကြောင့်ယုံတာလဲ။—ဖိလိပ္ပိ ၃:၈

● ခရစ်တော်ရဲ့ရွေးနုတ်ဖိုးပူဇော်သကာက ငါ့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။—၂ ကောရိန္သု ၅:၁၄၊ ၁၅; ဂလာတိ ၂:၂၀

ဒီမေးခွန်းတွေကို သင့်ဆယ်ကျော်သက်ကလေးတွေ မဖြေနိုင်မှာ စိုးရိမ်ပြီး မမေးဘဲမနေပါနဲ့။ အဲဒီလိုလုပ်ရင် ကားတိုက်ခံရမှာကြောက်လို့ ကားလမ်းကို မဖြတ်ကူးဘဲနေတာနဲ့တူတယ်။ အကောင်းဆုံးကတော့ လမ်းစည်းကမ်းတွေကို အတိအကျလိုက်နာပြီး ဖြတ်ကူးသင့်တယ်။ အဲဒီလိုပဲ၊ ဆယ်ကျော်သက်ကလေးတွေ သင်နဲ့အတူရှိနေတုန်း ယုံကြည်ခြင်းနဲ့ဆိုင်တဲ့မေးခွန်းတွေကို စူးစမ်းတတ်ဖို့ ကူညီပေးမှ အမှန်တရားကို ယုံကြည်စိတ်ချလာမှာဖြစ်တယ်။

သင့်ကလေးက “ငါ ဘာကြောင့် ယုံကြည်တာလဲ” ဆိုတဲ့မေးခွန်းကိုမေးတာ မမှားပါဘူး။ ၂၂ နှစ်အရွယ် ဒိုင်ယန်း အခုလိုပြောတယ်– “ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက ကိုယ့်ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး မသေမချာမဖြစ်ချင်ခဲ့ဘူး။ တိကျပြတ်သားတဲ့အဖြေတွေ သိလာတဲ့အခါမှာတော့ ယေဟောဝါသက်သေဖြစ်ရတာ သိပ်ကောင်းတာပဲလို့ ခံစားမိတယ်။ ကျွန်မ မလုပ်ချင်တာတွေနဲ့ပတ်သက်ပြီး အမေးခံရတဲ့အခါ ‘ဘာသာရေးခံယူချက်ကြောင့်’ လို့ဖြေမယ့်အစား ‘အဲဒါတွေက မှားနေတယ်’ လို့ ဖြေလိုက်တယ်။ ကျမ်းစာရဲ့အမြင်နဲ့ ကျွန်မအမြင် အတူတူပဲဆိုတဲ့ သဘောပေါ့။”

အကြံပြုချက်– ကျမ်းစာစံနှုန်းတွေနဲ့ပတ်သက်ပြီး သင့်ဆယ်ကျော်သက်ကလေး ဘယ်လိုစဉ်းစားနေတယ်ဆိုတာ သိနိုင်ဖို့ ပြဿနာကြုံတဲ့အခါ မိဘနေရာဝင်ပြီး ဖြေရှင်းခိုင်းပါ။ သင့်သမီးက မသွားသင့်တဲ့ပါတီပွဲသွားဖို့ ခွင့်တောင်းလာတယ် ဆိုပါစို့။ မသွားနဲ့လို့ပြောမယ့်အစား ‘သမီးနဲ့ အမေ နေရာချင်းလဲကြည့်မယ်။ သမီးသွားချင်တဲ့ပါတီက ဘယ်လိုပါတီလဲဆိုတာ မနက်ဖြန် စုံစမ်းကြည့်။ ပြီးရင် အမေက ပါတီသွားဖို့ ခွင့်တောင်းမယ်၊ သမီးက အမေ့နေရာမှာနေပြီး ပါတီသွားသင့်၊ မသွားသင့် ပြောနိုင်တယ်။’

အတွဲ ၁၊ အခန်း ၃၈ ကိုကြည့်ပါ။

ငါတို့ရဲ့ဆယ်ကျော်သက်ကလေးက ၀တ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို စိတ်မ၀င်စားတော့လို့ ဘာလုပ်ရမလဲ

ဆယ်ကျော်သက်ကလေးက သင့်ယုံကြည်ချက်ကို လက်မခံချင်တော့ဘူးလို့ ချက်ချင်း မဆုံးဖြတ်လိုက်ပါနဲ့။ အဲဒီလိုဖြစ်ရတာ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်တယ်။ ဥပမာ၊ သင့်ဆယ်ကျော်သက်ကလေးအနေနဲ့–

● ရွယ်တူချင်းဖိအားကို ရင်ဆိုင်နေရလို့၊ ကျမ်းစာစံနှုန်းတွေကို လိုက်နာတဲ့အခါ တခြားသူတွေလက်မခံမှာ ကြောက်နေလို့ ဖြစ်နိုင်တယ်

● တခြားလူငယ်တွေ (မောင်နှမတွေကတောင်) ဘာသာတရားကိုင်းရှိုင်းတဲ့ခရစ်ယာန်တွေဖြစ်နေတာကို မြင်ပြီး သူတို့လိုမလုပ်နိုင်ဘူးလို့ ထင်နေတာဖြစ်နိုင်တယ်

● အဖော်မက်ပေမယ့် ညီအစ်ကိုညီအစ်မတွေနဲ့ ပေါင်းရတာမပျော်လို့ ဖြစ်နိုင်တယ်

  ● “ခရစ်ယာန်” ပါလို့ အမည်ခံထားတဲ့ တခြားလူငယ်တွေ နှစ်ဘဝစံနေတာကို မြင်လို့ ဖြစ်နိုင်တယ်

● လူရာဝင်ချင်တော့ မိဘရဲ့ခံယူချက်တွေကို မေးခွန်းထုတ်ချင်လာလို့ ဖြစ်နိုင်တယ်

● အတန်းဖော်တွေက မကောင်းတာတွေ လုပ်နေပေမဲ့ ဘာဆိုးကျိုးမှမခံရဘူးလို့ ထင်နေတာ ဖြစ်နိုင်တယ်

● သက်သေခံမဟုတ်တဲ့ မိဘတစ်ယောက်ရဲ့ မျက်နှာသာရချင်လို့ ဖြစ်နိုင်တယ်

တကယ်တော့ အဲဒီအကြောင်းတွေက ယုံကြည်ချက်ရဲ့ အခြေခံသဘောတရားတွေနဲ့ ဘာမှမဆိုင်ဘူး။ အခုလောလောဆယ် ဖြစ်နေတာက ယုံကြည်ထားတဲ့အတိုင်းလိုက်လုပ်ဖို့ နည်းနည်းခက်နေရုံပဲ။ အဲဒီလိုဖြစ်နေရင် သင့်ဆယ်ကျော်သက်ကလေးကို ဘယ်လိုအားပေးနိုင်မလဲ။

လိုက်လျောပေးပါ၊ အလျှော့တော့မပေးနဲ့။ ကလေး စိတ်ဓာတ်ကျနေရတဲ့အကြောင်းရင်းကို နားလည်ပေးဖို့ ကြိုးစားပါ။ ၀တ်ပြုရေးဘက် ပိုထက်သန်လာဖို့ အပြောင်းအလဲတချို့ လုပ်ပေးနိုင်တယ်။ (သုတ္တံ ၁၆:၂၀) တကယ်လို့ သင့်ကလေးက အထီးကျန်နေတယ်ဆိုရင် သူ့အတွက် သူငယ်ချင်းကောင်းတွေ ရှာပေးလိုက်ပါ။

အကြံဉာဏ်ကောင်းပေးတတ်သူကို ရှာပေးပါ။ လူငယ်တွေဟာ မိသားစုဝင်မဟုတ်တဲ့ လူကြီးတစ်ယောက်ရဲ့ အားပေးမှု တစ်ခါတလေ လိုအပ်တယ်။ ဆယ်ကျော်သက်ကလေးကို ၀တ်ပြုရေးဘက် ပိုထက်သန်လာအောင် ကူညီပေးနိုင်တဲ့သူ တစ်ယောက်ယောက်ကို သိတယ်ဆိုရင် ကလေးနဲ့ပေါင်းသင်းဖို့ စီစဉ်ပေးနိုင်တယ်။ ဒီလိုလုပ်တာက မိဘတာ၀န်ကို မျက်နှာလွှဲခဲပစ်လုပ်တာ မဟုတ်ပါဘူး။ တိမောသေဆိုရင် တမန်တော်ပေါလုရဲ့ ပုံသက်သေကနေ အကျိုးအများကြီး ခံစားခဲ့ရသလို ပေါလုကလည်း တိမောသေလို အဖော်ကောင်းတစ်ယောက်ရတဲ့အတွက် အကျိုးခံစားခဲ့ရတယ်။—ဖိလိပ္ပိ ၂:၂၀၊ ၂၂

ကလေးက သင့်အရိပ်အောက်မှာ နေသေးတယ်ဆိုရင် သင့်ရဲ့၀တ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေမှာ ပါဝင်ရမယ်လို့ ပြောပိုင်ခွင့်ရှိတယ်။ အဲဒီလိုပြောရတာက ဘုရားသခင်ကို ချစ်စေချင်လို့ ဖြစ်တယ်။ ဒါပေမဲ့ ယန္တရားဆန်ဆန် အတင်းအကျပ်တော့ မလုပ်ပါနဲ့။ စစ်မှန်တဲ့ဘာသာကို သူ လက်ခံယုံကြည်လာဖို့ စံနမူနာကောင်းပြပါ။ သင်ဖြစ်စေချင်တာကို အကျိုးသင့်အကြောင်းသင့်သဘောရှိရှိ ပြောပါ။ အကြံဉာဏ်ကောင်းပေးနိုင်မယ့်သူ၊ တည်ဆောက်မှုဖြစ်စေတဲ့ အပေါင်းအသင်းတွေကို သူ့အတွက် ရှာပေးပါ။ ဒါဆိုရင် တစ်နေ့နေ့မှာ သင့်ကလေးက ‘ယေဟောဝါဟာ ငါ့ကျောက်ဆောင်၊ ငါ့ရဲတိုက်၊ ငါ့ကိုကယ်တင်တဲ့အရှင်ပါ’ လို့ ဆာလံဆရာပြောသလို ပြောလာပါလိမ့်မယ်။—ဆာလံ ၁၈:၂ကဘ။

အတွဲ ၁၊ အခန်း ၃၉ ကိုကြည့်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 23 တစ်ချိန်တည်းမှာ၊ ကလေးမှာ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး မဝင်ပါစေနဲ့။

^ အပိုဒ်၊ 64 သင့်ဆယ်ကျော်သက်ကလေးက ကိုယ်လုံးကိုယ်ပေါက် သိပ်လှချင်နေမှာဖြစ်လို့ သူ့ခန္ဓာကိုယ်ကို အပြစ်မပြောမိဖို့ သတိထားပါ။

^ အပိုဒ်၊ 95 စာမျက်နှာ  ၃၁၅-၃၁၈ ကိုကြည့်ပါ။

^ အပိုဒ်၊ 142 နားလည်လွယ်ကူစေဖို့ ကလေးကို ယောက်ျားလေးအဖြစ် ရည်ညွှန်းထားတယ်။ ဒါပေမဲ့ ဆွေးနွေးထားတဲ့မူတွေက မိန်းကလေးနဲ့လည်း သက်ဆိုင်ပါတယ်။

^ အပိုဒ်၊ 149 နားလည်လွယ်ကူစေဖို့ ကလေးကို မိန်းကလေးအဖြစ် ရည်ညွှန်းထားတယ်။ ဒါပေမဲ့ ဆွေးနွေးထားတဲ့မူတွေက ယောက်ျားလေးနဲ့လည်း သက်ဆိုင်ပါတယ်။