မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဖေနဲ့အမေ ဘာကြောင့်ကွဲသွားတာလဲ

အဖေနဲ့အမေ ဘာကြောင့်ကွဲသွားတာလဲ

အခန်း ၄

အဖေနဲ့အမေ ဘာကြောင့်ကွဲသွားတာလဲ

“ဖေဖေ ကျွန်မတို့ကိုထားခဲ့တဲ့နေ့တုန်းက အိမ်မှာ မေမေနဲ့အတူ ကျွန်မ ရှိနေတယ်။ အသက် ၆ နှစ်ပဲရှိသေးတော့ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။ ကြမ်းပြင်မှာထိုင်ပြီး တီဗွီကြည့်နေတာ။ မေမေက ဖေဖေ့ကို ထွက်မသွား ပါနဲ့ဆိုပြီး ငိုပြီးတောင်းပန်နေတာ ကျွန်မကြားရတယ်။ ဖေဖေက လက်ဆွဲအိတ်ကိုင်ပြီး အောက်ထပ်ကို ဆင်းလာတယ်။ ကျွန်မနားမှာ ဒူးထောက်ထိုင်လိုက်တယ်။ ကျွန်မကိုနမ်းပြီး ‘သမီးလေးကို ဖေဖေအမြဲချစ်နေမှာပါ’ လို့ ပြောတယ်။ ပြီးတော့ အိမ်ကနေထွက်သွားတယ်။ နောက်ပိုင်း ဖေဖေ့ကို တော်တော်ကြာကြာမတွေ့ခဲ့ရဘူး။ အဲဒီအချိန်ကစပြီး မေမေ အိမ်က ထွက်သွားမှာကိုလည်း ကျွန်မကြောက်နေမိတယ်။”—အီလိန်း၊ ၁၉ နှစ်။

မိဘတွေ ကွာရှင်းလိုက်တဲ့အခါ ကမ္ဘာပျက်သလိုဖြစ်ပြီး ၀မ်းနည်းကြေကွဲမှုတွေကို တမြေ့မြေ့ခံစားရနိုင်တယ်။ ရှက်တာ၊ ဒေါသထွက်တာ၊ စိုးရိမ်တာ၊ စွန့်ပစ်ခံရမှာကိုကြောက်တာ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာ၊ စိတ်ဓာတ်ကျတာနဲ့ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုတွေ ခံစားရတဲ့အပြင် ကလဲ့စားချေချင်စိတ်တောင် ပေါ်လာနိုင်တယ်။

သင့်မိဘတွေ မကြာသေးခင်ကမှ ကွဲသွားတယ်ဆိုရင် အဲဒီလိုခံစားရနိုင်တယ်။ ဒါက ဖြစ်နေကျပါ။ အကြောင်းကတော့ ဖန်ဆင်းရှင်က သားသမီးတွေကို မိဘနှစ်ပါးစလုံးရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာစေချင်လို့ပဲ။ (ဧဖက် ၆:၁-၃) အခုတော့ သင်အရမ်းချစ်တဲ့မိဘတစ်ယောက်က သင့်အနားမှာ မရှိတော့ဘူး။ အသက်ခုနစ်နှစ်အရွယ်မှာ မိဘတွေကွဲသွားတာကို ကြုံခဲ့ရတဲ့ ဒန်နီရယ် အခုလိုပြောပြတယ်– “အဖေ့ကို ကျွန်တော် တကယ်အားကိုးတယ်။ သူနဲ့အတူ နေချင်တယ်။ ဒါပေမဲ့ အမေက ကျွန်တော်တို့ကို အုပ်ထိန်းခွင့်ရသွားတယ်။”

မိဘတွေကွဲသွားရတဲ့အကြောင်းရင်း

မိဘတွေက သူတို့ရဲ့ပြဿနာတွေကို ဖုံးဖိထားတတ်လို့ တကယ်တမ်းကွာရှင်းတဲ့အခါ သားသမီးတွေ အံ့သြသွားရတယ်။ အသက် ၁၅ နှစ်အရွယ်မှာ မိဘတွေကွာရှင်းတာကို ကြုံခဲ့ရတဲ့ ရေချယ်လ်က “ကျွန်မ အရမ်းတုန်လှုပ်သွားတယ်။ သူတို့တွေ ချစ်ကြတယ်လို့ပဲ ထင်နေတာ” လို့ပြောပြတယ်။ မိဘတွေ စကားများတာကို မြင်နေကျဖြစ်ရင်တောင် တကယ်ကွာရှင်းတော့မယ်ဆိုတာ သိလိုက်ရတဲ့အခါ အံ့အားသင့်မိနိုင်တယ်။

အများအားဖြင့် ကွာရှင်းရတဲ့အကြောင်းရင်းတစ်ခုက မိဘတစ်ယောက်ယောက် လိင်အကျင့်ပျက်ပြားလို့ဖြစ်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်အနေနဲ့ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုဖို့ ဘုရားခွင့်ပြုတယ်။ (မဿဲ ၁၉:၉) အခြေအနေတချို့မှာတော့ “အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်း” ကနေ ကိုယ်ထိလက်ရောက် ဖြစ်လာတဲ့အတွက် မိဘတစ်ယောက်က သူကိုယ်တိုင်နဲ့ကလေးတွေ အန္တရာယ်ကြုံမှာကို စိုးရိမ်လို့ဖြစ်တယ်။—ဧဖက် ၄:၃၁

တချို့ကျတော့ ဘာမဟုတ်တဲ့ကိစ္စတွေကြောင့် ကွာရှင်းကြတယ်။ ပြဿနာတွေကို ဖြေရှင်းမယ့်အစား “မပျော်တော့ဘူး၊” “မချစ်တော့ဘူး” ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အတ္တဆန်ဆန် ကွာရှင်းလိုက်ကြတယ်။ ဒါကို ဘုရားမကြိုက်ဘူး။ ဘုရားက အဲဒီလိုမျိုး ‘ကွာရှင်းတာကို မုန်းတယ်။’ (မာလခိ ၂:၁၆ကဘ) အိမ်ထောင်ဖက်တစ်ဦး ခရစ်ယာန်ဖြစ်လာတဲ့အခါလည်း မိသားစုတချို့ပြိုကွဲနိုင်တယ်လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၁၀:၃၄-၃၆

ဘာကြောင့်ပဲဖြစ်ပါစေ၊ မိဘတွေက ကွာရှင်းတာနဲ့ပတ်သက်လို့ ဘာမှမပြောပြဘူး၊ သင်မေးတာတွေကို သေချာမဖြေဘူးဆိုရင်တောင် သင့်ကိုမချစ်လို့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် စိတ်ထိခိုက်နေတော့ ကွာရှင်းတဲ့အကြောင်းပြောပြဖို့ ခက်နေမှာပဲ။ (သုတ္တံ ၂၄:၁၀) သူတို့ရဲ့အမှားတွေကို၀န်ခံဖို့ စိတ်ကသိကအောက်ဖြစ်တာ၊ ရှက်နေတာလည်း ဖြစ်နိုင်တယ်။

သင်လုပ်နိုင်တဲ့အရာ

စိုးရိမ်ပူပန်နေတာတွေကို သိအောင်လုပ်ပါ။ မိဘတွေကွာရှင်းလိုက်တာက သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ်။ အရင်က ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့အရာတွေအတွက် အခုစိုးရိမ်လာနိုင်တယ်။ ဒါပေမဲ့ ဘာအတွက်ပူပန်နေလဲဆိုတာ အရင်ဆုံးသိအောင်လုပ်မယ်ဆိုရင် စိုးရိမ်မှုလျော့နည်းသွားနိုင်တယ်။ သင် အစိုးရိမ်ဆုံးအရာတွေကို ✔ ခြစ်ပါ ဒါမှမဟုတ် “တခြား” ဆိုတဲ့နေရာမှာရေးပါ။

□ ကျန်တဲ့မိဘလည်း ငါ့ကိုစွန့်ပစ်သွားမယ်။

□ မိသားစုစားဝတ်နေရေး ခက်ခဲလာမယ်။

□ မိဘတွေကွာရှင်းတာ ငါ့အပြစ်မကင်းဘူး။

□ ငါလက်ထပ်ရင်လည်း ငါ့အိမ်ထောင်ရေးပြိုကွဲမှာပဲ။

□ တခြား

စိုးရိမ်စရာတွေအကြောင်းပြောပြပါ။ ‘စကားပြောရမယ့်အချိန်ရှိတယ်’ လို့ ဘုရင်ရှောလမုန် ပြောခဲ့တယ်။ (ဒေသနာ ၃:၇ကဘ) ဒါကြောင့် အထက်မှာ သင်ဖော်ပြခဲ့တဲ့ စိုးရိမ်စရာတွေအကြောင်း မိဘတွေကိုပြောပြဖို့ သင့်တော်တဲ့အချိန်ကို ရွေးချယ်ပါ။ သင်ဘယ်လောက်၀မ်းနည်းနေတယ်၊ စိတ်ရှုပ်နေတယ်ဆိုတာ ပြောပြပါ။ ဒီအခါ မိဘတွေကလည်း ဘာတွေဖြစ်နေတယ်ဆိုတာ ရှင်းပြကောင်းရှင်းပြပါလိမ့်မယ်။ အဲဒါက သင့်ရဲ့စိုးရိမ်မှုတွေကို လျော့နည်းသွားစေနိုင်တယ်။ မိဘတွေက လောလောဆယ် သင့်ကို မကူညီပေးနိုင်ဘူး ဒါမှမဟုတ် မကူညီပေးချင်ဘူးဆိုရင် ရင့်ကျက်တဲ့မိတ်ဆွေတစ်ယောက်ကို ပြောပြနိုင်ပါတယ်။ ကိုယ့်ဘက်ကစပြီး သူ့ကိုပြောပြပါ။ သင်ပြောတာကို နားထောင်ပေးမယ့်သူ တစ်ယောက်ယောက်ရှိတာက တကယ့်ကိုနှစ်သိမ့်မှု ဖြစ်စေတယ်။—သုတ္တံ ၁၇:၁၇

အရေးကြီးဆုံးကတော့ ‘ဆုတောင်းသံကို နားထောင်တဲ့အရှင်’ ကောင်းကင်ဖခင်က နားထောင်ဖို့ အမြဲအဆင်သင့်ရှိပါတယ်။ (ဆာလံ ၆၅:၂ကဘ) ကိုယ်တော်ဟာ ‘သင့်ကိုဂရုစိုက်’ တဲ့အတွက် ကိုယ်တော့်ဆီမှာ ရင်ဖွင့်ပြောပြပါ။—၁ ပေတရု ၅:၇

သင်မလုပ်ရမယ့်အရာ

နာကြည်းမနေပါနဲ့။ “ကျွန်တော့်မိဘတွေက တစ်ကိုယ်ကောင်းဆန်တယ်။ ကျွန်တော်တို့ကို မငဲ့ဘူး။ သူတို့လုပ်ရပ်ကြောင့် ကျွန်တော်တို့ ဘယ်လောက်နစ်နာသွားမလဲဆိုတာ မစဉ်းစားဘူး” လို့ ဒန်နီရယ်ပြောတယ်။ သူ့ခံစားချက်ကို နားလည်နိုင်ပါတယ်။ သူပြောတာ မှန်ရင်လည်းမှန်မယ်။ ဒါပေမဲ့ အောက်ပါမေးခွန်းတွေကို သင်ဘယ်လိုဖြေမလဲ။ ပေးထားတဲ့နေရာမှာ အဖြေကိုရေးပါ။

ဒန်နီရယ်က ဒေါသနဲ့နာကြည်းစိတ်ကို မဖြေဖျောက်ဘူးဆိုရင် ဘာဆိုးကျိုးဖြစ်လာနိုင်သလဲ။ (သုတ္တံ ၂၉:၂၂ ကိုဖတ်ပါ။) ․․․․․

စိတ်နာအောင်လုပ်တဲ့မိဘတွေကို ခွင့်လွှတ်ဖို့ခက်ပေမဲ့လည်း ကြိုးစားပြီးခွင့်လွှတ်တာ ဒန်နီရယ်အတွက် ဘာကြောင့်ကောင်းသလဲ။ (ဧဖက် ၄:၃၁၊ ၃၂ ကိုဖတ်ပါ။) ․․․․․

မိဘတွေနဲ့ပတ်သက်ရင် အရှိကိုအရှိအတိုင်းမြင်တတ်ဖို့ ရောမ ၃:၂၃ မှာ ဖော်ပြထားတဲ့အချက်က ဒန်နီရယ်ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ․․․․․

ကိုယ့်ကိုယ်ကိုယ်မဖျက်ဆီးပါနဲ့။ ဒယ်နီ အခုလိုပြောပြတယ်– “မိဘတွေ ကွာရှင်းပြီးနောက်ပိုင်း ဝမ်းနည်းကြေကွဲပြီး စိတ်ဓာတ်ကျလာတယ်။ ကျောင်းမှာ ပြဿနာတွေဖြစ်လာပြီး စာမေးပွဲ တစ်နှစ်ကျတယ်။ အဲဒီနောက်ပိုင်း . . . ဘာကိုမှ အလေးအနက်မထားတော့ဘူး။ အတန်းထဲမှာဆို ကျွန်တော်က ငပြောင်ပဲ။ ဖြစ်လိုက်တဲ့ရန်ပွဲတွေလည်း မနည်းဘူး။”

ဒယ်နီတစ်ယောက် အတန်းထဲမှာ ငပြောင်ဖြစ်လာတာ ဘာကြောင့်လို့ သင်ထင်လဲ။ ․․․․․

သူ ရန်ပွဲတွေစဖြစ်လာတာ ဘာကြောင့်လဲ။ ․․․․․

မိဘတွေကို အရွဲ့တိုက်တဲ့အနေနဲ့ ကမ်းကုန်အောင်ဆိုးပြမယ်လို့ စိတ်ကူးနေရင် ဂလာတိ ၆:၇ မှာပါတဲ့မူက သင့်ကို အမြင်မှန်ရှိအောင် ဘယ်လိုကူညီပေးမလဲ။ ․․․․․

အနာဂတ်မှာမျှော်လင့်နိုင်တဲ့အရာ

အရိုးကျိုးတာလိုမျိုး ထိခိုက်ဒဏ်ရာတစ်ခုခုရတဲ့အခါ အရှင်းပျောက်နိုင်ဖို့ အပတ်နဲ့ချီ ဒါမှမဟုတ် လနဲ့ချီ ကြာတတ်တယ်။ အဲဒီလိုပဲ၊ စိတ်ဒဏ်ရာကို ကုစားဖို့ဆိုရင် အချိန်လိုတယ်။ ကွာရှင်းခြင်းကြောင့်ဖြစ်လာတဲ့ အဆိုးရွားဆုံးစိတ်ဒဏ်ရာတွေကို သုံးနှစ်အတွင်း မေ့ပျောက်နိုင်တယ်လို့ ပညာရှင်တချို့ ပြောကြတယ်။ အဲဒါက တော်တော်ကြာတယ်လို့ထင်ရပေမဲ့ သင့်ဘဝ တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာတဲ့အထိ လုပ်စရာတွေအများကြီးပါပဲ။

တစ်ခုအနေနဲ့၊ ကွာရှင်းလိုက်လို့ ဖရိုဖရဲဖြစ်သွားတဲ့ မိသားစုလုပ်ငန်းဆောင်တာတွေကို ပြန်စီစဉ်ဖို့လိုတယ်။ မိဘတွေ စိတ်တည်ငြိမ်လာဖို့လည်း အချိန်လိုတယ်။ အဲဒီအခါကျမှ သင်လိုအပ်တဲ့အရာတွေကို သူတို့ထောက်ပံ့ပေးနိုင်မယ်။ သင့်ဘဝ နေသားတကျဖြစ်လာတာနဲ့အမျှ သင့်ခံစားချက်တွေလည်း ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

သင့်မိဘ နောက်အိမ်ထောင်ပြုလိုက်လို့ စိတ်ညစ်နေသလား။ ဒါကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

အဓိကကျမ်းချက်

‘ကုသရမယ့်အချိန်ရှိတယ်။’ —ဒေသနာ ၃:၃ကဘ။

အကြံပြုချက်

သင့်မိဘတွေ ကွာရှင်းထားတယ်ဆိုရင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက မှားတာဖြစ်နိုင်တယ်။ အဲဒီအမှားတွေကို မှတ်ထားမယ်ဆိုရင် နောက်ပိုင်း သင်အိမ်ထောင်ပြုဖို့ရွေးချယ်တဲ့အခါ အဲဒီလိုထပ်မမှားမိအောင် ရှောင်နိုင်ပါလိမ့်မယ်။—သုတ္တံ ၂၇:၁၂

သင်သိပါသလား . . . ?

အိမ်ထောင်ရေးမသာယာတာက မိဘတွေဆီကနေ အမွေဆက်ခံထားတာ မဟုတ်ဘူး။

လက်တွေ့လုပ်ကြည့်ပါ

စိုးရိမ်ပူပန်မှုတွေကို ငါဖွင့်ပြောချင်တဲ့သူက (ရင်ဖွင့်လို့ရတဲ့ ရင့်ကျက်သူ တစ်ယောက်ရဲ့နာမည်ကို ရေးပါ)․․․․․

မိဘတွေကို အရွဲ့တိုက်တဲ့အနေနဲ့ ကမ်းကုန်အောင်ဆိုးပြမယ်လို့ စိတ်ကူးမိရင် ငါ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ လုပ်နိုင်တာက․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက․․․․․

သင်ဘယ်လိုထင်သလဲ

● ကွာရှင်းတာနဲ့ပတ်သက်ပြီး မိဘတွေ သင့်ကို မပြောပြချင်တာ ဘာကြောင့်ဖြစ်မလဲ။

● ကွာရှင်းတာက မိဘချင်းဖြစ်တဲ့ပြဿနာဖြစ်ပြီး သင်နဲ့ဖြစ်တဲ့ပြဿနာမဟုတ်ဘူးဆိုတာ မှတ်ထားဖို့ ဘာကြောင့်အရေးကြီးသလဲ။

[စာမျက်နှာ ၃၂ ပါ အကျဉ်းဖော်ပြချက်]

‘‘အမေ ကျွန်မတို့ကို ထားသွားတုန်းက စိတ်ဓာတ်ကျပြီး နေ့တိုင်းငိုခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ခဏခဏဆုတောင်းတယ်။ တခြားသူတွေကို ကူညီပေးရာမှာ အချိန်ကုန်နေခဲ့တယ်။ ရင့်ကျက်တဲ့မိတ်ဆွေတွေနဲ့လည်း များများပေါင်းတယ်။ အဲဒီနည်းတွေနဲ့ ယေဟောဝါဘုရား ကျွန်မကိုကူညီပေးခဲ့တယ်လို့ ခံစားရတယ်။’’—နက်တလီ

[စာမျက်နှာ ၃၃ ပါ ရုပ်ပုံ]

မိဘတွေကွာရှင်းလိုက်တဲ့အခါ အဲဒီအခြေအနေကို ရင်ဆိုင်ကျော်လွှားတာက ကျိုးသွားတဲ့လက် ပြန်ကောင်းလာတာနဲ့တူတယ်။ အစပိုင်းမှာ နာကျင်ခံစားရပေမဲ့ နောက်ဆုံး ပြန်သက်သာလာပါလိမ့်မယ်