မိဘတွေ ငါ့ကို ဘာလို့ပျော်ခွင့်လေးတောင်မပေးတာလဲ
အခန်း ၃၇
မိဘတွေ ငါ့ကို ဘာလို့ပျော်ခွင့်လေးတောင်မပေးတာလဲ
ဩစတြေးလျနိုင်ငံက ဆယ်ကျော်သက်မလေး အယ်လီဆန်အတွက်တော့ ကျောင်းမှာ တနင်္လာနေ့မနက်တိုင်း စိတ်ညစ်စရာပဲ။
“အားလုံးက စနေ၊ တနင်္ဂနွေမှာ ဘယ်လောက်ပျော်ခဲ့တဲ့အကြောင်းတွေပဲ ပြောနေကြတယ်။ ပါတီဘယ်နှစ်ခုသွားခဲ့တယ်၊ ကောင်လေးဘယ်နှစ်ယောက်နဲ့ နမ်းခဲ့တယ်ဆိုတဲ့ စိတ်လှုပ်ရှားစရာအကြောင်းတွေပေါ့။ . . . ရဲတွေလိုက်လို့ ထွက်ပြေးတာတောင် ပါသေးတယ်။ လန့်စရာကောင်းသလို ပျော်စရာလည်းကောင်းတယ်။ မနက်ငါးနာရီကျမှ အိမ်ပြန်ကြတာ။ သူတို့မိဘတွေကလည်း ဂရုတောင်မစိုက်ဘူး။ ကျွန်မကတော့ အစောကြီးအိပ်ရာဝင်နေရပြီ။”
“သူတို့အကြောင်းလည်းပြောပြီးရော ကျွန်မကို စနေ၊ တနင်္ဂနွေမှာ ဘာလုပ်လဲလို့ မေးတော့တာပဲ။ . . . ကျွန်မကတော့ ခရစ်ယာန်စည်းဝေးတွေ သွားတယ်။ အမှုတော်ဆောင်လုပ်ငန်းမှာ ပါဝင်တယ်။ ဒါပေမဲ့ ပျော်စရာအချိန်ကောင်းလေး လွတ်သွားတယ်လို့ ခံစားရတယ်။ ဒါနဲ့ ဘာမှမလုပ်ဖြစ်ပါဘူးလို့ ခါတိုင်းလိုပဲပြောလိုက်တော့ အဲဒါဆို ငါတို့နဲ့ ဘာလို့မလိုက်တာလဲလို့ မေးကြရော။”
“တနင်္လာနေ့ကုန်တာနဲ့ ပြီးသွားပြီလို့ထင်သလား။ မထင်လိုက်နဲ့။ အင်္ဂါနေ့လည်းရောက်ရော နောက်တစ်ပတ် စနေ၊ တနင်္ဂနွေမှာ ဘာလုပ်မယ်ဆိုတာ ပြောကြပြန်ရော။ ကျွန်မလည်း ထုံးစံအတိုင်း သူတို့ပြောတာတွေကို ထိုင်နားထောင်နေလိုက်တယ်။ အပယ်ခံတစ်ယောက်လိုပါပဲ။”
သင်ကော ကျောင်းမှာ တနင်္လာနေ့မနက်တိုင်း အဲဒီလိုကြုံနေရလား။ အပြင်ဘက်ကမ္ဘာမှာ ပျော်စရာတွေရှိနေပေမဲ့ မိဘတွေက တံခါးသော့ခတ်ထားသလိုမျိုး ဒါမှမဟုတ် ကစားကွင်းမှာရှိနေပေမဲ့ စီးချင်တာ စီးခွင့်မရသလိုမျိုး ခံစားရနိုင်တယ်။ ရွယ်တူချင်းတွေ လုပ်သလို သင်လည်း လိုက်လုပ်ချင်တယ်။ တစ်ခါတလေ ပျော်ပျော်ပါးပါး နေချင်တယ်။ ဥပမာ၊ လာမယ့် စနေ၊ တနင်္ဂနွေမှာ သင်အလုပ်ချင်ဆုံး အပန်းဖြေမှုကို ရေးကြည့်ပါ–
□ ကခုန်တာ
□ စတိတ်ရှိုးကြည့်တာ
□ တခြား
□ ပါတီတက်တာ
□ ရုပ်ရှင်ကြည့်တာ ․․․․․
အပန်းဖြေတာ ကောင်းပါတယ်။ ဖန်ဆင်းရှင်ကိုယ်တိုင်က လူငယ်တွေကို ပျော်စေချင်တယ်။ (ဒေသနာ ၃:၁၊ ၄) မိဘတွေကလည်း သင့်ကို ပျော်စေချင်တယ်ဆိုတာ မယုံမရှိနဲ့။ ဒါပေမဲ့ မိဘတွေမှာ စိုးရိမ်စရာနှစ်ခုရှိတယ်– (၁) သင်ဘာလုပ်မှာလဲ (၂) ဘယ်သူတွေပါသလဲ။
သူငယ်ချင်းတွေက လျှောက်လည်ဖို့ခေါ်တယ် ဆိုပါစို့။ ဒါပေမဲ့ မိဘတွေ ခွင့်ပြုမလား၊ မပြုဘူးလား မသေမချာဖြစ်နေရင် သင်ဘယ်လိုလုပ်မလဲ။ ရွေးချယ်စရာသုံးခုနဲ့ အကျိုးဆက်သုံးခုကို လေ့လာကြည့်ရအောင်။
ရွေးချယ်စရာ က မမေးတော့ဘဲ သွားလိုက်မယ်
ရွေးချယ်ရတဲ့အကြောင်းရင်း– သင့်မှာ ဘယ်လောက် လွတ်လပ်မှုရှိတယ်ဆိုတာ သူငယ်ချင်းတွေကို ကြွားချင်တယ်။ မိဘတွေထက် ပိုသိတယ်လို့ ခံစားရတယ် ဒါမှမဟုတ် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို မလေးစားတာ ဖြစ်နိုင်တယ်။—သုတ္တံ ၁၄:၁၈။
အကျိုးဆက်– သင့်ကို သူငယ်ချင်းတွေ အထင်ကြီးချင်လည်းကြီးမယ်။ ဒါပေမဲ့ သင် မလိမ့်တပတ်လုပ်တတ်မှန်း သူတို့သိသွားလိမ့်မယ်။ မိဘတွေကို မလိမ့်တပတ်လုပ်ရင် သူတို့ကိုလည်း လုပ်မှာပဲ။ မိဘတွေသိသွားရင်လည်း ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်ဆိုပြီး စိတ်မကောင်းဖြစ်သုတ္တံ ၁၂:၁၅။
ကြမယ်။ အရင်ကထက် ပိုစည်းကမ်းတင်းကြပ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ မိဘစကားကို နားမထောင်ဘဲ သူငယ်ချင်းတွေနဲ့လျှောက်လည်တာက တကယ့်ကိုမိုက်မဲတဲ့ရွေးချယ်မှုပဲ။—ရွေးချယ်စရာ ခ မမေးဘူး၊ မသွားဘူး
ရွေးချယ်ရတဲ့အကြောင်းရင်း– သူငယ်ချင်းတွေနဲ့အတူသွားရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ထိခိုက်နိုင်တယ်၊ သူတို့ထဲမှာ မပေါင်းသင့်တဲ့သူတွေလည်း ပါနေတယ်လို့ စဉ်းစားမိပြီး မသွားဖို့ ဆုံးဖြတ်လိုက်တယ်။ (၁ ကောရိန္သု ၁၅:၃၃; ဖိလိပ္ပိ ၄:၈) ဒါမှမဟုတ် သင်က သွားချင်ပေမဲ့ မိဘဆီမှာ ခွင့်မတောင်းရဲတာ ဖြစ်နိုင်တယ်။
အကျိုးဆက်– ကိုယ့်ကိုထိခိုက်နိုင်မှန်းသိလို့ မသွားတာဆိုရင် သူငယ်ချင်းတွေကို အေးအေးဆေးဆေး ပြန်ပြောနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မိဘဆီမှာ ခွင့်မတောင်းရဲလို့ မသွားတာဆိုရင်တော့ ‘ငါ့မှာ ပျော်ခွင့်လေးတောင်မရှိပါလား’ ဆိုပြီး စိတ်ပျက်လက်ပျက်၊ ငူငူငိုင်ငိုင်ဖြစ်နေနိုင်တယ်။
ရွေးချယ်စရာ ဂ မေးကြည့်မယ်
ရွေးချယ်ရတဲ့အကြောင်းရင်း– မိဘတွေမှာ အခွင့်အာဏာရှိတယ်ဆိုတာ အသိအမှတ်ပြုပြီး သူတို့ရဲ့ဆုံးဖြတ်ချက်ကို လေးစားတယ်။ (ကောလောသဲ ၃:၂၀) မိဘတွေကို ချစ်တယ်၊ မိဘကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်မလုပ်ချင်ဘူး၊ သူတို့စိတ်ထိခိုက်သွားမှာ မလိုချင်ဘူး။ (သုတ္တံ ၁၀:၁) ဒါ့အပြင် သင့်ကိစ္စကိုပြောပြဖို့ အခွင့်အရေးလည်းရထားတယ်။
အကျိုးဆက်– မိဘတွေက သင် သူတို့ကိုချစ်တယ်၊ လေးစားတယ်ဆိုတာ သိသွားမယ်။ သင်တောင်းဆိုတာက လက်ခံနိုင်စရာဖြစ်တယ်လို့ သူတို့ယူဆရင် ခွင့်ပြုပါလိမ့်မယ်။
မိဘတွေ ခွင့်မပြုရတဲ့အကြောင်းရင်း
မိဘတွေက ခွင့်မပြုဘူးဆိုရင်ကော။ စိတ်ပျက်မိမှာပဲ။ ဒါပေမဲ့ သူတို့ရဲ့သဘောထားကို နားလည်မယ်ဆိုရင် ကန့်သတ်ချက်တွေကို လိုက်နာဖို့ လွယ်ကူပါလိမ့်မယ်။ အောက်ပါအကြောင်းရင်းတွေကြောင့် သူတို့ခွင့်မပြုတာဖြစ်နိုင်တယ်။
အသိပညာနဲ့ အတွေ့အကြုံပိုရှိတယ်။ အစောင့်တွေရှိတဲ့ ကမ်းခြေမှာ ရေကူးရတာကို သင်ပိုသဘောကျမှာပဲ။ ဘာကြောင့်လဲ။ သင်က ပျော်ပျော်ပါးပါးရေကူးနေတဲ့ အချိန်ဆိုတော့ အန္တရာယ်ကိုမြင်နိုင်မှာ မဟုတ်ဘူး။ အစောင့်တွေကတော့ အပေါ်စီးကကြည့်နေလို့ အန္တရာယ်သေးသေးလေးကအစ မြင်နိုင်တယ်။
အဲဒီလိုပါပဲ၊ သင့်မိဘတွေဟာ အသိပညာနဲ့အတွေ့အကြုံပိုရှိလို့ သင်မမြင်နိုင်တဲ့ အန္တရာယ်တွေကို ကြိုမြင်ကြတယ်။ ကမ်းခြေမှာရှိတဲ့ အစောင့်တွေလိုပဲ မိဘတွေရဲ့ရည်မှန်းချက်က သင့်ပျော်ရွှင်မှုကို ဖျက်ဆီးဖို့မဟုတ်ဘဲ ပျော်ရွှင်မှုပျောက်သွားစေနိုင်တဲ့ အန္တရာယ်တွေကနေ သင့်ကို ကာကွယ်ပေးဖို့ဖြစ်တယ်။
သင့်ကိုချစ်တယ်။ မိဘတွေက သင့်ကို ကာကွယ်ပေးချင်တဲ့ဆန္ဒ ပြင်းပြတယ်။ သင့်ကိုချစ်တာကြောင့် ဖြစ်နိုင်တဲ့အချိန်မှာ ခွင့်ပြုပေမဲ့ မဖြစ်နိုင်တဲ့အချိန်ဆိုရင်တော့ တားမှာပဲ။ တစ်ခုခုလုပ်ချင်လို့ မိဘဆီမှာ ခွင့်ပြုချက်တောင်းတဲ့အခါ အဲဒါကို လိုက်လျောလိုက်မယ်ဆိုရင် ဘာအကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုပြီး သူတို့ကိုယ်သူတို့ ပြန်မေးခွန်းထုတ်လိမ့်မယ်။ သင့်အတွက် ဆိုးကျိုးမရှိမှန်း သေချာတဲ့အခါကျမှ ခွင့်ပြုပေးလိမ့်မယ်။
ခွင့်ပြုချက်ရအောင် ဘယ်လိုလုပ်နိုင်မလဲ
အချက်လေးချက်ကို လေ့လာကြည့်ရအောင်။
ရိုးသားပါ– ဦးဆုံး၊ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား မေးကြည့်ပါ– ‘ဘာဖြစ်လို့ သွားချင်ရတာလဲ။ ပျော်ချင်လို့လား ဒါမှမဟုတ် ရွယ်တူချင်းတွေကြားမှာ ဝင်ဆံ့ချင်လို့လား။ ငါစိတ်ဝင်စားနေတဲ့သူတစ်ယောက်ယောက် ရှိနေလို့လား။’ ပြီးရင် မိဘတွေကို ရိုးရိုးသားသား ပြောပြပါ။ သူတို့တွေလည်း ငယ်ရာကကြီးလာတာဆိုတော့ သင်ပါးစပ်ဟလိုက်တာနဲ့ ဘာပြောချင်လဲဆိုတာ သိနေပြီ။ ဒီတော့ သင်သွားချင်ရတဲ့ အကြောင်းရင်းမှန်ကို ရိပ်မိမှာပဲ။ အမှန်အတိုင်းပြောရင် သင့်ရိုးသားမှုကို သူတို့လေးစားမှာဖြစ်ပြီး သူတို့ပေးတဲ့အကြံဉာဏ်ကနေ သင်အကျိုးခံစားရပါလိမ့်မယ်။ (သုတ္တံ ၇:၁၊ ၂) အဲဒီလိုမဟုတ်ဘဲ လိမ်ညာပြောမယ်ဆိုရင် သင့်ကို ယုံတော့မှာမဟုတ်ဘူး၊ ခွင့်ပြုချက်ရဖို့ အခွင့်အလမ်း သိပ်နည်းသွားလိမ့်မယ်။
ပြောသင့်တဲ့အချိန်– မိဘတွေ အလုပ်ကနေ ပြန်ရောက်ရောက်ချင်း ဒါမှမဟုတ် တခြားကိစ္စတွေနဲ့ အလုပ်များနေတဲ့အချိန်မှာ ခွင့်ပြုချက်တောင်းတာမျိုး မလုပ်ပါနဲ့။ သူတို့အေးအေးဆေးဆေးဖြစ်နေတဲ့အချိန်မှာ ပြောပါ။ ဒါပေမဲ့ သင်သွားခါနီးကျမှ ကပ်ပြီး အတင်းမပူဆာပါနဲ့။ မိဘတွေက အလောသုံးဆယ် ဆုံးဖြတ်ချင်မှာ မဟုတ်ဘူး။ စောစောကြိုမေးထားပြီး စဉ်းစားဖို့ အချိန်ပေးပါ။ အဲဒီလို သင့်ဘက်က နားလည်ပေးတတ်တာကို မိဘတွေ သဘောကျပါလိမ့်မယ်။
ပြောရမယ့်အရာ– မရေမရာ၊ မတိမကျ မပြောပါနဲ့။ သင်လုပ်ချင်တာကို တိတိကျကျ၊ ရှင်းရှင်းလင်းလင်းပြောပြပါ။ အထူးသဖြင့် “ဘယ်သူတွေပါလဲ၊” “တာဝန်ခံလူကြီးတစ်ယောက်ရှိလား၊” “ဘယ်အချိန်ပြီးမှာလဲ” ဆိုတဲ့ မေးခွန်းတွေမေးတဲ့အခါ “မသိဘူး” လို့မဖြေပါနဲ့။ အဲဒီလိုဖြေတာကို မိဘတွေ မကြိုက်ဘူး။
သဘောထား– မိဘတွေကို ရန်သူလို သဘောမထားပါနဲ့။ ကိုယ့်ဘက်တော်သားတွေလို သဘောထားလိုက်ပါ။ သေချာစဉ်းစားကြည့်ရင် တကယ်လည်း သင့်ဘက်မှာ အမြဲရပ်တည်ပေးတာပဲ မဟုတ်လား။ မိဘတွေကို ကိုယ့်လူအဖြစ်သတ်မှတ်မယ်ဆိုရင် သူတို့နဲ့စကားစစ်ထိုးနေမှာ မဟုတ်ဘူး။ သူတို့ကလည်း သင်နဲ့ပိုပူးပေါင်းချင်မှာပဲ။ “အမေတို့က ကျွန်တော့်ကို မယုံဘူး၊” “လူတိုင်း သွားနေတာပဲ၊” “သူများမိဘတွေဆို သွားခိုင်းတယ်” စတဲ့အပြောမျိုးကို ရှောင်ပါ။ မိဘတွေရဲ့ ဆုံးဖြတ်ချက်ကို လေးလေးစားစား လက်ခံခြင်းအားဖြင့် သင်ဟာ ရင့်ကျက်သူဖြစ်ကြောင်း သက်သေပြပါ။ ဒါဆိုရင် မိဘတွေလည်း သင့်ကို လေးစားပါလိမ့်မယ်။ နောက်တစ်ခေါက် ခွင့်ပြုချက်တောင်းတဲ့အခါ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါလိမ့်မယ်။
အဓိကကျမ်းချက်
‘ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။’ —သုတ္တံ ၂၇:၁၁၊ ကဘ။
အကြံပြုချက်
ပါတီတစ်ခုသွားတဲ့အခါ အခြေအနေသိပ်မကောင်းတော့မှန်း ရိပ်မိတာနဲ့ ထပြန်နိုင်ဖို့ ကြိုတင်စီစဉ်ထားပါ။ သင်ဘာတွေလုပ်မယ်၊ ဘာတွေပြောမယ်ဆိုတာ ပါတီမသွားခင်ကတည်းက စဉ်းစားထားပါ။ ဒါမှ အခြေအနေအရ လိုအပ်လာပြီဆိုရင် စိတ်သန့်သန့်နဲ့ ထွက်သွားနိုင်မှာ။
သင်သိပါသလား . . . ?
မိဘတွေက သားသမီးတွေကို ချစ်လွန်း၊ စိုးရိမ်လွန်းတော့ အရမ်းကန့်သတ်ချုပ်ချယ်သလို ဖြစ်သွားတတ်တယ်။ သင် ဘာတောင်းဆိုနေမှန်း သူတို့ နားမလည်တဲ့အခါ ဒါမှမဟုတ် သင်ပြောတဲ့ထဲမှာ အရေးကြီးတဲ့အချက်တွေ မပါဘူးလို့ ခံစားရတဲ့အခါ ခွင့်ပြုမှာမဟုတ်ဘူး။
လက်တွေ့လုပ်ကြည့်ပါ
ရုပ်ရှင် ဒါမှမဟုတ် ပါတီပွဲမှာ မြင်ရကြားရတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပြီဆိုရင် ငါလုပ်မှာက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● မိဘတွေသိဖို့လိုတဲ့ အချက်အလက်အားလုံးကို ပြောပြဖို့ သင်ဘာကြောင့် ဝန်လေးနေတာလဲ။
● အရေးကြီးတဲ့အချက်တွေကို ထိမ်ချန်ပြီး မိဘတွေဆီက ခွင့်ပြုချက်တောင်းမယ်ဆိုရင် ဘာအကျိုးဆက်တွေရမလဲ။
[စာမျက်နှာ ၂၆၈ ပါ အကျဉ်းဖော်ပြချက်]
‘‘ကျွန်တော် ငယ်ငယ်က သိပ်ဆိုးပေတာ။ ‘ပျော်မယ်’ လို့ထင်ပြီး လုပ်ခဲ့တာတွေက ရေရှည်မှာ ပျော်စရာမကောင်းပါဘူး။ ကိုယ်လုပ်တာ ကိုယ်ပဲခံရတယ်။ မိဘစကား နားမထောင်မိတာ နောင်တရလို့မဆုံးဘူး။’’—ဘရိုင်ယန်
[စာမျက်နှာ ၂၆၉ ပါ ရုပ်ပုံ]
မိဘတွေဟာ ကမ်းခြေက အစောင့်တွေလိုပဲ။ အပေါ်စီးကကြည့်နေလို့ အန္တရာယ်ကိုကြိုမြင်တယ်