ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ
အခန်း ၁၀
ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ
သင်ကငါ့ရုပ်ကို ငါမကြိုက်ဘူးဟုဆို၏။ တကယ်ပြောရလျှင်၊ ကိုယ့်ရုပ်ဆင်းကို လုံးလုံးလျားလျားကျေနပ်သောသူ တစ်ယောက်တလေရှိသည်ပဲထား၊ ရှာမှရှား။ နာစစ်ဆပ်စ်သည် မိမိရုပ်ကိုရေအိုင်ထဲမြင်၍ မိမိကိုယ်ကိုချစ်ခဲ့မိသည်မှန်သော်လည်း အချို့သူသည် နာစစ်ဆပ်စ်နှင့်မတူ၊ ကိုယ့်ရုပ်ကိုမြင်၍ စိတ်ဓာတ်ကျသွားနိုင်သည်။
၁၆ နှစ်အရွယ်မရီးယာက ‘ကျွန်မကိုယ်လုံးမျိုးကို ကျွန်မမကြိုက်ဘူး။ ကျွန်မကိုကျွန်မလှတယ်လို့မထင်ဘူး’ ဟူ၍ညည်းရှာသည်။ ဆယ့်သုံးနှစ်အရွယ်ဘော့ကလည်း အလားတူညည်းတွား၏– “ကျွန်တော့်ဆံပင်ကို ကျွန်တော်မကြိုက်ဘူး။ အနောက်ဘက်ကို ထိုးထိုးထောင်ထောင်နဲ့။” ပို၍ဆိုးသည်ကား၊ ဆယ်ကျော်သက်တို့၏ရုပ်ဆင်းသဏ္ဌာန်သည် အပြောင်းအလဲမြန်ဆန်လွန်းလှရကား၊ စိတ္တဗေဒပညာရှင်တစ်ဦးအဆိုအရ၊ လူငယ်တို့သည် “ကိုယ့်ကိုယ်အတွင်း၌ကိုယ်ကိုယ်တိုင်သူစိမ်းတစ်ရံတစ်ယောက် ဖြစ်နေသယောင်ခံစားကြရသည်။” မြင်သည့်အတိုင်းလူငယ်များစွာတို့သည် မိမိတို့၏မျက်နှာ၊ ဆံပင်၊ ကိုယ်အချိုးအစား၊ ကိုယ်လုံးကိုယ်ပေါက်နှင့် ပတ်သက်ပြီးမြည်တမ်းကြရှာသည်။
မှန်ပါပေသည်၊ ဘုရားသခင်ကိုယ်တော်တိုင် အလှအပကိုမြတ်နိုးတော်မူသည်။ ဒေသနာ ၃:၁၁ (ကဘ) ကဤသို့ဆို၏– “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်အခါနှင့်အညီ လှပအောင်ဖန်ဆင်းထားတော်မူ၏။” လူတို့သည်ပုံပန်းကိုကြည့်ပြီး သူတစ်ပါးပေါ်ရှုမြင်ဆက်ဆံတတ်သည်မှာအမှန်ပါ။ ဒေါက်တာဂျိမ်းပီခမ်းမား အောက်ပါအတိုင်းဖြည့်စွက် ပြောကြားပါသည်။ “လူတစ်ဦး၏ရုပ်ရည်သည် သူ့ဂုဏ်ရိပ်ဂုဏ်ရောင်၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်၏။ ၎င်းသည်ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိစေရန်၊ မရှိစေရန်၊ တစ်စုံတစ်ခုကိုပြုရန်၊ မပြုရန်ဖန်တီးနိုင်သည်။” ထို့ကြောင့် မိမိ၏ရုပ်ဆင်းသဏ္ဌာန်အတွက်၊ အပြုသဘောပါပါအရေးထားခြင်းသည် အဓိပ္ပာယ်ရှိပေသည်။ သို့ရာတွင်၊ အရှက်ကြီးပြီးလူအုပ်မှခွဲထွက်ကာတသီး တခြားနေလျှင်၊ သို့မဟုတ် မိမိကိုယ်ကိုမကျေမချမ်းဖြစ်နေလျှင်၊ အပြုသဘောပါသောအရေးထားခြင်းမျိုးမဟုတ်တော့ချေ။
သင်မချောမလှဘူးလို့ ဘယ်သူပြောသလဲ
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ၊ ကိုယ့်ရုပ်ဆင်းကြောင့် စိတ်မချမ်းမသာဖြစ်ကြခြင်းသည်၊ ကိုယ်အင်္ဂါချွတ်ယွင်းမှုကြောင့်ချည်းမဟုတ်။ အတန်းထဲတွင်၊ အချိုးအဆစ်သွယ်လျလျမိန်းကလေးတစ်ယောက်က ငါသာနဲနဲဝရင်အကောင်းသားဟု ဆိုကာမှိုင်လျက်ထိုင်နေ၏။ တစ်ဖက်ခုံတန်းတွင်၊ အသားအရေပြည့်ဖြိုးသောမိန်းကလေးတစ်ယောက်ကမူ၊ ငါ“ဝ”လွန်းတယ်ဆိုကာ ညည်းနေသည်။ ဤသို့သောမကျေမချမ်းမှုတွေ အဘယ်ကလာသနည်း။ ကိုယ်လုံးကိုယ်ထည်တင့်တင့်တယ်တယ်ရှိကြသော လူငယ်များကိုယ့်ကိုယ်ကိုမချောမလှဟု အဘယ်ကြောင့်ထင်ကြသနည်း။
စိတ္တဇရောဂါဗေဒပါမောက္ခ ရစ်ချတ်အမ်ဆားစ်က ဤသို့ဆို၏– “အပျိုလူပျိုပေါက်အရွယ်သည် ကိုယ်ခန္ဓာပြန်လည်ဖွဲ့စည်းတည်ဆောက်မှု တော်တော်ကလေးဖြစ်ပွားသည့် စပ်ကူးမပ်ကူးကာလအချိန်ဖြစ်သည်။ ... အမြဲလိုလိုအသစ်ပြုပြင်ပြောင်းလဲနေသော မိမိတို့ကိုယ်ခန္ဓာသည်ကိုးရိုးကားရားနိုင်လှသဖြင့် အပျိုလူပျိုပေါက်အများသည် စိတ်မလုံမလဲဖြစ်ကာရွယ်တူတို့ကို အားထားတတ်ကြသည်။” သို့ရာတွင်၊ ရွယ်တူတို့၏ အစစ်အကြောခံရသောအခါ၊ နှာခေါင်းနှင့်နားရွက်ပုံသဏ္ဌာန်ကို မဆိုထားနှင့်၊ အရပ်အနိမ့်အမြင့်၊ အပိန်အဝပင် မဟာသောကဖြစ်လာနိုင်သည်။ အခြားသူများ မိမိထက်အရေးပေးခံရသောအခါဖြစ်စေ၊ မိမိ၏ရုပ်ဆင်းကို အပြစ်ပြောလာသောအခါဖြစ်စေ၊ လွယ်လွယ်နှင့်ကိုယ့်ကိုယ်ကို မကျေမချမ်းဖြစ်လာတတ်သည်။
တီဗွီ၊စာအုပ်နှင့်ရုပ်ရှင်များ၏ပျံ့နှံ့လွှမ်းမိုးသောသြဇာလည်းရှိသေးသည်။လူချောနှင့်မိန်းမလှများတီဗွီမှန်သားပြင်နှင့်မဂ္ဂဇင်းစာမျက်နှာများမှနေပြီးကျွန်ုပ်တို့ကိုစူးစိုက်သောအကြည့်ဖြင့်ကြည့်ကာရေမွှေးမှအစလျှပ်စစ်အားသုံးလွှအဆုံး၊ပစ္စည်းအသုံးအဆောင်ပေါင်းသောင်းခြောက်ထောင်ကိုဝယ်ပါခြမ်းပါတစာစာဖြင့်မြှူဆွယ်လျက်ရှိကြသည်။ဤနည်းများဖြင့်၊သတင်းဖြန့်ချီရေးလမ်းကြောင်းများကသင်သည်စင်းလုံးချောအသားအရေအလှပိုင်ရှင်မဟုတ်လျှင်၊သို့မဟုတ်ကျားကျားလျားလျားရှိသော“ဗလမောင်”မဟုတ်လျှင်အပေါက်တစ်ခုခုထဲခပ်ကုပ်ကုပ်ကလေးဝင်ပုန်းလိုက်ဖို့ကောင်းပါသည်—သို့မဟုတ်ယုတ်စွအဆုံး၊လူကြိုက်များဖို့၊ ပျော်ဖို့ရွှင်ဖို့ဆိုတာစိတ်ပင်မကူးနိုင်ဟုထင်မှတ်စေကြသည်။
‘သူတို့ပုံသွင်းသလို’ မခံပါနှင့်
သို့သော် ကိုယ့်ကိုယ်ကိုအကြည်းတန်အရုပ်ဆိုးဟူ၍ တန်ဖိုးမဖြတ်မီ၊ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ငါ့ရဲ့ရုပ်ရည်ချို့တဲ့တယ် ဆိုတာဘယ်အတိုင်းအတာအထိမှန်ကန်သလဲ—ဒါမှမဟုတ် အထင်အမြင်သက်သက်ဖြစ်သလား။ ကိုယ်မကြိုက်သည့်ကိုယ့်မျက်နှာ၊ (သို့မဟုတ် အစခံရသည့်) မျက်နှာအသွင်အပြင်သည် တကယ်ပင်ကြည့်မကောင်းရှုမကောင်းသလော။ သို့မဟုတ်၊ အခြားသူများမိမိအား ဤသို့ထင်မြင်စေခြင်းလော။ သမ္မာကျမ်းစာ ဤသို့အကြံပြု၏–“သင့်ပတ်ဝန်းကျင်လောက၏ပုံသွင်းခြင်းကိုမခံနှင့်။”—ရောမ ၁၂:၂၊ ဖိလစ်စ်။
စဉ်းစားကြည့်ပါ။ လူကြိုက်များ၊ အောင်မြင်၊ ပျော်ရွှင်ချင်ရင် ဘယ်လိုရုပ်၊ ဘယ်လိုပုံမျိုးရှိရမယ်ဆိုသောအယူအဆမျိုးကိုမည်သူများကမြေတောင်မြှောက်ပေးသနည်း။ ကုန်ထုတ်လုပ်သူ၊ ကြော်ငြာသူများပင်မဟုတ်ပါလား။ သင်သည်ဖက်ရှင်ဆန်စားသောက်နည်းကိုလိုက်စား၍ဈေးကြီးသောအလှကုန်များဝယ်ယူသုံးစွဲလျှင်အမြတ်ရသူမှာထိုသူများပင်မဟုတ်လော။ အဘယ်ကြောင့်သူတို့ပုံသွင်းသလိုသင်ခံရမည်နည်း။ ရွယ်တူများကသင့်ရုပ်ဆင်းကိုဝေဖန်ပါကအပြုသဘောဖြင့်လော—သို့မဟုတ်နှိမ်ချင်၍လော။
နှိမ်လိုသည့်သဘောဖြင့်ဝေဖန်သည်မှန်လျှင်၊ ဤသို့သော“သူငယ်ချင်း”ကိုအဘယ်သူလိုအပ်သနည်း။သမ္မာကျမ်းစာက “ဝေခွဲပိုင်းခြားဉာဏ်ဘက်သို့နှလုံးကို ညွတ်စေလော့” ဟူ၍ထပ်ဆင့်အကြံပြု၏။ (သု. ၂:၂၊ ကဘ) ဝေဖန်ပိုင်းခြားဉာဏ်ရှိလျှင်၊ သင်သည်မိမိပိုင်ဆိုင်ရာရုပ်ရည်ကို အရှိအတိုင်းရှုမြင်တတ်ပြီးစာနယ်ဇင်း၊ ရေဒီယို၊ တီဗွီစသည့်ဝါဒဖြန့်သတင်းကို အယုံလွယ်တော့မည်မဟုတ်။ အလှစံပြမယ်နှင့်ချွတ်စွပ်တူသူရှားပါသည်။ ထို့ပြင်၊ “အလှဟူသည်လေပူဖောင်း။” (သု. ၃၁:၃၀၊ ဘိုင်ယင်တန်) အလှအတွက်ငွေပေး၍အငှားခံရသောသူတို့သည် တဒင်္ဂတစ်ခဏမျှသာထွတ်ထိပ်စံကြရသည်။ မကြာမီမှာပင် နောက်မျက်နှာသစ်တစ်ဦးဖြင့် အစားထိုးခံကြရသည်မှာဓမ္မတာ။ ၎င်းပြင်၊ မိတ်ကပ်၊ မီးရောင်နှင့်ဓာတ်ပုံအနုပညာများသည် လူကို“နတ်သမီး”တမျှလှအောင်ဖန်တီးနိုင်သည်။ (အချို့လူတို့သည် အကျော်အမော်များကို အလှတိုးစေသည့်အရာများမပါဘဲ ပကတိရုပ်အတိုင်းမြင်ကြရသောအခါ လန့်ဖျပ်ခဲ့ကြသည်ဟူ၏!)
သို့ဖြစ်၍သင့်ရုပ်သည် တီဗွီ သို့မဟုတ် မဂ္ဂဇင်းစံပြမယ်နှင့်မတူလျှင်ဝမ်းမနည်းပါနှင့်။ အရပ်အနိမ့်အမြင့်၊ ကိုယ်ထည်အပိန်အဝဘယ်လောက်ရှိမှ လှသည်ဆိုသောအချက်နှင့်ပတ်သက်လာလျှင် ရွယ်တူများလည်းအပြီးအပိုင်အဆုံးအဖြတ်ပေးနိုင်သည့် ဒိုင်လူကြီးများမဟုတ်။ သင့်ရုပ်ရည်နှင့်သင်နေထိထိုင်သာပါက ရွယ်တူများအပြောကို သိပ်အရေးမစိုက်ပါနှင့်။ ဆန်းသည်ဟု ဆိုချင်ဆို။ မိမိမကြိုက်သည့် မိမိ၏အင်္ဂါအစိတ်အပိုင်းကိုမှ နောက်တစ်ယောက်ကမနာလိုဖြစ်မိသည်လည်းရှိ၏။
ပင်ကိုယ်အလှဖြင့် အစွမ်းကုန်လှနိုင်ပါစေ!
အချို့လူငယ်များ၌ တကယ်ပင်ပုံပန်းသဏ္ဌာန် ချွတ်ယွင်းချက်ရှိတတ်ကြပေသည်။ အသားအရေကြမ်းတမ်း၊ အဝလွန်ကဲ၊ နှာခေါင်းပုံပျက်၊ နားရွက်ထိုးထောင်၊ အရပ်ပုကွ။ ကြီးကောင်ငင်နေသည့်အရွယ်ဖြစ်ရကား၊ ပုံပန်းသဏ္ဌာန်ပြောင်းလဲနေဆဲမှန်၏။ ဝက်ခြံမာ၊ ဝချီပိန်ချီ၊ လျှပ်တပြက်အတွင်းကြီးထွား၊ (သို့မဟုတ် ကြီးထွားမှုနှေးကွေးလွန်း) စသည်တို့မှာဆယ်ကျော်သက်တို့ စိတ်ဆင်းရဲစရာများဖြစ်၏။ အချိန်သည်ထိုသို့သော ပြဿနာများကို အလိုလိုဖြေရှင်းပေးနိုင်သည်။
အချို့ကိုကား အချိန်မကုစားနိုင်။ လူငယ်တော်တော်များများသည် မိမိတို့ရုပ်ဆင်းမလှဟူသော အသိစိတ်ဖြင့် စခန်းသွားရမည်ဖြစ်သည်။ စာရေးဆရာဂျွန်ကီလင်ဂျာက အောက်ပါအတိုင်းရေးသားလိုက်သည်– “လူအများထုအတွက်၊ ရုပ်ဆင်းမလှခြင်းသည် ဘဝ၏အနာကြည်းဆုံးအပိုင်းဖြစ်သည်။ အသိစောသော်လည်း၊ ဘဝတစ်လျှောက်ရှောင်တိမ်း၍မရသောအမှန်တရားဖြစ်သည်။” သို့သော် ရှိတာလေးဖြင့်လည်း အစွမ်းကုန် လှနိုင်ပါသည်။
ရုပ်ဆင်းအပြစ်အနာအဆာကို ခွဲစိတ်ကုသ၍ပြုပြင်ခြင်းသည် အကုန်အကျများသည်သာမက၊ အန္တရာယ်လည်းများသည်။ *သမားရိုးကျကျန်းမာရေးဂရုစိုက်ခြင်းမှာမူ၊ ငွေအကုန်အကျနည်းရုံမက၊ များစွာအလှတိုးစေနိုင်သည်။ သင့်ဆံပင်သည် ရုပ်ရှင်မင်းသားမင်းသမီးတစ်ယောက်၏ ဆံပင်လောက်စိုပြေချင်မှ စိုပြေမည်မှန်သော်လည်း သန့်သန့်ရှင်းရှင်းထားနိုင်သည်။ မျက်နှာ၊ ခြေလက်၊ လက်သဲများလည်းထို့အတူပင်။ ဖြူဖွေးသန့်စင်သောသွား၊ ပန်းနုရောင်သွားဖုံးလည်းအပြုံးကို စွဲမက်စဖွယ်ဖြစ်စေနိုင်သည်။ သင်သည်အဝလွန်သလော။ (ဆရာဝန်ညွှန်ကြားချက်ဖြင့်) အစားအသောက်ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းယူခြင်းဖြင့် ပေါင်ချိန်လျှော့နိုင်ပါသည်။
မိဘသဘောတူညီလျှင်၊ ပင်ကိုယ်အလှပေါ်လွင်စေပြီး အပြစ်အနာအဆာအတန်အရာတိမ်ငုပ်စေသည့် ဝတ်စားဖြီးလိမ်းပုံကို စမ်းကြည့်နိုင်သည်။ ဥပမာ၊ စာရေးဆရာ ရှယ်ရွန်ဖယ်လ်တန် အဆိုအရ၊ “ဆံပင်ကိုအပွကောက်၊ ဒါမှမဟုတ်၊ အထက်ပင့်မကိုဋ်ပုံစံဖြင့်ကောက်” လျှင်ပွသောနှာခေါင်း မပေါ်လွင်တော့ပါ။ မျက်နှာရိုးကား၍ ထိုးထောင်နေလျှင် “လှိုင်းကောက်ဆံပင်” ဖြင့်ပြေပြစ်စေနိုင်သည်။ မိတ်ကပ်ကို ဆင်ဆင်ခြင်ခြင်သုံးလျှင်လည်း မိန်းကလေးတစ်ယောက်၏မျက်နှာပေါ်မှ အနာအဆာကို မထင်မရှားဖြစ်စေနိုင်သည်။ ယောက်ျားကလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ အဝတ်အထည်ရွေးဝတ်တတ်လျှင် များစွာအထောက် အကူဖြစ်စေနိုင်သည်။ သင့်အသားအရေကိုစိုပြေစေသော အရောင်အဆင်းနှင့်ကျက်သရေတိုးစေသည့် ပုံစံကိုရွေးချယ်ပါ။ အထည်၏စင်းကြောင်းများကို သတိပြုပါ။ ဒေါင်လိုက်အစင်းသည်လူကို သေးသွယ်သလိုဖြစ်စေပြီး၊ အလျားလိုက်အစင်းသည် ၎င်း၏ဆန့်ကျင်ဘက်ဖြစ်သည်။
မှန်ပေသည်။ သင်၌မွေးရာပါအလှမရှိသည်တိုင်၊ လုံ့လနှင့် စိတ်ကူးကိုသုံးခြင်းဖြင့် ကြည့်ကောင်းရှုပျော်သည့်အသွင်ကို ဆောင်နိုင်ပေသည်။
မျှမျှတတရှိဖို့လို
မိမိရုပ်ဆင်းကိုဂရုပြုရန်လိုသည် မှန်သော်လည်း၊ အသက်တာတွင် ၎င်းကိုရေးကြီးခွင့်ကျယ်မလုပ်သင့်။ လူ့ရုပ်ရည်နှင့်ပတ်သက်၍ သမ္မာကျမ်းစာကမည်မျှတိုင်အပြောနည်းကြောင်း သင်သတိပြုမိသလော။ အာဗြဟံ၊ မေရီတို့ကိုမဆိုထားနှင့်၊ ယေရှု၏ရုပ်ဆင်းကိုပင် အဘယ်ကြောင့်မဖော်ပြထားသနည်း။
၎င်းကိုဘုရားသခင်အရေးထားတော် မမူကြောင်းသိသာလှ၏။စိတ်ဝင်စားဖွယ်ကား၊ တစ်ခါက ဘုရားသခင်သည်ကိုယ်လုံးကိုယ်ထည် ကျားကျားလျားလျားရှိသော ဧလျာဘဆိုသူယောက်ျားပျိုအား ဘုရင်အဖြစ်မရွေးဘဲ ပယ်ချတော်မူခဲ့သည်။ ယေဟောဝါဘုရားသခင်က ပရောဖက်ရှမွေလအား ဤသို့ရှင်းလင်းမိန့်မြွက်တော်မူသည်– “သူ၏မျက်နှာ၊ သူ၏အရပ်ကိုမကြည့်မရှုနှင့်။ ...[ဘုရားသခင်သည်] လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည်အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ [ယေဟောဝါ] မူကားနှလုံးကို ကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၆၊ ၇) ရုပ်ရည်သည် တကယ်အရေးပါသောပုဂ္ဂိုလ် ယေဟောဝါရှေ့တော်မှောက်၌ အရေးမကြီးလှကြောင်းသိရသည့်အတွက် နှစ်သိမ့်ဖွယ်ပါတကား။ ကိုယ်တော်သည် “နှလုံးကိုကြည့်ရှုတတ်သည်။”
ထည့်သွင်းစဉ်းစားစရာနောက်တစ်ချက်ကား၊ သင့်သူငယ်ချင်းအများ၏ ရုပ်ရည်သည်သာမန်မျှသာ မဟုတ်ပေလော။ သင့်မိဘတစ်ပါးပါးသည် ဖက်ရှင်မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်မည်ထင်သလော။ ဖြစ်မည်မထင်။ စင်စစ်အားဖြင့် သင်သည်သူတို့၏မွန်မြတ်သော အရည်အသွေးများကို သိမြင်သဖြင့်သူတို့၏ရုပ်ရည်ကို တွေးမိသည့်အချိန်ပင်နည်းလှ၏။ သင်၌လည်းအဖိုးတန်အရည်အသွေးများ လူတစ်ဦးအနေနှင့်ရှိသည်ဖြစ်ရာ၊ ၎င်းတို့သည်တကယ်ပင်ဖြစ်သော၊ သို့မဟုတ် အထင်သာဖြစ်သော ရုပ်ရည်မပြည့်ဝသည့် အဖြစ်ထက်ပို၍အရေးပါအလေးသာပေသည်။
သို့ဆိုငြားလည်း၊ ရုပ်ရည်သည်ရွယ်တူများ ရှေ့အရေးပါ၏။ ပြီးတော့၊ သင်သည်ရွယ်တူများနည်းတူ၊ ဝတ်စားဆင်ယင်ဖြီးလိမ်းရန် ဖိအားပေးခံရတတ်သည်။ ထိုသို့သော ဖိအားပေးမှုကို မည်သို့တုံ့ပြန်သင့်သနည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 18 သွားများ၌သိုင်းကြိုးတပ်ခြင်းစသောကုထုံးများသည် မညီသောသွားများကို ညီစေနိုင်သည်သာမကလူ လည်းကျန်းမာ၊ အလှလည်းတိုးစေနိုင်သည်။
ဆွေးနွေးရန်မေးခွန်းများ
◻လူငယ်များအဘယ်ကြောင့် မိမိတို့ရုပ်ရည်အတွက် ပူတတ်ကြသနည်း။ သင့်ရုပ်ရည်ကို သင်မည်သို့ထင်မှတ်သနည်း။
◻ဆ က်သွယ်ရေးသတင်းနှင့်ရွယ်တူများသည် ရုပ်ရည်နှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်သည့် အဘယ်အမြင်မျိုးကို ဆွပေးကြသနည်း။ ယင်းသို့သော ဩဇာကို သင်မည်သို့တုံ့ပြန်သင့်သနည်း။
◻ဝက်ခြံမာပေါက်သည့် ပြဿနာကိုဖြေရှင်းသည့် နည်းအချို့ကားအဘယ်နည်း။
◻ကိုယ့်ရုပ်နှင့်ကိုယ်အလှဆုံးဖြစ်အောင် မည်သို့ပြုနိုင်သနည်း။ ဤကိစ္စတွင် မျှမျှတတရှိဖို့ အဘယ်ကြောင့်လိုသနည်း။
[စာမျက်နှာ ၈၂ ပါအကျဉ်းဖော်ပြချက်]
‘ကျွန်မကိုယ်လုံးမျိုးကိုကျွန်မမကြိုက်ဘူး။ ကျွန်မကို ကျွန်မလှတယ်လို့မထင်ဘူး’
[စာမျက်နှာ ၈၈ ပါအကျဉ်းဖော်ပြချက်]
သင်၌လည်းအဖိုးတန် အရည်အသွေးများရှိသည်ဖြစ်ရာ၊ ရုပ်ရည်ထက်ပို၍ အရေးပါအလေးသာပေသည်
[စာမျက်နှာ ၈ ပါလေးထောင့်ကွက်]
‘ငါ့ဝက်ခြံမာပျောက်အောင် တစ်ခုခုများမလုပ်နိုင်တော့ဘူးလား’
ဝက်ခြံမာသည် အရေပြားအနာတစ်မျိုးဖြစ်ပြီး အရေပြားပေါ်အစက်အပျောက်များထင် စေရုံမက၊ ဝက်ခြံ၊ အမဲစက်၊ အနီရောင်အဖုအပိမ့် သို့မဟုတ် အကြိတ်များဖြင့် လူကိုရုပ်ပျက်စေသည်။ လူငယ်တော်တော်များများအဖို့၊ ၎င်းသည်လပိုင်းအနည်းငယ်အတွင်း အလိုလိုပြေပျောက်သွားသည့် အနာမျှသာမဟုတ်ဘဲ ပေါ့ပေါ့မထားသင့်သောအရေပြားအနာတစ်မျိုးဖြစ်လေ့ရှိသည်။ အသက်အရွယ်မရွေးဖြစ်တတ်ကြသော်လည်း အခံရဆုံးမှာဆယ်ကျော်သက်များဖြစ်ကြသည်။ အချို့ပါရဂူများအဆိုအရ၊ ဆယ်ကျော်သက် ၈၀ ရာခိုင်နှုန်း၌ အနည်းနှင့်အများဖြစ်ပွားတတ်သည်။
ထို့ကြောင့်လည်း၊ မိမိနှင့်ပတ်သက်၍ မနှစ်သက်ဆုံးအရာကားအဘယ်အရာနည်းဟု ဆယ်ကျော်သက်ပေါင်း ၂,၀၀၀ အားမေးမြန်းသောအခါ၊ အခြားအရာများထက် အသားအရေဆိုင်ရာပြဿနာကို အဓိကထားတင်ပြပြီးညည်းကြသည်မှာ မဆန်းပါ။ ကျောင်းနေစဉ်အခါ ဝက်ခြံမာပေါက်ခဲ့သော စန်ဒရာဆိုသည့်မိန်းကလေးက ဤသို့ပြန်ပြောသည်။ “ဝက်ခြံမာဘယ်လောက်တောင်ဆိုးသလဲဆိုတော့ တခြားလူတွေမမြင်နိုင်အောင် ကျွန်မမျက်နှာကို အမြဲဖွက်ထားရတယ်။ ကျွန်မရုပ်အကျည်းတန်လွန်းလို့ ရှက်လိုက်တာပြောမနေနဲ့တော့။”—ကို-အက်မဂ္ဂဇင်း။
ဤကပ်ဆိုးကြီးသည် အဘယ်ကြောင့်ဆယ်ကျော်သက်အရွယ်—အလှချင်ဆုံးအရွယ်မှ ဖြစ်ပေါ်လာရသနည်း။ ကြီးကောင်ငင်နေသောကြောင့်ပင်ဖြစ်သည်။ အပျိုလူပျိုဖော်ဝင်လာသည်နှင့်အမျှ၊ အရေပြားဂလင်းများတိုး၍ လှုပ်ရှားဆောင်ရွက်လာသည်။
ဘာဖြစ်ပျက်သနည်း။ ကမ္ဘာ့စွယ်စုံကျမ်းက ဤသို့ရိုးရိုးကလေးရှင်းလင်းတင်ပြ၏။ ဂလင်းတစ်ခုစီသည် ဖောလစ်ကယ်ခေါ်အမွှေးအမျှင်တဝိုက်ရှိ အိတ်ကလေးအတွင်းသို့ အဆီများဖြည့်ပေး၏။ သာမန်အားဖြင့် ၎င်းအဆီသည် အရေပြားအပေါက်ကလေးများမှ တစ်ဆင့်ထွက်သွားကာ ခန်းခြောက်တတ်သည်။ သို့သော်တစ်ခါတစ်ရံအပေါက်ဆို့၍ ၎င်းအဆီသည် မြန်မြန်ဆန်ဆန်ထွက်မသွားနိုင်သဖြင့် အရေပြားအပေါက်၌အမဲပျောက်ဖြစ်ပေါ်လာသည်။ ပိတ်ဆို့ခံရသောအဆီသည် အောက်ဆီဂျင်နှင့်ဓာတ်ပြု၍ ခန်းခြောက်ကာမဲသွားသောကြောင့်ဖြစ်သည်။ ပြည်တည်လာသောအခါ ဝက်ခြံဖြစ်လာလေသည်။ ပိတ်ဆို့ခံရသောအဆီအတွင်း၌ ပိုးများပေါက်ဖွားလာသောအခါ အကြိတ်များဖြစ်ပေါ်လာသည်။ ယင်းအကြိတ်များကသာအစဉ်ကျန်ရစ်တတ်သည်။ ဝက်ခြံသည်မရင်းလျှင် မထင်ကျန်တတ်ပါ။ ဝက်ခြံကိုညှစ်လျှင်အနာရင်းလာတတ်သည်ဖြစ်၍ မညှစ်မကလော်ပါနှင့်။
စိတ်ဝင်စားစရာမှာ၊ စိတ်တင်းခြင်းနှင့်စိတ်ဘောင်ဘင်ခတ်ခြင်းသည် အရေပြားဂလင်းများကိုနှိုးဆွပေးသည်။ အချို့သည်အခါကြီးရက်ကြီး သို့မဟုတ် စာမေးပွဲမတိုင်မီနှင့် စာမေးပွဲအချိန်အတွင်း ဧရာမဝက်ခြံကြီး ပေါက်တတ်ကြသည်။ ထို့ကြောင့် ယေရှု၏မိန့်မြွက်စကားသည် မဿဲ ၆:၃၄၊ ကဘ။
လက်တွေ့ကျလှပေသည်– “ဘယ်တော့မျှနောက်တစ်နေ့အဖို့ မကြောင့်ကြနှင့်။ အကြောင်းမှာနောက်တစ်နေ့သည် နောက်တစ်နေ့၏ သောကများရှိလိမ့်မည်။”—ဝမ်းနည်းစရာကား၊ ချက်ချင်းလက်ငင်းပျောက် ကုထုံးမရှိ။ သို့သော် (ပဋိအနုဇီဝတစ်မျိုးဖြစ်သော) ဘင်ဇောလ်ပါအောက်ဆိုက်ပါရှိသည့် ဂျဲလ်၊ ကရင်း(မ်)၊ လိုရှင်း၊ ဆေးရည်၊ ဆေးဆပ်ပြာနှင့် မျက်နှာဖုံးစသော ဆေးခန်းတွင်တိုက်ရိုက်ဝယ်ယူသုံးစွဲနိုင်သည့် ဆေးများရှိပေသည်။ (ထို့ထက်တစ်ဆင့်တိုး၍ အကုသခံဖို့လိုလျှင် သင့်မိသားစုဆရာဝန်နှင့် တိုင်ပင်နိုင်သည်။) ဆပ်ပြာ သို့မဟုတ် ဘင်ဇောလ်ပါအောက်ဆိုက်ပါရှိသည့် ဆေးရည်ဖြင့်အသားအရေကို စင်ကြယ်အောင်ဆေးကြောပေးလျှင် အထောက်အကူပြုကြောင်းအများက တွေ့ရှိရသည်။ သို့သော်အဆီပါသော ဆပ်ပြာနှင့်ကော့စမက်တစ်များကိုရှောင်ပါ။
အချို့လူငယ်များသည်အထွေထွေကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် ဝက်ခြံမာအခြေအနေ ကောင်းမွန်တိုးတက်လာသည်ကိုတွေ့ရသည်—ကာယလေ့ကျင့်ခန်း များများပြုခြင်း၊ အတတ်နိုင်ဆုံးလေကောင်းလေသန့် ရှူရှိုက်ခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း စသည်တို့ဖြစ်သည်။ အဆီအစိမ့်လွတ် အစားအစာစားသောက်ခြင်း၏အကျိုးအာနိသင်နှင့် ပတ်သက်၍ သုတေသီများငြင်းခုံနေကြဆဲဖြစ်သော်လည်း သရေစာကိုရှောင်ကာ မျှတသောအာဟာရမှီဝဲခြင်းသည် အဓိပ္ပာယ်ရှိသောလုပ်ရပ်ဧကန်ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ စိတ်မရှည်၍မဖြစ်။ ကြာမြင့်စွာတည်ရှိလာသော ပြဿနာရပ်ကို ညဉ့်တွင်းချင်းဖြေရှင်း၍မရပါ။ အထက်ဆိုခဲ့သော စန်ဒရာက ဤသို့ဆိုပါသည်– “တစ်နှစ်လောက်ကြာတော့မှ ကျွန်မအသားအရေချောမွတ်လာတယ်။ ဒါပေမဲ့ ခြောက်ပတ်အတွင်း သိသိသာသာပြောင်းလဲလာတာကို တွေ့ရပါတယ်။” သင်ရွေးချယ်သော ဆေးနည်းအတိုင်း၊ ဇွဲမပျက်ဘဲ ကုသပြုစုလျှင်သက်သာရာရနိုင်ပေသည်။
ထိုအတောအတွင်း၊ အနည်းငယ်သောအစက်အပြောက်ကြောင့်၊ ကိုယ့်ကိုယ်ကိုအထင်သေးလွန်းကာ အခြားသူတို့နှင့်မပြောရဲမဆိုဝံ့လောက်အောင် အရှက်မကြီးပါနှင့်။ သင့်အသားအရေကို သင်အလွန်သတိပြုမိမည်မှန်သော်လည်း၊ သင်ထင်သလောက်အခြားသူများ သင့်ကိုသတိထားမိမည်မဟုတ်ပေ။ ထို့ကြောင့်၊ အကောင်းမြင်စိတ်၊ လန်းဆန်းသောစိတ်သဘောထားရှိပါ။ လက်မနှေးဘဲသင့်ဝက်ခြံမာကို တတ်နိုင်သ၍ကုသပါ!
[စာမျက်နှာ ၈၃ ပါရုပ်ပုံ]
မိမိမကြိုက်သည့် မိမိ၏အင်္ဂါအစိတ်အပိုင်းကိုမှ နောက်တစ်ယောက်က မနာလိုဖြစ်မိသည်လည်းရှိ၏
[စာမျက်နှာ ၈၆ ပါရုပ်ပုံ]
မဂ္ဂဇင်းစံပြမယ်တို့နောက်ကွယ်တွင် အလှဆင်အဖွဲ့ရှိကြောင်း လူငယ်များသိလေ့မရှိပေ