ဒီကောင်တွေငါ့ကိုဘာကြောင့် ဒီလောက်တောင်နှောင့်ယှက်ရသလဲ
အခန်း ၁၉
ဒီကောင်တွေငါ့ကိုဘာကြောင့် ဒီလောက်တောင်နှောင့်ယှက်ရသလဲ
ဒီယောက်ျားကလေး၏ခြေလှမ်းပုံကိုက အိုးမလုံအုံပွင့်သည့် ပုံစံမျိုး။ သက်သောင့်သက်သာမရှိ။ ကိုယ့်ကိုယ်လည်း အယုံအကြည်မရှိ။ မိမိရောက်နေသည့်ပတ်ဝန်းကျင်သစ်ကြောင့် ကသိကအောင့်ကြီးဖြစ်နေရှာသည်မှာ အထင်းသား။ ကျောင်းသားဟောင်းများက သူ့ကိုကျောင်းသားသစ်မှန်းရိပ်မိကြသည်နှင့် ကျီးလိုဝိုင်းအုံလာပြီး ပက်ပက်စက်စက်ညစ်ညမ်းကြမ်းကြုတ်စွာ ဆဲဆိုလေတော့သည်! သူ့ခမျာမျက်နှာတစ်ပြင်လုံးနီးမြန်းကာ အနီးဆုံးခိုလှုံရာ—အိမ်သာထဲသို့ တကြိုးတည်းပြေးရရှာ၏။ အိမ်သာအပြင်ဘက်မှ ဟားတိုက်ရယ်မောသံမှာမြည်ဟီးလျက် ပဲ့တင်ထပ်လျက်ရှိသည်။
လူငယ်အတော်များများသည် အခြားသူကိုအနိုင်ကျင့်၊ နောက်ပြောင်ကျီစယ်စော်ကားကာ ဖျော်ဖြေမှုရှာသည့်ဉာဉ်ဆိုးရှိသည်။ ကျမ်းစာခေတ်မှာပင် အချို့လူငယ်များယုတ်ညံ့သည့် စရိုက်မျိုးကိုပြသခဲ့ကြသည်။ ဥပမာ၊ တစ်ခါက၊ ယောက်ျားကလေးတစ်စုသည် ပရောဖက်ဧလိရှဲကိုနှောင့်ယှက်ကြသည်။ ဧလိရှဲ၏ဌာနန္တရကို မခန့်မညား၊ မထီလေးစားသည့်သဘောဖြင့် “ဟေဦးပြည်း [ခေါင်းတုံး] တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့” ဟုဟစ်အော်သရော်ကြသည်။ (၄ ဓမ္မရာဇဝင် ၂:၂၃-၂၅) ယနေ့လူငယ်တော်တော်များများလည်း အခြားသူများအား စော်ကားထိပါးသည့်စကားမျိုးကို ပြောသည့်ဗီဇရှိကြသည်။
အတန်းထဲကြီးကောင်ငင်သည့်ဝေဒနာဆိုသော စာအုပ်ရေးသားသူထဲမှတစ်ယောက်က ဤသို့ဆို၏– “ကိုးတန်းတုန်းက ကျွန်တော်ဟာအပုဆုံး။ ဉာဏ်အထက်ဆုံးလဲဖြစ်၊ အပုဆုံးလဲဖြစ်တော့ အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ ဒုက္ခလှလှကြီးဆိုက်ခဲ့ရတယ်ပေါ့။ ကျွန်တော်ပုလို့ မထိုးကြိတ်ချင်တဲ့လူတွေက ကျွန်တော့်ကိုငချွန်ငထက်ဆိုပြီးထိုးကြိတ်ကြပါတယ်။ ‘မျက်စိလေးလုံး’ ဆိုတဲ့နာမည်မကလို့၊ ‘လမ်းလျှောက်အဘိဓာန်’ လို့နာမည်ပေးကြတယ်။ နောက်ထပ်ညစ်ပတ်တဲ့နာမည်ပေါင်း ၈၀၀ နဲ့လဲကင်ပွန်းတပ်ကြပါတယ်။” ကလေးများအထီးကျန်ဟူသော စာအုပ်ပြုစုသူက ဤသို့ထပ်ဆင့်ရေးသားလိုက်သည်– “အင်္ဂါချွတ်ယွင်းသော၊ စကားပြောအခက်အခဲရှိသော၊ ခန္ဓာအစိတ်အပိုင်းနှင့် အကျင့်ဘက်သိသိသာသာ တစ်မူထူးခြားသောကလေးများသည် အခြားကလေးများကျီစယ်နောက်ပြောင်စရာဖြစ်သည်။”
ရံဖန်ရံခါလူငယ်များသည် ရက်စက်သောဗိုလ်လုပွဲနှင့်မခြားသည့် ယှဉ်ပြိုင်မှုထဲပါဝင်ဆင်နွှဲခြင်းဖြင့်ခုခံကြသည်။ (များသောအားဖြင့် တစ်ဖက်မိဘများနှင့် ပတ်သက်သော) ဆဲရေးတိုင်းထွာစကားနာဖြင့် တစ်ဖက်သားကို နာသည်ထက်နာအောင် ထိုးနှက်ကြသည်။ အချို့လူငယ်များခမျာ ရွယ်တူတို့၏နှောင့်ယှက်ရမ်းကားခံရသောအခါ အခုအခံမဲ့ဖြစ်ကြရရှာသည်။ လူငယ်တစ်ဦးကမိမိသည် အတန်းသားများ၏ နှောင့်ယှက်မှုကြောင့် တစ်ခါတစ်ရံ ‘အော့တော့မလို၊ အံတော့မလို’ ခံစားရသည်တိုင်အလန့်ကြီးလန့်၊ စိတ်အညစ်ကြီးညစ်ရကြောင်း ပြန်ပြောင်းသတိရခဲ့သည်။ သူ့ခမျာအခြားကျောင်းသားများ မိမိအားဘာလုပ်တော့မည်ဟု တွေးကြောက်ရသဖြင့်ကျောင်းစာပေါ် အာရုံမစူးစိုက်နိုင်အောင်ဖြစ်ခဲ့ရသည်။
ရယ်စရာမဟုတ်
သင်သည်ရွယ်တူတို့၏ရက်စက်သော ပစ်မှတ်ဖြစ်ခဲ့ဘူးသလော။ ၎င်းကိုဘုရားသခင်က ရယ်စရာအဖြစ်မမှတ်ကြောင်းသိရလျှင် နှစ်သိမ့်မှုရနိုင်ပေမည်။ အာဗြဟံ၏သားဣဇာက် နို့ကွာအခမ်းအနားစားသောက်ပွဲနှင့် ပတ်သက်သောသမ္မာကျမ်းစာမှတ်တမ်းတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ အာဗြဟံ၏သားကြီးဣရှမေလသည် ဣဇာက်ရမည့်အမွေကို မနာလိုဖြစ်ဟန်ရှိသဖြင့် ဣဇာက်အား “သရော်” (ကဘ) လေသည်။ သို့သော်၊ သဘောရိုးဖြင့် အပျော်ကစားခြင်းလုံးဝမဟုတ်ပဲ ‘ညှဉ်းဆဲ’ သည့်အလားဖြစ်ခဲ့သည်။ (ဂလာတိ ၄:၂၉) ဣဇာက်မိခင်စာရာက နောက်ပြောင်မှု၌ ရန်လိုသည့်သဘောပါသည်ကိုမြင်၏။ မိမိသားဣဇာက်မှတစ်ဆင့်၊ ‘မျိုးနွယ်တော်’ မေရှိယကိုပေါ်ထွန်းစေရန်တည်းဟူသော ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို ပြောင်ပြောင်တင်းတင်းစော်ကားသည်ဟု စာရာရှုမှတ်၏။ သို့နှင့်စာရာတောင်းဆိုချက်နှင့်အညီ၊ ဣရှမေလနှင့်သူ၏မိခင်သည် အာဗြဟံ၏အိမ်ထောင်မှပြင်ပသို့ နှင်ထုတ်ခံရလေသည်။—ကမ္ဘာဦး ၂၁:၈-၁၄။
ထို့နည်းတူ၊ လူငယ်များ သင့်အားနာစေလို၍နှောင့်ယှက်သည့်ကိစ္စ—အထူးသဖြင့်၊ ဟေဗြဲ ၁၁:၃၆) သူတို့သည်ဤရှုတ်ချမှုများကို သတ္တိရှိရှိရင်ဆိုင်သည်းခံကြသည်မှာ ချီးကျူးဖွယ်ဖြစ်၏!
သင်သည် သမ္မာကျမ်းစာစံနှုန်းနှင့်အညီ ကြိုးစားနေထိုင်သည်ကို သရော်စော်ကားသည့်ကိစ္စသည် ရယ်စရာမဟုတ်။ ဥပမာ၊ ခရစ်ယာန်လူငယ်များသည် မိမိတို့ယုံကြည်ခြင်းကို အခြားသူများအားပြောကြားတတ်ပေသည်။ သို့သော် ယေဟောဝါ၏လူငယ်သက်သေခံတစ်စုပြောသည့်အတိုင်း– “ကျောင်းကကလေးတွေ ကျွန်တော်တို့တစ်အိမ်တက်ဆင်းဟောပြောတာကို နောက်ပြောင်ပြီးကျွန်တော်တို့ကို သိက္ခာချကြတယ်။” မှန်ပေသည်။ ဘုရားသခင့် ရှေးသစ္စာရှိကျွန်များကဲ့သို့၊ ခရစ်ယာန်လူငယ်များသည် “ကဲ့ရဲ့” ခြင်းစုံစမ်းမှုခံရကြသည်။ (သူတို့ဘာကြောင့်ဒီလိုလုပ်ကြတဲ့အကြောင်း
သို့တစေ၊ သင့်ကိုညှဉ်းဆဲသူများအား သင့်ထံမှထွက်သွားစေရန် မည်သို့လုပ်ရပါလိမ့်ဟု အသင်တွေးတောမိပေမည်။ ပထမ၊ သူတို့ဘာကြောင့် လူကိုစရကြောင်း စဉ်းစားကြည့်ပါ။ “လူသည်ရယ်စဉ်အခါပင်၊ ဝမ်းနည်းသောသဘောရှိ၏” ဟုသမ္မာကျမ်းစာက နယပုံပြင် ၁၄:၁၃ ၌ဆို၏။ လူငယ်တစ်စုတစ်ယောက်ယောက်ကို သရော်လိုက်သောအခါ ရယ်သံပေါက်ကွဲလေသည်။ သို့သော်၊ သူတို့သည် ‘စိတ်နှလုံးချမ်းမြေ့၍ရွှင်လန်းစွာ ဟစ်ကြွေးလိုက်ခြင်း’ မဟုတ်။ (ဟေရှာယ ၆၅:၁၄) စိတ်ထဲ၌ဆူပွက်နောက်ကျိနေသည့်အဖြစ်ကို လှစ်ဟနေခြင်းသာ။ ဤညှဉ်းဆဲသူတို့၏ မိုက်ရူးရဲသတ္တိ နောက်ကွယ်၌၊ ‘တို့ကိုတို့သဘောကျတာမဟုတ်ဘူး။ ဒါပေမဲ့၊ သူများကိုနှိမ်လိုက်ရရင် နေလို့ပိုကောင်းသလိုပဲ’ ဟူသောသဘောမျိုးပုန်းလျှိုးလျက်ရှိချင်ရှိမည်။
မနာလိုမှုကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ သမ္မာကျမ်းစာပါဆယ်ကျော်သက်ယောသပ်၏ မှတ်တမ်းကိုပြန်သတိရပါ။ သူသည်ဖေဖေ့အချစ်ဆုံးသားဖြစ်သောကြောင့် အစ်ကိုများကသူ့ကိုအတိုက်အခံလုပ်ကြသည်။ ပြင်းထန်သောမနာလိုမှုကြောင့် စကားနာထိုးရုံနှင့်မပြီး၊ ညီငယ်အားသတ်ရန်ပင် ကြံစည်ခဲ့ကြသည်! (ကမ္ဘာဦး ၃၇:၄၊ ၁၁၊ ၂၀) ယနေ့လည်း ထို့အတူပင်၊ ထူးချွန်သောကျောင်းသား၊ ဆရာ့အချစ်တော်ကျောင်းသားများသည် ရွယ်တူများ၏မလိုမုန်းထားမှုကိုခံရကြသည်။ ‘သူ့ကိုစော်ကားခြင်းဖြင့်’ သိက္ခာချတတ်ကြသည်။
ထို့ကြောင့်၊ မိမိတို့ကိုယ်ကိုမလုံမလဲဖြစ်ခြင်း၊ မနာလိုခြင်းနှင့် ကိုယ့်ကိုယ်ကိုအထင်သေးခြင်းတို့သည် သူတစ်ပါးကိုနောက်ပြောင်ကဲ့ရဲ့သည့် အကြောင်းရင်းများဖြစ်သည်။ သို့ဖြစ်၍၊ အိုးမလုံအုံပွင့်သောလူငယ်အချို့ ကိုယ့်တန်ဖိုးကိုယ်အထင်သေးသည့်အတွက်၊ သင်လည်းကိုယ့်ကိုယ်ကို အထင်မသေးလိုက်ပါနှင့်။
နှောင့်ယှက်မှုကို ရပ်တံ့စေခြင်း
ဆာလံဆရာက “မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင် ... သောသူသည် [ပျော်ရွှင်၏၊ ကဘ]” ဟူ၍ဆို၏။ (ဆာလံ ၁:၁) ကိုယ့်ထံမှအာရုံလွဲစေလိုသဖြင့် ကိုယ်ပါမထီမဲ့မြင်ပြုလျှင် အပြန်အလှန်စော်ကားခြင်းသည် သံသရာရှည်လျားရုံသာရှိမည်။ ဘုရားရေးအကြံကား၊ “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ ... အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။”—ရောမ ၁၂:၁၇-၂၁။
ဒေသနာ ၇:၉ က ဤသို့ထပ်ဆင့်၍ဆို၏– “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည်မိုက်သောသူ၏ စိတ်နှလုံး၌နေရာကျတတ်၏။” ဟုတ်ပေသည်။ သူတစ်ပါး၏အနောက်အပြောင်ကို အဘယ်ကြောင့်ဤမျှတိုင် အလေးထားရသနည်း။ သင့်ကိုယ်လုံးကိုယ်ပေါက်ကိုအကြောင်းပြု၍ သင့်အားသရော်လျှင်၊ သင့်မျက်နှာသွင်ပြင်၏ အပြစ်အနာအဆာကို ရယ်လျှင်၊ စိတ်နာမည်မှာမှန်၏။ သို့တစေ၊ ၎င်းဝေဖန်ချက်များသည် နားခါးသော်လည်း နာစေလိုသည့်သဘောပါချင်မှပါမည်။ ထို့ကြောင့် တစ်ယောက်ယောက်က သင့်အားအမှုမဲ့အမှတ်မဲ့ဖြစ်စေ—တမင်တကာဖြစ်စေ—အနာပေါ်တုတ်ကျအောင်ပြောဆိုမိလျှင် မကြေကွဲပါနှင့်။ ညစ်ညမ်းပြီး ဘုရားတရားစော်ကားသည့် စကားမဟုတ်လျှင် ရယ်စရာအဖြစ်မြင်တတ်ပါ။ “ရယ်ရသောအချိန်လည်းရှိ၏။” ကစားလို၍စသည်ကို စိတ်ဆိုးခြင်းသည်လွန်မင်းသော တုံ့ပြန်မှုဖြစ်ချိမ့်မည်။—ဒေသနာ ၃:၄။
သို့ရာတွင် စသောအခါပက်စက်၍ နာစေလိုသည့်သဘောပါလျှင် မည်သို့နည်း။ သရော်သူသည်သင့်တုံ့ပြန်ပုံ၊ ခံပြင်းပုံကိုကြည့်ပြီး အူမြူးလို၍သရော်ကြောင်းမှတ်ပါလေ။ ကိုယ်ကစကားနာ ပြန်ထိုး၊ ခုခံ၊ ငိုယိုလျှင် သူ့ကိုအားပေးရာသာကျပြီး သူ၏နောက်ပြောင်မှုသည် ရပ်စဲတော့မည်မဟုတ်။ သင်ခံပြင်းသည်ကိုမြင်ပြီး သူမနောခွေ့သွားအောင်လိုက်၍ မဖန်တီးပါနှင့်။ အကောင်းဆုံးရှောင်တိမ်းနည်းမှာ၊ ဖုတ်လေတဲ့ငါးပိ၊ ရှိသည်လို့မထင်၊ မသိဖာသာနေလိုက်ပါ။
ရှောလမုန်ဘုရင် ဤသို့ထပ်၍ဆိုသည်– “သူတစ်ပါးပြောသမျှသောစကားတို့ကို မမှတ်နှင့်။ [“လူများပြောသောစကားအခွန်းတိုင်း အရေးမလုပ်နှင့်။”—ယနေ့ အင်္ဂလိပ်ဘာသာပြန်] သို့ပြုလျှင်ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။ သင်သည်ကိုယ်တိုင်သူတစ်ပါးတို့ကို အဖန်ဖန်ကျိန်ဆဲကြောင်းကို ကိုယ်စိတ်နှလုံးထဲမှာသိ၏။” (ဒေသနာ ၇:၂၁၊ ၂၂) သရော်သူတို့၏အရွဲ့တိုက်စကားကို “အရေးလုပ်” လျှင်သူတို့၏ဝေဖန်ချက်အတွက် အပူလွန်ရာရောက်မည်။ သူတို့၏ဝေဖန်ချက်သည် ခိုင်လုံပါသလော။ တမန်တော်ပေါလုလည်း မနာလိုသူရွယ်တူတို့၏ မတရားပြောဆိုဝေဖန်မှုကို ခံခဲ့ရသည်။ သို့သော်သူက “သင်တို့မှစ၍ အခြားလူများတို့သည်ငါ့ကို ... စီရင်သော်လည်း၊ ငါသည်အမှုမထား။ ... ငါ့ကိုစီရင်သောသူကား [ယေဟောဝါ၊ ကဘ] ပေတည်း” ဟုတုံ့ပြန်လိုက်သည်။ (၁ ကောရိန္သု ၄:၃၊ ၄) ပေါလုနှင့်ဘုရားသခင်၏ဆက်ဆံရေးသည် ခိုင်မာလှရကား၊ သူသည်မတရားသောအပြစ်ပြောဝေဖန်မှုကို ခံရပ်နိုင်သည့်ယုံကြည်စိတ်ချမှုနှင့် အတွင်းအင်အားပိုင်ဆိုင်ပေသည်။
သင့်အလင်းကိုထွန်းလင်းစေပါ
သင်သည်မိမိ၏ခရစ်ယာန်ဘဝလမ်းစဉ်ကြောင့် တစ်ခါတစ်ရံကဲ့ရဲ့ရှုတ်ချခြင်းခံရမည်။ ယေရှုခရစ်ကိုယ်တော်တိုင် ထိုသို့သော “ဆန့်ကျင်တိုက်ခံစကား” ခံခဲ့ရသည်။ (ဟေဗြဲ ၁၂:၃၊ ကဘ) ယေရမိလည်း ယေဟောဝါ၏သတင်းတော်ကို ရဲရင့်စွာပြောဆိုသည့်အတွက် “တစ်နေကုန်လူရယ်စရာဖြစ်” (ကဘ) ခဲ့ရသည်။ မနားတမ်းအနှောင့်အယှက်ခံရသဖြင့် သူသည်တဒင်္ဂမျှစိတ်ပျက်ခဲ့ရှာသည်။ “ထိုကြောင့်၊ ငါသည်နှုတ်ကပါဌ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေ” တော့မည်ဟုဆုံးဖြတ်လိုက်သည်။ သို့ရာတွင်၊ သူသည်ဘုရားသခင်နှင့် အမှန်တရားကိုချစ်မြတ်နိုးလှသဖြင့် နောက်ဆုံး၌မိမိ၏ကြောက်စိတ်ကို တွန်းလှန်နိုင်ခဲ့ပေသည်။—ယေရမိ ၂၀:၇-၉။
ယနေ့ခရစ်ယာန်လူငယ်အချို့လည်း စိတ်ဓာတ်ကျခဲ့ကြသည်။ အနောက်အပြောင်ရပ်တံ့စေလို၍ မိမိခရစ်ယာန်ဖြစ်သည်ကို ကွယ်ဝှက်ခဲ့ကြသည်။ သို့သော် အဆုံး၌ဘုရားသခင်ကို ချစ်သောစိတ်၏စေ့ဆော်မှုကြောင့် မိမိတို့ကြောက်စိတ်ကိုကျော်လွှားကာ ‘မိမိတို့အလင်းကိုထွန်းလင်းစေ’ ခဲ့ကြသည်! (မဿဲ ၅:၁၆) ဥပမာ၊ဆယ်ကျော်သက်ယောက်ျားကလေးတစ်ယောက်က ဤသို့ဆို၏– “ကျွန်တော့်သဘောထား ပြောင်းလဲခဲ့ပါတယ်။ ခရစ်ယာန်တစ်ဦးအဖြစ်အမြင်ခံရတာကို နေရာတကာသယ်သွားရတဲ့ ဝန်ထုပ်လိုမမှတ်တော့ဘဲ၊ ဂုဏ်ယူစရာလို့သာသဘောပိုက်လာပါတယ်။” သင်လည်းဘုရားသခင်ကို သိခြင်း၊ သူတစ်ပါးအားကူညီရန် အသုံးတော်ခံရခြင်းတည်းဟူသော အခွင့်အရေးကြောင့် “ဝါကြွား” နိုင်၏။—၁ ကောရိန္သု ၁:၃၁။
သို့သော်လည်း၊ တစ်ချိန်လုံးအခြားသူများအားဝေဖန်၍ဖြစ်စေ၊ ဘဝင်မြင့်သူအဖြစ် လူများအထင်ရောက်စေ၍ပဲဖြစ်စေ၊ အခြားသူများ၏ရန်ကို မဖိတ်ပါနှင့်။ အခွင့်အရေးရလျှင်ရသလို သူတစ်ပါးအားသင့်ယုံကြည်ခြင်းကို မျှဝေပါ။ သို့သော် “နူးညံ့သောသဘော၊ [လေးစားကိုင်းရှိုင်းမှု၊ ကဘ]” ဖြင့်ပြုပါ။ (၁ ပေတရု ၃:၁၅) ကျောင်းနေစဉ်၊ သင်၏မွန်မြတ်သောစာရိတ္တသည် သင့်အဖို့အကောင်းဆုံး အကာအကွယ်ဖြစ်ပေမည်။ အခြားသူများသည် သင်၏ရဲရင့်သောရပ်တည်မှုကိုမနှစ်သက်လျှင်တောင်၊ ၎င်းကြောင့်သင့်ကိုမလေးစားချင်ပဲနှင့် လေးစားကြရလိမ့်မည်။
ဗနက်စာအမည်ရှိမိန်းကလေးတစ်ဦးသည် မိန်းကလေးတစ်စု၏နှောင့်ယှက်မှုကို အမြဲခံရရှာသည်။ ရန်စချင်၍သူ့ကိုရိုက်ကြ၊ တွန်းကြသည်။ စာအုပ်အောက်ကျအောင် ပုတ်ချကြသည်။ နို့ချော့ကလက်ကို သူ့ခေါင်းပေါ်သို့လောင်းချ၍ သူ့ဝတ်စုံဖြူကို ပေကျံအောင်ပင်ပြုခဲ့ကြသည်။ သို့သော် သူသည်ရန်ကိုရန်မတုံ့ခဲ့။ နောက်ပိုင်း၌ဗနက်စာသည် ယေဟောဝါသက်သေများ၏စည်းဝေးပွဲကြီးတစ်ခုတွင် အဆိုပါအုပ်စုခေါင်းဆောင်ကိုတွေ့၏! “မင်းကိုတို့မုန်းခဲ့တယ်။ မင်းရဲ့အေးဆေးတည်ငြိမ်မှုပြိုပျက်တာကို တစ်ကြိမ်ပဲဖြစ်ဖြစ်တွေ့လိုက်ချင်တယ်၊” ယခင်ကဗနက်စာကို အနိုင်ကျင့်ခဲ့သူကဆို၏။ သို့သော်၊ သူသည်ဗနက်စာဘာကြောင့်ဒီလောက်ပင် ဣန္ဒြေတည်ငြိမ်နိုင်တာလဲဆိုသောစူးစမ်းစိတ်ကြောင့် ယေဟောဝါသက်သေများ၏သမ္မာကျမ်းစာပို့ချမှုတစ်ရပ်ကို လက်သင့်ခံခဲ့သည်။ သူဆက်၍ဤသို့ဆို၏– “တို့လေ့လာသိရှိခဲ့တဲ့အချက်ကို တို့တစ်ခါထဲသဘောကျမိတယ်။ နက်ဖြန်တို့နှစ်ခြင်းခံတော့မယ်။”
ထို့ကြောင့် ရွယ်တူများ၏ “ဆန့်ကျင်တိုက်ခံစကား” ကြောင့်စိတ်ဓာတ်မကျဆင်းပါနှင့်။ သင့်တော်သည့်နေရာတွင် ဟာသလိုသဘောထားပါ။ အဆိုးကိုကြင်နာမှုဖြင့်တုံ့ပြန်ပါ။ ရန်မီးကိုယပ်မခပ်နှင့်။ အချိန်တန်သော် သင့်ကိုညှဉ်းပန်းသူတို့သည် သင့်ကိုသရော်ပြီး အူမရွှင်နိုင်ကြတော့။ အကြောင်းမှာ၊ “ထင်းမရှိလျှင်မီးသေတတ်၏။”—သု. ၂၆:၂၀။
ဆွေးနွေးရန်မေးခွန်းများ
◻သူတစ်ပါးအား ရက်ရက်စက်စက်ကျီစားသူတို့ကို ဘုရားသခင်မည်သို့ ရှုမှတ်တော်မူသနည်း။
◻လူငယ်များပြုသော နှောင့်ယှက်မှုနောက်ကွယ်၌ အဘယ်စိတ်သဘောထားရှိတတ်သနည်း။
◻နောက်ပြောင်မှုလျော့နည်းသွားရုံမက၊ ရပ်တံ့သွားအောင် မည်သို့ပြုနိုင်သနည်း။
◻သင်သည်ကျောင်း၌အခြားသူများ၏ အပြောင်အနောက်ကိုခံရသော်လည်း အဘယ်ကြောင့် ‘သင့် အလင်းကိုထွန်းလင်းစေ’ ရန်အရေးကြီးသနည်း။
◻ကျောင်းတွင်းသောင်းကျန်းရမ်းကားမှုမှ မိမိကိုယ်ကိုအဘယ်နည်းများဖြင့် ကာကွယ်နိုင်သနည်း။
[စာမျက်နှာ ၁၅၅ ပါအကျဉ်းဖော်ပြချက်]
ညှဉ်းဆဲသူတို့၏ မိုက်ရူးရဲသတ္တိ နောက်ကွယ်၌၊ ‘တို့ကိုတို့သဘောကျတာ မဟုတ်ဘူး။ ဒါပေမဲ့၊ သူများကိုနှိမ်လိုက်ရရင် နေလို့ပိုကောင်းသလိုပဲ’ ဟူသော သဘောမျိုးပုန်းလျှိုးလျက်ရှိချင်ရှိမည်
[စာမျက်နှာ ၁၅၂ ပါလေးထောင့်ကွက်နှင့်]
အထိုးမခံရအောင်ဘယ်လိုရှောင်ရမလဲ
‘ကျောင်းသွားတဲ့အခါ ကိုယ့်အသက်ကို ဖက်နဲ့ထုပ်သွားသလိုပဲ။’ ကျောင်းသားတော်တော်များများ ထိုသို့ဆိုကြသည်။ သို့သော် လက်နက်ဆောင်သွားလျှင် မိုက်ရာရောက်ပြီးဒုက္ခကိုလက်ယပ်ခေါ်သည်နှင့်မခြားပါ။ (သု. ၁၁:၂၇) သို့ဖြစ်လျှင် သင့်ကိုယ်သင် မည်သို့ကာကွယ်နိုင်မည်နည်း။
အန္တရာယ်စက်ကွင်းကိုသိပြီးရှောင်ပါ။ အချို့ကျောင်းများ၌ ဆောင်ကူးလမ်းကြား၊ လှေကားဆောင်နှင့် အဝတ်လဲခန်းတို့သည်တကယ့်အန္တရာယ်စက်ကွင်းများဖြစ်သည်။ အများသုံးအိမ်သာများသည်လည်း ရန်ပွဲအတွက်စုဝေးသည့်နေရာ၊ မူးယစ်ဆေးဝါးသုံးစွဲသည့် နေရာအဖြစ်နာမည်ကြီးလွန်းသဖြင့် အချို့လူငယ်များသည် ၎င်းနေရာများသို့သွားမည့်အစား အောင့်၍သာနေကြသည်။
အပေါင်းသင်းကိုကြည့်ရွေးပါ။ လူငယ်တစ်ယောက် ရန်ပွဲတွင်ပါဝင်ကြခြင်းမှာ များသောအားဖြင့် အပေါင်းအသင်းမှား၍ဖြစ်သည်။ (သု. ၂၂:၂၄၊ ၂၅ ကိုကြည့်ပါ။) ကျောင်းနေဖက်များကို အရေးမစိုက်ပဲနေလျှင်လည်း စိမ်းကား ခံရမည်။ သင့်ကို ရန်လိုမည်။ ခင်မင်ဖော်ရွေ၍ ယဉ်ကျေးလျှင်မူ သင့်အားအနှောင့်အယှက်ပြုမည်မဟုတ်တော့။
ရန်ပွဲကိုရှောင်။ “အချင်းချင်းစိန်မခေါ်နှင့်။” (ဂလာတိ ၅:၂၆၊ ကဘ၊ အောက်ခြေမှတ်ချက်) သင်အောင်ပွဲခံလျှင်တောင်၊ သင့်ပြိုင်ဘက်သည်နောက်တစ်ပွဲနွှဲဖို့ အခွင့်အခါကိုချောင်းနေမည်သာ။ ထို့ကြောင့် အစကတည်းက ရန်မဖြစ်မိအောင် စကားအလိမ္မာသုံးပြီး ရှောင်ထွက်ပါ။ (သု. ၁၅:၁) အပြောနှင့်မပြီးလျှင် လျှောက်ထွက်—ပြေးထွက်ပါ။ ထိုးကြိတ်သတ်ပုတ်ခြင်းကို ရှောင်တိမ်းပါ။ “အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်” ကြောင်းသတိရပါ။ (ဒေသနာ ၉:၄) မရသည့်အဆုံး လိုအပ်သလို အကျိုးသင့်အကြောင်းသင့်သောနည်းဖြင့် သင့်ကိုယ်သင်ကာကွယ်ပါ။—ရောမ ၁၂:၁၈။
သင့်မိဘများအားပြောပြပါ။ အများအားဖြင့် လူငယ်များသည် “သူရဲဘောနည်းသည်ဟု မိဘများ၏အထင်ကိုခံရမည့်ပြင်၊ အနိုင်ကျင့်သူများကို ငုံ့ခံရကောင်းလားဆိုပြီး ဆူမည်ကိုစိုး၍ ကျောင်း၌တွေ့ကြုံရသော အကြမ်းဖက်မှုများကိုမိဘများအားမပြောဘဲ နေတတ်ကြသည်။” (ကလေးများ၏ အထီးကျန်မှု) သို့သော်၊ မိဘများဝင်ရောက်ဖြေရှင်းမှသာ ဒုက္ခအေးငြိမ်းသွားလေ့ရှိသည်။
ဘုရားသခင်ထံဆုတောင်းပါ။ အထိုးအကြိတ်ခံရခြင်းမှ ကာကွယ်တော်မူမည်ဟူ၍ကား ကိုယ်တော်အာမမခံပါ။ သို့သော် ရန်လိုသူများနှင့်ရင်ဆိုင်နိုင်ရန် သတ္တိကိုလည်းကောင်း၊ အခြေအနေအေးငြိမ်းသွားရန် ဖန်တီးတတ်သောပညာကိုလည်းကောင်း ပေးစွမ်းနိုင်သည်။—ယာကုပ်၁:၅။
[စာမျက်နှာ ၁၅၁ ပါရုပ်ပုံ]
လူငယ်အတော်များများရွယ်တူတို့၏ နှောင့်ယှက်မှုအမဲကောင်ဖြစ်ကြရှာသည်
[စာမျက်နှာ ၁၅၄ ပါရုပ်ပုံ]
သရော်သူသည် သင်၏ခံပြင်းပုံကိုကြည့်ပြီး အူမြူးချင်၏။ ကိုယ်က စကားနာပြန်ထိုး၊ ငိုယိုလျှင် သူ့ကိုအားပေးရာသာကျမည်
[စာမျက်နှာ ၁၅၆ ပါရုပ်ပုံ]
အစခံရသောအခါ ဟာသလို သဘောထားလိုက်ပါ