အလုပ်ရအောင် (ပြီးတော့ မြဲအောင်!) ဘယ်လိုလုပ်ရမလဲ
အခန်း ၂၁
အလုပ်ရအောင် (ပြီးတော့ မြဲအောင်!) ဘယ်လိုလုပ်ရမလဲ
အထက်တန်း ပညာရပ်ဆိုင်ရာ မဂ္ဂဇင်း၌ရေးသားဖော်ပြသော လေ့လာချက်တစ်ရပ်က အမေရိကန်အထက်တန်းကျောင်းသားများအား အဘယ်ဘဝပန်းတိုင်များကို “အရေးအကြီးဆုံး” အဖြစ် သတ်မှတ်သနည်းဟု မေးခဲ့သည်။ ရှစ်ဆယ့်လေးရာခိုင်နှုန်းက “တည်မြဲသောအလုပ်အကိုင်ရရေး” ဟု ဖြေဆိုကြသည်။
သင်သည် ကျောင်းပြီးသည့်နောက် အလုပ်လုပ်ပြီး မိမိနှင့်မိမိ၏မိသားစုအသုံးစရိတ်အတွက် တစ်ဖက်တစ်လမ်းဝင်ငွေရှာလိုပေမည်။ သို့မဟုတ်၊ အချိန်ပိုင်းအလုပ်ကိုရှာပြီး အချိန်ပြည့်ဧဝံဂေလိကြေညာသူ လုပ်လိုပေမည်။ (အခန်း ၂၂ ရှု။) မည်သို့ဖြစ်စေ၊ သင်သည်လူငယ်ဖြစ်လျှင်၊ ကမ္ဘာတဝန်း ငွေကြေးဖောင်းပွမှုကြောင့်လည်းကောင်း၊ မကျွမ်းကျင်သောအလုပ်သမားများအား အလုပ်အခန့်နည်းသောကြောင့်လည်းကောင်း အလုပ်ရဖို့မလွယ်ကူတော့။ သို့ဖြစ်လျှင် အလုပ်ဈေးကွက်ထဲသို့ ပြေပြစ်ချောမောစွာ မည်သို့ဝင်ရောက်နိုင်မည်နည်း။
ကျောင်း—အလုပ်သင်ရာဌာန
အလုပ်သမားရှာဖွေစုဆောင်းခြင်း၌ အတွေ့အကြုံရင့်ကျက်ပြီဖြစ်သော ကလစ်လန်ဂျုံးဆိုသူက အောက်ပါအတိုင်းအကြံပြုလိုက်သည်– “အထက်တန်းကျောင်းပညာ ကောင်းကောင်းဆည်းပူးထား။ အရေး၊ အဖတ်၊ အပြော ကောင်းစွာတတ်မြောက်အောင် သင်ကြားထားဖို့အရေးကြီးကြောင်း အထူးအလေးအနက် ပြောရန်မလိုပါ။ ယဉ်ကျေးသိမ်မွေ့မှု ရှိဖို့လည်းလိုသည်။ သို့မှသာ အလုပ်လောကတွင်ထိတွေ့သော လူသူများနှင့် ဆက်ဆံတတ်မည်။”
ဘတ်စ်ကားယာဉ်မောင်းသည် ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန် အချိန်ဇယားကိုဖတ်နိုင်ရမည်။ စက်ရုံအလုပ်သမားများအနေနှင့် အလုပ်ပြီးစီးကြောင်းအစီရင်ခံချက်စသည့်မှတ်တမ်းများ ရေးဖြည့်တတ်ရမည်။ အရောင်းစာရေးဖြစ်လျှင် ဂဏန်းအတွက်အချက်တတ်ရမည်။ လုပ်ငန်းမှန်သမျှတွင် ဆက်သွယ်ပြောဆိုခြင်း အတတ်ပညာလိုအပ်သည်။ ၎င်းတို့သည် ကျောင်း၌ ပိုင်ပိုင်နိုင်နိုင်သင်ကြားနိုင်သော ပညာရပ်များဖြစ်၏။
ဇွဲအကျိုးပေးမှု
“သင်သည်ကျောင်းထွက်၍အလုပ်ရှာလျှင် ဘယ်တော့မျှ လက်မလျှော့နှင့်” ဟုဂျုံးက ဆိုသည်။ “အင်တာဗျူးနှစ်ခုသုံးခုဝင်ဖြေပြီးရုံနှင့် အိမ်ပြန်ထိုင်စောင့်မနေနှင့်။ ဤနည်းမျိုးဖြင့် ဘယ်တော့မျှအလုပ်မရနိုင်ပါ။” လူငယ်စဲလ်သည်ခုနစ်လတိုင် အလုပ်ရှာတော့မှ ခန့်စာရခဲ့သည်။ စဲလ်က “‘ငါ့အလုပ်ဟာ အလုပ်ရှာဖို့ပဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုသတိပေးပါတယ်။ တစ်ပတ်ငါးရက်၊ တစ်ရက်ရှစ်နာရီ၊ ခုနစ်လတိုင်တိုင် အလုပ်ရှာခဲ့တယ်။ မနက်စောစောစီးစီးအလုပ်ရှာတဲ့‘အလုပ်’ စပြီး ညနေပိုင်းလေးနာရီအထိရှာပါတယ်။ ညများမှာဆိုရင် ခြေထောက်တွေရောင်လို့ပဲ။ နောက်မနက်မှာ ‘ကျွန်တော့်ကိုကျွန်တော် စိတ်ဓာတ်မြှင့်တင်’ ပြီး အလုပ်အရှာထွက်ခိုင်းရပါတယ်။”
အဘယ်ကြောင့်စဲလ်သည် လက်မလျှော့ခဲ့သနည်း။ စဲလ် ဤသို့ဖြေကြား၏– “အလုပ်ခန့်ဌာနရောက်တိုင်း ‘ကြိုးစားအားထုတ်လော့’ ဆိုတဲ့ ယေရှုရဲ့စကားကို ကျွန်တော်ပြန်ပြီးသတိယူတယ်။ တစ်နေ့သောအခါ ငါအလုပ်ရမယ်၊ ခုရင်ဆိုင်နေရတဲ့အခြေအနေဆိုးကို ကျော်လွှားသွားလိမ့်မည်ဆိုပြီး စဉ်းစားပြီးနေပါတယ်။”—လုကာ ၁၃:၂၄။
ဘယ်ကိုသွားပြီးအလုပ်ရှာ
သင်သည် ဆင်ခြေဖုံးရပ်ကွက်များ၌ နေထိုင်ပါက စိုက်ပျိုးမွေးမြူရေးခြံ၊ သစ်သီးခြံများ၌ စ၍အလုပ်ရှာပါ။ သို့မဟုတ် မာလီအလုပ်ကိုရှာလုပ်နိုင်ပေသည်။ မြို့ကြီးပြကြီးများ၌ နေထိုင်လျှင် သတင်းစာကြော်ငြာများ၌ ရှာကြည့်ပါ။ ၎င်းကြော်ငြာများသည် မည်သည့်အလုပ်အတွက် မည်သို့သောအရည်အချင်း လိုအပ်ကြောင်း အရိပ်အမြွက်ပေးသည်ဖြစ်၍ မိမိ၌လိုအပ်သောအရည်အချင်းရှိကြောင်း အလုပ်ရှင်အား ရှင်းလင်းတင်ပြရာ၌ အထောက်အကူပြုပေသည်။ မိဘ၊ ဆရာ၊ အလုပ်ရှာဖွေရေးကိုယ်စားလှယ်အဖွဲ့များ၊ ဝန်ထမ်းရေးရာဌာနများ၊ မိတ်ဆွေများနှင့် အိမ်နီးချင်းများထံတွင်လည်း စုံစမ်းမေးမြန်းနိုင်သည်။
အလုပ်မြဲခြင်း
ဝမ်းနည်းစရာမှာ၊ စီးပွားရေးအကျပ်အတည်းကြောင့် အလုပ်လက်မဲ့ပြဿနာပေါ်လာသောအခါ အများအားဖြင့် လူငယ်များ ဦးဦးဖျားဖျား အလုပ်ဖြုတ်ခံကြရရှာသည်။ သို့သော် သင်ဤအဖြစ်မျိုးနှင့်ကြုံဖို့မလိုပါ။ မစ္စတာဂျုံးက ဤသို့ဆို၏– “အလုပ်မြဲသူများမှာ မခိုမကပ် အလုပ်လုပ်ရန်ဆန္ဒရှိသူ၊ အလုပ်ရှင်ခိုင်းသမျှ မညီးမညူလုပ်ဆောင်ရန် အသင့်ရှိသောသဘောထား ပိုက်ထားသူများပင်ဖြစ်ပေသည်။”
သင့်သဘောထားဆိုရာ၌၊အလုပ်၊ အလုပ်ရှင်၊ လုပ်ဖက်တို့နှင့်ပတ်သက်သည့်သင့်စိတ်နေသဘောထားကိုဆိုလိုသည်။သင့်သဘောထားသည်သင့်အလုပ်၏အရည်အသွေးတွင်ပေါ်လွင်နေသည်။ သင့်အလုပ်ရှင်သည် သင့်ကုန်ထုတ်စွမ်းအားကိုသာမက သင့်သဘောထားကိုပါ ထည့်သွင်းစဉ်းစားပြီးမှ သင့်ကိုအလုပ်ဖြုတ်မဖြုတ် ဆုံးဖြတ်မည်ဖြစ်သည်။
ဂျုံး ဤသို့ဆက်၍ဆိုပါသည်– “သင်သည်အထက်အမိန့်ကို တစ်သဝေမတိမ်း နာခံနိုင်သည်သာမက တစ်ချိန်လုံး ကွပ်ကဲနေရန်မလိုဘဲနှင့်ပင် တောင်းဆိုသည်ထက် ပို၍အလုပ်လုပ်နိုင်စွမ်းရှိကြောင်းကို သင့်အလုပ်ရှင်အား သိမြင်စေပါ။ အကြောင်းရင်းမှာ ကျပ်တည်းသောအလုပ်သမားဈေးကွက်၌ အလုပ်မြဲသော အလုပ်သမားများမှာ လုပ်သက်အရင့်ဆုံး ဖြစ်ချင်မှဖြစ်မည်။ ကုန်ထုတ်စွမ်းအား ကောင်းသူများသာဖြစ်သည်။”
ဤစကားမှန်ကန်ကြောင်း စဲလ် တွေ့ရှိရသည်။ သူဤသို့ဆို၏– “ကျွန်တော်ဟာ ကျွန်တော့်အလုပ်ရှင် စိတ်ကြိုက်ဖြစ်အောင် အမြဲပဲလိုက်လျောပါတယ်။ လိုအပ်တဲ့အခါများမှာ ကျွန်တော့်အချိန်ဇယားကို ပြုပြင်ဖို့အသင့်ရှိပါတယ်။ အထက်အမိန့်ကိုနာခံပြီး ရိုသေလေးစားမှုရှိပါတယ်။” သူ့စကားက “သင်တို့ကိုပိုင်သော သခင်များ၏စကားကို အစဉ်နားထောင်ကြလော့။ ... မျက်နှာရရန် သူတို့၏ရှေ့မှောက်၌သာလျှင် သူတို့၏စကားကို နားထောင်သည်မဟုတ်၊ သခင်ဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် သူတို့၏စကားကို နားထောင်ကြလော့” ဟူသောသမ္မာကျမ်းစာ၏သြဝါဒကို သတိရစေ၏။—ကောလောသဲ ၃:၂၂၊ သက။
ကြောက်စိတ်ကိုဖြေဖျောက်ခြင်း
သင်သည်အလုပ်ခွင်တွင် လူသစ်ဖြစ်လျှင် ရက်ဦးပိုင်းတွင် ကြောက်စိတ်ရှိမည်မှာမဆန်းပါ။ ‘သူတို့ ငါ့ကိုကြိုက်မှကြိုက်ပါလေစ၊ ဒီအလုပ်ကို ငါနိုင်မှနိုင်ပါ့မလား၊ ငါ့အလုပ်ကို ကျေနပ်ကြမလား၊ သူတို့ရှေ့ ငါလူအတစ်ယောက်မဖြစ်ပါစေနဲ့လို့ဘဲ မျှော်လင့်တယ်’ ဆိုပြီး တောင်တွေးမြောက်တွေး တွေးမိပေမည်။ ဤနေရာ၌ သင်သတိထားဖို့လိုသည်။ သို့မဟုတ်ပါက သင့်ကြောက်စိတ်က သင့်အကောင်းမြင်သဘောကို တစ်တိတိ ကိုက်ဖျက်လိမ့်မည်။
သင်သည် သင့်ကုမ္ပဏီအကြောင်း သိသထက်သိအောင် လေ့လာခြင်းအားဖြင့် မြန်မြန်ဆန်ဆန်အံဝင်ဂွင်ကျပြီး ကြောက်စိတ်ပြယ်စေနိုင်သည်။ ကြည့်ပါ။ နားထောင်ပါ။ ဖတ်ရှုပါ။ လျော်ကန်သောအချိန်၌ ကိုယ့်လုပ်ငန်းပိုင်း၊ ကိုယ့်လုပ်ဆောင်ပုံတို့နှင့်ပတ်သက်ပြီး ကြီးကြပ်သူအား မေးမြန်းပါ—လူရှေ့သူရှေ့အူကြောင်ကြောင်ဖြစ်မည်မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုလည်းမေးကြည့်ပါ။ ‘ငါ့အလုပ်ဟာ ငါ့ဌာနပိုင်းမှာ ဘယ်လိုဂွင်ကျသလဲ၊ ကုမ္ပဏီရဲ့ရည်မှန်းချက်ထဲမှာ ဘယ်လိုအံဝင်သလဲ။’ ရရှိသောအဖြေများသည် သင့်အားအလုပ်ဆိုင်ရာအကျင့်ကောင်းများ မွေးမြူစေသည်သာမက အလုပ်၌ကျေနပ်မှုကို ခံစားစေနိုင်လိမ့်မည်။
လုပ်ဖော်လုပ်ဖက်များနှင့် သင့်သင့်မြတ်မြတ်ရှိခြင်း
ရောမ ၁၂:၁၈) သို့ပြုလျှင် မလိုအပ်သော ကတောက်ကဆတ်ဖြစ်ခြင်း၊ အလုပ်ခွင်တွင် ပဋိပက္ခဖြစ်ခြင်းရှိတော့မည်မဟုတ်။
လုပ်ငန်းမှန်သမျှ လူမှုဆက်ဆံရေးနှင့်မကင်းချေ။ အခြားသူများနှင့် ကောင်းသောဆက်ဆံရေးရှိမှသာ အလုပ်မြဲနိုင်သည်။ “တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေကြလော့။” (တစ်ခါတစ်ရံ သင့်လုပ်ဖော်လုပ်ဖက်များ၏ နောက်ခံနှင့်ဥပဓိရုပ်သည် သင်နှင့်အခြားနားကြီး ခြားနားလျက်ရှိချင်ရှိမည်။
သို့သော် မိမိနှင့်မတူသည့်လူကို နိမ့်ကျသည်ဟုမထင်လိုက်ပါနှင့်။ သူ၌ အများနှင့်မတူ တစ်မူထူးခြားနိုင်သောအခွင့်အရေးရှိသည်ဖြစ်ရာ ၎င်းကိုလေးစားပါ။ မခန့်မငြားဆက်ဆံခြင်းကို မည်သူမျှမလိုလားပါ။ တစ်ပြားမတန် ဆက်ဆံခံရသလိုခံစားရပါသည်။ လူမှန်သမျှ အခြားသူများ၏တလိုတလားဆက်ဆံခြင်း—လူလိုသူလိုဆက်ဆံခြင်းကို ခံလိုသည်ချည်းပင်။ သင့်လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်ရှင်အား လေးစားစွာဆက်ဆံခြင်းဖြင့် သူတို့၏တန်ပြန်လေးစားမှုကို ရယူပါ။အတင်းအဖျင်းကိုရှောင်
စဲလ် ဤသို့ဆို၏– “အတင်းအဖျင်းပြောခြင်းသည် ဆိုးသောကျော့ကွင်းဖြစ်သည်။ အလုပ်ရှင်နှင့်အခြားသူများ မိမိပေါ်အထင်အမြင်သေးစေသည်။” တစ်ဆင့်စကားတစ်ဆင့်ကြားခြင်း (အင်္ဂလိပ်ဘာသာအရ၊ စပျစ်ပင်သည် အကောင်းဆုံးသတင်းဌာနမဟုတ်။ သင့်လက်သို့ စပျစ်ချဉ် နာကြည်းရွံမုန်းစရာများ) ရောက်လာဖို့ပင် အကြောင်းဖန်တီးနိုင်သည်။ ၎င်းစပျစ်ပင်ပေါ်မှ အသီးများသည် များသောအားဖြင့် တစ်ဆိတ်ကိုတစ်အိတ် လုပ်ထားသော စကားများဖြစ်ပြီး သူတစ်ပါးအသရေ—ကိုယ့်အသရေ ပျက်ယွင်းစေသည်။ ထို့ကြောင့် အတင်းအဖျင်းပြောချင်သောအာသာကို ငြိမ်းသတ်လိုက်ပါ။
တစ်ချိန်လုံးအပြစ်ပြောနေသူကို မည်သူမျှမနှစ်သက်ဆိုသည်ကိုလည်း မမေ့ပါနှင့်။ လုပ်ငန်းခွင်၌ တစ်စုံတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် စပျစ်ပင်မှတစ်ဆင့် အသံမလွှင့်ပါနှင့်။ အုပ်ချုပ်မှူးထံတင်ပြပါ။ သို့ရာတွင် သူ့ရုံးခန်းထဲသို့ဒေါသတကြီးနှင့်မဝင်ပါနှင့်။ နောက်ပိုင်း၌ စိတ်လိုက်မာန်ပါ ပြောမိသောစကားများအတွက် သံဝေဂရပါလိမ့်မည်။ ပုဂ္ဂိုလ်ရေးထိခိုက်အောင်လည်း မပြောပါနှင့်။ ဖြစ်ရပ်မှန်အတိုင်းသာပြောဆိုပါ။ ပြဿနာကိုရှင်းလင်းတင်ပြစဉ် အတတ်နိုင်ဆုံး ရှင်းလင်း၍ ရိုးသားမှုရှိပါစေ။ ‘ဆရာ့ဆီအကူအညီတောင်းပါရစေ၊’ ‘ကျွန်တော်မှားချင်လဲမှားမယ်၊ ဒါပေမဲ့၊ ကျွန်တော်ဟာ ... နဲ့ပတ်သက်ပြီး ဒီလိုခံစားရပါတယ်’ စသောစကားဖြင့် အစချီနိုင်ပါသည်။
အချိန်တိကျမှုသည်အရေးကြီး၏
အလုပ်မမြဲခြင်း၏အဓိကအကြောင်းရင်းနှစ်ခုမှာ အလုပ်နောက်ကျ၍လာခြင်းနှင့် အလုပ်ရက်ပျက်ကွက်ခြင်းပင်ဖြစ်သည်။ စက်မှုလက်မှုထွန်းကားသော မြို့ကြီးတစ်မြို့အတွက်လုပ်ဆောင်သော လုပ်ငန်းနှင့်သင်တန်းဒါရိုက်တာတစ်ဦးက လူငယ်အလုပ်သမားများနှင့်ပတ်သက်ပြီး ဤသို့ဆိုသည်– “သူတို့ဟာ မနက်အိပ်ရာထတဲ့အကျင့်၊ အမိန့်နာခံတတ်တဲ့အကျင့် ရအောင်သင်ယူဖို့လိုပါတယ်။ ဒါတွေကိုမှတတ်အောင်မသင်နိုင်ရင် အလုပ်လက်မဲ့ရောဂါနာတာရှည်ဘဝနဲ့ပဲ စခန်းသွားကြရမှာပဲ။”
စဲလ်သည် အချိန်အတိအကျလုပ်ကိုင်ခြင်းသင်ခန်းစာကို ခဲရာခက်ဆစ် သင်ယူခဲ့သည်။ “ကျွန်တော်ဟာ အလုပ်နောက်ကျလာတဲ့အကျင့်ကြောင့် သုံးလနဲ့ပဲ ပထမအလုပ်ပြုတ်ခဲ့ရတယ်။ အဲသလိုအလုပ်ပြုတ်ခဲ့တော့ တခြားအလုပ်ရှာဖို့ပိုခက်သွားတာပေါ့။” စဲလ်ခမျာသက်ပြင်းချ၍ ထိုသို့ပြောခဲ့ရှာသည်။
ရိုးသားမှု၏တန်ဖိုး
အလုပ်သမားရှာဖွေစုဆောင်းသူဂျုံးက “ရိုးသားမှုသည်လူကိုအလုပ်မြဲရန် အကူအညီပေးပေသည်” ဟုဆို၏။ ရိုးသားသည်ဆိုရာမှာ ပစ္စည်းမခိုးရုံတမယ်သာမဟုတ်၊ အလုပ်ခွင်အတွင်း လွန်လွန်မင်းမင်းရပ်နားကာ အချိန်ကိုခိုးသည့်အလုပ်မျိုးကို မလုပ်ရန်လည်းဖြစ်သည်။ ရိုးသားသောအလုပ်သမားကို လူတို့တန်ဖိုးထား၏။ အားထားယုံကြည်၏။ ဥပမာ၊ သီးသန့်အဝတ်အထည်စတိုးတစ်ခု၌လုပ်ကိုင်သော ယေဟောဝါသက်သေခံလူငယ်တစ်ဦးသည် ရိုးသားသူဟူသော နာမည်ကောင်းရထားပေသည်။
သူဤသို့နောက်ကြောင်းပြန်၏– “တစ်နေ့၊ မန်နေဂျာဟာ ကုန်လှောင်ခန်းထဲက အဝတ်တစ်ထည်ထဲမှာ ပစ္စည်းတစ်ခုဖွက်ထားတာကို တွေ့လိုက်ရတယ်။ စတိုးအလုပ်သမားတစ်ယောက် ပစ္စည်းခိုးနေတာပဲ။ အလုပ်ဆင်းချိန်မှာ ကျွန်တော် မန်နေဂျာရုံးခန်းကိုသွားတော့ မမျှော်လင့်ဘဲ အလုပ်သမားအားလုံးကိုတွေ့လိုက်ရတယ်။ သူတို့အားလုံးကို စစ်ဆေးဖို့ခေါ်ထားတာဖြစ်တယ်။ ကျွန်တော်တစ်ယောက်ထဲ အစစ်အဆေးမခံခဲ့ရဘူး။”
ခရစ်ယာန်လူငယ်တော်တော်များများ အလားတူတွေ့ကြုံမှုမျိုးရှိခဲ့ကြပြီး အများတကာ တန်ဖိုးထားသော အလုပ်သမားများ ဖြစ်ခဲ့ကြပေသည်။ ထို့ကြောင့်၊ အလုပ်ကိုကြိုးစား၍ရှာပါ။ ဇွဲမပျက်နှင့်။ လက်မလျှော့နှင့်။ အပင်ပန်းခံရှာ၍ အလုပ်ကိုရသောအခါ အားကြိုးမာန်တက်အလုပ်လုပ်ပြီးမြဲမြဲကိုင်စွဲပါလေ။
ဆွေးနွေးရန်မေးခွန်းများ
◻ကျောင်းအလုပ်သည် လုပ်ငန်းရှာဖွေရာ၌ မည်သို့အကျိုးသက်ရောက်စေနိုင်သနည်း။
◻အလုပ်အကိုင်ရှာဖွေရာ၌ အဘယ်ကြောင့်ဇွဲရှိဖို့ အရေးကြီးသနည်း။
◻အဘယ်နေရာများ၌ အလုပ်ရှာဖွေနိုင်ပြီး အဘယ်သူများနှင့်တိုင်ပင်နိုင်သနည်း။
◻အလုပ်အင်တာဗျူးဝင်ခြင်းနှင့်ပတ်သက်၍ အဘယ်အကြံဉာဏ်များရှိသနည်း။
◻အလုပ်အဖြုတ်မခံရအောင် သင့်ကိုသင် မည်သို့ကာကွယ်နိုင်သနည်း။
[စာမျက်နှာ ၁၆၆ ပါအကျဉ်းဖော်ပြချက်]
“အရေး၊ အဖတ်၊ အပြော ကောင်းစွာတတ်မြောက်အောင် သင်ကြားထားဖို့ အရေးကြီးကြောင်း အထူးအလေးအနက် ပြောရန်မလိုပါ”
[စာမျက်နှာ ၁၇၀ ပါအကျဉ်းဖော်ပြချက်]
“‘ငါ့အလုပ်ဟာ အလုပ်ရှာဖို့ပဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုသတိပေးပါတယ်”
[စာမျက်နှာ ၁၆၈ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
အလုပ်အင်တာဗျူးဖြေခြင်း
“အဦးဆုံးသောထင်မြင်ပုံသည် အဓွန့်ရှည်သောထင်မြင်ပုံဖြစ်ကြောင်း အလုပ်အင်တာဗျူး မဝင်မီကတည်းက သတိရပါ၊” အလုပ်ဆိုင်ရာအကြံပေး ကလစ်လန်ဂျုံးက ထိုသို့အကြံပေး၏။ အင်တာဗျူးသို့ ဂျင်းနှင့် ကင်ဗတ်ရွက်ဖျင်ဖိနပ် ဝတ်ဆင်၍မသွားမိရန် သူသတိပေး၏။ သပ်ရပ်သန့်ရှင်းမှုကိုလည်း သူအထူးပြု၏။ အလုပ်ရှင်များက လူတစ်ယောက်သည် ဝတ်စားသည့်ပုံစံအတိုင်း အလုပ်လုပ်လိမ့်မည်ဟု ယူမှတ်ကြသည်။
ရုံးအလုပ်လျှောက်သောအခါ ရုံးသားနှင့်တူအောင် ဝတ်ဆင်သွားပါ။ စက်ရုံလုပ်ငန်းလျှောက်ထားလျှင် သန့်ရှင်း၍ မီးပူတိုက်ထားသောရှပ်ကိုဝတ်ပါ။ ဖိနပ်လည်းသပ်သပ်ရပ်ရပ်ရှိပါစေ။ အမျိုးသမီးဖြစ်လျှင် ဣန္ဒြေရရ ဝတ်ဆင်ပါ။ အလှဆီများကို တော်သင့်သလောက်သာ သုံးစွဲပါ။ ရုံးလုပ်ငန်းအတွက်လျှောက်လျှင် ခေတ်မဆန်လွန်းဘဲ ရုံးအလုပ်နှင့်လိုက်ဖက်စွာဆင်ယင်ပါ။
တစ်ယောက်တည်းသွားရန်ဂျုံးကသတိပေးပါသည်။ မိခင်နှင့်သူငယ်ချင်းများကိုပါ ခေါ်သွားပါက အလုပ်ရှင်က သင့်အားလူလားမမြောက်သေးဟု ယူမှတ်လိမ့်မည်။
‘အလုပ်ရှင်က မင်းမှာအလုပ်ပိုင်းဆိုင်ရာတွေ့ကြုံမှုရှိရဲ့လား ဆိုပြီးမေးရင် ဘယ်လိုဖြေရပါလိမ့်’ ဟူ၍ သင်တွေးတောမိမည်။ မဖြီးဖြန်းပါနှင့်။ ချဲ့၍ပြောလျှင် အလုပ်ရှင်လည်း ထိုးထွင်းမြင်နိုင်ပါသည်။ ရိုးသားပါ။
ပထမအလုပ်အကိုင် “အစစ်” ကိုရှာနေသည်ပဲထား၊ သင်၌ယခင်ကလုပ်ငန်းတွေ့ကြုံမှု ရှိနှင့်ပြီဖြစ်ကြောင်း သင်သိချင်မှသိမည်။ နွေရာသီအလုပ်လုပ်ခဲ့ဘူးသလော။ ကလေးထိန်းဘူးသလော။ အိမ်အလုပ်တစ်ခုခုကို အမြဲတာဝန်ယူ၍လုပ်ခဲ့ဘူးသလော။ ဝတ်ပြုရာဌာန၌ တာဝန်တစ်ခုခုကိုထမ်းရွက်ခဲ့ဖူးသလော။ လူရှေ့သူရှေ့ဟောပြောခြင်း သင်တန်းတက်ခဲ့ဘူးသလော။ ယင်းအချက်အလက်များကို အင်တာဗျူးတွင် ဖြေဆို၍ဖြစ်စေ၊ ကောက်နုတ်ချက်၌ထုတ်သွင်းဖော်ပြ၍ဖြစ်စေ၊ သင်သည် တာဝန်ထမ်းဆောင်နိုင်သူတစ်ဦးဖြစ်ကြောင်း သက်သေထူနိုင်ပါသည်။
အလုပ်ရှင်သိလိုသောအခြားအချက်တစ်ချက်မှာ သင့်အနေနှင့် ကုမ္ပဏီနှင့် လျှောက်ထားသောအလုပ်ပေါ် မည်မျှတိုင်စိတ်ဝင်စားသည် ဟူသည့်အချက်ပင်ဖြစ်သည်။ မိမိသည် ၎င်းအလုပ်ကိုလုပ်လိုကြောင်း၊ လုပ်နိုင်ကြောင်း သူတို့ယုံအောင်ပြုဖို့လိုသည်။ “ဒီအလုပ် ငါ့အတွက်ဘာအကျိုးရှိလို့လဲ” ဟူသောသဘောမျိုးကိုပြလျှင် သင့်အားမေးမြန်းသောသူသည် သင့်အပေါ်စိတ်ဝင်စားတော့မည်မဟုတ်။
အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းအလုပ်ရရန် လျှောက်ထားခြင်းသည်ခက်ခဲသော်လည်း အောင်မြင်နိုင်ပါသည်။ ထို့ပြင်၊ ၎င်းအလုပ်ကိုသုံးပြီး အခြားသူများအားကူညီနိုင်လျှင် ကျေနပ်ရောင့်ရဲမှုကို လစာအပြင် အခွင့်အရေးများအဖြစ်ပင် ရယူခံစားနိုင်ပေမည်။
အလုပ်အင်တာဗျူးဖြေသောအခါ မည်သို့ပြုရန်
လူကြီးလိုနေပါ။ အလုပ်သဘောဖြင့်ကိုင်တွယ်ပါ။ အလုပ်ရှင်ကိုလေးစားစွာ နှုတ်ခွန်းဆက်ပါ။ သူ့အား “မစ္စတာ (ဦး)” မည်သူမည်ဝါဟုခေါ်ပါ။ “ဂျက်၊” “ဘတ်ဒီ၊” သို့မဟုတ်၊ “ပဲလ်” ဆိုပြီး ရင်းနှီးသည့်သဘောဖြင့် သူ့နာမည်ကို မခေါ်ပါနှင့်။
ထိုင်ခုံတွင် မတ်မတ်ထိုင်ပါ။ ခြေစုံ ကြမ်းပြင်ပေါ်ရှိပါစေ။ ဖျတ်လတ်သောအကြည့်ရှိပါ။ ကြို၍စီစဉ်ထားလျှင် တည်ငြိမ်၍ သက်သောင့်သက်သာရှိမည်။
စဉ်းစားပြီးမှမေးခွန်းကိုဖြေပါ။ ယဉ်ကျေး၊ တိကျမှန်ကန်၊ ရိုးသား၍ ပွင့်လင်းမှုရှိပါစေ။ အပြည့်အစုံဖြေကြားပါ။ ကြွားလုံးမထုတ်နှင့်။
မှတ်ချက်စာရွက်တစ်ရွက်တွင် လုပ်ခဲ့သည့်အလုပ်၊ နေ့စွဲ၊ လစာ၊ လုပ်ကိုင်သည့်အလုပ်အမျိုးအစားနှင့် အလုပ်ထွက်ခဲ့ရခြင်းအကြောင်းရင်းတို့ကို ရေးမှတ်သွားပါ။
မိမိတက်ခဲ့သည့်သင်တန်းနှင့် အလုပ်အတွေ့အကြုံတို့က မိမိလျှောက်ထားသောအလုပ်အတွက် မည်သို့အထောက်အကူပြုမည်ကို ရှင်းလင်းတင်ပြရန်အသင့်ရှိပါ။
ထောက်ခံသူများအဖြစ်၊ သင့်အကြောင်း၊ သင့်အလုပ်အကြောင်းသိရှိ၍ အားထားလောက်သော ပုဂ္ဂိုလ်သုံးဦး၏အမည် (နှင့်လိပ်စာအပြည့်အစုံ) ကိုပေးပါ။
ကိုယ့်ကိုယ်ကိုစိတ်ချမှုရှိပါ။ တက်ကြွမှုရှိပါ။ သို့သော် မဖြီးဖြန်းနှင့်။ သဒ္ဒါကျကျ စကားပီပီ ပြောဆိုပါ။ စကားအပြောမများနှင့်။
အာရုံစူးစိုက်နားထောင်ပါ။ ယဉ်ကျေး၍လိမ္မာပါးနပ်ပါ။ အရေးအကြီးဆုံးကား သင့်အလုပ်ရှင်လောင်းနှင့် အငြင်းအခုံမဖြစ်နှင့်။
အလုပ်ရှင်သည် ယခုအလုပ်တွင် သင် မည်မျှသင့်တော်မည်ဆိုသည့်အချက်ကိုသာ စိတ်ဝင်စားသည်။ သင့်ကိုယ်ရေးကိုယ်တာပြဿနာ၊ အိမ်နှင့်ငွေရေးကြေးရေးပြဿနာအကြောင်း မပြောပါနှင့်။
အလုပ်ရမည့်အလားအလာမရှိလျှင်၊ နောက်နောင်တွင် ကုမ္ပဏီ၌ပေါ်ပေါက်ဖို့အကြောင်းရှိသော အလုပ်နှင့်ပတ်သက်၍ အကြံဉာဏ်တောင်းပါ။
အင်တာဗျူးပြီးလျှင်ပြီးချင်း အလုပ်ရှင်ထံ ကျေးဇူးတင်စာတိုတိုရေးပို့ပါ။ *
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 64 ပင်ရင်းနယူးယောက်ပြည်နယ် အလုပ်အကိုင်ချထားရေးရုံး ဘရိုရှာ အလုပ်ရှင်ထံ “သင့်ကိုယ်ကိုရောင်းချ” နည်း
[စာမျက်နှာ ၁၆၇ ပါရုပ်ပုံ]
ကျောင်း၌သင်ကြားခဲ့သည့် အတတ်ပညာများသည် တစ်နေ့သောအခါ သင့်လုပ်ငန်းအတွက်အဖိုးတန်ပစ္စည်းဖြစ်လာနိုင်သည်