တစ်ဖက်သတ်အချစ်ကို ဘယ်လိုဖြေဖျောက်ရမလဲ
အခန်း ၂၈
တစ်ဖက်သတ်အချစ်ကို ဘယ်လိုဖြေဖျောက်ရမလဲ
လူငယ်ရေးရာမဂ္ဂဇင်းတစ်စောင်က “တစ်ဖက်သတ်အချစ်သည် ဆယ်ကျော်သက်များအဖို့ အအေးမိဖျားသည့်ပမာ နှံ့ပြားလှသည်” ဟုရေးသားခဲ့သည်။ လူငယ်တိုင်းလိုလို တွေ့ကြုံဖူး၍ ဂုဏ်မပျက်၊ အပြုံးမပျက် ကပ်ကျော်ကာ လူကြီးပိုင်းသို့ကူးမြောက်နိုင်ခဲ့ကြပေသည်။ သို့ရာတွင်၊ တစ်ဖက်သတ်ချစ်စိတ်မွှန်နေသောအခါ မပြုံးနိုင်ကြရှာ။ လူငယ်တစ်ဦးက ဤသို့ဆို၏– “ကျွန်တော်စိတ်အပျက်ကြီးပျက်ခဲ့တယ်။ ဘာမှမလုပ်နိုင်ဘဲကိုး။ သူ့အသက်က ကျွန်တော့်ထက်ကြီးလွန်းမှန်းသိပါရက်နဲ့ ကျွန်တော် သူ့ကိုပဲကြိုက်ခဲ့မိတယ်။ အလူးအလဲကိုခံလိုက်ရတယ်ဗျာ။”
တစ်ဖက်သတ်အချစ်ကို သုတေသနပြုခြင်း
သီလပျက်သော၊ သို့မဟုတ်၊ အိမ်ထောင်သည်တစ်ဦးပေါ် တစ်ဖက်သတ်စွဲလမ်းခြင်းကဲ့သို့သော မလျောက်ပတ်သည့်စုံမက်မှုမျိုးသာမဟုတ်လျှင်—တစ်ယောက်သောသူအပေါ် ထိုသို့သောပြင်းပြသည့်ခံစားချက်ရှိသည်မှာ အပြစ်မဟုတ်။ (သု. ၅:၁၅-၁၈) သို့သော်၊ ငယ်ရွယ်သောအခါ “လူငယ်တို့၏တပ်မက်ခြင်း” သည် အတွေးနှင့် အပြုအမူများကို စိုးမိုးလေ့ရှိ၏။ (၂ တိမောသေ ၂:၂၂) လူငယ်သည် ပျိုမျစ်သည့်အရွယ်၌ ပေါက်ဖွားပွင့်အန်လာသော ပြင်းပြသည့်အာသာဆန္ဒများကို ထိန်းချုပ်ရာ၌ စိမ်းဆတ်ဆတ်ဖြစ်နေသေးသဖြင့် အချစ်စိတ်ကြွလျက်နေပြီး—ကိုယ့်အချစ်ကို ဒလဟောသွန်၍ ချစ်ရမည့်ချစ်ဖက်ကို ရှာမတွေ့ဘဲ ရှိတတ်ချေသည်။
ထို့ပြင်၊ “မိန်းကလေးများသည် ယောက်ျားကလေးများထက် စော၍လူမှုဆက်ဆံရေးတွင် တည်ငြိမ်မှုရှိပြီး ဣန္ဒြေရ၏။” ထို့ကြောင့်၊ မိန်းကလေးများက၊ “မိမိတို့၏အတန်းတူယောက်ျားကလေးများသည် ကျောင်းဆရာများ” သို့မဟုတ်၊ မိမိတို့ထက်အသက်ကြီး၍ လက်လှမ်းမမီနိုင်သောအမျိုးသားများနှင့်စာလျှင် “မရင့်ကျက်၊ ငြီးငွေ့စရာဖြစ်သည်ကို တွေ့ရတတ်သည်။” (ဆယ့်ခုနစ်နှစ်မဂ္ဂဇင်း) သို့နှင့်၊ မိန်းကလေးတစ်ဦးက မိမိအနှစ်သက်ဆုံးကျောင်းဆရာ၊ ခေတ်ပေါ်အဆိုကျော် သို့မဟုတ် မိမိထက်အသက်ကြီးသောအသိတစ်ဦးသည် မိမိ၏ “အသည်းစွဲ” အဖြစ် ထင်မှတ်တတ်သည်။ ယောက်ျားကလေးများလည်း အလားတူ အရူးအမူးစွဲလမ်းတတ်သည်။ တကယ်တော့ မမီတဲ့ပန်း တုံးခု၍လှမ်းခြင်းသည် စိတ်ကူးယဉ်သက်သက်သာ။
တစ်ဖက်သတ်အချစ်—အဘယ်ကြောင့်ဥပဒ်ရှိကြောင်း
တစ်ဖက်သတ်အချစ်သည် များသောအားဖြင့် အံ့ဩစရာကောင်းလောက်အောင် သက်တမ်းတိုလှ၏။ သို့ပါသော်လည်း လူငယ်တစ်ဦးကို ဥပဒ်များစွာဖြစ်စေနိုင်သည်။ ပြောရမည်ဆိုလျှင်၊ လူငယ်များ မြတ်နိုးတွယ်တာသည့်အရာတော်တော်များများမှာ အဖိုးတန်အရာများပင်မဟုတ်ချေ။ ပညာရှိတစ်ဦးက “လူမိုက် [မိုက်သောအရာ၊ ကဘ] တို့ကို မြင့်မြတ်ရာ၌တင်ထား [ကြပြီ]” ဟုဆို၏။ (ဒေသနာ ၁၀:၆) သို့နှင့် အဆိုကျော်တစ်ဦးသည် အသံကောင်း ရုပ်ဖြောင့်သည့်အတွက် သူ့ကိုဘုရားတစ်ဆူလို ကိုးကွယ်ကြသည်။ သို့သော် သူ၏သီလသည် ချီးမွမ်းဖွယ်ဖြစ်သလော။ သူသည် “သခင်ဘုရား၌” အပ်နှံထားသောခရစ်ယာန်တစ်ဦးမှန်သလော။—၁ ကောရိန္သု ၇:၃၉။
သမ္မာကျမ်းစာက “လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်” ဟုလည်းသတိပေး၏။ (ယာကုပ် ၄:၄) သင်သည် ဘုရားသခင်ရှုတ်ချပြစ်တင်တော်မူဖွယ်အကျင့်ရှိသည့်ပုဂ္ဂိုလ်တစ်ဦးကိုမှ စွဲလမ်းနေလျှင် ဘုရားသခင်နှင့်မိတ်ပျက်သွားဖို့ အန္တရာယ်မရှိပေလော။ “ရုပ်တု ... ကိုကြဉ်ရှောင်ကြလော့” ဟူ၍လည်း သမ္မာကျမ်းစာက သတိပေး၏။ (၁ ယောဟန် ၅:၂၁) လူငယ်တစ်ယောက်သည် မိမိအခန်းနံရံကို အဆိုကျော်တစ်ဦး၏ရုပ်ပုံများဖြင့် အပြည့်စီချယ်ထားလျှင် သင်မည်သို့ဆိုမည်နည်း။ “ရုပ်တုကိုးကွယ်” ရာမရောက်ပေလော။ ဘုရားသခင့်စိတ်တော်နှင့် မည်သို့တွေ့နိုင်မည်နည်း။
အချို့လူငယ်များသည် ဆင်ခြင်ဉာဏ်ကိုပင်ဘေးဖယ်ပြီး စိတ်ကူးယဉ်ကို အသားပေး၏။ မိန်းမငယ်တစ်ဦးက ဤသို့ဆို၏– “ကျွန်မနဲ့ပတ်သက်ပြီး ရှင်ဘယ်လိုခံစားချက်ရှိသလဲလို့ သူ့ကိုမေးတိုင်း—သူက ဘာခံစားချက်မှမရှိပါဘူးဆိုပြီးပဲ အမြဲတမ်းငြင်းဆိုတယ်။ ဒါပေမဲ့ သူ့အကြည့် သူ့အပြုအမူကိုထောက်ရုံနဲ့ ကျွန်မသိနိုင်ပါတယ်။” ၎င်းယောက်ျားပျိုက သူမအပေါ်အမှန်ပင်စိတ်မဝင်စားကြောင်း အသာအယာ ရှင်းလင်းတင်ပြခဲ့သော်လည်း မိန်းမပျိုကလက်မခံနိုင်ချေ။
နောက် မိန်းကလေးတစ်ဦးကလည်း မိမိသည်အဆိုကျော်တစ်ဦးပေါ် မည်သို့မည်ပုံ တစ်ဖက်သတ်စွဲလမ်းလျက်ရှိကြောင်း ရေးသားခဲ့သည်– ‘သူ့ကို ကျွန်မရဲ့ရည်းစားဖြစ်စေချင်တယ်။ ဖြစ်နိုင်ပါစေလို့လဲဆုတောင်းခဲ့တယ်! သူ့ဓာတ်ပုံအယ်လ်ဘန်ကို ဖက်ပြီးအိပ်တဲ့အကျင့်ရှိခဲ့တယ်။ သူနဲ့အနီးကပ်ဆုံးဖြစ်ဖို့ ဒီနည်းပဲရှိတယ်လေ။ သူ့ကိုမရရင် ကျွန်မကိုကျွန်မ သတ်ပစ်လိုက်မယ် ဆိုတဲ့အဖြစ်ကိုရောက်နေပါပြီ။’ ဤသို့သောမိုက်ရူးရဲစွဲလမ်းမှုသည် ဘုရားသခင့်စိတ်တော်နှင့် တွေ့နိုင်မည်လော။ ကိုယ်တော်က “ကျိုးကြောင်းညီညွတ်သောဉာဏ်” (ကဘ) ရှိပါဟုမိန့်တော်မူ၏။—ရောမ ၁၂:၃။
သမ္မာကျမ်းစာက နယပုံပြင် ၁၃:၁၂ ၌ ဤသို့ဆို၏– “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။” သို့ဖြစ်၍ မမီတဲ့ပန်း တုံးခု၍လှမ်းခြင်းသည် ဥပဒ်ဖြစ်စေနိုင်သော တစ်ဖက်သတ်အချစ်ဖြစ်၍ ဆရာဝန်များက ၎င်းကြောင့် “စိတ်ကျခြင်း၊ သောက၊ အထွေထွေစိတ်ဒုက္ခ ... အိပ်မပျော်ခြင်း သို့မဟုတ် ထိုင်းမှိုင်းလေးလံခြင်း၊ ရင်အောင့်ရင်နာခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်းဖြစ်ရသည်” ဟုဆိုကြသည်။ (၂ ဓမ္မရာဇဝင် ၁၃:၁၊ ၂ နှိုင်းယှဉ်။) တစ်ဖက်သတ်ချစ်ဝေဒနာရှင်မိန်းကလေးတစ်ဦးက “ကျွန်မမှာ စားလည်းမဝင်။ ... စာလည်းမကျက်နိုင်။ ... နေ့ခင်းကြောင်တောင် သူ့ကိုပဲတွေးပြီးနေမိတယ်။ ... စိတ်အရမ်းညစ်တာပဲ” ဟုဝန်ခံ၏။
မိမိဘဝအပေါ် စိတ်ကူးယဉ်၏စိုးမိုးခြင်းကိုခံလျှင် မည်မျှတိုင် အထိနာသည်ကို စဉ်းစားကြည့်ပါ။ ဒေါက်တာ လောရင့်ဘောင်မင်က အထိန်းအကွပ်မဲ့ တစ်ဖက်သတ်အချစ်၏ လက္ခဏာဦးမှာ “စာကျက်ခြင်းလုံ့လလျော့နည်းလာခြင်း” ပင်ဖြစ်သည်ဟုဆို၏။ အိမ်သူအိမ်သား မိတ်ဆွေများနှင့် ခွဲ၍တသီးတခြား နေလာသည်လည်းရှိသည်။
အရှက်လည်းရနိုင်သည်။ စာရေးသူ ဂေလ် ရွှပ်တ်စ်က “ဒါကိုကျွန်တော်ဝန်ခံရမှာရှက်တယ်။ ဒါပေမဲ့ ကျွန်တော် ဂျူဒီကို တစ်ဖက်သတ်စွဲလမ်းခဲ့တုန်းက လူပြက်လိုဖြစ်ခဲ့ရတယ်။” တစ်ဖက်သတ်စွဲလမ်းစိတ် ပြယ်ပျောက်သည့်နောက်မှာပင်၊ တစ်ချိန်က လူတစ်ယောက်ယောက်နောက် တစ်ကောက်ကောက်လိုက်ခဲ့သည့်အဖြစ်၊ လူရှေ့သူရှေ့အမြင်မတော်ခဲ့ပုံ၊ အရူးဖြစ်ခဲ့ရပုံများသည် မှတ်ဉာဏ်ထဲ ကြာမြင့်စွာစွဲ၍ ထင်ကျန်ရစ်တတ်သည်။အဖြစ်မှန်ကို ရင်ဆိုင်ခြင်း
လူ့သမိုင်းတွင် ပညာအရှိဆုံးပုဂ္ဂိုလ်ထဲမှ တစ်ဦးအပါအဝင်ဖြစ်သူ ရှောလမုန်ဘုရင်သည် မိမိအားချစ်တုံ့မပြန်သော မိန်းကလေးတစ်ယောက်ကို အရူးအမူးချစ်ခဲ့သည်။ သူက ထိုမိန်းကလေးအား “လကဲ့သို့တင့်တယ်လျက်၊ နေကဲ့သို့ကြည်လင်လျက်” ရှိသည်ဟူ၍ အလှပဆုံးကဗျာ သီကုံးစပ်ဆိုကာ အမွှမ်းတင်ခဲ့သော်လည်း သဲထဲရေသွန်ဖြစ်ခဲ့ရရှာသည်!—ရှောလမုန်သီချင်း ၆:၁၀၊ သမ္မ။
သို့သော်နောက်ဆုံး၌ရှောလမုန်သည် မိန်းကလေးပေါ်လက်လျှော့လိုက်လေသည်။ သင့်အနေနှင့်လည်း စိတ်ကိုမည်သို့ပြန်ထိန်းနိုင်သနည်း။ သမ္မာကျမ်းစာက “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏” ဟုဆို၏။ (သု. ၂၈:၂၆) အထူးသဖြင့် စိတ်ကူးယဉ်အချစ်၏ညွတ်ကွင်းထဲသို့ ကျရောက်သောအခါ၌ဖြစ်၏။ “ပညာသတိနှင့်ကျင့်သောသူမူကား ဘေးလွတ်တတ်၏။” ဆိုလိုသည်မှာ၊အမှန်ကိုအမှန်အတိုင်းမြင်တတ်ခြင်းဖြစ်သည်။
ဒေါတ်တာ ဟောင်းဝပ်ဒ် ဟဲလ်ပင် “နည်းမှန်လမ်းကျသောမျှော်လင့်ခြင်းကို အခြေအမြစ်မဲ့မျှော်လင့်ချက်မှ မည်သို့ခွဲခြားနိုင်သနည်း” ဟုမေး၏။ “ခေါင်းအေးအေးထားပြီး အဖြစ်မှန်ကို ဂရုတစိုက်သုံးသပ်ခြင်းဖြင့်ဖြစ်သည်။” စဉ်းစားကြည့်ပါ– ဤသူနှင့် အချစ်စခန်းဖွင့်နိုင်ဖို့ အခွင့်လမ်းမည်မျှရှိသနည်း။ အကျော်အမော်တစ်ယောက်ဖြစ်လျှင် တစ်သက်မှာတစ်ခါ တွေ့ချင်မှတွေ့မည်! ဆရာလိုလူတစ်ယောက်ကို ကြိုက်မိသည်ဆိုလျှင်လည်း အဖြစ်ခြင်းမခြားနားလှ။
၎င်းပြင်၊ ကိုယ့်အသဲစွဲက ကိုယ့်အပေါ်မှာ ခုထိစိတ်မှဝင်စားပါစ။ စိတ်မဝင်စားသေးလျှင် နောင်၌စိတ်ပြောင်းလာမည်ဟုထင်ဖို့ ခိုင်လုံသောအကြောင်းရင်းရှိသလော။ သို့တည်းမဟုတ်၊ မိမိသည်သူ့စကားနှင့်အပြုအမူကို အကျကောက်နေခြင်းသာလော။ နိုင်ငံအများ၌ ယောက်ျားက အစပြု၍ချစ်ရေးဆိုသည့်ဓလေ့ရှိ၏။ မိန်းကလေးက မိမိအပေါ်လုံးဝစိတ်မဝင်စားသောသူ တစ်ဦးနောက်စိုက်စိုက်လိုက်လျှင် အရှက်ကွဲတတ်ပါသည်။
ထို့ပြင်၊ တစ်ဖက်သားက တကယ်ပင်မေတ္တာတုံ့ပြန်လာလျှင် သင်ဘာပြုမည်နည်း။ အိမ်ထောင်ပြုခြင်းတည်းဟူသောဝတ္တရားကို ထမ်းရွက်ရန်အသင့်ရှိပြီလော။ မရှိလျှင်၊ “စိတ်နှလုံးမှ ပူဆွေးခြင်း... ကို... ပယ်ရှား” ကာစိတ်ကူးယဉ်ကမ္ဘာထဲမှထွက်လာပါလေ။ “ချစ်ရသောအချိန်” ရှိသဖြင့်၊ ယင်းသည်ယခုထက် အသက်အရွယ်ပို၍ကြီးသောအခါ၊ နှစ်အတန်ကြာသည့်နောက်မှ ဖြစ်ကောင်းဖြစ်မည်။—ဒေသနာ၃:၈။ ၁၁:၁၀၊ သမ။
ကိုယ့်ခံစားချက်ကိုဆန်းစစ်ပါ
ဒေါင်တာ ချားလ်ဇက်စ်ထရိုက ဤသို့ဆို၏– “မိမိတစ်ဖက်သတ်စွဲလမ်းသောသူကို မိမိက ‘ခြောက်ပြစ်ကင်းစင်းလုံးချောချစ်သူ’ အဖြစ်မှတ်ယူသောအခါဖြစ်စေ၊ တစ်ဖက်သားမှာ ခင်ပွန်း၌ရှိအပ်သော ကြန်အင်လက္ခဏာအလုံးစုံနှင့် ပြည့်ဝသည်ဟုထင်မှတ်သောအခါဖြစ်စေ အချစ်စိတ်မွှန်ခြင်းဖြစ်ပေါ်လာသည်။” သို့သော်၊ ကမ္ဘာပေါ်၌ “ခြောက်ပြစ်ကင်းစင်းလုံးချောချစ်သူ” ဟူ၍မရှိပါ။ သမ္မာကျမ်းစာက “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟုဆိုပါသည်။—ရောမ ၃:၂၃။
ထို့ကြောင့်ကိုယ်ကိုမေးပါ– ငါ့နှလုံးသားထဲကလူရဲ့အကြောင်း ငါဘယ်လောက်နားလည်သလဲ။ ငါဟာ အရိပ်တစ်ခုကိုချစ်နေတာလား။ သူ့ရဲ့အနာအဆာကို ငါမမြင်ဘဲနေသလား။ ကိုယ့်အိပ်မက်ချစ်သူကို အရှိအတိုင်း သုံးသပ်ကြည့်လိုက်ရုံနှင့် အရူးအမူးအချစ်ပြယ်ပျောက်သွားနိုင်သည်! သူ့အပေါ် ငါဘယ်လိုအချစ်နဲ့ချစ်နေပါလိမ့် ဟူ၍လည်းစိစစ်ကြည့်သင့်သည်။ စာရေးဆရာ ကေသီ မက်ကွိုင်က ဤသို့ရေးသားလိုက်သည်– “မရင့်ကျက်သောအချစ်သည် တစ်ခဏချင်းဖြစ်ပေါ်ပြီး ပျောက်ပျက်သွားနိုင်သည်။ ... ကိုယ့်ကိုသာအဓိကထားသည်။ ကိုယ်က တစ်ယောက်သောသူကို ချစ်နေပါသည်ဆိုပြီး မနောကျနေခြင်းသာဖြစ်သည်။ ... မရင့်ကျက်သောအချစ်သည် မျှော့လိုတွယ်ကပ်သည်၊ ကိုယ်သာပိုင်ဆိုင်လိုသည်၊ သဝန်တိုသည်။ ... မရင့်ကျက်သောအချစ်သည် သဲလဲစင်ဖြစ်ရန်တောင်းဆိုသည်။”—၁ ကောရိန္သု ၁၃:၄၊ ၅ နှိုင်းယှဉ်။
သူ့ကိုမေ့ပစ်လိုက်
အမှန်အတိုင်းဝန်ခံရလျှင်၊ တစ်လောကလုံး၏အတွေးအခေါ်ပညာသော်မှ သင့်ခံစားချက်ကို လုံးလုံးလျားလျား မပြေပျောက်စေနိုင်။ သို့ရာတွင်၊ ပြဿနာကို ရှင်သန်နေအောင် မလုပ်ဘဲနေလျှင်လည်းရပါသည်။ သု. ၂၆:၂၀။
အချစ်ဝတ္ထုဖတ်ခြင်း၊ တီဗွီအချစ်ဇာတ်လမ်းကြည့်ခြင်း၊ အလားတူတေးသီချင်းနားထောင်ခြင်းပြုရုံနှင့် ကြင်ဖော်မဲ့အဆွေးဓာတ်ကို ပိုကဲစေနိုင်သည်။ သို့ဖြစ်၍ တသသ လွမ်းမနေနှင့်။ “ထင်းမရှိလျှင် မီးသေ” ၏။—သင့်ကိုတကယ်ချစ်၍ သင့်အကျိုးကိုလိုလားသောသူများအား စိတ်ကူးယဉ်အချစ်ဖြင့် အစားထိုး၍မရပါ။ သူတို့နှင့်ခွဲ၍ ‘တသီးတခြား’ မနေပါနှင့်။ (သု. ၁၈:၁) သင့်မိဘများ သင့်အား များစွာထောက်ကူနိုင်သည်။ ဘယ်လိုပင်အုံ့ပုန်းလုပ်၍နေနေ သင့်မိဘများက သင့်လွမ်းနာကျနေသည့်အဖြစ်ကို မြင်ပြီးသား ဖြစ်ချင်ဖြစ်မည်။ ဘာကြောင့် သူတို့ထံရင်မဖွင့်ပဲနေသနည်း။ (သု. ၂၃:၂၆ နှိုင်းယှဉ်။) ရင့်ကျက်သောခရစ်ယာန်တစ်ဦးလည်း သင့်နှလုံးသားစကားကို စာနာစိတ်ဖြင့်နားထောင်ပေမည်။
ဆယ်ကျော်သက်ဆိုင်ရာ စာရေးဆရာ အက်စ်တာ ဒေးဗစ်ဒိုဝစ်ဇ်က “အလုပ်များနေပါ” ဟု တိုက်တွန်း၏။ ဝါသနာတစ်ခုကိုလိုက်စားပါ။ ကာယလေ့ကျင့်ခန်းယူပါ။ ဘာသာစကားတစ်ရပ် သင်ကြားပါ။ ကျမ်းစာသုတေသနတစ်ရပ် ပြုလုပ်ပါ။ အသုံးဝင်သောလုပ်ငန်းတစ်ရပ်ထဲ၌ အာရုံဝင်စားနေလျှင် အဆက်ဖြတ်ဝေဒနာ များစွာသက်သာနိုင်သည်။
တစ်ဖက်သတ်အချစ်ကိုဖြေဖျောက်ဖို့မလွယ်ပါ။ သို့သော်၊ အချိန်ကုန်လွန်သည်နှင့်အမျှ ဝေဒနာသက်သာလာမည်။ ထိုအခါ ကိုယ့်အကြောင်း၊ ကိုယ့်ခံစားချက်အကြောင်း ပို၍နားလည်လာမည်။ နောင်၌ အချစ်စစ်အချစ်မှန်နှင့်တွေ့သောအခါမှာလည်း ရင်ဆိုင်ရန်အသင့်ရှိပါလိမ့်မည်! သို့ရာတွင် ‘အချစ်စစ်အချစ်မှန်’ ကို မည်သို့ခွဲခြားနိုင်မည်နည်း။
ဆွေးနွေးရန်မေးခွန်းများ
◻လူငယ်များဘောင်တွင် အဘယ်ကြောင့် တစ်ဖက်သတ်အချစ်အကြိုက် များသနည်း။
◻မည်သို့သောပုဂ္ဂိုလ်များကို လူငယ်များ စိတ်ကူးထဲစွဲမက်လေ့ရှိကြသနည်း။ အဘယ်ကြောင့်နည်း။
◻တစ်ဖက်သတ်အချစ်သည် အဘယ်ကြောင့်ဥပဒ်ဖြစ်စေနိုင်သနည်း။
◻လူငယ်တစ်ဦး တစ်ဖက်သတ်အချစ်ကို မည်သို့ဖျောက်ဖျက်နိုင်သနည်း။
◻လူငယ်တစ်ဦး စိတ်ကူးယဉ်အချစ် ရှင်သန်စေခြင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။
[စာမျက်နှာ ၂၂၃ ပါအကျဉ်းဖော်ပြချက်]
‘ကျွန်မမှာ စားလည်းမဝင်။ စာလည်းမကျက်နိုင်။ နေ့ခင်းကြောင်တောင် သူ့ကိုပဲတွေးပြီးနေမိတယ်။ စိတ်အရမ်းညစ်တာပဲ’
[စာမျက်နှာ ၂၂၀ ပါရုပ်ပုံ]
မမီတဲ့ပန်း တုံးခုလို့လှမ်းသော အဖြစ်မျိုးမရှားပါ
[စာမျက်နှာ ၂၂၀ ပါရုပ်ပုံ]
ခေါင်းအေးအေးထားပြီး သူ့ကိုအရှိအတိုင်း သုံးသပ်လိုက်ရုံနှင့် သူ့အပေါ်စုံမက်သော စိတ်ကို ကုစားနိုင်သည်