ပိုးပန်းမှုအောင်မြင်နိုင်ဖို့ ငါဘယ်လိုလုပ်နိုင်မလဲ
အခန်း ၃၂
ပိုးပန်းမှုအောင်မြင်နိုင်ဖို့ ငါဘယ်လိုလုပ်နိုင်မလဲ
“အများအားဖြင့် အိမ်ထောင်ပြိုပျက်ခြင်းသည် ပိုးပန်းမှုပြိုပျက်ခြင်းပင်ဖြစ်သည်။ ဤအချက်ကို ထပ်ခါတလဲလဲ ပြောသင့်ပေသည်။” အိမ်ထောင်ရေးဘဝ သုတေသနပြုသူ ပေါအိတ်ခ်ျ လန်ဒစ်က အထက်ပါအတိုင်းဆို၏။ လူးဝစ်က ၎င်းအဆိုမှန်ကန်ကြောင်း ထောက်ခံ၏။ သူ ဤသို့ရှင်းလင်းတင်ပြသည်– “ကျွန်မရဲ့မဟာအမှားက ဘာလဲဆိုတော့၊ အဲန်ဒီဟာ ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာကိုကျွန်မ မသိခင် သူ့အပေါ်အကြင်နာမေတ္တာနှောင်ကြိုး သွယ်ခဲ့ခြင်းပါပဲ။ ကျွန်မတို့ရဲ့ပိုးပန်းမှုဟာလဲ နှစ်ယောက်ထဲသာ ဆိုတဲ့အစားမျိုးကများတယ်။ အဲဒီ ‘အမွန်မြတ်ဆုံး’ အခြေအနေများအပြင်ဘက်မှာ သူ့ရဲ့တုံ့ပြန်မှုကို ကျွန်မ ဘယ်တော့မှ မမြင်ခဲ့ပါဘူး။” သူတို့၏အိမ်ထောင်ရေးသည် ကွာရှင်းခြင်းနှင့်အတူ ပြိုကွဲခဲ့သည်။ ဤအဖြစ်ဆိုးကို ရှောင်ရှားနိုင်သောသော့ချက်ကား အဘယ်နည်း။ အောင်မြင်စွာပိုးပန်းခြင်းပင်တည်း!
ချိန်းမတွေ့ခင်
“ပညာသတိရှိသောသူမူကား၊ မိမိခြေလှမ်းများကို ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) သင်ကောင်းစွာမသိသူတစ်ဦးအပေါ် မေတ္တာနှောင်ကြိုးပတ်ရစ်ပါက—တစ်ဖက်သူသည် စုံမက်စရာကောင်းသူဖြစ်စေကာမူ ဒုက္ခကိုလက်ယပ်ခေါ်သည်နှင့်မခြားပါ။ စိတ်လှုပ်ရှားမှုနှင့် ဘဝပန်းတိုင်များအရာ၌ မိမိနှင့်အလှမ်းဝေးလှသော လူတစ်ယောက်နှင့် အိမ်ထောင်ကျသည့်အဖြစ်သို့ ရောက်သွားနိုင်သည်! ထို့ကြောင့် ဦးဆုံးလူအုပ်အသိုင်းအဝိုင်း၌ ထိုသူကို အကဲခတ်လျှင် ပညာရှိလမ်းစဉ်ဖြစ်မည်။ ပမာအားဖြင့်၊ သူအပန်းဖြေမှုတစ်မျိုးပြုနေခိုက်ဖြစ်သည်။
သာယာသောအိမ်ထောင်သက် ဆယ်နှစ်တာရှိပြီဖြစ်သော ဒေးဗစ်က ဤသို့ဆို၏– “အစပိုင်းမှာ သိပ်ရင်းနှီးလို့ရှိရင် ကျွန်တော့်စိတ်ရှားမှုကြောင့် အဆုံးအဖြတ် တိမ်းမှားမှာကို ကျွန်တော်သိတယ်။ ဒါကြောင့် ရို့စ်ပေါ် ကျွန်တော်စိတ်ဝင်စားနေမှန်း ရို့စ်ကိုအသိမပေးဘဲ သူ့ကိုခပ်လှမ်းလှမ်းကနေပြီး အကဲခတ်ကြည့်ခဲ့တယ်။ သူ လူတွေနဲ့ ဘယ်လိုဆက်ဆံသလဲ၊ သူဟာ ကြာပေးတတ်တဲ့မိန်းမစားလားဆိုတာကိုကျွန်တော် မြင်နိုင်တယ်။ စကားစမြည်ပြောရင်း၊ သူ့အခြေအနေနဲ့ သူ့ဘဝပန်းတိုင်အကြောင်းကိုပါ ကျွန်တော်သိခွင့်ရခဲ့တယ်။” တစ်ဖက်သားအကြောင်း ကောင်းစွာသိကျွမ်းသောသူတစ်ယောက်နှင့် ပြောဆိုမေးမြန်းလျှင်လည်း အထောက်အကူရနိုင်သည်။—သု. ၃၁:၃၁ နှိုင်းယှဉ်။
ပထမအကြိမ်ချိန်းတွေ့ခြင်း
တစ်ယောက်သောသူသည် မိမိ၏သင့်လျော်သောအိမ်ထောင်ဖက်ဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူမှတ်သောအခါ သူ့ထံချဉ်းကပ်၍ သူနှင့်အကျွမ်းဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုနိုင်သည်။ * သူကသဘောတူသည်ဆိုပါစို့။ ပထမတစ်ကြိမ်ချိန်းတွေ့မှုကို တခမ်းတနားကြီး လုပ်ဖို့မလိုပါ။ နေ့လည်စာစားရန် ချိန်းတွေ့နိုင်သည်။ သို့မဟုတ်၊ အုပ်စုတစ်စုအတွင်း ချိန်းတွေ့ရုံနှင့်လည်းပြီးနိုင်သည်။ ဤနည်းအားဖြင့်၊ တစ်ဦးကိုတစ်ဦးပို၍သိကျွမ်းလာနိုင်ပြီး ဆက်၍စခန်းသွားသင့်မသင့် ဆုံးဖြတ်နိုင်ပါလိမ့်မည်။ စည်းကြီးကမ်းကြီးအတိုင်း နည်းနည်းလျှော့လျှင် နှစ်ဦးသား သက်သောင့်သက်သာ ရှိကြပါလိမ့်မည်။ အချိန်မတန်ဘဲ ကတိလည်းမလွန်စေနှင့်။ သို့မှသာ တစ်ဖက်ဖက်က စိတ်မဝင်စားတော့သောအခါ အသဲကွဲ၊ အရှက်ရသက်သာပါလိမ့်မည်။
မည်သို့မည်ပုံချိန်းတွေ့သည်ဖြစ်စေ အချိန်မီသွားပါ။ သပ်ရပ်ညီထွေစွာဝတ်ဆင်ပါ။ စကားအပြောကောင်းသူတစ်ယောက်ဖြစ်ပါ။ ကောင်းစွာနားထောင်သူတစ်ဦးလည်းလုပ်ပါ။ (ယာကုပ် ၁:၁၉) လိုက်နာရန် ကျပ်တည်းသောစည်းမျဉ်းမရှိသော်လည်း ယောက်ျားပျိုတစ်ဦးအနေနှင့် ဒေသန္တရယဉ်ကျေးမှုဓလေ့ကို လိုက်လိုပေမည်။ မိန်းမငယ်အဖို့ တံခါးဖွင့်ပေးခြင်း၊ နေရာထိုင်ခင်းပေးခြင်း စသည်တို့ပါဝင်ပေမည်။ မိန်းမငယ်အနေနှင့် မင်းသမီးတစ်ပါးလို ဆက်ဆံမှုမျိုးကို မမျှော်လင့်သော်လည်း ချိန်းတွေ့သူနှင့် သိမ်မွေ့စွာ ပူးပေါင်းဆောင်ရွက်သင့်ပေသည်။ အပြန်အလှန်လေးစားခြင်းအားဖြင့် နောင်အနာဂတ်အတွက် စံထားနိုင်ပေသည်။ ယောက်ျားသည် ‘မိမိ၏ဇနီးအား အားနွဲ့သူမှတ်၍လေးစား’ ရန်၊ ဇနီးဖြစ်သူလည်း ‘မိမိခင်ပွန်းအား ရိုသေ’ ရန် ဘုရားသခင် ပညတ်တော်မူ၏။—၁ ပေတရု ၃:၇; ဧဖက် ၅:၃၃။
လက်ကိုင်ခြင်း၊ နမ်းခြင်း၊ ဖက်ခြင်းတို့သည် လျောက်ပတ်၏လော။ လျောက်ပတ်လျှင် အဘယ်အချိန်မှာနည်း။ ရာဂစိတ်ကြောင့်မဟုတ်ဘဲ၊ ချစ်ခင်သောသဘောဖြင့် ထိုသို့ပြုခြင်းသည် စင်ကြယ်လျောက်ပတ်ပေသည်။ ရှုလမိတ် (ရှုနင်မြို့သူ) မိန်းကလေးနှင့် မိမိချစ်၍မကြာမီလက်ထပ်တော့မည့်သူ သိုးကျောင်းသားကလေးတို့ချင်း တင့်သင့်လျောက်ပတ်စွာ နမ်းဖက်မှုပြုခဲ့ကြကြောင်း သမ္မာကျမ်းစာပါ ရှောလမုန်သီချင်းက အရိပ်အမြွက်ပြပေ၏။ (ရှောလမုန်သီချင်း ၁:၂; ၂:၆; ၈:၅) သို့သော် နမ်းဖက်ရာမှ ညစ်ညမ်းသည့်အဖြစ်၊ လိင်စာရိတ္တပျက်ပြားမှုသို့ မရောက်စေရန် စင်ကြယ်သောထိုစုံတွဲကဲ့သို့ သတိပြုရန်လိုသည်။ * (ဂလာတိ ၅:၁၉၊ ၂၁) မိမိတို့ချင်း သစ္စာထားပြီးသည့်ပြင် လက်ထပ်မည့်ဆဲဆဲဖြစ်သောအချိန်ရောက်မှ ထိုသို့သောချစ်ခင်ရင်းနှီးမှုကိုပြုသင့်၏။ စိတ်ချုပ်တည်းခြင်းရှိမှ၊ သင်သည် အောင်မြင်သောပိုးပန်းမှု၏ အဓိကပန်းတိုင်မှ သွေဖီတော့မည်မဟုတ်။ ၎င်းပန်းတိုင်မှာ ...
“စိတ်နှလုံး၏အတွင်းလူ” ကိုသိကျွမ်းခြင်း
၁၉၈၀၊ မေလထုတ် ထိမ်းမြားမင်္ဂလာနှင့် အိမ်ထောင်ဂျာနယ် ၌ သုတေသနအသင်းတစ်သင်းက ဤသို့တင်ပြ၏– တစ်ယောက်အကြောင်းတစ်ယောက် ပို၍အတွင်းကျကျသိကျွမ်းသည့်နောက်မှ လက်ထပ်ကြလျှင် အိမ်ထောင်ပို၍ခိုင်မြဲကြီးပွားပုံရ၏။” မှန်ပေသည်၊ မိမိကြင်ဖော်၏ “အတွင်းလူ” ကိုသိကျွမ်းခြင်းသည် အရေးပါလှ၏။—၁ ပေတရု ၃:၄။
သို့ရာတွင်၊ သူ့နှလုံးထဲမှအကြံအစည်ကို ‘ခပ်ယူ’ ရာ၌ လုံ့လနှင့် ဝေဖန်ပိုင်းခြားဉာဏ်ရှိဖို့လိုသည်။ (သု. ၂၀:၅) သို့ဖြစ်၍ သင့်အဖော်၏အတွင်းသဘောကိုသိနိုင်ရန် အထောက်အကူဖြစ်စေနိုင်မည့် လှုပ်ရှားသွားလာဆောင်ရွက်မှုများ ပြုလုပ်ဖို့စီစဉ်ပါ။ အစပိုင်း၌ ရုပ်ရှင်ပြဇာတ်များသို့ အတူသွားရုံနှင့်လုံလောက်သော်လည်း (ရိုးလားစကိတ်စီးခြင်း၊ ဘောလုံးပစ်ကစားခြင်း၊ တိရစ္ဆာန်ရုံ၊ ရှေးဟောင်းပစ္စည်းပြတိုက်နှင့် အနုပညာပြခန်းသို့သွားခြင်း စသော) စကားအပြန်အလှန်ပြောဖို့ အခွင့်လမ်းဖန်တီးနိုင်သော လှုပ်ရှားသွားလာမှုများပြုလုပ်လျှင် တစ်ဦးကိုတစ်ဦး သိကျွမ်းစေရန် သာ၍ထောက်ကူနိုင်သည်။
သူ့ခံစားချက်ကို အရိပ်အမြွက်လောက်သိလိုလျှင် လွတ်လပ်စွာဖြေဆိုနိုင်သော မေးခွန်းများကိုမေးပါ။ ဥပမာ၊ ‘အားလပ်ချိန်ကို ဘယ်လိုသုံးသလဲ။’ ‘ငွေအဓိကမကုန်ဘဲ ဘာလုပ်ချင်တဲ့ဆန္ဒရှိသလဲ။’ ‘တို့ဘုရားဝတ်ပြုမှုရဲ့ ဘယ်အပိုင်းကိုအနှစ်သက်ဆုံးလဲ။ ဘာကြောင့်လဲ။’ ဤမေးခွန်းများမေးလျှင် သူသည် ခရေစေ့တွင်းကျ ဖြေဆိုမည်ဖြစ်ပြီး သူဘာကိုအမြတ်တနိုးထားကြောင်း သင့်အားသိစေပေမည်။
ဆက်ဆံရေးနက်ရှိုင်းလာပြီး နှစ်ဦးသား လက်ထပ်ဖို့ အလေးအနက်စဉ်းစားလာသည်နှင့်အမျှ မိမိခံယူချက်၊ အဘယ်မှာ၊ အဘယ်ပုံဖြင့်နေထိုင်မည်၊ ငွေရေးကြေးရေးအပြင် နှစ်ယောက်စလုံး အိမ်ပြင်ထွက်အလုပ် လုပ်မလုပ်၊ သားသမီးများ၊ ပဋိသန္ဓေထိန်းချုပ်ခြင်း၊ အိမ်ထောင်တာဝန်နှင့်ပတ်သက်သော တစ်ဦးချင်းခံယူချက်၊ ရက်တိုနှင့်ရေရှည်စီမံကိန်းပန်းတိုင်၊ ယင်းပန်းတိုင်များဆွတ်ခူးနည်း စသောအရေးပါသည့်အကြောင်းများကို လေးနက်တည်ကြည်စွာဆွေးနွေးရန်လိုလာသည်။
ယေဟောဝါ၏လူငယ်သက်သေခံများစွာတို့သည် ကျောင်းထွက်ပြီးနောက် အချိန်ပြည့် ဧဝံဂေလိကြေညာသူများဖြစ်လာကြ၏။ အိမ်ထောင်ပြုပြီးနောက်မှာလည်း ထိုသို့ပင်ဆက်လက်၍အမှုတော် ထမ်းလိုကြပေသည်။ သို့ဖြစ်၍ သင်တို့နှစ်ဦး ဝိညာဏပန်းတိုင်ချင်း စပ်ဟပ်လိုက်ဖက်မှုရှိမရှိ သတိပြုရန် လိုအပ်လာပြီ။ အိမ်ထောင်ရေးအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်စေနိုင်မည့်မိမိ၏အတိတ်ကိုပါ ဖွင့်ပြောရန် အချိန်တန်ပြီ။ ကြီးမားသောအကြွေး သို့မဟုတ် ဝန်ခံချက်များ စသည့်ကိစ္စများ ပါဝင်ကောင်းပါဝင်မည်။ စိုးရိမ်ဖွယ်ရောဂါနှင့် နောက်ဆက်တွဲအကျိုး စသောကျန်းမာရေးကိစ္စများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်သည်။ဆွေးနွေးစဉ် ဧလိဟုကိုတုပါ။ သူက “ကျွန်ုပ်သည် နှလုံးထဲမှ ဖြောင့်ဖြောင့်ပြော၍ ရိုးသားစွာဆိုပါသည်” ဟုပြော၏။ (ယောဘ ၃၃:၃၊ ဝီလျံဘက်ရေးသည့် ယနေ့ဘာသာစကားနှင့်သမ္မာကျမ်းစာ) အက်စတာက မိမိ၏ပိုးပန်းခြင်းသည် သာယာသောအိမ်ထောင်အတွက် မည်သို့မည်ပုံ လမ်းခင်းပေးခဲ့ကြောင်း ဤသို့ဆို၏– “ကျွန်မသဘောမတူတဲ့အခါ၊ ဘယ်တော့မှ ‘ဟန်လုပ်ပြီး’ ဂျေးကိုသဘောတူပါတယ်လို့ မပြောခဲ့ဖူးဘူး။ ခုလဲဒီလိုပဲ။ ကျွန်မဟာ အမြဲတန်းရိုးသားပွင့်လင်းဖိုကြိုးစားတယ်။”
တစ်ဖက်သား အနေရကြပ်မှာစိုး၍ အငြင်းပွားနိုင်ဖွယ်အကြောင်းအရာများကို မဆွေးနွေးဘဲ ရှောင်ဖယ်ဖုံးကွယ် မလုပ်နှင့်။ ဘက်သ်သည် ဂျွန်နှင့် ပိုးပန်းစဉ် ဤအမှားကိုပြုခဲ့သည်။ ဘက်သ်က မိမိသည် နောင်ရေးအတွက် စုဆောင်းရမည်၊ ငွေမဖြုန်းတီးရ ဟူသောခံယူချက်ရှိကြောင်း ထုတ်ဖော်ပြောကြားသောအခါ ဂျွန်ကလည်း သဘောတူသည်ဟုဆို၏။ ဘက်သ်က နောက်ထပ်မမေးတော့။ ငွေရေးကြေးရေးဘက်တွင် မိမိတို့နှစ်ယောက် တစ်စိတ်တစ်ဝမ်းတည်းရှိသည်ဟု မှတ်လေသည်။ သို့သော် အနာဂတ်အတွက်စုဆောင်းသည်ဆိုရာ၌ ဂျွန်ဆိုလိုချက်မှာ ပြိုင်ကားတစ်စီးအတွက် စုဆောင်းခြင်းဖြစ်ကြောင်း နောက်ပိုင်း၌ သိရတော့သည်! လက်ထပ်သည့်နောက်၌ ငွေသုံးစွဲပုံနှင့်ပတ်သက်သော သဘောကွဲလွဲမှုသည် နာကြည်းဖွယ်ကောင်းလောက်အောင် သိသာလာသည်။
ထိုသို့သောအထင်လွဲမှုမဖြစ်အောင် တားဆီးနိုင်သည်။ အထက်ဆိုခဲ့သော လူးဝစ်က မိမိ၏ပိုးပန်းမှုကို ပြန်၍ဆင်ခြင်ပြီး ဤသို့ဆို၏– “ကျွန်မ သူ့ကိုနောက်ထပ်မေးခွန်းတွေ အများကြီးမေးခဲ့ဖို့ကောင်းတယ်။ ဥပမာ၊ ‘တကယ်လို့ ကျွန်မကိုယ်ဝန်ရပြီ။ ဒါပေမဲ့ မောင်က ကလေးမလိုချင်ဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ။’ ‘တကယ်လို့ကျွန်မတို့ သူများပေါ်အကြွေးတင်တယ်။ ဒါပေမဲ့ ကျွန်မက အိမ်မှာပဲနေပြီး ကလေးထိန်းမယ်ဆိုလို့ရှိရင် ဒီကိစ္စကို မောင်ဘယ်လိုဖြေရှင်းမလဲ’ ဆိုတဲ့မေးခွန်းတွေပေါ့။ ကျွန်မ သူ့တုံ့ပြန်ပုံကိုကောင်းကောင်းမှတ်သားခဲ့မှာပဲ။” ဤသို့သောဆွေးနွေးခန်းများက လက်မထပ်မီ တွေ့ဖို့ကောင်းသော နှလုံးထဲမှအတွင်းသဘောကို ပေါ်လွင်စေနိုင်သည်။
သူ့ပြုမူလှုပ်ရှားပုံကိုကြည့်!
အက်စတာက ဤသို့ရှင်းလင်း၏၊ “လူတစ်ယောက်ဟာ ကိုယ်နဲ့နှစ်ယောက်ထဲနေတဲ့အခါမှာ ကိုယ့်အပေါ် သဘောထားအင်မတန်ကောင်းတတ်ပါတယ်။ ဒါပေမဲ့ တခြားလူတွေရှိတဲ့အခါကျတော့ မမျှော်လင့်တဲ့အခြေအနေနဲ့ သူပက်ပင်းတိုးပါလေရော။ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က သူ့စိတ်နဲ့မတွေ့တဲ့ စကားတစ်ခွန်းပြောကြည့်ပါလား။ ဖိအားအောက်မှာသူ့တုံ့ပြန်မှုကို တွေ့ရပါလိမ့်မည်။ သူငယ်ချင်းကို သူကြိမ်းမောင်းလိုက်မလား။ အရွဲ့ပဲတိုက်လိုက်မလား။” အက်စတာ ဤသို့မှတ်ချက်ချလိုက်သည်– “ပိုးပန်းတဲ့အချိန်အတွင်း သူ့မိတ်ဆွေ၊ ကိုယ့်မိတ်ဆွေတွေ၊ သူ့အိမ်သား၊ ကိုယ့်အိမ်သားတွေကြားထဲနေတာဟာ အထောက်အကူ အများကြီးဖြစ်နိုင်တယ်။”
အပန်းဖြေခြင်းအပြင်၊ နှစ်ယောက်အတူ အလုပ်လုပ်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာခြင်း၊ ခရစ်ယာန်ဓမ္မအမှုအပါအဝင် ခရစ်ယာန်လုပ်ငန်းများကိုအတူလုပ်ဆောင်ပါ။ ထို့ပြင် လက်ထပ်ပြီးသည့်နောက် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရမည်ဖြစ်သော—ဈေးဝယ်၊ ချက်ပြုတ်၊ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေး စသော အိမ်မှုလုပ်ငန်းများကိုလည်း အတူလုပ်ကိုင်ပါ။ တကယ့်ဘဝအခြေအနေမျိုးအောက် အတူနေပြီး —သူ၏အညံ့ဆုံးအဖြစ်ကိုပင်တွေ့နိုင်သောအခါ—သူ့ဇာတိရုပ်ကို မျက်နှာဖုံးမပါဘဲ၊ အရှိအတိုင်း မြင်ရပါလိမ့်မည်။
ရှောလမုန်သီချင်းပါ သိုးကျောင်းသားကလေးသည် မိမိမြတ်နိုးသောမိန်းကလေး၏စိတ်ပျက်ပုံ၊ နေပူစပ်ခါးထဲ ချွေးတဒီးဒီးဖြင့် ပင်ပန်းတကြီး အလုပ်လုပ်ကိုင်ပုံကိုတွေ့ခဲ့ရသည်။ (ရှောလမုန်သီချင်း ၁:၅၊ ၆; ၂:၁၅) ရှောလမုန်ဘုရင်၏သွေးဆောင်ခြင်းကို သူမသစ္စာရှိရှိ တွန်းလှန်ခဲ့ပုံကိုပါ မြင်ခဲ့ရပြီးနောက် သူဤသို့ဆို၏– “ငါ၏ချစ်ဆွေ၊ သင်သည် ခြောက်ပြစ်ကင်း၍ တစ်ကိုယ်လုံးလှပေ၏။” (ရှောလမုန်သီချင်း ၄:၇၊ သမ) သူမသည် စုံလင်သူဖြစ်သည်ဟု ပြောနေခြင်းမဟုတ်ဘဲ၊ သီလဘက်တွင် အပြစ်အနာအဆာမရှိခြင်းကို သူဆိုလိုမှန်းသိသာပေသည်။ သူမ၏ခန္ဓာအလှသည် သူမ၏သီလခွန်အားကြောင့် ကျက်သရေတိုးခဲ့ပေသည်။ ထို့ကြောင့် သူမ၏ အပြစ်အနာအဆာသည် မဆိုစလောက်ဖြစ်ခဲ့ပေသည်။—ယောဘ ၃၁:၇ နှိုင်းယှဉ်။
လူတစ်ယောက်ကို အလားတူစွာ တန်ဖိုးဖြတ်ဖို့ အချိန်လိုသည်။ ထို့ကြောင့် အလောသုံးဆယ် မပိုးပန်းနှင့်။ (သု. ၂၁:၅) သာမန်အားဖြင့် ယောက်ျားနှင့်မိန်းမတို့သည် တစ်ဖက်သားမေတ္တာကိုပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားတတ်ကြသည်။ သို့ရာတွင် လုံလောက်သောအချိန်ပေးပါက အကျင့်ဆိုး၊ ဉာဉ်ဆိုးကလေးများ တစ်နည်းမဟုတ် တစ်နည်းပေါ်လွင်လာတတ်သည်။ ပိုးပန်းစဉ် အချိန်ယူရုံမက၊ ၎င်းအချိန်ကို ကောင်းစွာအသုံးချသော စုံတွဲတို့သည် လက်ထပ်သည့်နောက်၌ လွယ်လင့်တကူ ညှိနှိုင်းပါလိမ့်မည်။ မျက်စိကျယ်ကျယ်ဖွင့်ထားသဖြင့် နောင်ပေါ်လာနိုင်မည့်သဘောကွဲလွဲမှုကို ဖြေရှင်းနိုင်မည်ဟူသော ယုံကြည်ချက်ကိုင်စွဲကာ အိမ်ထောင်ပြုနိုင်ကြပေသည်။ အောင်မြင်သောပိုးပန်းမှုသည် အောင်မြင်ချမ်းမြေ့သောအိမ်ထောင်ရေးအတွက် လမ်းခင်းခဲ့ပေပြီ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 ဤအချက်သည် ချိန်းတွေ့သောဓလေ့ရှိပြီး ခရစ်ယာန်များအဖို့ လျောက်ပတ်သောဓလေ့ဟု ယူမှတ်သောနိုင်ငံများနှင့်သာဆိုင်ပါသည်။ များသောအားဖြင့် အမျိုးသားက အစပြုပါသည်။ သို့တစေ၊ အမျိုးသားက ရှက်၍ မဝံ့မရဲဖြစ်လျှင် အမျိုးသမီးကဣန္ဒြေရရ မိမိခံစားချက်ကိုထုတ်ဖော်နိုင်ပေသည်။ အဘယ်ကျမ်းမူကမျှ မတားမြစ်ပါ။—ရှောလမုန်သီချင်း ၈:၆ နှိုင်းယှဉ်။
^ အပိုဒ်၊ 10 အခန်း ၂၄၊ “လက်မထပ်မီ သံဝါသပြုတာကို ဘယ်လိုငြင်းဆန်နိုင်မလဲ” ကိုရှု။
ဆွေးနွေးရန်မေးခွန်းများ
◻ပိုးပန်းခြင်း၏အဓိကရည်မှန်းချက်ကား အဘယ်နည်း။ ၎င်းသည် အိမ်ထောင်ပျော်ရွှင်မှုအတွက် မည်မျှအရေးပါသနည်း။
◻အဘယ်အရာသည် တစ်ဖက်သား၏ ‘အတွင်းလူ’ ကို သိကျွမ်းရန်အကူအညီဖြစ်စေသနည်း။
◻မည်သို့သောအပြန်အလှန်ပြောဆိုမှုသည် ပိုးပန်းမှုကို အောင်မြင်စေနိုင်သနည်း။
◻အမျိုးမျိုးသောအခြေအနေအောက် အတူတကွ အချိန်သုံးစွဲခြင်းသည် အဘယ်ကြောင့် အထောက်အကူ ဖြစ်နိုင်သနည်း။
◻အဘယ်အရာများက ဆက်ဆံမှုမပြေပြစ်ကြောင်း အချက်ပြသနည်း။
◻အဘယ်အခါမျိုး၌ ပိုးပန်းမှုကို အဆုံးသတ်သင့်သနည်း။
[စာမျက်နှာ ၂၅၅ ပါအကျဉ်းဖော်ပြချက်]
“တစ်ယောက်အကြောင်း တစ်ယောက်ပို၍ အတွင်းကျကျ သိကျွမ်းသည့်နောက်မှ လက်ထပ်ကြလျှင် အိမ်ထောင်ပို၍ခိုင်မြဲ ကြီးပွားပုံရ၏။” —ထိမ်းမြားမင်္ဂလာနှင့် အိမ်ထောင်ဂျာနယ်
[စာမျက်နှာ ၂၄၈၊ ၂၄၉ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
လမ်းခွဲလိုက်ရင် ကောင်းမလား
အချစ်ခရီးသည် ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွသို့ရောက်သောအခါ စိတ်နှစ်ခွ ဒွိဟ ဖြစ်လာမည်မှာမဆန်းချေ။ ကိုယ်နှင့်ချိန်းတွေ့သောသူ၏ လျစ်လျူမရှုသင့်သည့် အပြစ်အနာအဆာကြောင့်ဖြစ်စေ၊ မိမိတို့နှစ်ဦး၏ဆက်ဆံမှုကိုယ်နှိုက်က မပြေပြစ်၍ဖြစ်စေ ထိုသို့သော သို့လောစိတ်ပေါ်လာလျှင်မည်သို့နည်း။
ဥပမာ၊ တစ်ဦးပေါ်တစ်ဦး ချစ်ကြင်နာသောပုဂ္ဂိုလ်များပင်လျှင် သဘောကွဲလွဲသည့်အခါရှိတတ်သည်။ (ကမ္ဘာဦး ၃၀:၂; တမန်တော် ၁၅:၃၉ နှိုင်းယှဉ်။) သို့သော် အရာရာတိုင်းလိုလို သဘောချင်းမတိုက်ဆိုင် ဆွေးနွေးတိုင်း ရန်ဖြစ်ရ၊ သို့မဟုတ်၊ ဆက်ဆံရေးသည် ကွဲချီတစ်ခါကောင်းချီတစ်လှည့် သံသရာမပြတ် လည်နေလျှင် သတိပြုလော့! ဆရာဝန်ပေါင်း ၄၀၀ အားစစ်တမ်းကောက်ချက်အရ၊ မပြတ်တမ်း ကတောက်ကဆတ်ဖြစ်ခြင်းက “အိမ်ထောင်ပြုရန် စိတ်လှုပ်ရှားမှုဘက်တွင် အသင့်မဖြစ်သေး” ဟူသောအချက်ကို ကွက်ကွက်ကွင်းကွင်းညွှန်ပြနေကြောင်း၊ “နှစ်ဦးစပ်ကြား မပြေငြိမ်းနိုင်သောပဋိပက္ခ” ရှိသည်ကိုပင် ဖော်ထုတ်နေခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။
အခြားစိုးရိမ်ဖွယ်အကြောင်းမှာ ခင်ပွန်းလောင်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့် ပင်ကိုယ်စရိုက်ရှိကြောင်း တွေ့ရခြင်းပင်ဖြစ်သည်။ သူသည် ထစ်ကနဲဆိုဒေါသပေါက်ကွဲလျှင်လည်းကောင်း၊ အတ္တစိတ်၊ မရင့်ကျက်မှု၊ ဗလောင်းဗလဲဆန်မှု၊ ခေါင်းမာမှု စသောအရိပ်အယောင်များ သန်းနေလျှင်လည်းကောင်း သူနှင့်ရာသက်ပန်ပေါင်းသင်းလိုမည်လော ဟူ၍စဉ်းစားစရာဖြစ်နေသည်။ သို့ပါလျက်နှင့် လူတော်တော်များများသည် ၎င်းကိုလျစ်လျူရှု၏။ ထိုအပြစ်အနာအဆာများအတွက် ဆင်ခြေဆင်လက်ပေး၏။ ဘာပဲဖြစ်ဖြစ် ဆက်စခန်းသွားမည်ဟု သန္နိဌာန်ချထားပုံရ၏။ အဘယ်ကြောင့်နည်း။
ခရစ်ယာန်စစ်တို့သည် ပိုးပန်းခြင်းကို အလေးအနက်ထားသင့်သည့်အတိုင်း အလေးအနက်ထားသောကြောင့် အချို့ကမိမိတို့နှင့်ချိန်းတွေ့သောသူကို လက်မထပ်မနေလက်ထပ်ရမည်ဟု ထင်မှတ်ကြသည်။ သူနှင့်ရင်ဆိုင်ဖြေရှင်းရန် မဝံ့၍လည်းဖြစ်မည်။ သူ့အား စိတ်မထိခိုက်စေလို၍လည်းဖြစ်မည်။ အချို့သူတို့မူ နောက်တစ်ယောက် ရှာမတွေ့မှာကိုစိုး၍သာဖြစ်မည်။ မည်သို့ဖြစ်စေ၊ ယင်းတို့သည် ပြဿနာပေါင်းဖြင့်ရောဂါစွဲနေသော ပိုးပန်းမှုကို အချိန်ဆွဲထားသင့်သည့်အကြောင်းပြချက်များမဟုတ်။
ပိုးပန်းခြင်း၏ရည်ရွယ်ချက်ကား အိမ်ထောင်ပြုနိုင် မပြုနိုင် စူးစမ်းခြင်းသာဖြစ်သည်။ ခရစ်ယာန်တစ်ဦးသည် စိတ်ရင်းမှန်ဖြင့်ပိုးပန်းပါက ပိုးပန်းမှုမပြေမပြစ်ဖြစ်လာသောအခါ ဖိလိပ္ပိ ၂:၄ နှိုင်းယှဉ်။) ထို့ကြောင့် သင်တို့နှစ်ဦး၏ပြဿနာကို—ရင်ဆိုင်ဖြေရှင်းရန်အရေးကြီး၏—မျက်နှာမလွှဲသင့်။ သူ့ကို အထူးအာရုံစူးစိုက်ခြင်းဖြင့် အစပြုပါလေ။
ဆက်စခန်းသွားရန် တာဝန်မရှိပါ။ ထို့ပြင်၊ ‘ငါနောက်တစ်ယောက်ကို ရှာလို့ရချင်မှရမယ်’ ဆိုသောယူဆချက်ကိုအရင်းခံပြီး ယိုယွင်းနေသော ပိုးပန်းမှုကို အချိန်ဆွဲထားလျှင် မမှားပေလော။ တစ်ကိုယ်ကောင်းဆန်ရာ မရောက်ပေလော။ (ဥပမာ၊ ဤအမျိုးသမီးသည် နာခံမှုနှင့်လုပ်ရည်ကိုင်ရည်ရှိသောဇနီးဖြစ်မည်ဟူသော အထောက်အထားရှိသလော။ (သု. ၃၁:၁၀-၃၁) ဤအမျိုးသားသည် ကိုယ်ကျိုးစွန့်မေတ္တာရှိပြီး မိသားစုကို ဝဝလင်လင် ရှာကျွေးနိုင်သူဖြစ်မည် ဟူသောသာဓက ရှိသလော။ (ဧဖက် ၅:၂၈၊ ၂၉; ၁ တိမောသေ ၅:၈) သူကမိမိသည် စိတ်ထက်သန်သော ဘုရားကျေးကျွန်တစ်ပါးပါ ဟုဆိုချင်ဆိုမည်။ သို့သော် အပြောကိုအလုပ်ဖြင့်ထောက်ခံသလော။—ယာကုပ် ၂:၁၇၊ ၁၈။
သင့်အနေနှင့် အချိန်များစွာမြှုပ်နှံခဲ့ရုံမက သူ့အပေါ်မှာလည်း သံယောဇဉ်ရှိလာသည့်နောက်၌ သူဟာ ခြောက်ပြစ်မကင်းပါလားဟုဆိုကာ အလျင်စလို နောက်မဆုတ်လိုက်ပါနှင့်။ (ယာကုပ် ၃:၂) သူ့အနာအဆာများမှာ အသေးအဖွဲဖြစ်၍ ဥပေက္ခာပြုကာ ပေါင်းသင်းသွားနိုင်ဖွယ်ရှိပါသည်။
သို့ရာတွင် အသေးအဖွဲမဟုတ်လျှင် မည်သို့နည်း။ ရင်ဖွင့်နှီးနှောပါ။ သင်တို့၌ ဘဝရည်မှန်းချက်နှင့်အမြင်ချင်း အောက်ခြေသိမ်း သဘောကွဲလွဲမှု ရှိကြသလော။ သို့မဟုတ်၊ အထင်လွဲမှုမျှသာလော။ နှစ်ဦးစလုံး ‘စိတ်ကိုထိန်းချုပ်’ လျက် အသာအယာ မဖြေရှင်းတတ်၍လော။ (သု. ၂၅:၂၈) သူ၏အကျင့်ဆိုးကလေးများကြောင့် သင်စိတ်ဆိုးစရာဖြစ်လျှင် သူ့အနေနှင့် စိတ်နှိမ့်ချစွာဝန်ခံကာ ကြိုးစား၍ပြုပြင်ရန်ဆန္ဒရှိသလော။ သင့်အနေနှင့်လည်း စိတ်ကောက်မလွယ်ဖို့ ပြုပြင်ရန်လိုသလော။ (ဒေသနာ ၇:၉) ‘မေတ္တာဖြင့် အချင်းချင်းသည်းခံခြင်း’ သည် သာယာသောအိမ်ထောင်အတွက် အသက်သွေးကြောဖြစ်၏။—ဧဖက် ၄:၂။
ရင်ဖွင့်၍ဆွေးနွေးလျှင် ခင်မင်မှုကိုမပျက်ပြားစေသည်သာမက ပိုမိုကြီးထွားစေရန် ပျိုးထောင်ရာပင်ရောက်၏! သို့သော် ဆွေးနွေးပွဲကြောင့် ဆက်ဆံရေး အေးစက်စက်ဖြစ်လာလျှင် ကပ်ဆိုက်လုဆဲလက္ခဏာဖြစ်၍ သတိပြုပါလေ။ (သု. ၂၂:၃) အိမ်ထောင်ပြုပြီးနောက် အခြေအနေတိုးတက်လာချင်မှလာမည်။ တပ်ခေါက်လိုက်လျှင် နှစ်ဦးစလုံးအတွက်အကောင်းဆုံး ဖြစ်ချင်ဖြစ်မည်။
[စာမျက်နှာ ၂၅၃ ပါရုပ်ပုံ]
တစ်ဦးကိုတစ်ဦး အုပ်စုအတွင်း အကဲခတ်လျှင် မေတ္တာနှောင်ကြိုး သွယ်စရာမလိုဘဲ အချင်းချင်း သိကျွမ်းနိုင်သည်
[စာမျက်နှာ ၂၅၄ ပါရုပ်ပုံ]
ဒေသန္တရဓလေ့နှင့် ယဉ်ကျေးမှုကို လိုက်နာခြင်းဖြင့် လက်ထပ်သည့်နောက်၌ ဆက်လက်သုံးစွဲနိုင်သော အချင်းချင်းလေးစားမှုစံနမူနာကို ပြဌာန်းနိုင်သည်
[စာမျက်နှာ ၂၅၉ ပါရုပ်ပုံ]
ပိုးပန်းမှုတစ်ရပ်ကို စခန်းဆက်သွား၍မရမှန်း သိသာလာသောအခါ အကြင်နာဆုံးသောနည်းမှာမျက်နှာချင်းဆိုင်ကာ အကျိုးအကြောင်းရှင်းလင်း တင်ပြခြင်းပင်တည်း