အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ
အခန်း ၃၁
အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ
ချစ်ခြင်းမေတ္တာ—ဟူသည် အချစ်စိတ်ကူးယဉ်သူများအဖို့ လျှို့ဝှက်ဆန်းကြယ်သောခံစားချက်၊ တစ်သက်မှတစ်ခါသာကြုံဖူးသောပီတိဖြစ်သည်။ မေတ္တာဟူသော နှလုံးသားရေးရာသက်သက်၊ နားမလည်နိုင်၊ ခံစားရုံသာခံစားနိုင်သောအရာဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်။ မေတ္တာသည် အရာခပ်သိမ်းအပေါ် အောင်ပန်းဆွတ်ပြီး ထာဝရတည်မြဲသည်ဟူ၏။ ...
စိတ်ကူးယဉ် မေတ္တာဘွဲ့က အထက်ပါအတိုင်းဖွဲ့ဆိုပါသည်။ ချစ်ရခြင်းသည် တမူထူးသောကြည်နူးမှုဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။ သို့ရာတွင် မေတ္တာစစ် မေတ္တာမှန်ဟူသည် အဘယ်နည်း။
မြင်မြင်ချင်း အချစ်လော
ဒေးဗစ်သည် ဂျဲင်နက်အား ပါတီပွဲတစ်ပွဲ၌ ပထမအကြိမ်တွေ့ဆုံခဲ့သည်။ ဂျဲင်နက်သည် ကိုယ်ခန္ဓာအချိုးအစားပြေပြစ်ပြီး ရယ်သောအခါ ဆံလျဉ်လေးက မျက်စိကိုဖုံးတော့မလိုလို မခို.တရို့နှင့်မို့၊ ဒေးဗစ်က သူ့ကိုမြင်မြင်ချင်း စွဲမက်ခဲ့သည်။ ဂျဲင်နက်အနေနှင့်လည်း ဒေးဗစ်၏ အာဝဇ္ဇန်းနှင့် မျက်လုံးညိုကြောင့် အညှို့ခံခဲ့ရသည်။ နှစ်ဦးသား မြင်မြင်ချင်း ချစ်ခဲ့ကြသည့်ပုံပြင်ပမာ!
နောက်ရက်သတ္တပတ်သုံးပတ်အတွင်း သူတို့နှစ်ဦး မခွဲနိုင်မခွာရက်ဖြစ်ခဲ့ကြသည်။ တစ်ည၌ ဂျဲင်နက်သည် ရည်းစားဟောင်းထံမှ တယ်လီဖုန်းကိုနားထောင်ရာ ထိတ်လန့်ဖွယ်စကားကြားခဲ့ရသည်။ နှစ်သိမ့်မှုရလိုရငြား ဒေးဗစ်ကိုဖုန်းဆက်သောအခါ ဒေးဗစ်ကလန့်ပြီးစိတ်အိုက်ကာ အေးစက်စက် တုံ့ပြန်လိုက်သည်။ မိမိတို့ထင်ခဲ့သည့် ထာဝရမေတ္တာစမ်းရေသည် ထိုညတွင်းချင်းခန်းခြောက်သွားလေတော့သည်။
ရုပ်ရှင်၊ စာအုပ်နှင့် တီဗွီဇာတ်လမ်းများက မြင်မြင်ချင်းအချစ်သည် ရာသက်ပန်တာရှည်သည်ဟု သင့်အားအယုံသွင်းချင်သည်။ အမှန်အားဖြင့်၊ ရုပ်ဆင်းဆွဲဆောင်မှုကြောင့် စလျှင်စချင်း တစ်ယောက်ကိုတစ်ယောက် သတိထားမိကြခြင်းဖြစ်သည်။ ၁ ပေတရု ၃:၄) ထိုမေတ္တာမျိုးသည် မည်မျှကြာရှည်ခံနိုင်မည်နည်း။
လူငယ်တစ်ဦး ပြောသည့်အတိုင်းပင်– “လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို ‘မြင်’ ဖို့မလွယ်ဘူး။” သို့ဖြစ်၍ နာရီပိုင်း၊ ရက်ပိုင်းလောက်သာသိကျွမ်းခဲ့လျှင်၊ ဘာကို “ချစ်မိ” ခြင်း ဖြစ်သနည်း။ သူ့ကိုယ်ဟန်အသွင်အပြင်လောက်သာမဟုတ်လော။ စင်စစ်အားဖြင့်၊ သင်သည် သူ့အတွေး၊ သူ့မျှော်လင့်ချက်၊ စိုးရိမ်မှု၊ ကြံရွယ်ချက်၊ အကျင့်၊ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်မှုတို့နှင့်ပတ်သက်၍ ကောင်းစွာမသိသေးပါ။ သင်သည် သူ့အခွံကိုသာမြင်ရ၏။ “နှလုံး၏အတွင်းလူ” ကိုမမြင်သေး။ (ရုပ်ရည်သည်လှည့်စားတတ်၏
ထို့ပြင် ပြင်ပန်းသဏ္ဌာန်သည် လှည့်စားတတ်၏။ သမ္မာကျမ်းစာက “ဖွယ်ရာခြင်းသည် လှည့်စား၍ အဆင်းလှခြင်းလည်း အချည်းနှီးဖြစ်တတ်၏” ဟုဆို၏။ အရောင်တဖိတ်ဖိတ်တောက် လက်ဆောင်ထုပ်စက္ကူကိုကြည့်ရုံနှင့် အတွင်းမှာ ဘာပစ္စည်းရှိသည်ကိုမပြောနိုင်။ အမှန်အားဖြင့် အလှပဆုံး လက်ဆောင်ထုပ်စက္ကူအတွင်း၌ အသုံးမဝင်သောလက်ဆောင်ကို တွေ့ချင်တွေ့ရမည်။—သု. ၃၁:၃၀၊ သမ။
နယပုံပြင်ကျမ်းက ဤသို့ဆိုပြန်သည်– “သမ္မာသတိမရှိ၊ အဆင်းလှသောမိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။” (သု. ၁၁:၂၂) နှာကွင်းသည် သမ္မာကျမ်းစာခေတ်၌ ခေတ်စား၏။ အလွန်လှပတင့်တယ်၍ များသောအားဖြင့် ရွှေအတိဖြင့်လုပ်၏။ ထို့ကြောင့် အမျိုးသမီးကိုယ်၌ အထင်ရှားဆုံးကားရွှေတန်ဆာဖြစ်သည်မှာ ဆိုဖွယ်မရှိ။
သို့ဖြစ်၍ နယပုံပြင်ကျမ်းက “သမ္မာသတိမရှိ” သောမိန်းမလှတစ်ဦးကို “ဝက်မ နှာခေါင်းဖျား၌ တပ်သော ရွှေတန်ဆာ” နှင့်နှုင်းယှဉ်သည်မှာ လျော်ကန်လှ၏။ လှပသော ၎င်းတန်ဆာသည် ဆင်ခြင်ဉာဏ်ကင်းမဲ့သောမိန်းမနှင့်မလိုက်ဖက်၊ သူ့ကိုယ်ပေါ်၌ အချည်းနှီးဖြစ်သည်။ ကြာသော် သူ့အား ရှုချင့်စဖွယ် မဖြစ်စေနိုင်တော့။ ထည်ဝါတင့်ဆန်းသောရွှေနှာကွင်းဖြင့် ဝက်ကိုတန်ဆာဆင်သည်နှင့်မခြားပါတကား! ထို့ကြောင့် လူတစ်ယောက်၏အတွင်းသဏ္ဌာန်ကိုလျစ်လျူရှုကာ၊ ရုပ်ရည်ကိုမှ ‘ချစ်ကြိုက်’ မိလျှင် မဟာအမှားပါတကား။
“အစဉ်းလဲဆုံးသောအရာ”
သို့သော် အချို့နှလုံးသားမှ ဆိုလာလျှင် မှားသည်မရှိ ဟုထင်မှတ်ကြသည်။ ‘နှလုံးသား ပြောသောစကားကိုသာ နားထောင်ပါ။’ ‘အချစ်စစ် အချစ်မှန်ကိုသိရပါလိမ့်မယ်!’ ဟုအခြေအတင်ပြောကြ၏။ ဝမ်းနည်းဖွယ်ကား၊ ၎င်းသည်အဖြစ်မှန်နှင့် လားလားကြီးဆန့်ကျင်၏။ ၁၈ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များအား စစ်တမ်းထုတ်ကြည့်ရာ၊ ၁,၀၇၉ ယောက်သောသူက ၎င်းအချိန်အထိ၊ ပျမ်းမျှ အချစ်ပွဲ ခုနစ်ပွဲ နွှဲခဲ့ကြကြောင်း တင်ပြကြသည်။ အများက မိမိတို့၏ ယခင်ချစ်ရေးကိစ္စမှာ တဒင်္ဂသာဖြစ်သော အရူးအမူးချစ်ခြင်းမျိုးသာဖြစ်ကြောင်း ဝန်ခံကြသည်။ သို့ပါသော်လည်း၊ အဆိုပါ လူငယ်များက “မိမိတို့လက်ရှိအချစ်မှာ အချစ်စစ်အချစ်မှန်ဖြစ်သည်ဟု တစ်လေသံတည်းဖြင့်ဖော်ပြကြသည်”! သို့သော် နောင်တစ်နေ့၌ သူတို့အများထုကလက်ရှိအချစ်ကို ယခင်ကအချစ်မျိုးလို—အရူးအမူးအချစ်အဖြစ် —မြင်လာဖို့အကြောင်းကများ၏။
ကြေကွဲစရာမှာ၊ နှစ်စဉ် အထောင်အသောင်းသောစုံတွဲတို့သည် ‘အချစ်စစ်အချစ်မှန်’ မှတ်ပြီး လက်ထပ်ခဲ့ကြရာ မကြာမီအချိန်တွင်း မဟာအမှားကြီး မှားခဲ့ကြသည်ကိုတွေ့ရလေသည်။ လိင်၊ အချစ်၊ သို့မဟုတ် အရူးအမူးအချစ် ဟူသောစာအုပ်၌ ရေးရှော့က “သိုးများသည် သားသတ်ရုံသို့သွားကြသည့်အလား၊ အမျိုးသား၊ အမျိုးသမီးတို့သည် [အချစ်စိတ်မွှန်ခြင်း] ၏ဖြားယောင်းမှုကြောင့်၊ သံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားကာ အိမ်ထောင်ပြုကြသည်တကား” ဟုရေးသားလိုက်သည်။
“မိမိနှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏။” (သု. ၂၈:၂၆) ကျွန်ုပ်တို့နှလုံး၏ ပိုင်းဖြတ်ချက်သည် အလွဲလွဲအမှားမှား အဖြစ်များလိုက်လေခြင်း။ စင်စစ် သမ္မာကျမ်းစာက “နှလုံးသည် အစဉ်းလဲဆုံးသောအရာဖြစ်သည်” ဟုဆို၏။ (ယေရမိ ၁၇:၉၊ သက်ဝင်ကျမ်း) အထက်တွင် နယပုံပြင်ကျမ်းက ဤသို့ဆက်၍ဆို၏– “ပညာသတိနှင့်ကျင့်သောသူမူကား ဘေးလွတ်တတ်၏။” သင်လည်း သမ္မာကျမ်းစာ၌ဖော်ပြသောမေတ္တာစစ်—ဘယ်တော့မျှအရေးမနိမ့်သောမေတ္တာကို အရူးအမူးအချစ်နှင့် ဂဃနဏ ခွဲခြားသိမြင်လျှင် အခြားလူငယ်များကြုံရသောဘေးနှင့် စိတ်ပျက်စရာများမှ လွတ်ကင်းနိုင်ပါမည်။
မေတ္တာစစ်နှင့်အရူးအမူးအချစ်တို့၏ကွဲပြားဆန့်ကျင်မှု
၂၄ နှစ်အရွယ် ကယ်လ်ဗင်က “အရူးအမူးအချစ်ဟာ မျက်ကန်း။ ကန်းပြီးနေချင်တဲ့အချစ်။ အဖြစ်မှန်ကို မျက်နှာလွှဲတယ်” ဟူ၍ဝန်ခံ၏။ ကင်ညာဆိုသူ ၁၆ နှစ် အရွယ် မိန်းကလေးက ထပ်ဆင့်၍ ဤသို့ဆို၏၊ “လူတစ်ယောက်ပေါ် အချစ်စိတ်မွှန်ပြီဆိုရင် သူဘာလုပ်လုပ် ခြောက်ပြစ်ကင်းလို့ပဲထင်တယ်။”
အရူးအမူးအချစ်သည် မေတ္တာတု။ စိတ်ကူးယဉ်ပြီး အတ္တဆန်သည်။ အချစ်စိတ်မွှန်သူတို့က ‘ငါ သူ့အပါးမှာနေရတာ သိက္ခာရှိတယ်။ ငါအိပ်မပျော်ဘူး။ ဆန်းကျယ်လွန်းလို့ ငါမယုံနိုင်လောက်အောင်ဘဲ’ ဟူ၍တစ်မျိုး၊ ‘သူ့ကြောင့် ငါတကယ်ပဲ စိတ်ထဲအေးမြနေတာ’ ဟူ၍တစ်ဖုံ ပြောသည့်ဉာဉ်ရှိကြ၏။ “ငါ” ဟူ၍ အကြိမ်မည်မျှသုံးနှုန်းကြသည်ကို သတိပြုပါ။ အတ္တစိတ်ပေါ်အခြေပြုသောဆက်ဆံမှုသည် မုချပျက်သုဉ်းအံ့! သို့ရာတွင် မေတ္တာစစ်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏အနက်ဖွင့်ချက်ကို သတိပြုပါ– “မေတ္တာသည် သည်းခံတတ်၏။ ကြင်နာသနားတတ်၏။ မနာလိုစိတ်မရှိ။ ... ကြွားဝါမှုမရှိ။ မာန်မာနမရှိ။ မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။”—၁ ကောရိန္သု ၁၃:၄၊ ၅၊ သက။
ကျမ်းစာမူပေါ် အခြေပြုသောမေတ္တာသည် “ကိုယ်ကျိုးကိုမရှာတတ်” သဖြင့် အတ္တမဆန်၊ တစ်ကိုယ်ကောင်းစိတ်လည်းမရှိ။ စုံတွဲတစ်တွဲသည် တစ်ဦးပေါ်တစ်ဦး ပြင်းပြသောအချစ်စိတ်ဖြင့် စွဲမက်ကြမည်မှန်သော်လည်း ဆင်ခြင်ဉာဏ်၊ အချင်းချင်းလေးစားမှုဖြင့်ထိန်းထားပေသည်။ သင်၌ အချစ်စစ်အချစ်မှန်ရှိလျှင် ကိုယ်နှင့်အမျှ တစ်ဖက်သားအကျိုးနှင့်စိတ်ချမ်းမြေ့မှုကို ရှေ့ရှုပါလိမ့်မည်။ စိတ်လှုပ်ရှားမှု၏စိုးမိုးခြင်းကိုခံပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့စွာကျင့်ကြံမည်မဟုတ်။
မေတ္တာစစ်၏သာဓကတစ်ရပ်
သမ္မာကျမ်းစာပါ ယာကုပ်နှင့်ရာခေလတို့၏အတ္ထုပ္ပတ္တိသည် ပေါ်လွင်သောသာဓကတစ်ရပ်ဖြစ်၏။ ရာခေလသည် ဖခင်၏သိုးများကိုရေတိုက်ဖို့ ရေတွင်းသို့အလာ ယာကုပ်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရာခေလသည် “အဆင်းသဏ္ဌာန်လှ၍ မျက်နှာလည်း ရှုချင်ဖွယ်ဖြစ်” သောကြောင့်သာ ယာကုပ်ကသူ့ပေါ်ချက်ချင်း စိတ်ညွတ်ခဲ့သည်မဟုတ်။ သူမသည် ယေဟောဝါဝတ်ပြုသူတစ်ဦးဖြစ်၍တည်း။—ကမ္ဘာဦး ၂၉:၁-၁၂၊၁၇၊ကဘ။
ယာကုပ်သည် ရာခေလ၏မိသားစုနှင့် တစ်လတင်းတင်း နေထိုင်ခဲ့သည့်နောက် မိမိသည် ရာခေလကိုချစ်မိကြောင်း၊ သူမနှင့်လက်ထပ်လိုကြောင်းစကားဆိုလာသည်။ အချစ်စိတ်မွှန်ခြင်းသာ ဟုဆိုမည်လော။ လုံးဝမဟုတ်! သူသည် တစ်လအတွင်း ရာခေလအား နဂိုအခြေအနေအောက်၌ မြင်နိုင်ခဲ့သည်—မိဘမှအစ အခြားသူများအပေါ် ရာခေလ၏ဆက်ဆံပုံ၊ သိုးထိန်းကျောင်းပုံ၊ ယေဟောဝါ၏ဝတ်ပြုရေးကို မည်မျှအလေးအနက်ထားပုံ စသည်တို့ကို ယာကုပ်က အကဲခတ်နိုင်ခဲ့ပေသည်။ သူမ၏ “အကောင်း” နှင့် “အဆိုး” နှစ်မျိုးစလုံးကို တွေ့ခဲ့မည်မုချ။ သို့ဖြစ်၍ သူမအပေါ်ထားရှိသောမေတ္တာသည် ထိန်းမနိုင်သည့်စိတ်လှုပ်ရှားမှုမဟုတ်။ ဆင်ခြင်ဉာဏ်နှင့် လေးမြတ်မှုပေါ်အခြေပြုသော တစ်ကိုယ်ကောင်းစိတ်ကင်းသည့်မေတ္တာဖြစ်ပေသည်။
သို့ဖြစ်ရကား၊ ယာကုပ်က မိမိသည် ရာခေလကိုဇနီးအဖြစ်ရယူရန် သူမ၏ဖခင်အတွက် ခုနစ်နှစ်အလုပ်လုပ်ဖို့သဘောတူကြောင်း ထုတ်ဖော်ပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ အရူးအမူးချစ်ခဲ့ခြင်းဖြစ်လျှင် ဤမျှတိုင် တာရှည်ခံနိုင်ခဲ့မည်မဟုတ်! အတ္တမဆန် သူမအကျိုးကိုတကယ်လိုလားသော အချစ်စစ်ရှိခဲ့၍သာ ထိုမျှကြာညောင်းသောအချိန်ကို “ရက်အနည်းငယ်ပမာ” သူထင်မှတ်ခဲ့ခြင်းဖြစ်သည်။ မေတ္တာစစ်ရှိကြ၍လည်း ထိုကာလပိုင်းအတွင်း အပျိုရည်သန့်သန့် နေနိုင်ခဲ့ကြပေသည်။—ကမ္ဘာဦး ၂၉:၂၀၊ ၂၁။
အချိန်လိုသည်!
ထို့ကြောင့် မေတ္တာစစ်သည် အချိန်၏တိုက်စားမှုကိုမဖြုန်။ စင်စစ်၊ တစ်ယောက်သောသူနှင့်ပတ်သက်သော သင့်ခံစားချက်ကို စမ်းသပ်ရာ၌ အကောင်းဆုံးနည်းမှာ အချိန်အချို့ကုန်လွန်စေခြင်းပင်ဖြစ်၏။ ထို့ပြင်၊ စန်ဒရာ အမည်ရှိမိန်းမငယ်တစ်ဦးပြောသကဲ့သို့ပင်– “လူတစ်ယောက်က ‘ငါဟာဒီလိုလူစားပဲ။ ခုငါ့အကြောင်း အကုန်သိရောပေါ့’ ဆိုပြီး တစ်ခွန်းတည်းပြောလိုက်ရုံနဲ့ သူ့ပင်ကိုယ်စရိုက်ကိုအကုန်အစင် သိနိုင်တာမဟုတ်ဘူး။” မိမိစိတ်ဝင်စားသောသူအကြောင်းကို သိဖို့အချိန်လိုသည်။
အချိန်ပေးခြင်းဖြင့် မိမိလည်း သမ္မာကျမ်းစာ၏ရောင်ခြည်အောက်တွင် မိမိ၏အချစ်ကို ဆန်းစစ်ကြည့်နိုင်သည်။ မေတ္တာသည် “မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်” ကြောင်းသတိရပါ။ သင့်အပေါင်းအဖော်သည် သင့်ကြံရွယ်မှုများအောင်မြင်စေလိုသည့်ဆန္ဒပြင်းပြသလော—သို့တည်းမဟုတ်၊ သူ သို့မဟုတ် သူမ၏ကြံရွယ်ချက်အောင်မြင်ဖို့လောက်သာကြည့်သလော။ သူသည် သင့်ယူဆချက်နှင့်ခံစားချက်ကိုလေးစားသလော။ တစ်ကိုယ်ကောင်းဆန်သော ရာဂစိတ်ကိုဖြေသိပ်လိုသဖြင့် တကယ်ပင် ‘မလျောက်ပတ်သောအမှု’ ကိုပြုဖို့ သင့်အားတိုက်တွန်းသလော။ သင့်အား လူရှေ့သူရှေ့ချိုးနှိမ်သလော။ သို့မဟုတ် ချီးမြှင့်သလော။ ယင်းသို့သောမေးခွန်းများမေးခြင်းဖြင့် မိမိ၏ခံစားချက်ကို ပို၍ဓမ္မဓိဋ္ဌာန်ကျကျ စိစစ်နိုင်မည်။
ဆင်ကန်းတောတိုးအချစ်မျိုးသည် ဘေးဒုက္ခကိုလက်ယပ်ခေါ်၏။ ၂၀ အရွယ် ဂျီလ်ဆိုသူက “ကျွန်မဟာ အချစ်ရေစီးကြောင်းထဲအလောသုံးဆယ် ခုန်ဆင်းပြီး နက်နက်ရှိုင်းရှိုင်း ကူးခဲ့တယ်” ဟုဆို၏။ နှစ်လမျှ ချစ်လေပွေတိုက်၍အဆုံး၊ လက်ထပ်တော့သည်။ သို့သော် ယခင်က ငုပ်လျှိုးနေသည့် အနာအဆာများပြူထွက်လာလေသည်။ ဂျီလ်သည် မိမိ၏ပူပန်မှုအချို့နှင့် အတ္တစိတ်တည်းဟူသော ဇာတိရုပ်လုံးကို ပြလာသည်။ သူမ၏ခင်ပွန်း ရစ်ခ်သည်လည်း အချစ်ညှို့ဓာတ်ပြေ၍ တစ်ကိုယ်ကောင်းဆန်လာသည်။ အိမ်ထောင်သက်နှစ်နှစ်ကြာပြီးနောက် တစ်နေ့သော်၊ ဂျီလ်သည် မိမိခင်ပွန်းအား “ဆန်ကုန်မြေလေး၊” “ငပျင်း၊” “လူပျော့” ယောက်ျားမျိုးဟု အော်ကြီးဟစ်ကျယ် ဆိုလေသည်။ ရစ်ခ်က ဂျီလ်၏မျက်နှာကို လက်သီးဖြင့်ထိုး၏။ ဂျီလ်လည်း မျက်ရည်မျက်ခွက်နှင့် အိမ်ထဲမှ တစ်ဟုန်ထိုး ဆောင့်ထွက်သွားလေ၏—သူတို့၏အိမ်ထောင်ရေးလည်း ဤမျှနှင့်စခန်းသိမ်းခဲ့လေသည်။
သမ္မာကျမ်းစာသြဝါဒကိုလိုက်နာခဲ့ပါမူ သူတို့အိမ်ထောင် ပြိုကွဲခဲ့မည်မဟုတ်။ (ဧဖက် ၅:၂၂-၃၃) သို့သော် လက်မထပ်မီ တစ်ယောက်ကိုတစ်ယောက် ကောင်းစွာသိကျွမ်းခဲ့လျှင်လည်း ခုလိုဖြစ်ချင်မှဖြစ်မည်! သူတို့၏ချစ်ခဲ့သည့်အရာသည်လည်း “ရုပ်” မဟုတ်ဘဲ၊ အကောင်းအဆိုးဒွန်တွဲလျက်နေသော တကယ့်ပင်ကိုယ်လူ ဖြစ်ခဲ့ပေမည်။ သူတို့မျှော်လင့်ခဲ့သည့်အရာများလည်း အစွဲအလမ်းနှင့် ပို၍ကင်းရှင်းခဲ့ပေမည်။
မေတ္တာစစ်သည် ညတွင်းချင်း ပေါက်ဖွားမလာပါ။ ကောင်းသောအိမ်ထောင်ဖက်ဖြစ်မည့်သူသည် အလွန်စွဲမက်စရာကောင်းသူတစ်ဦး ဖြစ်ချင်မှလည်းဖြစ်မည်။ ဥပမာ၊ ဘာဘရာသည် ပျိုရွယ်သူအမျိုးသားတစ်ယောက်ကိုတွေ့ခဲ့သည်။ ထိုသူသည် အစပိုင်း၌—အလွန်စွဲမက်စရာ လူတစ်ယောက်မဟုတ်ခဲ့ကြောင်း ဘာဘရာဝန်ခံ၏။ “ဒါပေမဲ့ ကျွန်မသူ့ကိုသိကျွမ်းလာသည်နှင့်အမျှ အရင်လိုမဟုတ်တော့ဘူး။” ဘာဘရာက ဇာတ်လှန်၏– “စတီဖင်ဟာ သူများအကျိုးကိုလိုလားပြီး သူ့အကျိုးထက်ကို ပိုပြီးရှေ့ရှုတတ်တယ်ဆိုတာ ကျွန်မတွေ့ရတယ်။ ဒါတွေဟာ လင်ကောင်းတစ်ယောက်ရဲ့ကြန်အင်ဖြစ်မှန်း ကျွန်မနားလည်ပါတယ်။ ဒါနဲ့ သူ့ကိုစိတ်ပါလာပြီး သူ့ကိုချစ်လာမိတယ်။” သို့နှင့်၊ ခိုင်မြဲသောအိမ်ထောင် ဖြစ်လာပါသည်။
သို့ဖြစ်၍ အချစ်စစ် အချစ်မှန်ကို သင်မည်သို့ခွဲခြားနိုင်သနည်း။ သင့်နှလုံးသားက စကားပြောချင်ပြောမည်။ သို့သော် သမ္မာကျမ်းစာဖြင့်လေ့ကျင့်ထားသောဉာဏ်ကိုအားထားပါ။ အပေါ်ယံ “ရုပ်” အလွှာကိုထိုးဖောက်၍ တစ်ဖက်သားအကြောင်း ကောင်းစွာသိကျွမ်းအောင်လုပ်ပါ။ ခင်မင်သိကျွမ်းမှုကို ပန်းလိုပွင့်လာဖို့ အချိန်ပေးပါ။ အရူးအမူးချစ်ခြင်းသည် တစ်ခဏချင်း အဖျားဒီဂရီ အထွတ်အထိပ်သို့ တက်ပြီးနောက် ပျောက်ပြယ်သွားတတ်ကြောင်း သတိရပါ။ အချစ်စစ်မူကား၊ အချိန်ကုန်လွန်သည်နှင့်အမျှ ကြီးထွားသန်စွမ်းလာပြီး “စည်းလုံးမှု၏ စုံလင်သောအနှောင်အဖွဲ့” ဖြစ်လာသတည်း။—ကောလောသဲ ၃:၁၄။
ဆွေးနွေးရန်မေးခွန်းများ
◻ရုပ်ရည်ကိုကြည့်ပြီးချစ်ကြိုက်ခြင်းသည် အဘယ်ကြောင့်အန္တရာယ်များသနည်း။
◻အချစ်စစ်ကိုဝေခွဲရာ၌ သင့်နှလုံးကို သင်အားထားနိုင်သလော။
◻မေတ္တာနှင့် အရူးအမူးအချစ်တို့၏ခြားနားချက်အချို့ကား အဘယ်နည်း။
◻အဘယ်ကြောင့် သမီးရည်းစားများ လက်တွဲဖြုတ်တတ်ကြသနည်း။ သို့ပြုတိုင်း မှားသည်ဆိုမည်လော။
◻အချစ်စခန်းသိမ်း၍ အပယ်ခံရလျှင် စိတ်ကိုမည်သို့ဖြေဖျောက်နိုင်သနည်း။
◻အချိန်ယူပြီး တစ်ယောက်ကိုတစ်ယောက် သိကျွမ်းအောင်ပြုဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။
[စာမျက်နှာ ၂၄၂ ပါအကျဉ်းဖော်ပြချက်]
လူကိုချစ်တာလား၊ “ရုပ်” ကို ချစ်တာလား
[စာမျက်နှာ ၂၄၇ ပါအကျဉ်းဖော်ပြချက်]
“အရူးအမူးအချစ်ဟာ မျက်ကန်း။ ကန်းပြီးနေချင်တဲ့အချစ်။ အဖြစ်မှန်ကို မျက်နှာလွှဲတယ်။”—၂၄ နှစ်အရွယ်ယောက်ျား
[စာမျက်နှာ ၂၅၀ ပါအကျဉ်းဖော်ပြချက်]
“အခုဆိုရင်၊ ‘နေကောင်းပါသလားရှင်’ ဆိုတာလောက်ပဲ ပြောနိုင်တော့တယ်။ ဘယ်သူ့ကိုမှ အနားအကပ်မခံတော့ဘူး”
[စာမျက်နှာ ၂၄၈၊ ၂၄၉ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ
ကိုယ်လက်ထပ်မည့်သူမှာ သူပင်ဖြစ်ကြောင်း သင်သဘောပေါက်ခဲ့သည်။ သူနှင့် တူနှစ်ကိုယ်နေရသည်မှာလည်း ကြည်နူးစဖွယ်၊ ဝါသနာကလည်းအတူတူ တစ်ယောက်ကိုတစ်ယောက်လည်း ခုံမင်နှစ်သက်မိသည်။ သို့သော် ၎င်းဆက်ဆံမှုသည် ဒေါသအိုးပေါက်ကွဲခြင်းနှင့်အတူ ရုတ်ခြည်းပျက်ပြားသွား၏—မျက်ရည်စီးကြောင်းနှင့်အတူ ပျော်ဝင်ပျောက်လွင့်ခဲ့ရလေပြီ။
မေတ္တာဓာတ်ပြုပုံ ဟူသောစာအုပ်၌ ဒေါက်တာ မိုက်ကယ် လိုင်ဘိုဝစ်ဇ်က မေတ္တာသက်ဝင်ခြင်းကို မူးယစ်ဆေးဝါး၏တန်ခိုးအာနိသင်နှင့် နှိုင်းယှဉ်၏။ ထိုသို့သောအချစ် ခန်းခြောက်သောအခါ မူးယစ်ဆေးဝါးကဲ့သို့ ပြင်းထန်သော ‘ဆေးဖြတ်ဝေဒနာလက္ခဏာ’ ဖြစ်ပေါ်လာနိုင်သည်။ အရူးအမူးအချစ်နှင့် ‘အချစ်စစ်’ ဟူ၍လည်း ခွဲခြားမှုမရှိပါ နှစ်မျိုးစလုံး လူကိုယစ်မူးစေလောက်အောင် ပျော်မြူးကြည်နူးစေနိုင်သလို—ရွှေလက်တွဲဖြုတ်သောအခါ ရင်ကွဲနာကျပြီး ဝမ်းနည်းပက်လက်ဖြစ်စေနိုင်သည်။
လက်တွဲဖြုတ်ရာမှ ခံစားရသောအပယ်ခံ ခံစားချက်၊ နာကြည်းမှုနှင့်ဒေါသတို့ကြောင့် သင်သည်နောင်ရေးကိုစိတ်နာမိပေမည်။ မိန်းမငယ်တစ်ဦးက ရည်းစား၏စွန့်ပစ်ခြင်းကိုခံခဲ့ရသည့်အတွက် ‘အချစ်ဒဏ်’ အလူးအလိမ့် ခံလိုက်ရသည်ဟုဆို၏။ “အခုဆိုရင်၊ [ယောက်ျားတွေကို နှုတ်ဆက်ရင်] ‘နေကောင်းပါသလားရှင်’ ဆိုတာလောက်ပဲ ပြောနိုင်တော့တယ်။ ဘယ်သူ့ကိုမှ အနားအကပ်မခံတော့ဘူး။” လူတစ်ယောက်ပေါ် သံယောဇဉ်ကြီးမားလေလေ။ ရွှေလက်တွဲဖြုတ်ဒဏ်လည်း နက်ရှိုင်းလေလေဖြစ်၏။
မှန်ပေသည်၊ လွတ်လပ်စွာပိုးပန်းခြင်းနှင့်အတူ ပေးဆပ်ရသောအဖိုးအခမှာလည်း ကြီးမားလှ၏– ၎င်းမှာ အပယ်ခံဖြစ်ဖို့အကြောင်းပင်တည်း။ မေတ္တာစစ် ဧကန်ရှင်သန်မည်ဟူသော အာမခံချက် မရှိပါ။ ထို့ကြောင့် တစ်ယောက်သောသူက စိတ်ရင်းမှန်ဖြင့် သင့်ကိုပိုးပန်းခဲ့သော်လည်း နောက်ပိုင်း၌ လက်ထပ်ဖို့မသင့်ဟု ဆုံးဖြတ်ပါက သင့်အပေါ်မတရားပြုရာကျသည်ဟု တပ်အပ်မဆိုနိုင်ပါ။
ပြဿနာမှာ၊ အလိမ္မာဆုံး၊ အကြင်နာဆုံးနည်းဖြင့် ရွှေလက်တွဲဖြုတ်သည်တိုင်အောင်။ ကြေကွဲနာကြည်းမှု မလွဲမသွေခံစားရမည်ဖြစ်သည်။ သိက္ခာကျသည်ဟုထင်စရာအကြောင်းမရှိ။ သင့်ကိုသူ “မျက်စိမကျ” သည့်အတွက် နောက်တစ်ယောက်လည်း သင့်ကိုမျက်စိမကျဟုမဆိုနိုင်!
ပျက်သုဉ်းခဲ့သည့်ချစ်ရေးကို ခေါင်းအေးအေးဖြင့် လက်ခံလိုက်ပါ။ ခုလိုလက်တွဲဖြုတ်ခြင်းက သူ့၏စိတ်လှုပ်ရှားမှုပိုင်း၌ မရင့်ကျက်မှု၊ စိတ်မပိုင်နိုင်မှု၊ အခြေအနေနှင့် လိုက်လျောညီထွေစွာ မကျင့်ကြံတတ်ခြင်း၊ သည်းခံခြင်းတရားကင်းမဲ့မှု၊
သင့်အပေါ်စာနာမှုမရှိခြင်းစသော သူ၏မနှစ်မြို့ဖွယ်စရိုက်များကို မီးမောင်းထိုးပြသလို ဖြစ်ချင်ဖြစ်မည်။ ၎င်းတို့သည်ခင်ပွန်းကောင်းတစ်ယောက်၏ကြန်အင် လုံးဝမဟုတ်။သို့သော် သင်ကသူနှင့်အတူ သာယာသောအိမ်ထောင် ဆောက်တည်နိုင်သည်ဟု အခိုင်အလုံယုံကြည်ပါလျက်နှင့်၊ သူကတစ်ဖက်သတ်လက်တွဲဖြုတ်ခြင်းဖြစ်လျှင် မည်သို့နည်း။ သင့်ခံစားချက်ကို သူ့အား ထုတ်ဖော်ပြောကြားခွင့်ရှိပေသည်။ အထင်လွဲ၍ဖြစ်ချင်ဖြစ်မည်။ ဆူညံဆူညံလုပ်လျှင် ဘာမျှအရာရောက်မည်မဟုတ်။ သူက လမ်းခွဲရမည်ဟု တင်းခံလျှင် ကိုယ့်အပေါ် ခံစားချက်ကင်းမဲ့သူတစ်ဦး၏မေတ္တာကိုရဖို့ အောက်ကျို့ပြီး မျက်ရည်ခံထိုးစရာမလို။ ရှောလမုန်က “စောင့်ထိန်းရန်အချိန်နှင့် စွန့်ပစ်ရန်အချိန်” ရှိသည်ဟုဆိုပါသည်။—ဒေသနာ ၃:၆။ သမ။
နဂိုကတည်းက အပျော်ကြံဖို့လောက်သာ သင့်အားအသုံးပြုခဲ့သည်ဟု ထင်မှတ်ရန် သင်၌ခိုင်လုံသောအကြောင်းရှိလျှင် မည်သို့နည်း။ ကလဲ့စားချေဖို့မလိုပါ။ သူ့၏ကောက်ကျစ်စဉ်းလဲခြင်းကို ဘုရားသခင် မသိဘဲမနေ။ ကိုယ်တော့်နှုတ်ကပါဌ်တော်က ဤသို့ဆို၏– “ရက်စက်သောသူမူကား မိမိကိုယ်ကို ဒုက္ခရောက်စေတတ်၏။”—သု. ၁၁:၁၇၊ သမ္မ; သု. ၆:၁၂-၁၅ နှိုင်းယှဉ်။
ရံဖန်ရံခါ သင်သည် အတိတ်က အချစ်ဇာတ်လမ်း၏ခြောက်လှန့်မှုကိုခံရပြီး လွမ်းနာကျလျက်နေချင်နေမည်။ ထိုအခါမျိုး၌ ချုံးပွဲချငိုပစ်လိုက်ပါ။ အလုပ်များလျက်နေလျှင်လည်း အထောက်အကူရ၏။ ကိုယ်လက်လှုပ်ရှားရသောအလုပ်မျိုး သို့မဟုတ် ခရစ်ယာန်ဓမ္မအမှုများဆောင်ရွက်လျက်နေပါ။ (သု. ၁၈:၁) ရွှင်လန်းစရာများ၊ တည်ဆောက်ဖွယ်သောအရာများအပေါ် အာရုံပြုလျက်နေပါ။ (ဖိလိပ္ပိ ၄:၈) ခင်မင်သူတစ်ဦးထံ ရင်ဖွင့်ပါ။ (သု. ၁၈:၂၄) သင့်ကိုသင် လူလားမြောက်ပြီဟုယူမှတ်သည်ပဲထား၊ မိဘများလည်း နှစ်သိမ့်မှုများစွာ ပေးနိုင်ပေသည်။ (သု. ၂၃:၂၂) ထို့ထက်ကား၊ ယေဟောဝါထံရင်ဖွင့်ပါ။
တစ်ကြိမ်အသဲကွဲပြီးနောက်၌ မိမိ၏ပင်ကိုယ်စရိုက်အချို့ကို ပြုပြင်ရန်လိုအပ်ကြောင်း နားလည်လာပေမည်။ မည်သို့သောအိမ်ထောင်ဖက်ကို ရလိုသည်နှင့်ပတ်သက်၍ သင်၏အမြင်ပို၍ရှင်းလင်းလာခဲ့ပေမည်။ သင်သည် အချစ်တစ်ပွဲ ဆုံးရှုံးခဲ့ပြီဖြစ်ရကား နောက်တစ်ယောက်ကို တွေ့ပြန်လျှင် ဉာဏ်အလိမ္မာသုံးလျက် ပိုးပန်းတော့မည်ဖြစ်၏—နောက်တစ်ယောက်ကိုတွေ့ဖို့ အခွင့်လမ်းလည်း သင်ထင်သလောက် မရှားပါ။
[စာမျက်နှာ ၂၄၅ ပါဇယား]
မေတ္တာလား၊ အရူးအမူးအချစ်လား
မေတ္တာ အရူးအမူးအချစ်
၁။ တစ်ကိုယ်ကောင်းမကြံ ၁။ တစ်ကိုယ်ကောင်းဆန်သည်။ ချုပ်ချယ်လွန်းသည်။
တစ်ဖက်သား ‘သူငါ့အတွက်ဘာလုပ်ဆောင်ပေးသလဲ’
အကျိုးကိုသယ်ပိုးသည် ဟူ၍စဉ်းစားတတ်သည်
၂။ ရုတ်ခြည်း ချစ်စိတ်မဝင်၊ ၂။ အချစ်မြန်သည်၊ နာရီပိုင်း သို့မဟုတ်
နှစ်ရှည်လများကုန်လွန်သည့်နောက်မှ ရက်ပိုင်းအတွင်း
မေတ္တာဝင်လာ၏ ဖြစ်ချင်ဖြစ်မည်
၃။ တစ်ဖက်သား၏ပင်ကိုယ်စရိုက်တစ်ခုလုံးနှင့် ၃။ တစ်ဖက်သား၏ရုပ်ရည်ကို ခုံမင်စွဲမက်မိသည်။
ဝိညာဏအရည်အသွေးများ၏ စိတ်ဝင်စားမိသည် (‘သူ့မျက်လုံးတွေ ဆွဲဆောင်မှုကို ခံရသည် စိတ်ကူးယဉ်ဆန်လိုက်တာ။’
‘သူ့ကိုယ်လုံးလေးက လှမှလှ’)
၄။ သင့်အား သာ၍ကောင်းသောပုဂ္ဂိုလ် ၄။ ဖျက်ဆီးနိုင်စွမ်း၊ ဖရိုဖရဲဖြစ်စေနိုင်
တစ်ဦး ဖြစ်စေနိုင်သည့်အာနိသင်ရှိသည် စွမ်းရှိသည်
၅။ တစ်ဖက်သားကိုအရှိအတိုင်းရှုမှတ်တတ်သည်။ ၅။ လက်တွေ့မဆန်။ တစ်ဖက်သားကို သူ့အနာအဆာကိုမြင်သော်လည်း ခြောက်ပြစ်ကင်းဟုထင်မှတ်သည်။
ချစ်မြဲချစ်၏ တစ်ဖက်သား၌ ကြီးမားသောအနာအဆာရှိကောင်းရှိမည်ဟု သံသယဖြစ်လျက်နှင့် လျစ်လျူရှုသည်
၆။ သဘောကွဲလွဲသော်လည်း ၆။ မကြာမကြာ စကားများသည်။ ထုတ်ဖော်ဆွေးနွေး၍ ဘာကိုမျှမယ်မယ်ရရ မဖြေရှင်းနိုင်။
ဖြေရှင်းနိုင်သည်ကိုတွေ့ရသည် “အနမ်း” ဖြင့် ဖြေရှင်းသည်က များ၏
၇။ တစ်ဖက်သားအား ၇။ ရယူခြင်း၊ အထူးသဖြင့်
ပေးလိုကမ်းလို ကာမစည်းစိမ်ရယူခြင်းကို
ဝေခွဲလိုသောဆန္ဒရှိသည် အထူးအလေးပေးသည်
[စာမျက်နှာ ၂၄၄ ပါရုပ်ပုံ]
ရုပ်ချောသလောက် ဆင်ခြင်ဉာဏ်မဲ့သောယောက်ျား သို့မဟုတ် မိန်းမသည် ‘ဝက်နှာခေါင်း၌တပ်သော ရွှေနှာကွင်းနှင့်မခြားပါ’
[စာမျက်နှာ ၂၄၆ ပါရုပ်ပုံ]
လူသူရှေ့ သင့်ကိုအမြဲချိုးနှိမ်သောသူသည် သင့်အပေါ်အချစ်စစ်မဲ့သူဖြစ်ဖို့ အကြောင်းများသည်