ငါဘာကြောင့် ဒီလောက်တောင် အရှက်ကြီးရသလဲ
အခန်း ၁၅
ငါဘာကြောင့် ဒီလောက်တောင် အရှက်ကြီးရသလဲ
“ကျွန်မကိုမြင်တဲ့လူတိုင်းက ကျွန်မကိုလှမှလှဆိုပြီးတဖွဖွပြောကြတယ်” ဟုမိန်းမငယ်တစ်ဦးသတင်းဆောင်းပါးသို့ စာရေး၍ဆိုသည်။ သို့ပါလျက်နှင့်၊ သူဤသို့ဆက်၍ ရေးသားခဲ့သည်– “ကျွန်မမှာသူများနဲ့ စကားပြောရမှာခက်တဲ့ပြဿနာရှိနေတယ်။ သူများကိုကြည့်ပြီးစကားပြောရရင် ကျွန်မမျက်နှာတစ်ခုလုံးနီလာပြီး လည်ချောင်းက အသံတွေလည်းပိတ်ဆို့လာတယ်။ ... အလုပ်ခွင်မှာကျွန်မကို ‘မာနခဲ’ ဆိုပြီးပြောတာလဲ မနဲပါဘူးရှင်။ ကျွန်မသူများနဲ့မှ စကားမပြောတာ။ ... ကျွန်မမာနကြီးတာ မဟုတ်ရပါဘူးရှင်။ ရှက်လို့ပါ။”
စစ်တမ်းထုတ်ချက်တစ်ရပ်က မေးမြန်းခံရသူ ၈၀ ရာခိုင်နှုန်းသည်တစ်ချိန်တစ်ခါက ရှက်ခဲ့ဘူးကြောင်း၊ ၄၀ ရာခိုင်နှုန်းမှာယခုတိုင်မိမိတို့ကိုယ်ကို ရှက်တတ်သူအဖြစ်ယူမှတ်လျက် ရှိကြောင်းဖော်ပြပါသည်။ ရှေးအချိန်ကတည်းက လူသားများသည် ရှက်တတ်ခဲ့ကြသည်မှန်၏။ သမ္မာကျမ်းစာက မောရှေသည်ရှက်သဖြင့် ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူအဖြစ် ဣသရေလလူမျိုးများရှေ့ပြောဆိုရမည်ကို နောက်တွန့်ခဲ့ကြောင်း ရေးသားတင်ပြထားသည်။ (ထွက်မြောက်ရာ ၃:၁၁၊ ၁၃; ၄:၁၊ ၁၀၊ ၁၃) ခရစ်ယာန်တပည့်တော် တိမောသေသည်လည်း ရှက်ကြောက်၍မပြောရဲမဆိုဝံ့၊ မိမိလက်၌အပ်နှင်းထားသော အခွင့်အာဏာကိုကောင်းစွာမသုံးဘဲနေခဲ့ပုံရသည်။—၁ တိမောသေ ၄:၁၂; ၂ တိမောသေ ၁:၆-၈။
ရှက်ခြင်းဆိုသည်အဘယ်နည်း
ရှက်ခြင်းဆိုသည်မှာ၊ လူဘုံအလယ်—သူစိမ်းတစ်ရံ၊ အာဏာရှိသူ၊ လိင်ခြားသူရှေ့မဆိုထားနှင့်၊ သက်တူရွယ်တူများအလယ်မှာပင် အနေရခက်သည့်ခံစားချက်ကို ဆိုလိုသည်။ ကိုယ့်ကိုယ်ကို သိတတ်လွန်းခြင်းဖြစ်၍ နည်းအမျိုးမျိုးဖြင့် လူကိုနှိပ်စက်တတ်သည်။ ရှက်တတ်သူတို့သည်မျက်လွှာကို ချထားပြီးနှလုံးအခုန်မြန်လျက် စကားမထွက်နိုင်ဘဲနေကြရှာသည်။ အချို့ကမူ၊ ဣန္ဒြေမရ၊ ကရားရေလွှတ်တတွတ်တွတ် ပြောတတ်ကြသည်။ သို့သော်အချို့သည် မပြောရဲ၊ မဆိုရဲ၊
မိမိတို့၏ထင်မြင်ချက်နှင့် အကြိုက်ကိုမထုတ်ဖော်ဝံ့ဘဲရှိချေသည်။သို့ဆိုငြားလည်း၊ အမှန်အားဖြင့် အထိုက်အသင့်ရှက်ကြောက်ခြင်းသည် ကောင်းသည့်အပိုင်းလည်းရှိပေသည်။ ၎င်းသည်ကျိုးနွံခြင်း၊ စိတ်နှိမ့်ချခြင်းတို့နှင့် ဆက်နွယ်နေသည်။ ဘုရားသခင်လိုလားသော၊ ချီးမွမ်းတော်မူသော အရာများအနက်၊ ‘ဘုရားသခင်နှင့်အတူကျိုးနွံစွာလိုက်လျှောက်ခြင်း’ ပါဝင်သည်။ (မိက္ခာ ၆:၈၊ ကဘ) သတိပညာရှိ၍ အတင့်မရဲ၊ နိုင်ထက်စီးနင်းကျူးကျော်လိုခြင်းမရှိသည့် အသွင်ကိုဆောင်လျှင်အခြားအကျိုးရရှိနိုင်သည်။ အရှက်အကြောက်ရှိသူကို ကောင်းစွာနားစွင့်သူတစ်ဦးအဖြစ် လူတို့တန်ဖိုးထားတတ်ကြသည်။ သို့ရာတွင်၊ ရှက်ကြောက်ခြင်းကြောင့် မိမိတို့၏အစွမ်းအစကိုမမြင်၊ အသုံးမချဘဲနေလျှင်လည်းကောင်း၊ မိမိတို့၏ဆက်ဆံရေး၊ အလုပ်နှင့်ခံစားချက်တို့ကိုပါ ထိခိုက်ပျက်ပြားလာစေလျှင် တစ်ခုခုလုပ်ရန်အချိန်တန်ပြီ။
ကောင်းသောခြေလှမ်းအစမှာပြဿနာကို နားလည်ခြင်းဖြစ်သည်။ (သု. ၁:၅) ရှက်ခြင်းသည်မိမိအရည်အသွေးကိုမဖော်ထုတ်; မိမိအပြုအမူ၊ မိမိတုံ့ပြန်ပုံ၊ အခြားသူများနှင့်ဆက်ဆံရာမှ သင်အံသိရှိ၊ စွဲမြဲလာသောပုံစံကိုသာပြသည်။ သင်ကအခြားသူများသင့်အား ပြစ်တင်ဝေဖန်နေသည်၊ သင့်ကိုမနှစ်သက်ဟု ထင်မှတ်၏။ အခြားသူများသည် သင့်ထက်မြတ်သည်၊ ပုံမှန်သည်ဟုထင်မှတ်၏။ ကိုယ့်ကိုယ်ကို အခြားသူများနှင့်ဆက်နွယ်ကြည့်ဖို့ ကြိုးစားလျှင် ကမောက်ကမ ဖြစ်လိမ့်မည်ဟု ထင်မှတ်သည်။ ကသောင်းကနင်းဖြစ်ကုန်မည်ဟု မျှော်လင့်ထားသည်။ မျှော်လင့်သည့်အတိုင်းလည်းဖြစ်လာသည်။ အကြောင်းမှာ၊ သင်သည်စိတ်သက်သောင့်သက်သာမရှိ၊ မိမိထင်မြင်သည့်အတိုင်း ပြုမူသောကြောင့်ပင်တည်း။
သင့်ဘဝအပေါ် ရှက်ခြင်းကသက်ရောက်စေသောအကျိုးဆက်
မပြောရဲမဆိုဝံ့၊ ချောင်ကုတ်၍နေလျှင်သော်လည်းကောင်း၊ အခြားသူများကိုအရေးမလုပ်သည်အထိ ကိုယ်ကိုယ်ကိုဗျာများနေလျှင်လည်းကောင်း၊ သူတစ်ပါးအထင်အမြင်တွင် သင်သည်မာနခဲ၊ မဖော်ရွေသူ၊ ငြီးငွေ့သူဖြစ်နေရုံမက သူတစ်ပါးပေါ်အရေးမစိုက်သူ၊ အသိအမြင်ခေါင်သူပင်ဖြစ်သွားနိုင်သည်။ ကိုယ့်အကြောင်းကိုချည်းတွေးနေလျှင် ဆွေးနွေးနေသော အရာများပေါ်အာရုံစိုက်နိုင်တော့မည်မဟုတ်။ သို့ဖြစ်၍ လာသောသတင်းအချက်အလက်များကို ကောင်းစွာနားမထောင်။ သို့နှင့်ကြောက်ပါသည်ဆိုမှဘဲ ဖြစ်လာတော့သည်—သူများမျက်စိအောက် အရူးဖြစ်ရလေသည်။
အချုပ်ဆိုရလျှင်၊ သင်သည်ရှက်ခြင်းတည်းဟူသော အကျဉ်းထောင်အတွင်း ကိုယ့်ကိုယ်ကိုထောင်ချထားသည့် အပြင်ထောင်တံခါးသော့ကိုပါ လွှင့်ပစ်ခဲ့ချေပြီ။ အခွင့်အရေးများကို လက်လွှတ်လိုက်သည်။ ကိုယ်မလိုလားသောအရာများ၊ အခြေအနေများကိုမှလက်ခံ၏—အရင်းအမြစ်ကိုရှာသော်၊မိမိသည်မပြောရဲ မဆိုဝံ့၊မိမိ၏ထင်မြင်ချက်ကို မထုတ်ဖော်ဘဲနှုတ်ဆိတ်နေခြင်းကြောင့်ပင်တည်း။ မိမိသည်လူများနှင့်တွေ့ဆုံ မိတ်ဖွဲ့ခြင်းတည်းဟူသော ရွှင်လန်းမှုကိုအရှုံးခံ၏။ မိမိဘဝကိုစိုပြေစေမည့် အလုပ်များကိုလက်လွှတ်လိုက်လေပြီ။ အခြားသူများလည်း ဆုံးရှုံးကြရသည်။ သင့်အားအမှန်အတိုင်း မသိကျွမ်းနိုင်ကြ။
ရှက်ခြင်းကိုအနိုင်ယူ
အချိန်လုံ့လနှင့်အတူ၊ စရိုက်ကိုပြုပြင်နိုင်ပေသည်။ ဦးစွာ၊ ငါ့ကိုများသူတန်ဖိုးဖြတ်နေရော့လားဆိုကာ တွေးမပူနှင့်တော့။ သူဘာလုပ်မည်၊ ဘာပြောမည်ဆိုကာ သူကိုယ်တိုင်သူ့အတွေးနှင့် သူအလုပ်များနေချင်လည်းများနေမည်။ သူကကလေးဆန်ဆန်သင့်ကို နောက်ပြောင်လျှင် သူ့အမှားသာဟုနားလည်ပါ။ “ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကိုမထီမဲ့မြင်ပြုတတ်၏။” (သု. ၁၁:၁၂) မိတ်ဆွေပီသသူများသည် သင့်အပြင်ပန်းကိုမကြည့်၊ သင့်ဥပဓိရုပ်စစ်စစ်ကိုသာ ကြည့်ပြီးအကဲဖြတ်ပါသည်။
ထို့ပြင်အပြုသဘောပါပါ စဉ်းစားတတ်ပါ။ မည်သူမျှခြောက်ပြစ်ကင်းမဟုတ်။ အားသန်ချက်၊ အားနည်းချက်ကိုယ်စီနှင့်ချည်း။ တစ်ယောက်နှင့်တစ်ယောက်အမြင်ချင်း၊ အကြိုက်ချင်းလည်း မတူကြောင်းသတိရပါ။ သင့်ယူဆချက်ကို သူလက်မခံရုံနှင့် သင့်အားပုဂ္ဂိုလ်တစ်ဦးအဖြစ် ပယ်ချရာမရောက်ပါ။
သူတစ်ပါးကိုတရားမျှတစွာ ထင်မြင်ယူမှတ်တတ်ဖို့လည်းလိုသည်။ တစ်ခါက ရှက်တတ်သူဖြစ်ခဲ့သောလူငယ်တစ်ဦး ဤသို့ဆို၏– “ကျွန်တော်နဲ့ပတ်သက်လို့ ကျွန်တော်အချက်နှစ်ချက်တွေ့ရှိရတယ်...တစ်ချက်အနေနဲ့၊ ကျွန်တော်ဟာ အတ္တဆန်လွန်းတယ်။ ကိုယ့်အကြောင်းကိုချည်းတွေးတတ်တယ်။ ကျွန်တော်ပြောတာကို သူများဘယ်လိုထင်ပါလိမ့်ဆိုပြီး ပူတတ်တယ်။ ဒုတိယအချက်အနေနဲ့၊ ကျွန်တော်ဟာသူများပေါ် မကောင်းထင်တတ်တယ်—တခြားလူတွေကို အယုံအကြည်ကင်းမဲ့တယ်။ သူတို့ငါ့ကိုအထင်သေးမှာပဲဆိုတဲ့ အတွေးမျိုးနဲ့။”
၎င်းလူငယ်သည် ယေဟောဝါသက်သေများ၏ စည်းဝေးတစ်ခုသို့တက်ရောက်၏။ “ကျွန်တော်ဟောပြောချက်တစ်ခုကို ကြားနာခဲ့ရတယ်။ ဒီဟောပြောချက်ကျွန်တော့်ကို အထောက်အကူအများကြီးပေးခဲ့တယ်။” သူဤသို့နောက်ကြောင်းပြန်ပါသည်။ ‘ဟောပြောသူက မေတ္တာဟာပွင့်လင်းတဲ့အကြောင်း၊ ကိုယ့်မှာမေတ္တာရှိလို့ရှိရင် သူများအဆိုးကိုမစဉ်းစား၊ အကောင်းသာစဉ်းစားတတ်တဲ့ အကြောင်းတင်ပြခဲ့တယ်။ ဒါကြောင့်ကျွန်တော်ဟာ လူတွေစိတ်ရင်းမကောင်းဘူးဆိုတဲ့ အမြင်မျိုးကိုရှောင်တတ်လာတယ်။ “သူတို့နားလည်မှုရှိကြမှာပါ။ သူတို့အကြင်နာတရားရှိကြမှာပါ။ သူတို့ကိုယ်ချင်းစာနာကြမှာပါ” ဆိုပြီးကျန်တော့်ကို ကျွန်တော်တရားချပါတယ်။ ဒါနဲ့ကျွန်တော်ဟာ လူတွေကိုယုံစားလာတတ်ပါတယ်။ တချို့လူတွေကျွန်တော့်ကို အထင်မှားကြတာရှိပေမဲ့၊ အဲဒါဟာသူတို့ရဲ့အမှားဆိုတာ သဘောပေါက်လာမိတယ်။’
“ဒိပြင်၊ ကျွန်တော်ဟာ သူတစ်ပါးပေါ်မှာလဲ လှိုက်လှိုက်လှဲလှဲမေတ္တာပွားတတ်လာပါတယ်။ တခြားလူတွေကိုပိုပြီး လက်ကမ်းကြိုဆိုတတ်လာပါတယ်။” သူဆက်လက်၍ ရှင်းလင်းတင်ပြ၏။ “အစပိုင်းမှာတော့ ကိုယ့်ထက်ငယ်တဲ့လူတွေပေါ်မှာ စမ်းကြည့်တယ်။ နောက်တော့၊ တခြားလူတွေအိမ်ကို အလည်အပတ်သွားပါတယ်။ လူတွေဘာများလိုအပ်သလဲဆိုပြီး အမြဲသတိပြုလာတတ်တယ်။ ဘယ်လိုကူညီရမလဲဆိုပြီး စဉ်းစားလာတတ်တယ်။” သူသည် ဤနည်းဖြင့် လုကာ ၆:၃၇၊ ၃၈ ပါယေရှုသြဝါဒ မှန်ကန်ကြောင်းသိမြင်လာခဲ့သည်– “သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးအားပေးကြလော့။ ပေးလျှင်သူတစ်ပါးသည်သင်တို့ အားပေးကြလိမ့်မည်။...အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည်သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။”
အစပြုခြင်း
ထို့ကြောင့်ပေါင်းသင်းဆက်ဆံတတ်ပါ—နှုတ်ခွန်းဆက်ပြီးစကားစမြည် အစပျိုးတတ်ပါ။ ရာသီဥတုစသော အကြောင်းရိုးရိုးကလေးနှင့်ပင် အစချီနိုင်သည်။ သင်၌ ၅၀ ရာခိုင်နှုန်းသာ တာဝန်ရှိကြောင်း၊ ကျန်တစ်ဝက်မှာ အခြားသူ၏တာဝန်ဖြစ်ကြောင်း မှတ်ပါလေ။ အပြောမှားလျှင် ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနှင့်။ သူများရယ်လျှင်လိုက်ရယ်ပါ။ “အပြောလွဲသွားတယ်ဗျာ” ဟုဆိုလိုက်ရုံနှင့် သက်သောင့်သက်သာဖြစ်လာပြီး စကားဆက်မပြတ်ပြောနိုင်ပါသည်။
နေသာထိုင်သာအောင်ဝတ်ဆင်ပါ။ သို့သော်သန့်ရှင်း၍ မီးပူတိုက်ထားသော အဝတ်ဖြစ်ပါစေ။ ကိုယ့်အနေနှင့်အသန့်ပြန့် လျောက်ပတ်ဆုံးဝတ်ဆင်ထားပါက၊ ဝတ်ပုံဆင်ပုံနှင့်ပတ်သက်၍ စိုးရွံ့စရာမရှိတော့ဘဲပြောနေသည့် စကားပေါ်အာရုံစူးစိုက်နိုင်လိမ့်မည်။ မတ်မတ်ရပ်ပါ—သက်သောင့်သက်သာရှိပါ။ ကြည့်ကောင်းရှုပျော်သော မျက်နှာထားဖြင့်ပြုံးပါ။ ခင်မင်သော အကြည့်ဖြင့်ကြည့်ပါ။ သူတစ်ထူးအပြောကို သဘောတူသည့်အနေနှင့်ခေါင်းညိတ်ပါ။ သို့မဟုတ် စကားဖြင့်အသိအမှတ်ပြုပါ။
လူရှေ့ဟောပြောရခြင်း၊ သို့မဟုတ် လူတွေ့မေးမြန်းခြင်းစသောခက်ခဲသည့် အခြေအနေမျိုးနှင့်ရင်ဆိုင်ရလျှင် အတတ်နိုင်ဆုံးပြင်ဆင်၍လာပါ။ ပြောရမည့်အချက်အလက်များကို လေ့ကျင့်ပါ။ လေ့ကျင့်ခြင်းအားဖြင့်လည်း ပြောပုံပြောနည်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်၊ လျော့နည်းစေနိုင်သည်။ ၎င်းသည်အခြားပညာရပ်များကို သင်ကြားသကဲ့သို့ အချိန်လို၏။ သို့သော် အကျိုးရလဒ်ကိုမြင်သောအခါ အောင်မြင်လိုသောစိတ်အားတက်ကြွလာမည်ဖြစ်၏။
ဘုရားသခင့်မစမှုကိုလည်း လျစ်လျူမရှုသင့်။ ရှေးဣသရေလနိုင်ငံ၏ ပထမဘုရင်ရှောလုသည် အရှက်အကြောက်ကြီးခဲ့သည်။ (၁ ဓမ္မရာဇဝင် အခန်းကြီး ၉ နှင့် ၁၀) သို့ရာတွင်၊ လုပ်ရကိုင်ရမည့် အချိန်ရောက်လာသောအခါ၊ “ဘုရားသခင်၏ဝိညာဉ်တော် [ရှောလုအပေါ်] သက်ရောက်” လေသဖြင့်ရှောလုသည် လူတို့ကိုခေါင်းဆောင်ကာ အောင်ပွဲဆင်နွှဲခဲ့ပေသည်။—၁ ဓမ္မရာဇဝင် အခန်းကြီး ၁၁။
ယနေ့ခရစ်ယာန်လူငယ်များသည် အခြားသူတို့အား ဘုရားသခင်နှင့်ကိုယ်တော့်ကတိထားရာ ဖြောင့်မတ်သောကမ္ဘာသစ်အကြောင်း သိမြင်နားလည်လာဖို့ကူညီရန် တာဝန်ရှိသည်။ (မဿဲ ၂၄:၁၄) ဤသတင်းကောင်းကို သယ်ဆောင်ပြီး စကြဝဠာအမြင့်ဆုံးအာဏာရှင်ကို ကိုယ်စားပြုရသည်ဖြစ်ရကား၊ ကိုယ့်ကိုယ်ကိုယုံကြည်သောစိတ် အမှန်ဖြစ်ပေါ်လာမည်ဖြစ်၍ ကိုယ့်အကြောင်းကိုတွေးပြီး ရှက်နေတော့မည်မဟုတ်။ သို့ဖြစ်၍သင်သည် ဘုရားသခင်ကိုသစ္စာရှိစွာဝတ်ပြုလျှင် သင့်ကိုကောင်းချီးပေး၍ သင့်အရှက်ပြဿနာကိုကျော်လွှားစေရန် မုချထောက်မတော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ပေသည်။
ဆွေးနွေးရန်မေးခွန်းများ
◻ရှက်ခြင်းမည်သည် အဘယ်နည်း။ ရှက်တတ်သူသည် လူရှေ့မည်သို့ပြုမူတတ်သနည်း။ သင်လည်းအတော်အတန်ရှက်တတ်သလော။
◻ရှက်တတ်သူသည် လူဘုံအလယ်တွင် အဘယ်ကြောင့်ကိုယ့်ကိုယ်ကို အယုံကြည်ကင်းမဲ့သနည်း။
◻အရှက်သည် လူကိုမည်သို့ဆုံးရှုံးစေသနည်း။
◻အရှက်ကို ဖြေဖျောက်သည့်နည်းအချို့ကား အဘယ်နည်း။ ၎င်းအကြံပေးချက်များ သင့်အတွက်အရာရောက်သလော။
[စာမျက်နှာ ၁၂၁ ပါအကျဉ်းဖော်ပြချက်]
အရှက်ကြီးသူသည် မိတ်သဟာယနှင့်အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရသည်
[စာမျက်နှာ ၁၂၄ လေးထောင့်ကွက်]
အောက်ပါအတိုင်းပြုခြင်းဖြင့် ရှက်စိတ်ကိုဖြေဖျောက်နိုင်သည်
ပြောင်းလဲပြုပြင်လိုသော ဆန္ဒရှိခြင်းနှင့် တကယ်ပင်ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယုံကြည်ခြင်း
အပျက်အတွေးကို အပြုလုပ်ရပ်ဖြင့် အစားထိုးခြင်း
လက်တွေ့ကျ၍ အဓိပ္ပာယ်ရှိသောပန်းတိုင်များ ထားရှိခြင်း
စိတ်ကိုသက်သောင့်သက်သာထားခြင်းနှင့် ကြောင့်ကြမှုကို ဖြေဖျောက်တတ်ခြင်း
ရင်ဆိုင်ရမည့် အခြေအနေကို ကြို၍ဇာတ်တိုက်ထားခြင်း
တစစတိုးတက်အောင်မြင်သော တွေ့ကြုံမှုများဖြင့် ယုံကြည်စိတ်ချမှုဖြည့်တင်းခြင်း
လူချင်းအတူတူ၊ အမြင်ခြားနားတတ်ကြောင်း၊ အခြားသူများလည်း မှားတတ်ကြောင်းသတိရခြင်း
လေ့ကျင့်မှုဖြင့် အတတ်ပညာများကို ထက်မြက်စေပြီး အသစ်သောပညာရပ်များကို ဆည်းပူးခြင်း
မေတ္တာတရားနယ်ပယ်ကို ချဲ့ထွင်၍သူတစ်ပါးကို ကူညီခြင်း
တင့်တင့်တယ်တယ်၊ ရှုချင်စဖွယ်ဝတ်ဆင်ပြီး ကိုယ်ကိုယုံကြည်စိတ်ချစွာ ပြုမူလှုပ်ရှားခြင်း
ဘုရားသခင့်မစမှုကို အားထားခြင်း
ခရစ်ယာန်စည်းဝေးများတွင် တက်ကြွစွာပါဝင်ခြင်းနှင့် မိမိယုံကြည်ခြင်းကိုအခြားသူများနှင့် ထက်သန်စွာဝေမျှခြင်း
[စာမျက်နှာ ၁၂၃ ပါရုပ်ပုံ]
အရှက်ကြီးသူသည် အခြားသူများမိမိအား အထင်သေးသည်ဟု တွေးမြင်တတ်သည်
[စာမျက်နှာ ၁၂၃ ပါရုပ်ပုံ]
ပေါင်းသင်းဆက်ဆံတတ်ပါ—ပြုံးပါ၊ နှုတ်ခွန်းဆက်ပါ၊ စကားစမြည်ပြောပါ