အိမ်ကနေ ခွဲထွက်သွားရ ကောင်းမလား
အခန်း ၇
အိမ်ကနေ ခွဲထွက်သွားရ ကောင်းမလား
“မေမေနဲ့ဖေဖေ”–
“နောက်ဆုံးတော့ သမီးအိမ်ကနေဆင်းသွားပါပြီ။ သမီးအရင်ကပြောခဲ့တဲ့အတိုင်း၊ သမီး အိမ်ကနေဆင်းသွားတာဟာ ဖေဖေမေမေတို့ကို မလေးမခန့်တဲ့သဘော၊ ကလဲ့စားချေတဲ့သဘော မဟုတ်ပါဘူး။ ဖေဖေမေမေတို့ဆန္ဒအတိုင်း သမီးအိမ်မှာအချုပ်ကျပြီး နေရတာကိုမပျော်နိုင်လို့ပါ။ အိမ်ကနေဆင်းသွားလို့လဲ တကယ်ပျော်ချင်မှပျော်မှာပါ။ ပျော်မပျော်သမီး မြည်းစမ်းချင်ပါတယ်။”
ဤကား၊ ဆယ့်ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦး မိဘနှင့်ခွဲခွာစဉ်ထားရစ်ခဲ့သော နှုတ်ခွန်းဆက်လွှာနိဒါန်းစကားဖြစ်သည်။ ဥပမာ၊ ပြည်ထောင်စုသမ္မတဂျာမန်နိုင်ငံတွင်၊ ၁၅ နှစ်နှင့် ၂၄ စပ်ကြား၊ ယောက်ျားကလေး လေးယောက်လျှင်တစ်ယောက်၊ မိန်းကလေးသုံးယောက်လျှင်တစ်ယောက် အိမ်မှခွဲထွက်၍ သီးခြားနေထိုင်ကြသည်။ သင်ကိုယ်တိုင်လည်း အိမ်မှဆင်းသွားဖို့ စဉ်းစားလျက်နေကောင်းနေမည်။
လူသည်အိမ်ထောင်ပြုလိုသဖြင့် “ကိုယ်မိဘကိုစွန့်၍” ထွက်သွားဖို့အကြောင်းရှိမည်ကို ဘုရားသခင်တင်ကူး၍မြင်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၃၊ ၂၄) အခြားခိုင်လုံသောအကြောင်းရင်းများ ရှိသေးသည်။ ပမာအားဖြင့် ဘုရားသခင့်အမှုတော်ကို တိုးချဲ့ဆောင်ရွက်ရန်ဖြစ်သည်။ (မာကု ၁၀:၂၉၊ ၃၀) သို့သော်၊ လူငယ်များစွာ အိမ်မှဆင်းသွားသည့်အကြောင်းမှာ၊ မိမိတို့အထင်အမြင်အရ မခံမရပ်နိုင်သည့်အိမ်တွင်းအခြေအနေမှ လွတ်ထွက်လို၍သာဖြစ်သည်။ လူငယ်တစ်ဦးကဤသို့ဆို၏– “ရိုးရိုးကလေးပြောရရင် လွတ်လပ်ချင်လို့ပါပဲ။ မိဘတွေနဲ့အတူအိမ်မှာနေရတာ ကျေနပ်စရာမဟုတ်တော့ဘူး။ တစ်ချိန်လုံးစကားများရတယ်။ ကိုယ်လိုအပ်တာကိုလဲ မိဘတွေကနားမလည်ကြဘူး။ ပြီးတော့၊ ဘာကိုပဲလုပ်လုပ်၊ ဘယ်ကိုပဲသွားသွား၊ အမြဲပဲအစစ်အကြောခံရလို့ အသက်ရှူပေါက်ပိတ်အောင် အချုပ်ခံနေရတယ်။”
လွတ်လပ်မှုအတွက် အသင့်ရှိပြီလော
သို့သော်လွတ်လပ်မှုကိုရချင်ရုံနှင့် ၎င်းအတွက်အသင့်ရှိပြီဟု ဆိုနိုင်သလော။ တစ်ခုအနေနှင့်၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်သည့်ကိစ္စမှာ ထင်သလောက်မလွယ်ပါ။ အလုပ်အကိုင်ကရှားပါး၏။
အိမ်ငှားခလည်း တစ်ဟုန်ထိုးတိုးမြင့်ခဲ့ပြီ။ လူငယ်များ စီးပွားရေးအကျပ်အတည်းနှင့် ကြုံသောအခါ မိမိဆန္ဒကိုလွန်ဆန်၍ ဘာလုပ်ကြရသနည်း။ အမြစ်နှုတ်စာအုပ်ကိုရေးသူက ဖြေကြားသည်– “လူငယ်များအိမ်ပြန်ပြီး မိမိတို့ကိုတစ်ဖန်လုပ်ကျွေးရန် မိဘများပေါ်တာဝန်ပုံချကြသည်။”သင့်စိတ်၊စိတ်လှုပ်ရှားမှုနှင့်ဝိညာဏဘက်ရင့်ကျက်မှုနှင့်ပတ်သက်၍လည်းမည်သို့ပြောစရာရှိသနည်း။သင့်ကိုယ်ကိုသင်လူကြီးထင်မှတ်သော်လည်းမိဘများမျက်စိထဲ၌မူ“ကလေးစရိုက်”မပျောက်သေးဘဲရှိချင်ရှိမည်။ (၁ ကောရိန္သု ၁၃:၁၁) တကယ်တမ်းပြောရလျှင်၊ မည်မျှသောလွတ်လပ်မှုကို သင်ကောင်းစွာအသုံးချနိုင်သည်နှင့် ပတ်သက်၍ အကဲဖြတ်ရာတွင်၊သင့်မိဘပင်အကောင်းဆုံးအကဲဖြတ်သူများမဟုတ်ပေလော။ သူတို့၏အဆုံးအဖြတ်ကို ဖီဆန်ပြီး ထင်ရာစိုင်းလျှင် ဘေးဥပဒ်ကိုလက်ယပ်ခေါ်သည်နှင့် မခြားပါ။—သု. ၁:၈။
‘မိဘတွေနဲ့မတဲ့ဘူး’
သင်လည်းမိဘနှင့်မတဲ့ဘဲရှိသလော။ ဟုတ်သည်ပဲထား၊ အိပ်ရာစလိပ်ဖို့ အကြောင်းမဟုတ်ပါ။ လူငယ်တစ်ဦးအနေနှင့်၊ သင်သည်နောင်အနှစ်များစွာတိုင်၊ မိဘတို့၏ထိုးထွင်းဉာဏ်နှင့်ပညာမှ အကျိုးကျေးဇူးများစွာ ခံစားနိုင်ပေသည်။ (သု. ၂၃:၂၂) သူတို့နှင့်ဆက်ဆံရာ၌ ဆူးညှောင့်ခလုတ်အနည်းငယ် တိုးခဲ့သည့်အတွက်နှင့်၊ သူတို့ကိုအဆက်ဖြတ်ပစ်လိုက်လျှင် သင့်ပါမည်လော။
အိမ်မှခွဲထွက်ပြီး အချိန်ပြည့်အမှုဆောင်အဖြစ် စေ့စေ့စပ်စပ်အမှုတော်ထမ်းရွက်သည့် ခါးစတင်းအမည်ရှိ ဂျာမန်လူငယ်တစ်ဦးကဤသို့ဆိုပါသည်– “မိဘနဲ့မသင့်မြတ်ရုံနဲ့ ဘယ်တော့မှအိမ်ကနေဆင်းမသွားပါနဲ့။ သူတို့နဲ့တောင်မပေါင်းတတ်လို့ရှိရင် တခြားလူတွေနဲ့ဘယ်လိုလုပ်ပြီး သင်သင့်မြတ်နိုင်ပါ့မလဲ။ အိမ်ကနေခွဲထွက်တာနဲ့ ပြဿနာပြေလည်သွားမှာ မဟုတ်ဘူး။ အဲ့ဒီအစား၊ အဲ့ဒီလိုလုပ်ခြင်းဟာ ကိုယ်ဟာအင်မတန်ဉာဏ်နုပြီး ကိုယ့်ခြေပေါ်ကိုယ်မရပ်နိုင်သေးဘူးဆိုတာကို သက်သေထူနေပါတယ်။ ပြီးတော့၊ ဒီလိုလုပ်ရပ်မျိုးကြောင့် ကိုယ့်မိဘကိုယ့်အပေါ်ပိုပြီး စိမ်းကားသွားနိုင်တယ်။
သီလနှင့်ရည်သန်ချက်များ
လုကာ ၁၅:၁၁-၃၂ ၌ယေရှုကလွတ်လပ်ချင်၍ အိမ်မှခွဲထွက်ခဲ့သည့် လူငယ်တစ်ယောက်အကြောင်း မိန့်မြွက်တော်မူ၏။ သူသည်မိဘ၏ကောင်းသောသြဇာ အောက်တွင်မရှိတော့သဖြင့်၊ “ကာမဂုဏ်၌လွန်ကျူး” ကာ၊ လိင်စာရိတ္တယိုယွင်းခြင်းတွင် နွံနစ်ခဲ့လေသည်။ မကြာခင်ရှိသမျှဥစ္စာ ပြုန်းတီးသွားလေတော့သည်။ အလုပ်အကိုင်ရခဲလှသဖြင့် ဂျူးလူမျိုးများရှုတ်ချသောအလုပ်—ဝက်ကျောင်းသောအလုပ်ကိုပင်လုပ်ရလေတော့သည်။ သို့ရာတွင်၊ အများအခေါ်ဖြုန်းတီးသောသားသည် သံဝေဂတရားရလာသည်။ မိမိမာနစိတ်ကိုမျိုသိပ်ကာ၊ အိမ်သို့တပ်ခေါက်ပြန်လာ၍ ဖခင်၏ခွင့်လွှတ်ခြင်းကို ခယတောင်းပန်လေသည်။
အချိန်မတန်၊ အခါမသင့်၊ အိမ်မှဆင်းသွားခြင်းကြောင့် ပေါ်ပေါက်လာသော သီလဆိုင်ရာအန္တရာယ်များကိုလည်း လူငယ်များကလျစ်လျူရှုလေ့ရှိကြသည်။ဤဥပမာကိုမြွက်ဆိုရာ၌ ဘုရားသခင့်ကရုဏာတော်ကို အဓိကပေါ်လွင်စေရန်ဖြစ်သော်လည်း ပညာမဲ့သောရည်သန်ချက်ဖြင့် အိမ်မှခွဲထွက်နေထိုင်ခြင်းသည် သီလနှင့်ဝိညာဏဘက်တွင် များစွာဥပဒ်ပြုနိုင်ကြောင်း လက်တွေ့ကျသောသင်ခန်းစာတစ်ရပ်ပါရှိပေသည်။ ဝမ်းနည်းစရာမှာ၊ အချို့ခရစ်ယာန်လူငယ်များသည် လွတ်လပ်မှုလမ်းစဉ်ကိုလျှောက်ကြရာဝယ် ဝိညာဉ်ရေးဘက်ပျက်စီးခဲ့ကြရသည်။အချို့ဆိုလျှင်၊ငွေကြေးမတတ်နိုင်သည့်အတွက်၊သမ္မာကျမ်းစာမူနှင့်ဆန့်ကျင်သည့်ဘဝမျိုးဖြင့်ကျင်လည်ကြသောအခြားလူငယ်များနှင့်ဖက်စပ်၍စားသောက်နေထိုင်ကြရလေသည်။—၁ ကောရိန္သု၁၅:၃၃။
ဟော့စ်အမည်ရှိဂျာမန်လူငယ်တစ်ဦးက အိမ်ခွဲ၍နေသော မိမိနှင့်ရွယ်တူလူငယ်တစ်ယောက်အကြောင်းဖွင့်ဆို၏– “သူဟာလက်မထပ်ဘဲ ရည်းစားနဲ့အတူနေတယ်။ အရက်ကိုထင်သလိုသောက်နိုင်တဲ့ပါတီတွေလုပ်တယ်။ အရက်မူးပေါင်းလဲများလှတယ်ပေါ့။ ခုထိအိမ်မှာပဲနေသေးရင် သူ့မိဘတွေဒီလိုမျိုးအဖြစ်ခံမှာမဟုတ်ဘူး။” ဟော့စ်က “အိမ်ကနေခွဲထွက်တာနဲ့ ပိုပြီးလွတ်လပ်သွားတာတော့မှန်ပါတယ်။ ဒါပေမဲ့၊ အကြွင်းမဲ့ရိုးသားစွာဝန်ခံရမယ်ဆိုရင် အများအားဖြင့်လွတ်လပ်မှုကို ဆိုးဖို့သွမ်းဖို့အသုံးချတတ်ကြတယ်မဟုတ်လား” ဟုအဆုံးသတ်ခဲ့သည်။
ထို့ကြောင့်သင်သည်လွတ်လပ်မှုများများရလိုပါကကိုယ့်ကိုယ်ကိုမေးပါ– ငါဘာကြောင့်လွတ်လပ်မှုပိုရချင်တာလဲ။ကိုယ်ပိုင်ချင်ဆိုင်ချင်တဲ့ပစ္စည်းတွေပိုင်ဆိုင်ပြီးမိဘတားမြစ်ပိတ်ပင်တာတွေကိုစိတ်လွတ်ကိုယ်လွတ်လုပ်ချင်လို့ပဲလား။သမ္မာကျမ်းစာကယေရမိ၁၇:၉တွင်ဆိုထားသည်ကိုမမေ့ပါနှင့်–“စိတ်နှလုံးသည်ခပ်သိမ်း သောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သနည်း။”
ငါအိမ်ကနေခွဲထွက်ပြီးမနေရင် ဘယ်လိုလုပ်ပြီးလူကြီးဖြစ်လာနိုင်မလဲ
မြီးကောင်ပေါက် ဆိုသောစာအုပ်က ဤသို့မှတ်ချက်ချသည်– “အိမ်ခွဲ၍နေရုံနှင့်အောင်မြင်စွာ (လူကြီးဘဝသို့) ကူးပြောင်းသွားမည်ဟူသော အာမခံချက်မရှိပါ။ မိဘအိမ်၌နေသည့်အတွက် လူလားမမြောက်ဟူ၍လည်း သဘောမသက်ရောက်ပါ။” စင်စစ်အားဖြင့်၊ လူလားမြောက်ခြင်းဆိုရာမှာ၊ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ငွေ၊ ကိုယ်ပိုင်တိုက်ခန်းရှိရုံသာမဟုတ်။ တစ်ခုအနေနှင့်ပြောရလျှင်၊ ပြဿနာကိုထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ဘဝကိုပိုင်နိုင်မည်။ ကိုယ်မနှစ်မြို့သောအခြေအနေမှ ထွက်ပြေးတိမ်းရှောင်ခြင်းဖြင့် ဘာအကျိုးအမြတ်မျှရရှိနိုင်မည်မဟုတ်။ ယေရမိမြည်တမ်း ၃:၂၇ က “လူသည်အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်း [ဖို့] ကောင်း၏” ဟုဆိုပါသည်။
ပေါင်းရခက်သည့်မိဘ သို့မဟုတ် တင်းကြပ်လွန်းသောမိဘများကို ဥပမာထား၍ဆိုကြပါစို့။ မက်သည် ယခုအသက် ၄၇ နှစ်ရှိပြီ။ သူငယ်စဉ်အခါတွင်၊ ဖခင်ဖြစ်သူသည် မက်ကျောင်းဆင်းလာသည့်နောက် အိမ်အလုပ်ဖိ၍လုပ်ခိုင်း၏။ နွေရာသီကျောင်းပိတ်ချိန်တွင် အခြားလူငယ်များတပျော်တပါး ကစားနိုင်ကြသော်လည်း မက်ခမျာမှာအလုပ်လုပ်ရရှာသည်။ မက်ဤသို့ဆို၏။ “ဖေဖေဟာ ကျွန်တော်တို့မကစားနိုင်အောင်၊ မပျော်နိုင်အောင်လုပ်ဖို့အတွက် အသက်ရှင်နေတဲ့အရက်စက်ဆုံးလူလို့ကျွန်တော်မှတ်ယူခဲ့တယ်။
‘ဒီကနေအလွတ်ရုန်းပြီးကိုယ့်နေရာနဲ့ကိုယ်ဖြစ်ရင်အကောင်းသား’ဆိုပြီးမကြာခဏကျွန်တော်တွေးမိတယ်။”သို့သော်မက်သည်ယခုအမြင်မတူတော့ချေ–“ဖေဖေကျွန်တော့်အပေါ်ပြုခဲ့တာတွေဟာအဖိုးမဖြတ်နိုင်တဲ့ရတနာပါ။ပင်ပင်ပန်းပန်းအလုပ်လုပ်တတ်ဖို့အခက်အခဲဆင်းရဲကိုခံရပ်နိုင်ဖို့ကျွန်တော့်ကိုပညာပေးခဲ့ပါတယ်။နောက်ပိုင်းမှာကျွန်တော်ပိုပြီးကြီးလေးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့၊ဘယ်လိုတိုးဝှေ့ရင်ဆိုင်ရမှန်းကျွန်တော်နားလည်ခဲ့တယ်။”စိတ်ကူးယဉ်သုခဘုံ
သို့ရာတွင်၊ မိဘနှင့်နေရုံဖြင့် အလိုလိုရင့်ကျက်လာမည်မဟုတ်။ လူငယ်တစ်ဦးဤသို့ဆို၏– “မိဘနဲ့အတူနေထိုင်တာဟာ စိတ်ကူးယဉ်သုခဘုံမှာနေရသလိုပါပဲ။ ကျွန်တော့်အတွက် လိုလေသေးမရှိအောင်လုပ်ပေးတယ်။” ကြီးပြင်းခြင်း၏တစ်စိတ်တစ်ပိုင်းမှာ ကိုယ့်အားကိုယ်ကိုးလုပ်တတ်ကိုင်တတ်ရန် သင်ယူခြင်းဖြစ်သည်။ မှန်ပါသည်။ အမှိုက်ပစ်၊ အဝတ်လျှော်သည့်အလုပ်သည် စိတ်ကြိုက်သီချင်းခွေဖွင့်နားထောင်ရသလောက် ပျော်စရာမကောင်းပါ။ သို့သော်ထိုသို့သောအလုပ်ကိုလုပ်တတ်ဖို့ မသင်ကြားပါက အဘယ်ရလဒ်ရရှိမည်နည်း။ မလုပ်တတ်မကိုင်တတ်သည့် လူကြီးတစ်ယောက်ဖြစ်လာပြီး အစစအရာရာ၌မိဘ သို့မဟုတ် အခြားလူ၏နှာခေါင်းပေါက်နှင့် အသက်ရှူရချေအံ့။
အသင်သည် ယောက်ျားကလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ချက်ပြုတ်၊ သန့်ရှင်းရေး၊ မီးပူတိုက်၊ ကားပြင်စသည့်အလုပ်လုပ်တတ်အောင် သင်ကြားခြင်းအားဖြင့် နောက်ဆုံး၌မိဘကိုခိုကိုးနေရသည့်အဖြစ်မှ လွတ်လာရန်အသင့်ပြင်နေသလော။
ငွေရေးကြေးရေးဘက်အမှီအခိုမလို
ချမ်းသာသောနိုင်ငံများမှလူငယ်များသည် ငွေကိုရှာရလွယ်၊ သုံးရပိုလွယ်သည့်ပစ္စည်းအဖြစ် မြင်တတ်ကြသည်။ သူတို့၌အချိန်ပိုင်းအလုပ်ရှိလျှင် ဝင်ငွေကိုစတီရီယိုနှင့်ပုံစံတီထွင်သူများ၏ အဝတ်အထည်များအတွက် သုံးဖြုန်းကြစမြဲ။ သို့သော်၊ အိမ်မှခွဲထွက်လာသောအခါတစ်မုဟုတ်ချင်းအဖြစ်မှန်နှင့်တိုး၍လန့်ဖျပ်သွားချေမည်! (အထက်ဆိုခဲ့သော) ဟော့စ်ကဇာတ်ကြောင်းပြန်သည်–“[ကျွန်တော်တစ်ယောက်ထဲနေတဲ့အချိန်]လလည်းကုန်၊ကျွန်တော့်ပိုက်ဆံအိတ်နဲ့ကြောင်အိမ်ထဲရှိတာတွေလည်းပြောင်တော့တာပဲ။”
မိဘနှင့်နေထိုင်စဉ် ငွေသုံးတတ်အောင်သင်ယူပါ။ ဤကိစ္စတွင်သင့်မိဘများ နှစ်ပေါင်းများစွာသောအတွေ့အကြုံစုဆောင်းမိပြီဖြစ်ရကား ချောက်ထဲမကျအောင် သင့်အားညွှန်ကြားကူညီနိုင်သည်။ အမြစ်နှုတ် ဆိုသည့်စာအုပ်က မိဘများအားအောက်ပါမေးခွန်းများမေးပါဟု အကြံပေး၏။ ‘တစ်လတစ်လလျှပ်စစ်ခ၊ မီးခ၊ ရေခ၊ တယ်လီဖုန်းခ ဘယ်လောက်ကျသလဲ။
ကျွန်တော်တို့ ဘာအခွန်များဆောင်ရသလဲ။ အိမ်ငှားခ ဘယ်လောက်ပေးရသလဲ။’ အလုပ်လုပ်သောလူငယ်များသည် မိဘများထက်သုံးစရာငွေ ဖောဖောသီသီရှိကြောင်းအလန့်တကြားတွေ့ရပေမည်။ ထို့ကြောင့် သင်၌အလုပ်အကိုင်ရှိလျှင်၊ ကိုယ့်အလိုအလျောက် အိမ်အသုံးစရိတ်အတွက်အသင့်အတင့်ထုတ်၍ ထောက်ပံ့ပါ။အိမ်မှမဆင်းမီသင်ယူပါ
လူကြီးဖြစ်လာနိုင်ရန် အိမ်ပေါ်မှဆင်းသွားရမည်မဟုတ်။ သို့ပြုရန်မလိုပါ။ သို့သော် အိမ်၌ရှိစဉ်ပင်၊ အကဲဖြတ်တတ်ဖို့၊ ခေါင်းအေးအေးထား၍ ဆုံးဖြတ်တတ်ဖို့အားထုတ်သင်ကြားပါ။ အခြားသူများနှင့်ပေါင်းတတ်ဖို့လည်း သင်ယူပါ။ အပြစ်တင်ဝေဖန်မှု၊ ရှုံးနိမ့်မှု၊ စိတ်ပျက်မှုများကို ခံယူနိုင်ကြောင်းသက်သေထူပါ။ ‘[ကြင်နာခြင်း၊ ကဘ] ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်စိတ်ချုပ်တည်းခြင်း’ တို့ကိုမွေးမြူပါ။ (ဂလာတိ ၅:၂၂၊ ၂၃) ၎င်းတို့သည် ကြီးပြင်းပြီဖြစ်သော ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးများ၏ကြန်အင်လက္ခဏာများဖြစ်ပေသည်။
အနှေးနှင့်အမြန်၊ အိမ်ထောင်ပြုခြင်းစသည့် အခြေအနေပြောင်းလဲမှုကြောင့်၊ သင်သည်မိဘ၏အသိုက်ကိုစွန့်၍ ခွဲထွက်ရမည်ဖြစ်သည်။ ထိုအချိန်မတိုင်မီ အဘယ်ကြောင့်အလောတကြီး အိမ်မှဆင်းချင်သနည်း။ မိဘများနှင့်တိုင်ပင်ပါ။ အိမ်မှာဆက်နေရန် သူတို့လိုလားကောင်းလိုလားမည်၊ အထူးသဖြင့် သင်သည်မိသားစုအကျိုးကို တကယ်သယ်ပိုးလျှင်ဖြစ်သည်။ သင်သည် မိဘများ၏ပျိုးထောင်မှုနှင့်အတူ၊ အိမ်မှာနေရင်းပင်၊ ဆက်လက်ကြီးထွားလာ၊ တတ်မြောက်လာ၊ ရင့်ကျက်လာမည်ဖြစ်သတည်း။
ဆွေးနွေးရန်မေးခွန်းများ
◻လူငယ်တော်တော်များများ အဘယ်ကြောင့်စိတ်စောပြီး အိမ်မှဆင်းသွားချင်ကြသနည်း။
◻အများသောလူငယ်များသည် အိမ်မှခွဲထွက်သွားဖို့ အဘယ်ကြောင့်အသင့်မရှိကြသနည်း။
◻အချိန်မတန်အိမ်မှဆင်းသွားလျှင် အဘယ်အန္တရာယ်များနှင့်ကြုံတွေ့တတ်သနည်း။
◻အိမ်ပြေးကလေးများ အဘယ်ပြဿနာများနှင့်ရင်ဆိုင်ကြရသနည်း။
◻အိမ်မှာနေရင်းနှင့် မည်သို့ရင့်ကျက်လာနိုင်သနည်း။
[စာမျက်နှာ ၅၇ ပါအကျဉ်းဖော်ပြချက်]
“မိဘနဲ့မသင့်မြတ်ရုံနဲ့ ဘယ်တော့မှအိမ်ကနေ ဆင်းမသွားပါနဲ့... တခြားလူတွေနဲ့ ဘယ်လိုလုပ်ပြီး သင်သင့်မြတ် နိုင်ပါ့မလဲ”
[စာမျက်နှာ ၆၀ ပါလေးထောင့်ကွက်]
အိမ်မှထွက်ပြေးလျှင် ပြေလည်သွားမည်လော
တစ်နှစ်တစ်နှစ်လျှင် ဆယ်ကျော်သက်တစ်သန်းကျော်အိမ်မှ ထွက်ပြေးကြ၏။ အချို့သည်မခံရပ်နိုင်သောအခြေအနေ—ကာယ သို့မဟုတ် လိင်ဆိုင်ရာနိုင်ထက်စီးနင်းခံရသောကြောင့် ထွက်ပြေးကြခြင်းဖြစ်သည်။ သို့သော်များသောအားဖြင့် ၎င်းအကြောင်းများကြောင့်မဟုတ်ဘဲ၊ ညဉ့်နက်အိမ်ပြန်၊ ကျောင်းစာညံ့ဖျင်း၊ အိမ်အလုပ်၊ အပေါင်းအသင်းစသည်တို့နှင့်စပ်လျဉ်း၍ မိဘနှင့်အငြင်းပွားရာက မီးပွင့်သွားခြင်းဖြစ်သည်။
သင့်မိဘ၏အမြင်နှင့်အတွေးအခေါ်သည် သင့်အတွေးအမြင်နှင့်မတိုက်ဆိုင်၍ ဖြစ်ချင်ဖြစ်မည်။ သို့သော်သင့်မိဘသည် ဘုရားသခင့်ရှေ့၊ သင့်အား “အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက်ကျွေးမွေး” ရန်ဝတ္တရားရှိကြောင်းစဉ်းစားမိပါသလော။ (ဧဖက် ၆:၄) ထို့ကြောင့်သူတို့သည် သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဘာသာရေးစည်းဝေးပွဲများနှင့်၊ လုပ်ဆောင်မှုများသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ အခြားလူငယ်များနှင့်ပေါင်းသင်းသည့်ကိစ္စ၌လည်း သင့်အားချုပ်ချယ်ကန့်သတ်ချင်ပင်ကန့်သတ်မည်။ (၁ ကောရိန္သု ၁၅:၃၃) ယင်းအကြောင်းကြောင့်သင်သည်ပုန်ကန်၍ အိမ်မှဆင်းပြေးရမည်လော။ သင်လည်း ဘုရားသခင့်ရှေ့တော်၌ “မိဘကိုရိုသေစွာပြု” ရမည့်တာဝန်ရှိသည်။—ဧဖက် ၆:၁-၃။
ထိုမျှမက၊ အိမ်မှထွက်ပြေးခြင်းဖြင့် ဘာကိုမျှမဖြေရှင်းနိုင်။ ၁၄နှစ်အရွယ်တွင်အိမ်မှပြေးခဲ့သည့်အေမီက “အိမ်ကနေဆင်းပြေးတဲ့အတွက်ပြဿနာပိုများလာရုံပဲရှိတယ်” ဟုပြန်၍ဆိုပါသည်။ မာဂရက်အိုဟိုက်က ကျွန်တော့်သူငယ်ချင်း အိမ်ပြေးချင်တယ် ဆိုသောစာအုပ်၌ ဤသို့ဆို၏– “အနည်းငယ်သောအိမ်ပြေးများသည် အလုပ်ရ၍ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်ကြပေသည်။ သို့သော်အများအားဖြင့်၊ အိမ်မှဆင်းမသွားခင်ကထက် အခြေအနေပို၍ဆိုးရွား၏။” ဆယ်ကျော်သက် ဆိုသောမဂ္ဂဇင်းကဤသို့ဆို၏– “ဆယ်ကျော်သက်များ လမ်းပေါ်တွင်လွတ်လပ်မှုမရှိပါ။ လွတ်လပ်မှုရမည့်အစား၊ အိမ်ပြေးနှင့်အပယ်ခံများ—မိမိတို့ကဲ့သို့သူများ—လူမနေသည့်တိုက်အိုများအတွင်း နေထိုင်ကြသည်ကိုတွေ့ကြရသည်။ ထိုနေရာများ၌မုဒိမ်းသမား၊ လုယက်တိုက်ခိုက်သူများ၏ရန်မှ အကာအကွယ်လုံးဝမရကြ။ ညစ်စုတ်၍ လူငယ်များပေါ်အမြတ်ထုတ်သူများစွာတို့နှင့်လည်း တိုးရကြသည်။ အိမ်ပြေးဆယ်ကျော်သက်တို့သည် အးညှီလူစားတို့၏လွယ်ကူသည့် အမဲကောင်များဖြစ်ကြရရှာသည်။
၂၂ နှစ်အရွယ် ယောက်ျားတစ်ယောက်သည် အိမ်ပြေးအေမီကို “ခင်မင်အောင်ပေါင်း” ပြီးနောက်အိမ်ငှားခသဘောမျိုးဖြင့်အေမိအား “မိမိနှင့်သူ၏အခြားမိတ်ဆွေကိုးယောက်နှင့် လိင်ဆက်ဆံခိုင်းသည်။” အေမီသည် “အရက်လည်းမူး၊ မူးယစ်ဆေးဝါးလည်း အလွန်အမင်းသုံးစွဲခဲ့သည်။” စန်ဒီအမည်ရှိအခြားမိန်းကလေးတစ်ယောက်ခမျာမူ၊ မွေးစားအဘိုး၏ ဗလက္ကာရပြုမှုကိုခံရသဖြင့် အိမ်ပြေးခဲ့ရရှာသည်။
သူသည်ပြည်တန်ဆာဖြစ်ခဲ့ပြီး လမ်းပေါ်နေ၊ ပန်းခြံထဲမှခုံတန်းလျားပေါ်သို့မဟုတ်ဖြစ်နိုင်သည့်နေရာတွင်အိပ်၏။ သူတို့ကားအိမ်ပြေးများစွာ၏ပုံနမူနာဖြစ်ကြ၏။အိမ်ပြေးအများမှာ စီးပွားရှာနိုင်လောက်အောင် မည်မည်ရရပညာမတတ်ကြချေ။ အလုပ်ရဖို့လိုအပ်သောမွေးစာရင်း၊ အမြဲတမ်းလိပ်စာစသည့် စာရွက်စာတမ်းလည်း များသောအားဖြင့် သူတို့၌မရှိ။ လူးဝစ်စ်ဆိုသူက၊ “ကျွန်တော်ခိုးမှ၊ ခွက်နဲ့ခံပြီးတောင်းမှပဲ စားရပါတယ်။ ဒါပေမဲ့၊ ဘယ်သူကမှမပေးတော့ ခိုးတာများတယ်” ဟုဆိုသည်။ အိမ်ပြေး၆၀ရာခိုင်နှုန်းမှာ မိန်းကလေးများဖြစ်ကြ၍ပြည်တန်ဆာလုပ်ပြီးရှာစားကြရသည်။ အပြာရုပ်ပုံထုတ်လုပ်ရောင်းဝယ်သူ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် ပြည်တန်ဆာခေါင်းတို့သည် ကားယာဉ်ဂိတ်များ၌ကျက်စားလျက်ရှိကြပြီး အိမ်ပြေးများကိုရှာကာ သွေးစုပ်အမြတ်ထုတ်ကြသည်။ ကြောက်လန့်နေသောလူငယ်များကို အိပ်စရာစားစရာပေးမည်။ အိမ်၌မခံစားခဲ့ကြရသောအရာကိုပင် ပေးချင်ပေးမည်—အချစ်ခံရသည့်ခံစားချက်မျိုးဖြစ်သည်။
သို့သော်နောက်ပိုင်း၌အဆိုပါ “စေတနာကျေးဇူးရှင်ကြီးများ” သည်အဖိုးအခ တောင်းလာတော့သည်။ သူတို့အတွက် ပြည်တန်ဆာလုပ်ချင်လုပ်ရမည်။ လိင်ဖောက်ပြားခံချင်ခံရမည် သို့မဟုတ် အပြာဓာတ်ပုံအရိုက်ခံချင်ခံရမည်။ ထို့ကြောင့် အိမ်ပြေးများစွာတို့သည်အဆုံး၌ ပြင်းထန်စွာအနာတရဖြစ်ကြရရှာသည်။ အသက်ပျောက်သွားသည်ပင်ရှိသည်။
သို့ဖြစ်၍မိဘနှင့်တိုင်ပင်ရန် တစ်ကြိမ်မက အတန်တန်အားထုတ် ကြိုးပမ်းသင့်ပေသည်။ သင့်ခံစားချက်နှင့်ဖြစ်ပျက်သမျှကို ရင်ဖွင့်ပြောထုတ်ပါ။ (အခန်း ၂ နှင့် ၃ ရှု) ကာယနှင့်လိင်ဘက်တွင် နိုင်ထက်စီးနင်းမှုကိုခံရသည်မှန်လျှင် ပြင်ပမှအကူအညီလိုကောင်းလိုပေမည်။
မည်သို့ပင်ဖြစ်စေကာမူ၊ ပြောဆိုဆွေးနွေးပါ။ ထွက်မပြေးပါနှင့်။ အိမ်တွင်းအခြေအနေ ဟန်မကျသည်တိုင်အောင်၊ အိမ်ပြင်၌ခြေတစ်လုံးအိမ်တိုင်ဖြင့် ကျက်စားရလျှင် အခြေအနေပို၍ဆိုးရွားနိုင်ကြောင်း စွဲမှတ်ပါလေ။
[စာမျက်နှာ ၁ ပါရုပ်ပုံ]
ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်ရန် လိုအပ်သောအိမ်တွင်းမှုပညာရပ်များကို အိမ်၌သင်ကြားနိုင်သည်