တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်း—ဘယ်မျှစိုးရိမ်ဖွယ်ဖြစ်သနည်း
အခန်း ၂၅
တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်း—ဘယ်မျှစိုးရိမ်ဖွယ်ဖြစ်သနည်း
“တစ်ကိုယ်တည်းရာဂစိတ်ဖြေတာဟာ ဘုရားသခင်ရှေ့မှာ အပြစ်လား ဆိုပြီးတွေးမိပါတယ်။ နောက်နောင်ကျွန်မရဲ့ကာယနဲ့ ဒါမှမဟုတ် စိတ္တကျန်းမာရေးကိုထိခိုက်မလား။ ကျွန်မအိမ်ထောင်ပြုခဲ့မယ်ဆိုရင်ကော။”—ဆယ့်ငါးနှစ်အရွယ် မလစ်စာ။
အထက်ပါအတွေးများသည် လူငယ်များစွာတို့အား စိတ်ဒုက္ခပေး၏။ အဘယ်ကြောင့်နည်း။ တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း (ဟတ္ထမေထုန်ပြုခြင်း) သည်နှံ့ပြားလှ၏။ မှတ်တမ်းအရ၊ အသက် ၂၁ နှစ်အရွယ်ရောက်သောအခါ ယောက်ျား ၉၇၊ မိန်းမ ၉၀ ရာခိုင်နှုန်း တစ်ကိုယ်တည်းရာဂစိတ်ဖြေခဲ့ကြပြီဖြစ်၏။ ထို့ပြင်၊ ယင်းအကျင့်ကြောင့် ကြွက်နို့နှင့်မျက်ခွန်နီမှအစ ဝက်ရူးပြန်နှင့်စိတ္တဇရောဂါအဆုံး ရောဂါအမျိုးစုံဖြစ်ရသည်ဟုဆိုကြသည်။
နှစ်ဆယ်ရာစုနှစ် ဆေးသုတေသီများ အထက်ပါထိတ်လန့်ဖွယ်အဆိုများ မဆိုကြတော့ချေ။ ယနေ့ဆရာဝန်များက ဟတ္ထမေထုန်ကြောင့် ဘာရောဂါမျှမဖြစ်နိုင်ဟု ယုံကြည်ကြသည်။ သုတေသီ ဝီလျံ မာစတာနှင့် ဗာဂျီးနီးယား ဂျွန်ဆင်တို့က “ဟတ္ထမေထုန်ကို အကြိမ်ပေါင်းမည်မျှပင်ပြုစေကာမူ၊ စိတ္တဇရောဂါဖြစ်စေနိုင်သည်ဟူသော ခိုင်မာသည့်ဆေးဘက်အထောက်အထား မတွေ့ရှိရပါ” ဟု ထပ်လောင်းတင်ပြပါသည်။ သို့တစေ၊ အခြားသောမကောင်းကျိုးများဧကန်ရှိပါသည်! ခရစ်ယာန်လူငယ်အများအပြားလည်း ၎င်းအကျင့်ကြောင့်စိုးရိမ်ကြခြင်းမှာလည်းဆီလျော်ပေသည်။ လူငယ်တစ်ဦးက “ကျွန်တော် [တစ်ကိုယ်တည်းရာဂစိတ်ဖြေ] မိတဲ့အခါ ယေဟောဝါပေါ် တာဝန်ပျက်ကွက်ခဲ့သလိုခံစားရပါတယ်။ ကျွန်တော်တစ်ခါတလေ အင်မတန်စိတ်ညှိုးငယ်မိတယ်” ဟူ၍ရေးသားခဲ့သည်။
ဟတ္ထမေထုန် (တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း) ဆိုသည်မှာအဘယ်နည်း။ ၎င်းသည် မည်မျှတိုင်စိုးရိမ်ဖွယ်ဖြစ်သနည်း။ လူငယ်များစွာ အဘယ်ကြောင့်၎င်းအကျင့်ကိုတိုက်ဖျက်ရန်ခဲယဉ်းသနည်း။
အဘယ်ကြောင့် လူငယ်များ လွယ်လွယ်နှင့်လုပ်မိကြသနည်း
ဟတ္ထမေထုန်ဆိုသည်မှာ မိမိရာဂစိတ်ကို မိမိတမင်နှိုးဆွခြင်းဖြစ်သည်။ လူပျိုအပျိုဖြန်းအရွယ်တွင် ရာဂစိတ်ပြင်းထန်လာ၏။ အားကောင်းသောဟော်မုန်းများထွက်လာသဖြင့် မျိုးပွားအင်္ဂါများပေါ် ဩဇာသက်ရောက်စေလေသည်။ သို့နှင့်လူငယ်သည် မိမိအင်္ဂါများ၌ သာယာမှုခံစားနိုင်သည့်သတ္တိရှိကြောင်း တွေ့ရှိလာသည်။ တစ်ခါတစ်ရံ လူငယ်တစ်ဦးသည် လိင်အကြောင်းကိုမစဉ်းစားဘဲနှင့် လိင်စိတ်ဝင်လာတတ်သည်။
ဥပမာ၊ အမျိုးမျိုးသောပူပန်မှု၊ ကြောက်ရွံ့မှု သို့မဟုတ် စိတ်ပျက်စရာများကြောင့် စိတ်တထင့်ထင့်ဖြစ်လာသောအခါ ယောက်ျားကလေး၏အာရုံကြောဖွဲ့စည်းပုံစနစ်သည် ဂယက်ရိုက်ခံရပြီး လိင်စိတ်ထကြွလာလေသည်။ သုတ်ရည်များစုစည်း၍များလာသည်နှင့်အမျှ သူသည် အိပ်ရာမှနိုးလာပြီး လိင်စိတ်ကြွနေသည်ကိုတွေ့ရပေမည်။ သို့မဟုတ်၊ တဏှာချစ်အိပ်မက်နှင့်အတူ၊ ညအချိန်သုတ်သွေးလွှတ်တတ်သည်။ မိန်းကလေးများလည်းထို့အတူပင်။ အမှတ်တမဲ့ စိတ်ကြွလာသည်ကိုတွေ့ရတတ်သည်။ မိန်းကလေးအများသည် ရာသီမလာမီနှင့်လာသည့်နောက်ပိုင်း လိင်စိတ်မြင့်တက်လာတတ်သည်။
ထို့ကြောင့် သင်သည်ထိုသို့သောနိုးကြွမှုကိုခံစားရလျှင် ဘာမျှမမှားပါ။ နုပျိုသောခန္ဓာ၏ သမားရိုးကျတုံ့ပြန်မှုသာတည်း။ ထိုသို့သောခံစားချက်သည် မည်မျှပင်ပြင်းထန်စေကာမူ၊ သူ့အလိုအလျောက်ဖြစ်သောကြောင့် ဟတ္ထမေထုန်နှင့်မတူပါ။ အရွယ်ကြီးလာသည်နှင့်အမျှ ပြင်းထန်သော၎င်းခံစားချက် လျော့နည်းသွားပါလိမ့်မည်။
သို့ရာတွင် အချို့လူငယ်များသည် ယခင်ကမခံစားခဲ့ဘူးသောအဆိုပါအာရုံခံစားချက်ကို နှိုက်နှိုက်ချွတ်ချွတ်သိချင်ဇောကြောင့် မိမိတို့လိင်အင်္ဂါများကို လက်ဖြင့်ကိုင်တွယ်လျက် တမင်ဆော့ကစားကြသည်။
‘စိတ်လောင်စာ’
လူငယ်တစ်ဦး စာရိတ္တပျက်မိန်းမတစ်ဦးနှင့် တွေ့ဆုံခဲ့သည့်အဖြစ်ကို သမ္မာကျမ်းစာက တင်ပြထားသည်။ ၎င်းမိန်းမသည်လူငယ်ကိုနမ်းရှုပ်လျက် “လာပါ။ မေထုန်ပြု၍မွေ့လျော်ကြကုန်အံ့” ဟုဆို၏။ ၎င်းနောက်ဘာဖြစ်သနည်း။ “နွားသည်အသေခံရာသို့လိုက်သကဲ့သို့ ... လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားတတ်၏။” (သု. ၇:၇-၂၂) ၎င်းလူငယ်၏ရာဂစိတ်ထကြွလာသည်မှာ ဟော်မုန်းကြောင့်သာမဟုတ်၊ သူကြားမြင်ရသောအရာများကြောင့်ဖြစ်သည်မှာ သိသာ၏။
ထို့နည်းတူ၊ လူငယ်တစ်ဦး ဤသို့ဝန်ခံသည်– ‘ကျွန်တော် တစ်ကိုယ်တည်းရာဂစိတ်ဖြေတဲ့ပြဿနာရဲ့အရင်းအမြစ်ဟာ ကျွန်တော်ဘာတွေကိုစိတ်ထဲထည့်သွင်းသလဲ ဆိုတဲ့အချက်ပါပဲ။ ကျွန်တော်ဟာ သီလပျက်မြင်ကွင်းတွေပါတဲ့ တီဗွီကားတွေကြည့်တယ်။ တစ်ခါတလေ၊ ကိုယ်လုံးတီးမြင်ကွင်းပါတဲ့ ကေဘယ်တီဗွီကားလဲကြည့်တယ်။ ဒီမြင်ကွင်းတွေ ညစ်ညမ်းလွန်းလို့ စိတ်ထဲကနေမပျောက်ဘဲနေရော။ နောက်တော့ ပြန်ပေါ်ပေါ်လာပြီး တစ်ကိုယ်တည်းရာဂစိတ်ဖြေဖို့ လောင်စာဖြစ်လာတယ်။’
မှန်ပေသည်။ ဟတ္ထမေထုန်ကိုမီးထိုးပေးသောအရာမှာ မိမိဖတ်၊ ကြည့်၊ နားထောင်သော၊ ပြောဆိုတွေးတောသောအရာများပင်ဖြစ်သည်။ ၂၅ နှစ်အရွယ် အမျိုးသမီးပြောသည့်အတိုင်းပင်– “ဒီအကျင့်ကို ကျွန်မဖျောက်လို့မရနိုင်သလိုဖြစ်ခဲ့တယ်။ ကျွန်မ အချစ်ဝတ္ထုတွေဖတ်လို့ဒီပြဿနာဖြစ်ခဲ့ရတာပဲ” ဟုဆို၏။
“စိတ်ငြိမ်ဆေး” တစ်လက်
အထက်ပါမိန်းမငယ်၏တွေ့ကြုံမှုက အနှီအကျင့်ကိုဖျောက်ဖို့အလွန်ခက်ခြင်း၏ အဓိကအကြောင်းရင်းကို ပေါ်လွင်စေ၏။ သူမ ဤသို့ဆက်လက်ပြောကြား၏– “ကျွန်မ အများအားဖြင့် စိတ်ဖိအား၊ စိတ်တင်းမှု၊ ဒါမှမဟုတ်၊ အပူအပင်တွေကိုဖြေလျှော့တဲ့အနေနဲ့ တစ်ကိုယ်တည်းရာဂစိတ်ဖြေတတ်ပါတယ်။ တဒင်္ဂခံစားရတဲ့သာယာမှုဟာ အရက်သောက်လို့ခံစားရတဲ့အာရုံ ငြိမ်သက်ခြင်းနဲ့ဆင်တူတယ်။”
သုတေသီ စူဇင်နယ်နှင့် အိုင်ဗင်းစာနော့ဖ်တို့က ဤသို့ရေးသားကြသည်– “အချို့လူများအဖို့ ဟတ္ထမေထုန်သည် ဖြေသိမ့်မှုပေးသောအကျင့်တစ်ခုဖြစ်၏။ ပယ်ချပုတ်ထုတ်ခံရတိုင်း၊ တစ်စုံတစ်ခုအတွက် စိတ်ထင့်တိုင်း၊ ၎င်းဘက်သို့လှည့်စမြဲ။ အခြားသူများမှာမူ၊ အလွန်စိတ်ညစ်သောအခါ၊ တစ်ခါတစ်ရံမျှသာပြုတတ်ကြသည်။” ထင်ရှားသည်ကား၊ အချို့လူတို့သည် ဝမ်းနည်း၊ စိတ်ကျ၊ အထီးကျန်၊ သို့မဟုတ် စိတ်ဆင်းရဲလွန်းသည့်အခါများ၌ ပြုတတ်ကြ၏။ သူတို့အဖို့ ဒုက္ခကိုမေ့လျော့စေသော “စိတ်ငြိမ်ဆေး” ဖြစ်လာသည်။
သမ္မာကျမ်းစာ မည်သို့ဆိုသနည်း။
လူငယ်တစ်ဦးက “ဟတ္ထမေထုန်ဟာ ခွင့်မလွှတ်နိုင်တဲ့အပြစ်လား” ဟူ၍မေး၏။ သမ္မာကျမ်းစာ၌ ၎င်းအကြောင်း ဖော်ပြမထားပါ။ * သမ္မာကျမ်းစာခေတ်၌ ၎င်းအကျင့်သည် ဂရိစကားပြောလောက၌ သူငါအများ၏အကျင့်ဖြစ်၏။ ယင်းအကျင့်ကိုဖော်ပြသော ဂရိစကားလုံးအချို့ရှိ၏။ သို့ရာတွင် သမ္မာကျမ်းစာတွင် ထိုစကားလုံးတစ်ခုမျှမတွေ့ရ။
ဟတ္ထမေထုန်ကို သမ္မာကျမ်းစာက တိုက်ရိုက်ပြစ်တင်မထားသည့်အတွက် ၎င်းသည်အန္တရာယ်မဲ့၏ဟုဆိုလိုသလော။ လုံးဝမဟုတ်! ဟတ္ထမေထုန်သည် မတရားမေထုန်ကဲ့သို့သော ကြီးလေးသောအပြစ်များနှင့်တန်းတူမဟုတ်သည်တိုင်အောင် စင်စစ်ညစ်ညူးသောအကျင့်ဖြစ်၏။ (ဧဖက် ၄:၁၉) သို့ဖြစ်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်မူများက သင်သည်ထိုညစ်ညူးသောအကျင့်ကို တအားကုန်တွန်းလှန်လျှင် “ကိုယ့်ကိုယ်ကိုအကျိုးပြု” ရာရောက်ကြောင်း ရည်ညွှန်းပေသည်။—ဟေရှာယ ၄၈:၁၇။
“ကာမရမ္မက်” ကိုနှိုးဆွခြင်း
သမ္မာကျမ်းစာက “ကိလေသာပူပန်ခြင်း [ကာမရမ္မက်၊ကဘ] ... တည်းဟူသော ... သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့” ဟုတိုက်တွန်း၏။ (ကောလောသဲ ၃:၅) “ကာမရမ္မက်” ဆိုရာ၌၊ သာမန်လိင်စိတ်ကိုမရည်ညွှန်း၊ စည်းလွတ်ဝါးလွတ်ကာမရာဂမျိုးကိုဆိုလိုသည်။ အဆိုပါ “ကာမရမ္မက်” ကြောင့် လူသည် ရောမ ၁:၂၆၊ ၂၇ ၌ ပေါလုဖော်ပြသောအပြစ်ကြီးလေးသည့် အပြုအမူများကျူးလွန်နိုင်သည်။
သို့သော် ဟတ္ထမေထုန်သည် ထိုအာသာများကို “သေစေ” သလော။ မသေစေသည်သာမက၊ လူငယ်တစ်ဦးဝန်ခံသကဲ့သို့ဖြစ်သည်– “တစ်ကိုယ်တည်းရာဂစိတ်ဖြေတဲ့အခါ၊ စိတ်ဟာ မှားယွင်းတဲ့ဆန္ဒပေါ် ရောက်နေပါတယ်။ ဒီတော့၊ ဒါတွေကိုချည်း မက်သထက်မက်လာရုံပဲရှိတယ်။” များသောအားဖြင့် စိတ်ကူးဖြင့် ကာမသာယာမှုကိုတိုးပွားစေသည်။ (မဿဲ ၅:၂၇၊ ၂၈) ထို့ကြောင့် အခြေအနေခွင့်ပြုလျှင် လွယ်လွယ်နှင့်သီလပျက်ခြင်း ကျော့ကွင်းထဲသို့ကျဆင်းသွားနိုင်သည်။ လူငယ်တစ်ဦး ထိုသို့ဖြစ်ခဲ့၏။ သူဤသို့ဝန်ခံ၏– “မနဲ့တကယ်ပတ်သက်စရာမလိုဘဲ တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းအားဖြင့် ကျွန်တော့်ရဲ့စိတ်ပျက်မှုကို ဖြေဖျောက်နိုင်လိမ့်မယ်လို့ တစ်ချိန်ကကျွန်တော်ထင်ခဲ့မိတယ်။ ဒါပေမဲ့၊ ကျွန်တော်ဟာ မနဲ့တကယ်ပတ်သက်ချင်တဲ့ဆန္ဒ ထိန်းမနိုင်အောင်ပြင်းပြလာခဲ့တယ်။” သူသည်မတရားမေထုန်ပြုခဲ့လေသည်။ ထို့ကြောင့်၊ ပြည်လုံးကျွတ်လေ့လာချက်တစ်ရပ်က တစ်ကိုယ်တည်းရာဂစိတ်ဖြေသော လူပျိုအပျိုဖြန်းတို့သည် မတရားမေထုန်ကိုလည်း မှီဝဲကြကြောင်းတွေ့ရသည်မှာ အဆန်းမဟုတ်။ သူတို့၏အရေအတွက်သည် လူပျိုအပျိုစစ်များထက် ၅၀ ရာခိုင်နှုန်းပိုများသည်!
စိတ်နှင့်စိတ်လှုပ်ရှားမှုဘက် ညစ်ညမ်းခြင်း
ဟတ္ထမေထုန်သည် စိတ်ကိုညစ်ညမ်းစေသော စိတ်သဘောထားအချို့ကိုလည်း ဖြစ်ပေါ်စေသည်။ (၂ ကောရိန္သု ၁၁:၃ နှိုင်းယှဉ်။) လူတစ်ဦး တစ်ကိုယ်တည်းရာဂစိတ်ဖြေနေစဉ် သူ၏စိတ်သည် မိမိ၏အသွေးအသားသာယာမှုထဲ၌ စုံးစုံးမြုပ်လျက်နေ၏—လုံးဝအတ္တဆန်၏။ ကာမသည်မေတ္တာနှင့် သီးခြားဖြစ်လာပြီး စိတ်ကိုဖြေသော အလိုအလျောက်တုံ့ပြန်မှုအဖြစ်သို့ လျှောကျသွားလေသည်။ သို့သော်၊ ဘုရားသခင်၏ရည်မှန်းချက်မှာ ကာမဆန္ဒကို ကာမဆက်ဆံခြင်း—ဇနီးမောင်နှံစပ်ကြား မေတ္တာနှင့်ယှက်၍ချစ်တင်းနှောခြင်းဖြင့် ဖြည့်စွက်ရန်ဖြစ်သည်။—သု. ၅:၁၅-၁၉။
တစ်ကိုယ်တည်းရာဂစိတ်ဖြေလေ့ရှိသူသည် လိင်ခြားသူကိုလိင်ပစ္စည်းတမယ်—ကာမဆန္ဒဖြည့်စွက်သော ကိရိယာတစ်ခုအဖြစ်သာ ရှုမှတ်ချင်ရှုမှတ်မည်။ သို့နှင့်၊ ဟတ္ထမေထုန်ဖြင့် သင်ယူခဲ့သည့်သဘောထားသည် “စိတ်” သို့မဟုတ် အားကြီးသောစိတ်အလိုကိုညစ်ညူးစေ၏။ အချို့လူတို့သည် အိမ်ထောင်ပြုပြီးနောက်၌ပင် ဟတ္ထမေထုန်ကြောင့်ဖြစ်ပေါ်လာသော ပြဿနာများနှင့်ဆက်၍ရင်ဆိုင်မြဲရင်ဆိုင်ကြရ၏! ယင်းကြောင့် သမ္မာကျမ်းစာက “ချစ်သူတို့၊ ... ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ... ကင်းစင် ... ကြကုန်အံ့” ဟု ဩဝါဒပေး၏။—၂ ကောရိန္သု ၇:၁။
မိုက်ပြစ်ကိုမျှမျှတတရှုမှတ်ခြင်း
လူငယ်များစွာတို့သည် အဆိုပါအကျင့်ဆိုးကို ယေဘုယျအားဖြင့် အောင်မြင်စွာချိုးဖျက်နိုင်ခဲ့သော်လည်း ရံဖန်ရံခါ အရေးနိမ့်၏။ ဝမ်းသာစရာကား၊ ဘုရားသခင်သည် အလွန်ကြင်နာသနားတတ်၏။ ဆာလံဆရာက “အကြောင်းမူကား၊ အို [ယေဟောဝါ၊ ကဘ]၊ ကိုယ်တော်သည်ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံ” တော်မူ၏ဟုစပ်ဆို၏။ (ဆာလံ ၈၆:၅၊ သမ္မ) ခရစ်ယာန်တစ်ဦးသည် ဟတ္ထမေထုန်အောက် အရေးနိမ့်သောအခါ သူ၏နှလုံးကသူ့ကိုထောင်းလေ့ရှိသည်။ သို့တစေ၊ သမ္မာကျမ်းစာက “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက်သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်” ဟုဆို၏။ (၁ ယောဟန် ၃:၂၀) ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကိုချည်းမြင်တော်မမူ။ ကိုယ်တော်၌ကျယ်ပြောသော အသိဉာဏ်ရှိရကား၊ ကျွန်ုပ်တို့၏တောင်းပန်အသနားခံချက်ကို ကြားတော်မူ၏။ မိန်းမငယ်တစ်ဦးရေးသည့်အတိုင်း– “ကျွန်မတော်တော်လေး စိတ်ညစ်ညမ်းခဲ့ပေမဲ့ ယေဟောဝါဟာ ဘယ်လောက်တောင်မေတ္တာနဲ့ပြည့်ဝတဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာသိတဲ့အပြင်၊ ကိုယ်တော်ရှင်ဟာ ကျွန်မစိုက်ထုတ်ခဲ့တဲ့လုံ့လ၊ ကျွန်မရဲ့စိတ်ရည်သန်ချက်တွေကို မြင်နိုင်တယ်ဆိုတဲ့အသိစိတ်ကြောင့် ကျွန်မဟာရံဖန်ရံခါအရေးနိမ့်တာတောင် လွန်လွန်မင်းမင်းစိတ်ဓာတ်ကျမသွားပါဘူး။” သင်သည် ဟတ္ထမေထုန်ပြုလိုသောဆန္ဒကိုတွန်းလှန်တိုက်ဖျက်ပါက ကြီးလေးသည့်အပြစ် မတရားမေထုန်ပြုမိဖို့အကြောင်းမများတော့ချေ။
၁၉၅၉ ခု၊ စက်တင်ဘာလ ၁ ရက်နေ့ထုတ် ကင်းမျှော်စင် က ဤသို့ရေးသားလိုက်သည်– “တစ်ချိန်ဘဝဟောင်းက အကျင့်ဆိုးအချို့သည် ကျွန်ုပ်တို့သတိပြုမိသည်ထက်ပို၍ပင် ရိုးတွင်းချဉ်ဆီတိုင်စိမ့်ဝင်ခဲ့သည်နှင့်အမျှ၊ ၎င်းတို့ကြောင့် ကျွန်ုပ်တို့အကြိမ်ပေါင်းများစွာ ခလုတ်တိုက်လဲ [တတ်] ကြပါသည်။ ... စိတ်မပျက်ပါနှင့်။ ခွင့်မလွှတ်နိုင်သောအပြစ်ကို ပြုမိပြီဟုမယူမှတ်ပါနှင့်။ စာတန် သင့်အားဤသို့ပင် တွေးထင်စေလို၏။ သင် ဝမ်းနည်းပူဆွေးသည့်အဖြစ်ကိုယ်နှိုက်က သင်သည်ပြန်မလှည့်နိုင်သည့်အဖြစ်သို့ မရောက်သေးကြောင်းသက်သေထူနေပေသည်။ နှိမ့်ချသောစိတ်ဖြင့် ဘုရားသခင်အထံတော်သို့လှည့်၍ ခွင့်လွှတ်ခြင်း၊ သန့်စင်ခြင်းနှင့် မစမှုအတွက် အနူးအညွတ်အသနားခံပန်ကြားပါ။ ဘယ်တော့မျှဝန်မလေးပါနှင့်။ တစ်စုံတစ်ခုသောအားနည်းမှုကို အကြိမ်မည်မျှတိုင်ကျူးလွန်ခဲ့စေကာမူ ကလေးတစ်ယောက်သည် ဖခင်တစ်ဦးထံချဉ်းကပ်သကဲ့သို့ ဘုရားသခင်ထံချဉ်းကပ်ပါ။ ကိုယ်တော်သည်မခံစားထိုက်သော ကရုဏာတော်ကြောင့် သင့်အားကြင်နာစွာထောက်မတော်မူမည်။ သင်သည်ရိုးဖြောင့်လျှင် ကိုယ်တော်လည်းသင့်အား စင်ကြယ်သောသြတ္တပ္ပစိတ်ကို ပေးတော်မူမည်။”
ထို “စင်ကြယ်သောသြတ္တပ္ပစိတ်” ကို မည်သို့ရယူနိုင်သနည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 20 သြနန်သည် ‘သုတ်ရည်ကိုထုတ်၍စွန့်’ သည့်အတွက် သူ့ကိုဘုရားသခင်အဆုံးစီရင်တော်မူ၏။ သို့ရာတွင်၊ မပြီးမြောက်သောကာမဆက်ဆံမှုသာဖြစ်ပြီး ဟတ္ထမေထုန်ကိစ္စမဟုတ်။ ထို့ပြင်၊ ဩနန်သည် အတ္တစိတ်ရှိသည်ဖြစ်ရာ မရီးနှင့်ထိမ်းမြားပြီး သေဆုံးပြီဖြစ်သော မိမိအစ်ကိုအတွက် အမျိုးဆက်ခြင်းတည်းဟူသောဝတ်ကို မပြုလိုသည့်အတွက် အဆုံးစီရင်ခံရခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃၈:၁-၁၀) ဝတ်ပြုရာ ၁၅:၁၆-၁၈ ၌တင်ပြသော ‘သုတ်ရည်ထွက်ခြင်း’ ကို မည်သို့ဆိုမည်နည်း။ ဟတ္ထမေထုန်ကိုပြောနေခြင်းမဟုတ်၊ ညအချိန်သုတ်လွှတ်ခြင်းနှင့် လင်မယားဆက်ဆံခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သိသာပါသည်။
ဆွေးနွေးရန်မေးခွန်းများ
◻ဟတ္ထမေထုန်ဟူသည်အဘယ်နည်း။ ၎င်းနှင့်ပတ်သက်၍ လူအများအဘယ်မှားယွင်းသော ယူဆချက်များရှိတတ်ကြသနည်း။
◻လူငယ်လူရွယ်များသည် တစ်ခါတစ်ရံ အဘယ်ကြောင့်လိင်စိတ်ပြင်းပြကြသနည်း။ ၎င်းကိုအပြစ်ဟုသင်ထင်သလော။
◻အဘယ်အရာများသည် ဟတ္ထမေထုန်ပြုလိုစိတ်ကိုနှိုးဆွသနည်း။
◻ဟတ္ထမေထုန်သည်လူငယ်အား ဥပဒ်ပြုသလော။
◻ဟတ္ထမေထုန်သည် မည်မျှတိုင်အပြစ်ကြီးသည်ဟု သင်ထင်သနည်း။ လူငယ်တစ်ဦးသည် ၎င်းအကျင့်ကိုတိုက်ဖျက်ရာ၌ အခက်အခဲနှင့်ရင်ဆိုင်နေရသော်လည်း ဆက်လက်တိုက်ဖျက်နေပါက ၎င်းလူငယ်ပေါ် ယေဟောဝါ မည်သို့သဘောထားတော်မူသနည်း။
[စာမျက်နှာ ၂၀၀ ပါအကျဉ်းဖော်ပြချက်]
အချို့လူတို့သည် စိတ်ပိသောအခါ၊ သို့မဟုတ် စိတ်တင်း၊ အထီးကျန်ဖြစ်၊ စိတ်ညှိုးငယ်သောအခါ တစ်ကိုယ်တည်းရာဂစိတ်ဖြေလိုသော လှုံ့ဆော်မှုကိုခံရသည်
[စာမျက်နှာ ၂၀၂ ပါအကျဉ်းဖော်ပြချက်]
‘ကျွန်တော် တစ်ကိုယ်တည်းရာဂစိတ်ဖြေတဲ့ ပြဿနာရဲ့အရင်းအမြစ်ဟာ ကျွန်တော်ဘာတွေကို စိတ်ထဲထည့်သွင်းသလဲ ဆိုတဲ့အချက်ပါပဲ’
[စာမျက်နှာ ၂၀၄ ပါအကျဉ်းဖော်ပြချက်]
“ကျွန်တော် [တစ်ကိုယ်တည်းရာဂစိတ်ဖြေ] မိတဲ့အခါ ယေဟောဝါပေါ် တာဝန်ပျက်ကွက်ခဲ့သလို ခံစားရပါတယ်”
[စာမျက်နှာ ၁၉၈ ပါရုပ်ပုံ]
ဟတ္ထမေထုန်ကြောင့်စိတ်ညစ်ညမ်းသော်လည်း စိတ်ရင်းမှန်ဖြင့်ဘုရားသခင့်ခွင့်လွှတ်မှုကို အသနားခံပြီး ၎င်းအကျင့်ကိုအားသွန်ခွန်စိုက်တိုက်ဖျက်ပါက စင်ကြယ်သောသြတ္တပ္ပစိတ် ရရှိနိုင်သည်
[စာမျက်နှာ ၂၀၃ ပါရုပ်ပုံ]
တဏှာအချစ်ဝတ္ထု၊ စာအုပ်နှင့် တီဗွီဇာတ်လမ်းတို့သည် ဟတ္ထမေထုန်အတွက် ‘လောင်စာ’ ဖြစ်နိုင်သည်