ဘုရားသခင်နဲ့ ငါဘယ်လိုအကျွမ်းဝင်နိုင်မလဲ
အခန်း ၃၉
ဘုရားသခင်နဲ့ ငါဘယ်လိုအကျွမ်းဝင်နိုင်မလဲ
ဘုရားသခင်နဲ့—အကျွမ်းဝင်တယ် ဟုတ်စ။ လူများစွာအဖို့၊ ဘုရားသခင်သည် ခပ်စိမ်းစိမ်း၊ ခပ်ခွာခွာနေသောသူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦးအဖြစ်မတည်ရှိသော ‘မူလအကြောင်းတရား’ ဖြစ်ဟန်တူသည်။ ထို့ကြောင့် ကိုယ်တော်နှင့်အကျွမ်းဝင်သည်ဟုဆိုသောအခါ သင်သည်စိတ်ဘောင်ဘင်ခတ်ရုံမက ကြောက်ပင်ကြောက်မိမည်။
ပြီးတော့၊ သင့်တွေ့ကြုံမှုသည် လင်းဒါဆိုသူ မိန်းမငယ်၏တွေ့ကြုံမှုနှင့် ဆင်ခြင်လည်းဆင်မည်။ လင်းဒါသည် ခရစ်ယာန်မိဘများ၏ ပျိုးထောင်မှုဖြင့်ကြီးပြင်းလာခဲ့သည်။ သူဤသို့နောက်ကြောင်းပြန်၏– “ကျွန်မဆယ်ကျော်သက်အရွယ်မှာ ခရစ်ယာန်စည်းဝေးတက်ဖို့ပျက်ကွက်တာမျိုး အင်မတန်ရှားတယ်။ မဟောပြောဘဲနေတဲ့လဆိုတာလည်းမရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မဟာ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံမှုအဆင့်ကို ဟုတ်တိပတ်တိ ဘယ်တော့မှ မရောက်ခဲ့ဖူးဘူး။”
သို့ရာတွင်၊ သင့်အနာဂတ်သည် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းပေါ်မူတည်၏။ ယေရှုခရစ်ဤသို့မိန့်တော်မူ၏– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ထိုသို့သော “သိကျွမ်းခြင်း” မှာ၊ အချက်အလက်များကိုသိပြီး ပြန်ပြောနိုင်စွမ်းကိုသာမဆိုလို—ဘုရားမဲ့သူပင် ထိုသို့ပြုနိုင်သည်။ ၎င်းသည်ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့၍ ကိုယ်တော်၏မိတ်ဆွေဖြစ်လာခြင်းမည်၏။ (ယာကုပ် ၂:၂၃ နှိုင်းယှဉ်။) ကိုယ်တော်သည်မချဉ်းကပ်နိုင်သူတစ်ဦးဖြစ်ဖို့ဝေးစွ။မိမိအား“ရှာစမ်း”၍“တွေ့”ကြရန်ပင်ကျွန်ုပ်တို့အားဖိတ်မန္တကပြုတော်မူ၏။အကြောင်းမှာ၊“ငါတို့တွင်အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။”—တမန်တော်၁၇:၂၇။
ဘုရားသခင်ကို မည်သို့သိကျွမ်းလာနိုင်ကြောင်း
သင်သည် ဝေးလံသောကြယ်များကို ငေးကြည့်ဖူးသလော။ မြည်ဟည်းသောပင်လယ်လှိုင်းသံများကို တအံ့တဩ နားထောင်ဖူးသလော။ လှပသောလိပ်ပြာကလေး၏ ဆွဲဆောင်မှုကိုခံရဖူးသလော။ သေးငယ်သောအရွက်များ၏သိမ်မွေ့သောအလှကြောင့် မိန်းမောဖူးသလော။ ဤအရာများအားလုံးက ဘုရားသခင်၏မဟာတန်ခိုးတော်၊ ဉာဏ်တော်နှင့် မေတ္တာတော်၏ပဏာမမျှသာတည်း။ “ဖန်ဆင်းထားသောအရာများကိုထောက်ရှုသဖြင့်၊ နိစ္စတန်ခိုးတော်နှင့် ဘုရားအဖြစ်တော်တည်းဟူသော ကွယ်ဝှက်ရာ [အရည်အသွေး၊ ကဘ] များ ... ထင်ရှား” လျက်ရှိသည်။—ရောမ ၁:၁၉၊ ၂၀၊ သမ။
သို့ရာတွင်၊ ဖန်ဆင်းရာများကိုသာကြည့်ပြီး ဘုရားသခင့်အကြောင်းကို လေ့လာသိရှိရုံနှင့်မလုံလောက်ပါ။ ယင်းကြောင့်၊ ဘုရားသခင်သည် မိမိ၏အရေးအသားနှုတ်ကပါဌ်တော်ကို ပေးတော်မူခြင်းဖြစ်သည်။ ၎င်းစာအုပ်က ဘုရားသခင်သည် အမည်မဲ့ပုဂ္ဂိုလ်တစ်ဦးမဟုတ်၊ ပုဂ္ဂိုလ်မဟုတ်သောအင်အားတစ်ခုလည်းမဟုတ်၊ အမည်နာမရှိသော တကယ်ပင်တည်ရှိသည့်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ကြောင်း ဖော်ပြ၏။ ဆာလံဆရာက “[ယေဟောဝါ၊ ကဘ] သည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့” ဟုကြွေးကြော်၏။ (ဆာလံ ၁၀၀:၃) သမ္မာကျမ်းစာက ၎င်းနာမတော်ခံ ပုဂ္ဂိုလ်မြတ်အကြောင်းကိုပါဖော်ပြ၏– “ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” ၏။ (ထွက်မြောက်ရာ ၃၄:၆) သမ္မာကျမ်းစာသည် ဘုရားသခင် လူသားတို့နှင့် မည်သို့မည်ပုံဆက်ဆံခဲ့ကြောင်းကို အသေးစိတ်မှတ်တမ်းတင်ထားသည်ဖြစ်ရာ၊ ဘုရားသခင့်လှုပ်ရှားဆောင်ရွက်မှုကို ကျွန်ုပ်တို့ရှင်းလင်းစွာတွေ့မြင်နိုင်ပေသည်! ထို့ကြောင့် သမ္မာကျမ်းစာဖတ်ခြင်းသည် ဘုရားသခင်နှင့်အကျွမ်းဝင်ရန် မရှိမဖြစ်သောအပိုင်းဖြစ်သည်။
ကျမ်းစာဖတ်ခြင်းကိုပျော်ဖွယ်ဖြစ်စေခြင်း
သမ္မာကျမ်းစာသည် ထူထဲသောစာအုပ်ဖြစ်သည်မှန်၏။ ၎င်း၏အထူကိုကြည့်လိုက်ရုံနှင့် လူငယ်များ မဖတ်ရဲတော့။ ကျမ်းစာသည် ငြီးငွေ့စရာကောင်းသည်ဟုလည်း အချို့ကအပြစ်ဆိုကြသေးသည်။ ၂ ပေတရု ၃:၁၆) သို့သော် ကျမ်းစာဖတ်ခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်စရာမလိုပါ။
သို့ရာတွင် သမ္မာကျမ်းစာသည် ဘုရားသခင့်ဗျာဒိတ်တော်တည်း။ ၎င်းက ကျွန်ုပ်တို့မည်သို့မည်ပုံ ဤနေရာသို့ရောက်လာကြောင်း၊ အဘယ်အရပ်သို့သွားနေကြောင်း ဖော်ပြသည်။ ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်လိုလျှင် ဘာလုပ်ရမည်ကို ခရေစေ့တွင်းကျ ဖော်ပြ၏။ အဘယ်မှာ ငြီးငွေ့စရာဖြစ်နိုင်ပါအံ့နည်း။ ကျမ်းစာသည် အပျော်ဖတ်စရာမဟုတ်သည်မှာမှန်သည်။ နားလည်ရန် “ခက်ခဲသောအရာအချို့” လည်းရှိသည်။ (လူငယ်လေး မာဗင်သည် ကျမ်းစာဖတ်ခြင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် နည်းတစ်မျိုးကိုသုံး၏။ သူဤသို့ဆို၏– “ကျွန်တော်ဟာ ပြဇာတ်နောက်ခံကိုတွေးကြည့်တယ်။ ကိုယ်တိုင်ဇာတ်ဆောင်လုပ်တယ်။” ဥပမာ၊ ဒံယေလ အခန်းကြီး ၆ ပါအဖြစ်အပျက်ကိုကြည့်ပါ။ ဖတ်ရုံသာမဖတ်ဘဲ၊ သင့်ကိုယ်ကိုသင် ဒံယေလဟုထင်မှတ်ပါ။ သင်သည် သင့်ဘုရားသခင်ထံဆုတောင်းသည် ဟူသောတရားလွန်စွပ်စွဲချက်မျိုးဖြင့် ဖမ်းဆီးခံရလေပြီ။ အဘယ်အပြစ်ဒဏ်ခံရမည်နည်း။ သေဒဏ်! ပေရသိစစ်သားများသည် သင့်အားဒရွတ်တိုက် သင်္ချိုင်းဂူထဲသို့ဆွဲထုတ်သွားသည်—ငတ်ပြတ်နေသောခြင်္သေ့များရှိရာတွင်းထဲသို့ဖြစ်၏။
လေးလံသောဟိန်းသံနှင့်အတူ၊ တွင်းဝမှကျောက်တုံးကြီး နေရာမှရွေ့သွားလေပြီ။ အောက်ဘက်မှခြင်္သေ့များ၏ ကျောစိမ့်ဖွယ်ဟိန်းသံများကို အတိုင်းသားကြားရပြီ။ သင်သည်ကြောက်အားလန့်အားနှင့် ရုန်းကန်သော်လည်း ဘုရင့်စစ်သည်တော်များနှင့် အားချင်းမမျှရကား၊ သေတွင်းထဲသို့ချပစ်ခံရလေသည်။ ကျောက်တုံးကြီး တွင်းဝကိုပိတ်သွားချေပြီ။ မှောင်အတိအောက်၌ အမွေးအမျှင်ပါသောတစ်စုံတစ်ရာ၏ ပွတ်တိုက်မှုကိုခံရလေပြီ ...
ငြီးငွေ့စရာလား။ ဝေလာဝေး! သို့ရာတွင် အပျော်ဖတ်ခြင်းမဟုတ်ကြောင်း သတိရပါ။ ယေဟောဝါနှင့်ပတ်သက်၍ အတ္ထုပ္ပတ္တိက ဘာကိုသွန်သင်နေကြောင်း မြင်တတ်ပါ။ ဥပမာ၊ ဒံယေလ၏အတွေ့အကြုံက ယေဟောဝါသည် မိမိကျေးကျွန်များအား ခက်ခဲသောစုံစမ်းခြင်းနှင့်ရင်ဆိုင်ရန်အခွင့်ပေးတော်မူကြောင်း တင်ပြမနေပေလော။
ကျမ်းစာမှန်မှန်ဖတ်သည့်အချိန်ဇယားလည်း ထားရှိပါ။ တစ်ရက်လျှင် ၁၅ မိနစ်သာဖတ်ရုံနှင့် တစ်နှစ်အတွင်း တစ်အုပ်လုံးပြီးအောင်ပင်ဖတ်နိုင်သည်! တီဗွီကြည့်ခြင်းစသော—အရေးမကြီးလှသည့်ကိစ္စများမှ ‘အချိန်ကိုဝယ်ယူ’ ပါ။ (ဧဖက် ၅:၁၆) ကျမ်းစာကြိုးစားဖတ်သည်နှင့်အမျှ၊ ဘုရားသခင်နှင့် ပို၍ပို၍ရင်းနှီးကျွမ်းဝင်လာမည်ဧကန်။—သု. ၂:၁၊ ၅။
ဆုတောင်းခြင်းသည် သင့်အားဘုရားသခင်နှင့် ရင်းနှီးစေ၏
လက်ဗန်းအမည်ရှိ မိန်းကလေးတစ်ဦးက ဤသို့ဆို၏– “လူတစ်ယောက်နဲ့စကားမပြောဘဲနေလို့ရှိရင် သူနဲ့အကျွမ်းဝင်တယ်လို့ပြောရခက်တယ်။” ယေဟောဝါသည် “ပတ္ထနာစကားကိုနားထောင်တော်မူသောဘုရား” ဖြစ်၍ မိမိနှင့်စကားပြောရန် ကျွန်ုပ်တို့အားဖိတ်ခေါ်တော်မူ၏။ (ဆာလံ ၆၅:၂) ယုံကြည်ခြင်းဖြင့် ကိုယ်တော်ထံတောင်းလျှောက်လျှင် “အလိုတော်နှင့်အညီ ငါတို့တောင်းလျှောက်လေရာရာ၌ နားညောင်းတော်မူ” ၏။—၁ ယောဟန် ၅:၁၄၊ သမ။
(အထက်ဆိုခဲ့သော) လင်းဒါသည် ဤအချက်ကို ကိုယ်တွေ့မှသိခဲ့ရသည်။ သူ့ဘဝတစ်ကွေ့တွင် ပြဿနာနှင့် ကြောင့်ကျစရာများ စုပြုံခဲ့သဖြင့် မိမိသည် ‘ပြဿနာအဖြေအတွက် နေ့စဉ်ရက်ဆက် ဆုတောင်းခဲ့ကြောင်း’ နောက်ကြောင်းပြန်၏။ အခက်အခဲများဖြေရှင်းနိုင်ရန် လိုအပ်သောခွန်အား ရလာသည်နှင့်အမျှ ယခင်က ခပ်ခွာခွာနေသည်ဟု မိမိထင်ခဲ့သောဘုရားသခင်နှင့်ရင်းနှီးလာသည်ကို တွေ့ရလေသည်။ ခေးအမည်ရှိ နောက်လူငယ်တစ်ယောက်ကလည်း ဆုတောင်းခြင်း၏တန်ဖိုးကိုသိခဲ့ရသည်– “တစ်ခါတလေ၊ တစ်ယောက်ယောက်ကိုခံစားချက် ရင်ဖွင့်လိုက်ချင်တယ်။ ယေဟောဝါထက် ဘယ်သူက ရင်ဖွင့်ဖို့အကောင်းဆုံးသူဖြစ်နိုင်ဦးမလဲ။ ဘာကြောင့်လည်းဆိုတော့၊ ယေဟောဝါဟာ နားလည်တတ်တယ်။ သူသာလျှင် ကိုယ့်ကိုကူညီနိုင်တယ်။”
သို့သော် ဆုတောင်းခြင်းသည် စိတ်လှုပ်ရှားမှုအပိုင်း၌သာ အထောက်အကူပြုသလော။ မဟုတ်။ ယာကုပ် ၁:၂-၅ (ကဘ) က စုံစမ်းခြင်းအမျိုးမျိုးနှင့်ကြုံသောအခါ “ဘုရားသခင့်ထံ မပြတ်တောင်းလျှောက်” အပ်ကြောင်း၊ “အကြောင်းမှာ၊ ကိုယ်တော်သည် ကဲ့ရဲ့ခြင်းမပြုဘဲ လူခပ်သိမ်းတို့အား ရက်ရောစွာပေးသနားတော်မူ” ကြောင်း အခိုင်အမာဆိုထားသည်။ စုံစမ်းခြင်းမှထွက်ပေါက်ကို ပေးချင်မှပေးတော်မူမည်ဖြစ်သော်လည်း စုံစမ်းခြင်းကို ရင်ဆိုင်နိုင်ရန် ပညာကိုပေးမည်ဟု အာမခံတော်မူပေသည်! ကိုယ်တော်သည် ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ကျမ်းစာမူများကို သင့်အားသတိရစေပေမည်။ (ယောဟန် ၁၄:၂၆ နှိုင်းယှဉ်။) သို့တည်းမဟုတ်၊ သင့်ကိုယ်ပိုင်လေ့လာမှုနှင့် စည်းဝေးတက်ရာမှ အချက်အလက်အချို့ကို သတိပြုစေတော်မူမည်။ “မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ ... ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” “ခိုကိုးရာမဲ့” အဖြစ်စွန့်ပစ်တော်မူမည်မဟုတ်ကြောင်းကိုလည်း မမေ့လေနှင့်။ (၁ ကောရိန္သု ၁၀:၁၃; ၂ ကောရိန္သု ၄:၉၊ သမ) စုံစမ်းခြင်းတစ်ရပ်ကို ရင်ဆိုင်ရာ၌ ကိုယ်တော့်မစမှုကိုခံစားရလျှင် ကိုယ်တော်နှင့် ပို၍အကျွမ်းဝင်လာမည်မဟုတ်ပေလော။
သို့ရာတွင် ကိုယ်ရေးကိုယ်တာပြဿနာများအတွက်သာ ဆုမတောင်းပါနှင့်။ ယေရှုသည် မိမိ၏စံပြပတ္ထနာတော်၌ ယေဟောဝါ၏နာမတော်လူတကာရိုသေလေးမြတ်မှုခံရခြင်း၊ ဘုရားနိုင်ငံတော်သက်ရောက်ခြင်းနှင့် အလိုတော်ဖြစ်မြောက်ခြင်းတို့ကို အရေးပေးတော်မူ၏။ (မဿဲ ၆:၉-၁၃) “ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြု” ခြင်းလည်း ဆုတောင်းခြင်း၏အရေးပါသောအစိတ်အပိုင်းဖြစ်ပေသည်။—ဖိလိပ္ပိ ၄:၆။
သို့သော် ဆုတောင်းရမှာ စနောင့်စနင်းဖြစ်လျှင် မည်သို့နည်း။ ၎င်းအတွက် ဆုတောင်းပါ! ရှေ့တော်၌ ရင်ဖွင့်နိုင်ရန် မစပါဟု တောင်းလျှောက်ပါ။ “ဆုတောင်းခြင်း၌စွဲမြဲပါ။” အချိန်တန်လျှင် ရင်းနှီးသောမိတ်ဆွေနှင့်စကားပြောသလို ယေဟောဝါနှင့်ရင်ဖွင့်၍ပြောဆိုနိုင်သည်ကို တွေ့ရလိမ့်မည်။ (ရောမ ၁၂:၁၂၊ ကဘ) မိန်းမငယ် မာရီယာက “ကျွန်မ ပြဿနာကြုံတိုင်း၊ ညွှန်ကြားချက်ရဖို့ ယေဟောဝါအထံတော်ကိုသွားနိုင်တယ်၊ ယေဟောဝါလည်း ကျွန်မကိုကူညီမယ်ဆိုတာ ကျွန်မနားလည်တယ်” ဟုဆို၏။
စီကာပတ်ကုံး ဘုရားသခင်နှင့်စကားပြောရန်မလိုပါ။ ဟိတ်ဟန်ထုတ်ရန်လည်းမလို။ ဆာလံဆရာက “ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့” ဟုတိုက်တွန်း၏။ (ဆာလံ ၆၂:၈) သင့်ခံစားချက်နှင့်ပူပန်မှုကို ကိုယ်တော်အား အသိပေးပါ။ သင့်အားနည်းချက်ကို ပြုပြင်ရန် အကူအညီတောင်းပါ။ သင့်မိသားစုနှင့် ခရစ်ယာန်ချင်းတို့အပေါ် ကောင်းချီးပေးရန်တောင်းလျှောက်ပါ။ အမှားပြုမိသောအခါ ခွင့်လွှတ်ပါရန်အသနားခံပါ။ အသက်ဆုကျေးဇူးအတွက် နေ့စဉ် ကျေးဇူးတော်ချီးမွမ်းပါ။ ဆုတောင်းခြင်းသည် သင့်ဘဝ၏ပြုနေကျအမှုတစ်ခုဖြစ်လာသောအခါ သင်သည်ယေဟောဝါဘုရားသခင်နှင့် ပျော်ရွှင်ရင်းနှီးသော ဆက်ဆံရေးဘောင်အတွင်းသို့ ဝင်ရောက်လာမည်။
ဘုရားသခင်နှင့်မိမိမိတ်ဖြစ်ခြင်းကို လူသိရှင်ကြားကြေညာခြင်း
သင်သည် ဘုရားသခင်နှင့်မိတ်ဖြစ်ခဲ့ပြီဖြစ်ရာ၊ အခြားသူများလည်း အလားတူမိတ်သဟာယဖွဲ့စေနိုင်ရန် ကူညီလိုသောဆန္ဒ မပြင်းပြသင့်ပေလော။ အမှန်မှာ၊ ဘုရားသခင့်မိတ်ဆွေဖြစ်လိုသူများအနေနှင့် “ကယ်တင်ခြင်းအတွက် လူသိရှင်ကြားကြေညာ” ရမည်ဖြစ်သည်။—ရောမ ၁၀:၁၀။
လူများစွာတို့သည် အစပိုင်း၌ မိမိတို့ယုံကြည်ချက်ကို ကျောင်းနေဖက်၊ အိမ်နီးချင်းနှင့် ဆွေမျိုးများအား ပြောကြားကြသည်။ နောက်ပိုင်း၌ ယေဟောဝါသက်သေများနှင့်အတူ၊ “တစ်အိမ်မှတစ်အိမ်” ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြလေသည်။ (တမန်တော် ၅:၄၂) သို့ရာတွင် အချို့လူငယ်များအဖို့ လူထုဆိုင်ရာယင်းလုပ်ငန်းသည် ခြေခလုတ်တိုက်လဲစရာဖြစ်သည်။ သက်ငယ်ခရစ်ယာန်တစ်ဦးက “လူငယ်တော်တော်များများဟာ တစ်အိမ်မှတစ်အိမ်သွားဖို့ရှက်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့သူငယ်ချင်းတွေ သူတို့ကို ဘယ်လိုများထင်ကြမလဲ ဆိုပြီးကြောက်ကြပါတယ်” ဟုဆို၏။
သို့သော် မည်သူ့မျက်နှာသာကို သင်တကယ်တန်ဖိုးထားသနည်း—သင့်ရွယ်တူများ၏အကြိုက်လော၊ သို့မဟုတ် သင့်ကောင်းကင်မိတ်ဆွေ ယေဟောဝါ၏မျက်နှာသာလော။ ဟေဗြဲ ၁၀:၂၃၊ ကဘ) လုံလောက်စွာလေ့ကျင့်ပြင်ဆင်လျှင် ဟောပြောခြင်းလုပ်ငန်း၌ တကယ်ပင် ပျော်ရွှင်မှုခံစားနိုင်ကြောင်း တွေ့ရပါလိမ့်မည်!—၁ ပေတရု ၃:၁၅။
ရှက်ကြောက်ခြင်းကြောင့် ကယ်တင်ခြင်းမရဘဲနေသင့်သလော။ တမန်တော်ပေါလုက “လူသိရှင်ကြား ငါတို့၏မျှော်လင့်ချက်ကြေညာခြင်းအမှုကို ယိမ်းယိုင်ခြင်းမရှိဘဲ၊ ခိုင်မြဲစွာကိုင်စွဲကြစို့” ဟု တိုက်တွန်း၏။ (အချိန်တန်သော်၊ သင်သည် သင့်ကောင်းကင်မိတ်ဆွေကိုလေးမြတ်သောစိတ်ကြောင့် ကိုယ်တော့်ထံသင့်ကိုယ်သင် အကြွင်းမဲ့အပ်နှံ၍ ရေနှစ်ခြင်းခံခြင်းဖြင့်လည်းအပ်နှံကြောင်း အထိမ်းအမှတ်ပြုမည်ဖြစ်သည်။ (ရောမ ၁၂:၁; မဿဲ ၂၈:၁၉၊ ၂၀) ခရစ်တော်၏ နှစ်ခြင်းခံပြီးသော တပည့်တော်ဖြစ်လာရန် လူသိရှင်ကြားကြေညာခြင်းကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားသင့်။ ‘ကိုယ့်ကိုယ်ကိုငြင်းပယ်ခြင်း’ ကိစ္စ—ကိုယ့်ရည်မှန်းချက်များကို ဘေးဖယ်၍ ယေဟောဝါဘုရားသခင်၏အကျိုးကို ရှေ့ထားခြင်းဖြစ်သည်။ (မာကု ၈:၃၄) ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ယေဟောဝါသက်သေများအဖွဲ့အစည်း၏ အဖွဲ့သားတစ်ယောက်ဖြစ်လာဖို့လည်း လိုသည်။
ရောဘတ်ဆိုသောလူငယ်လေးက ဤသို့ပြော၏၊ “လူငယ်တော်တော်များများ နှစ်ခြင်းခံရမှာ စိတ်လေးကြတာကို ကျွန်တော်သတိပြုမိတယ်။ နောက်ဆုတ်လို့မရတဲ့ နောက်ဆုံးခြေလှမ်းဆိုပြီးတော့ ကြောက်ကြတယ်။” ဘုရားသခင်ထံအပ်နှံလိုက်ပြီဆိုလျှင် နောက်မဆုတ်နိုင်သည်ကားမှန်၏။ (ဒေသနာ ၅:၄ နှိုင်းယှဉ်။) သို့ရာတွင် နှစ်ခြင်းခံခံ မခံခံ—“ကောင်းသောအကျင့်ကို သိလျက်မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏”! (ယာကုပ် ၄:၁၇) အခရာမှာ သင်သည် ဘုရားသခင့်မိတ်သဟာယကိုမြတ်နိုးသလော ဟူသောအချက်တည်း။ ကိုယ်တော်ကို ထာဝစဉ်ဝတ်ပြုလိုသောဆန္ဒ သင်၌ရှိသလော။ ရှိလျှင်၊ ကြောက်စိတ်ကြောင့် မိမိသည် ဘုရားသခင့်မိတ်ဆွေဖြစ်ပါသည်ဟု လူသိရှင်ကြားမကြေညာဘဲမနေနှင့်!
ဘုရားသခင့်အဆွေများအတွက် ထာဝရကောင်းကျိုးများ!
ဘုရားသခင်၏မိတ်သဟာယကို သင်ရွေးချယ်လျှင် တစ်လောကလုံးနှင့်ပဋိပက္ခဖြစ်ရလိမ့်မည်။ (ယောဟန် ၁၅:၁၉) ကဲ့ရဲ့ခံရကောင်းခံရမည်။ အခက်အခဲ၊ ပြဿနာနှင့် သွေးဆောင်မှုများ၏ ထိုးနှက်မှုကို ခံရပေမည်။ မည်သို့ပင်ဖြစ်စေ မည်သူ၊ မည်သည့်အရာကြောင့်မျှ ဘုရားသခင်နှင့်မိတ်မပျက်စေနှင့်။ သင့်အား ကိုယ်တော် မုချဧကန် ထောက်မမည်ဟု ကတိပြုတော်မူ၏။ “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား။”—ဟေဗြဲ ၁၃:၅။
၂ တိမောသေ ၃:၁၆၊၁၇) ပြဿနာနှင့်လုံးထွေးသောအခါ ထိုမြင့်မြတ်သောကျမ်းဂန်၌ အဖြေရှာပါ။ (သု. ၂:၄၊ ၅) သင့်မိဘများသည် ဘုရားသခင်ကိုကြည်ညိုခန့်ညားသူများဖြစ်လျှင် သူတို့ထံရင်ဖွင့်လိုက်ရုံနှင့် သူတို့သည် ဝိညာဏပညာနှင့်အထောက်အမရနိုင်ရာ နောက်ထပ်တစ်ဌာနဖြစ်သည်ကိုတွေ့ရလိမ့်မည်။
ဤစာအုပ်သည် ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်း သင့်ထာဝရကောင်းကျိုးကို လိုလားကြောင်း သာဓကပြသောသက်သေ တစ်ခုမျှသာဖြစ်သည်။ ဤစာအုပ်သည် သင့်မေးခွန်းနှင့်ပြဿနာရှိသမျှကို မဖြေကြားနိုင်သည်တိုင်အောင် သမ္မာကျမ်းစာသည် မကုန်မခန်းနိုင်သောပညာ၏ပင်ရင်းဖြစ်ကြောင်း ယခုသင် ပို၍သဘောပေါက်မိပေမည်! (ထို့ထက်ကား၊ ယေဟောဝါဘုရားသခင်သည် အဖြေအားလုံးကိုသိတော်မူကြောင်း သတိရပါ။ ကိုယ်တော်သည် “ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူ” ၍အဘယ်အခက်အခဲကိုမဆို ဖြတ်ကျော်နိုင်ရန် သင့်အား လမ်းပြနိုင်၏။ (ဆာလံ ၄၆:၁) ထို့ကြောင့် ‘ငယ်ရွယ်စဉ်ယခုအခါ သင့်ဖန်ဆင်းရှင်ကို အောက်မေ့ပါ။’ (ဒေသနာ ၁၂:၁) ထိုလမ်းစဉ်သည် ယေဟောဝါစိတ်တော်ကို ရွှင်လန်းစေသောလမ်းစဉ်ပင်ဖြစ်၏။ (သု. ၂၇:၁၁) ဘယ်တော့မျှမပျောက်ကွယ်သော ပရဒိသုတွင် ထာဝရအသက်ရှင်ခြင်းတည်းဟူသော ဘုရားသခင့်အဆွေများအဖို့ ပြင်ဆင်တော်မူသောဆုလာဒ်တော်ကို ဆွတ်ခူးသောလမ်းစဉ်လည်းဖြစ်သတည်း။
ဆွေးနွေးရန်မေးခွန်းများ
◻ ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံမှုရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
◻ ဘုရားသခင်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
◻ သမ္မာကျမ်းစာဖတ်ခြင်းကို ပျော်ရွှင်ဖွယ်၊ အကျိုးဖြစ်ထွန်းဖွယ်ဖြစ်အောင် မည်သို့ပြုနိုင်သနည်း။
◻ သင့်ယုံကြည်ခြင်းကို “လူသိရှင်ကြားကြေညာ” ရာ၌ အဘယ်အရာများအကျုံးဝင်သနည်း။ ထိုသို့ပြုလိုသောဆန္ဒ သင်၌ရှိသလော။ အဘယ်ကြောင့်နည်း။
◻ ဘုရားသခင်နှင့်ရင်းနှီးမှုရရှိရေးတွင် စည်းဝေးသည် အဘယ်ကဏ္ဍမှပါဝင်သနည်း။ စည်းဝေးမှအကျိုးအများဆုံးရနိုင်ရန် မည်သို့ပြုနိုင်သနည်း။
◻ ဘုရားသခင့်အဆွေဖြစ်ခြင်း၏အကျိုးများကား အဘယ်နည်း။
[စာမျက်နှာ ၃၁၁ ပါအကျဉ်းဖော်ပြချက်]
ကျွန်မ ဘုရားသခင်နဲ့ တကယ်ပဲအကျွမ်းဝင်နိုင် လို့လား
[စာမျက်နှာ ၃၁၂ ပါအကျဉ်းဖော်ပြချက်]
သမ္မာကျမ်းစာသည် ဘုရားသခင့်ဗျာဒိတ်တော်ဖြစ်၏။ ကျွန်ုပ်တို့မည်သို့မည်ပုံ ဤနေရာသို့ရောက်လာကြောင်း၊ အဘယ်အရပ်သို့သွားနေကြောင်း ကျွန်ုပ်တို့အားသိစေ၏
[စာမျက်နှာ ၃၁၆၊ ၃၁၇ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
စည်းဝေးများ—ဘုရားသခင်နှင့် အကျွမ်းဝင်ဖို့အထောက်အကူတစ်ရပ်
“ယေဟောဝါကိုချစ်တဲ့လူတွေနဲ့ နီးနီးကပ်ကပ်ပေါင်းသင်းခြင်းဟာ ကျွန်တော့်ကို ယေဟောဝါနဲ့နီးကပ်စေတယ် ဆိုတာကို ကျွန်တော်တွေ့ရတယ်။” နိုင်ဂျီးရီးယားလူငယ်တစ်ဦး အထက်ပါအတိုင်းဆိုခဲ့သည်။ ယေဟောဝါသက်သေများသည် မိမိတို့၏ဒေသန္တရ နိုင်ငံတော်ခန်းမများ၌ ထိုသို့သောပေါင်းသင်းချိန်များ စီစဉ်ထားကြပေသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ၁၆ နှစ်အရွယ် အနီတာက “နိုင်ငံတော်ခန်းမထဲမှာ မိတ်ဆွေအစစ်အမှန်ကို ကျွန်မတွေ့ရတယ်” ဟုဆို၏။
သို့ရာတွင်၊ ထိုသို့သောစည်းဝေးများမှာ မိတ်ဆုံပွဲများသက်သက်မဟုတ်။ နိုင်ငံတော်ခန်းမများ၌ အပတ်စဉ်စည်းဝေးငါးခုပါဝင်သော သမ္မာကျမ်းစာ ပညာပေးသင်တန်းတစ်ရပ် ကျင်းပပါသည်။ အကြောင်းအရာအမျိုးစုံ ဆွေးနွေးတင်ပြပါသည်– အိမ်ထောင်ရေးဘဝ၊ ကျမ်းစာအနာဂတ်ဟောချက်၊ အကျင့်အကြံ၊ အယူဝါဒနှင့် ခရစ်ယာန်ဓမ္မအမှုတို့မှာ နမူနာအနည်းငယ်သာဖြစ်သည်။ ခမ်းနားကြီးကျယ်သောဇာတ်သဘင်မဟုတ်သော်လည်း စိတ်ဝင်စားဖွယ်ကောင်း၏။ အဟောအပြောနှင့်အုပ်စုလိုက်ဆွေးနွေးပွဲ၌ လူတွေ့မေးမြန်းခြင်းနှင့် တက်ကြွသောသရုပ်ပြပွဲများ ကြားညှပ်ပါဝင်၏။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် အထောင်အသောင်းသောလူတို့အား ထိရောက်သောလူထုဟောပြောသူများဖြစ်လာရန် သင်ကြားလေ့ကျင့်ခဲ့ပြီဖြစ်၍ အထူးပေါ်လွင်ထင်ရှားပေသည်။
သင်သည် စည်းဝေးတက်နေကျဆိုလျှင်မည်သို့နည်း။ ယခုထက်ပို၍အကျိုးရရှိနိုင်ရန်ကြိုးစားပါ။ (၁) ပြင်ဆင်ပါ–အနီတာက“စည်းဝေးမှာသုံးတဲ့စာအုပ်တွေကို ဖတ်ရှုလေ့လာဖို့ ပုံသေအချိန်ကို ကျွန်မသီးသန့်ဖယ်ထားတယ်” ဟုဆို၏။ သို့ပြုခြင်းသည်ပါဝင်ရန် လွယ်ကူစေသည်။ (၂) ပါဝင်ပါ–ယေရှုသည် ငယ်စဉ်အချိန်၊ ဗိမာန်တော်၌ ဝိညာဏအကြောင်းများဆွေးနွေးစဉ် နားထောင် မေးမြန်း ဖြေဆိုခြင်းပြုတော်မူ၏။ (လုကာ ၂:၄၆၊ ၄၇) သင်လည်း “ကြားရသောအရာများကို ခါတိုင်းထက်ပို၍ ဂရုစိုက်” နိုင်သည်။ စိတ်မပျံ့လွင့်စေရန် မှတ်ချက်များယူပါ။ (ဟေဗြဲ ၂:၁၊ ကဘ) ပရိသတ်ပါဝင်ဆွေးနွေးရန် ဖြစ်လျှင် ပါဝင်ဖြေဆိုပါ။
နောက်အကြံကောင်းတစ်ခုမှာ (၃) သင်ကြားတတ်မြောက်ရာကို အသုံးပြုခြင်းပင်– သိခဲ့ရာများကို အခြားသူတို့အားပြောပြပါ။ ထို့ထက်အရေးကြီးသည်ကား သင့်ဘဝတွင်လက်တွေ့အသုံးချပါ။ ပြုပြင်ဖို့လိုသည့်အပိုင်းတွင် ပြုပြင်ပြောင်းလဲပါ။ သမ္မာတရားသည် ‘သင်တို့၌အာနိသင်သက်ရောက်လျက်ရှိ’ ကြောင်း သိသာစေပါ။—၁ သက်သေလောနိတ် ၂:၁၃။
စည်းဝေးကို ဦးစားပေးပါ။ ခါတိုင်းထက် အိမ်စာပိနေလျှင် စည်းဝေးမတိုင်မီ လုပ်ပါ။ စီးမီယံအမည်ရှိလူငယ်တစ်ဦးက ဤသို့ဆို၏၊ “စည်းဝေးပြီးတဲ့နောက်မှာ ကျွန်တော်လူတွေနဲ့ စကားဖောင်ဖွဲ့တဲ့ဝါသနာရှိတယ်။ နောက်ပိတ်ဆုံးကျမှာအိမ်ပြန်တယ်။ ဒါပေမဲ့ ကျောင်းစာများတဲ့အခါမှာ ကျွန်တော်စည်းဝေးပြီးပြီးချင်း အိမ်ပြန်တယ်။” ဤကိစ္စကို သင်မည်သို့ပင်ကိုင်တွယ်ပါစေ၊ စည်းဝေးမှန်မှန်တက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ၎င်းသည် သင့်ဝိညာဏကြီးထွားမှုအတွက် အရေးပါလှ၏။
[စာမျက်နှာ ၃၁၅ ပါရုပ်ပုံ]
ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရာ၌ သမ္မာကျမ်းစာဖတ်ရှု ခြင်းသည် မရှိမဖြစ်
[စာမျက်နှာ ၃၁၈ ပါရုပ်ပုံ]
“ကျွန်မ ပြဿနာကြုံတိုင်း၊ ညွှန်ကြားချက်ရဖို့ ယေဟောဝါအထံတော်ကိုသွားနိုင်တယ်၊ ယေဟောဝါလည်း ကျွန်မကိုကူညီမယ်ဆိုတာ ကျွန်မနားလည်တယ်”