ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေ ရှင်းရမလဲ
အခန်း ၉
ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
ကယ်ရင်သည် ၁၄ နှစ်အရွယ်ကတည်းက မူးယစ်ဆေးဝါးလွန်လွန်မင်းမင်းသုံးစွဲပြီး အမြဲလိင်ဆက်ဆံနေပြီဖြစ်သည်။ ဂျင်းသည် ၁၇ နှစ်အရွယ်မှာပင် ချိုးကပ်အရက်သမားဖြစ်ပြီး သီလပျက်ဘဝတွင်ကျင်လည်နေပြီဖြစ်သည်။ သူတို့နှစ်ဦးစလုံးက မိမိတို့ကျင်လည်သောဘဝမျိုး၊ မိမိတို့လုပ်လျက်ရှိသောအလုပ်မျိုးကို မနှစ်သက်ကြောင်းဝန်ခံကြသည်။ သို့ဖြစ်လျှင်အဘယ်ကြောင့်ထိုသို့ပြုလျက်နေကြသနည်း။ ရွယ်တူတို့၏သြဇာကြောင့်ပင်!
“ကျွန်တော့်အနားမှာရှိတဲ့လူတိုင်း ဒါတွေကိုလုပ်နေတော့ကျွန်တော့်အပေါ် တော်တော်ကြီးသြဇာသက်ရောက်ခဲ့တယ်” ဟူ၍ကယ်ရင်ကရှင်းပြ၏။ ဂျင်းကလည်းထောက်ခံ၏၊ “ကိုယ်ကသူတို့နဲ့မတူ၊ တမူထူးခြားပြီးနေရင် သူတို့နဲ့မိတ်ပျက်သွားမှာစိုးလို့ပါ။”
လူငယ်များအဘယ်ကြောင့် သက်တူရွယ်တူနောက်ကိုလိုက်ရကြောင်း
အချို့လူငယ်များကြီးပြင်းလာသည်နှင့်အမျှ၊ မိဘသြဇာလျော့နည်းလာပြီး နာမည်ကျော်လူကြိုက်များဖြစ်လိုသောဆန္ဒ၊ ရွယ်တူများ၏ ကြိုဆိုလက်ခံမှုကို ရလိုသောဆန္ဒပြင်းပြလာသည်။ အချို့လူငယ်များမူ၊ မိမိတို့ကိုချစ်ခင်လိုလားပြီး မိမိတို့အပေါ် “နားလည်မှုရှိတတ်” သောလူတစ်ယောက်ယောက်ကိုရင်ဖွင့်လို၍ဖြစ်သည်။ အိမ်တွင်ထိုသို့သောပြောဆိုဆက်သွယ်မှု မရှိသောအခါ—များသောအားဖြင့်လည်းမရှိတတ်ကြ—လူငယ်တို့သည်ရွယ်တူအသိုင်းအဝိုင်းများတွင်ရှာဖွေတော့သည်။ ကိုယ့်ကိုယ်ကိုစိတ်ချမှုမရှိခြင်း၊ လုံခြုံစိတ်ကင်းမဲ့ခြင်းကြောင့်လည်း အချို့လူငယ်များ ရွယ်တူတို့၏ဩဇာအောက် ပြားပြားဝပ်ကြရခြင်းဖြစ်သည်။
ရွယ်တူသြဇာမှန်သမျှမကောင်းဟု ကားမဆိုနိုင်။ နယပုံပြင်တစ်ချက်ကဆိုသည်– “သံကိုသံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။” (သု. ၂၇:၁၇) တုံးသောဓားတစ်လက်ကို အခြားဓားဖြင့်ထက်စေနိုင်သကဲ့သို့ မိမိ၏အဖော်အဖက်လူငယ်များသည် ရင့်ကျက်၍မွန်မြတ်သည့်သဘောထားရှိလျှင် သူတို့နှင့်ပေါင်းသင်းခြင်းဖြင့် မိမိ၏ပင်ကိုယ်စရိုက်ကို ‘ထက်’ စေနိုင်သည်။ မိမိအား သာ၍ကောင်းသောသူတစ်ယောက် ဖြစ်စေနိုင်သည်။
သို့သော်ဝမ်းနည်းစရာကား၊ လူငယ်တို့သည် စိတ်နှင့်ဝိညာဉ်ရေးဘက်ရင့်ကျက်လေ့မရှိ။ လူငယ်တော်တော်များများ၌ မလျော်ကန်၊ မယုံစားထိုက်၊ အဆင်အခြင်ကင်းမဲ့သောအမြင်နှင့်အတွေးအခေါ်များရှိကြသည်။ ထို့ကြောင့်လူငယ်တစ်ဦး မဆင်မခြင်ဘဲရွယ်တူများဩဇာအောက်သို့ရောက်မိလျှင် မျက်ကန်းချင်းလမ်းပြသည်နှင့် သိပ်မခြားလှတော့ချေ။ (မဿဲ ၁၅:၁၄ နှိုင်းယှဉ်။) ရလဒ်ကားကြောက်ဖွယ်လိလိပင်။
ရွယ်တူများသင့်အားမိုက်မိုက်ကန်းကန်းမလုပ်ခိုင်းသည်တိုင်သူတို့၏သြဇာသည်ဖိစီးနိုင်သည်။“တခြားလူငယ်တွေကိုယ့်ကိုလက်သင့်မခံမှာကိုအင်မတန်စိုးရိမ်မိတယ်။ကျွန်မအသက်၁၈နှစ်ရှိတဲ့အချိန်မှာသူငယ်ချင်းတွေကိုယ့်ကိုမကြိုက်မှာကိုကြောက်လန့်ခဲ့တယ်။ဘယ်သူမှကိုယ်နဲ့တပျော်တပါးမကစားမှာစိုးတယ်။အထီးကျန်ဖြစ်မှာကိုလန့်ခဲ့တယ်”ဟုဒက်ဘီဆိုသည်။သို့ဖြစ်၍ဒယ်ဘီသည်ရွယ်တူများမိမိအားလက်ခံကြစေရန်အားထုတ်ခဲ့ရှာသည်။
ငါဟာသြဇာအလွှမ်းခံနေရသလား
သင်လည်းအပေါင်းအသင်းဆံ့ဖို့အရေး၊ တစ်မျိုးတစ်ဖုံသောနည်းဖြင့်ဝတ်စား၊ ပြောဆို၊ ပြုမူလာပြီလော။ ဆယ့်ခုနစ်နှစ်အရွယ်စူစီက “ကိုယ်မလုပ်ချင်တာကိုလုပ်ဖို့ တခြားကလေးကကိုယ့်ကို အတင်းအကျပ်မခိုင်းနိုင်ပါဘူး” ဟုဆိုပါသည်။ မှန်သည်။ သို့သော် ရွယ်တူတို့၏သြဇာသည် သိမြင်ဖို့အလွန်ခက်လှသဖြင့်၊ ကိုယ့်အပေါ်မည်မျှသြဇာလွှမ်းနေမှန်းပင် မသိနိုင်ဘဲရှိတတ်သည်။ တမန်တော်ပေတရုကို သာဓကအဖြစ်ကြည့်ကြပါစို့။ ပေတရုသည် ခိုင်မာသောယုံကြည်ချက်နှင့်သတ္တိရှိပြီး ခရစ်ယာန်ဘာသာ၏ တိုင်မကြီးတစ်တိုင်လည်းဖြစ်ပေသည်။ ဘုရားသခင်က၊ ခပ်သိမ်းသောနိုင်ငံ၊ ခပ်သိမ်းသောလူမျိုးများ မိမိ၏မျက်နှာသာတော်ကို ခံစားနိုင်ကြောင်း ပေတရုအားဖော်ပြခဲ့သည်။ သို့နှင့် ပေတရုသည် ပထမဦးဆုံးသော ယုံကြည်သူတစ်ပါးအမျိုးသားအား ခရစ်ယာန်တစ်ဦးဖြစ်လာရန် ကူညီခဲ့ပေသည်။—တမန်တော် ၁၀:၂၈။
သို့နှင့်အချိန်များကုန်လွန်ခဲ့ရာ ပေတရုသည်အန္တိအုတ်မြို့သို့ရောက်ခဲ့၏။ ထိုမြို့တွင်ခရစ်ယာန်ဖြစ်လာသော န-ဂျူးများစွာရှိသည်။ ပေတရုသည် ထိုတစ်ပါးအမျိုးသားခရစ်ယာန်များနှင့် လွတ်လပ်စွာပေါင်းသင်း၏။ တစ်နေ့သော် န-ဂျူးများကိုအထင်သေးဆဲဖြစ်သည့် ဂျူးခရစ်ယာန်များ ယေရုရှလင်မြို့မှအန္တိအုတ်သို့ ရောက်ရှိလာကြသည်။ ထိုအခါ၊ ပေတရုသည် မိမိ၏လူမျိုးချင်းရှေ့တွင်မည်သို့ပြုမူသနည်း။
ပေတရုသည် တစ်ပါးအမျိုးသားခရစ်ယာန်များနှင့် မစားသောက်တော့ဘဲ သူတို့ကိုရှောင်ဖယ်ကာ သီးခြားနေလေသည်။ အဘယ်ကြောင့်နည်း။ မျိုးချင်းတို့စိတ်ဆိုးသွားကြမည်ကို ကြောက်၍ဖြစ်သည်။ ‘သူတို့ဒီမှာရှိခိုက်၊ ငါနဲနဲအလျှော့ပေးလိုက်မယ်၊ သူတို့သွားပြီးနောက်၊ ငါတစ်ပါးအမျိုးသားတွေနဲ့ပြန်ပြီး စားသောက်မယ်လေ။ ဒီကိစ္စသေးသေးဖွဲဖွဲကလေးအတွက်နဲ့ ငါသူတို့နဲ့ ဘာကြောင့်ခင်မင်ရင်းနှီးမှု အပျက်ခံရမှာလဲ’ ဟူ၍သူတွေးကောင်းတွေးမည်။ သို့နှင့်ပေတရုသည် အရေခြုံဟန်ဆောင်သည်—မိမိအမှန်တကယ်ယုံကြည်ခြင်းမရှိသောအရာကို လုပ်ကိုင်ခြင်းဖြင့်မိမိ၏မူများကို ငြင်းပယ်ခဲ့သည်။ (ဂလာတိ ၂:၁၁-၁၄) သို့ဖြစ်၍မည်သူမျှ၊ ရွယ်တူတို့၏သြဇာပြီးသူမဟုတ်ချေ။
ငါဘယ်လိုတုံ့ပြန်ပါ့မလဲ
‘တခြားလူတွေဘာပဲထင်ထင် ငါမမှုဘူး’ ဆိုပြီးပြောဖို့လွယ်သလောက် ရွယ်တူတို့၏သြဇာနှင့်ပက်ပင်းရင်ဆိုင်ရသည့်အခါ၊ ထိုသန္နိဌာန်စိတ်ကိုခိုင်မြဲစေဖို့ ပြုရန်လွယ်သည်မဟုတ်။ သာဓကဆိုရသော်၊ အောက်ဖော်ပြပါအခြေအနေမျိုးနှင့်ရင်ဆိုင်ရလျှင် သင်အဘယ်သို့ပြုမည်နည်း။
သင့်ကျောင်းနေဖက်က အခြားလူငယ်များရှေ့သင့်အား စီးကရက်တစ်လိပ်ကမ်းလာသည်ဆိုပါစို့။ ဆေးလိပ်သောက်လျှင်မှားမည်ဖြစ်ကြောင်း သင်နားလည်၏။ သို့သော်အခြားလူငယ်များ သင်ဘယ်လိုလုပ်မည်ကို စောင့်ကြည့်နေကြမည်ဖြစ်သည်...
ကျောင်းသူများက မိမိတို့သည်ရည်းစားယောက်ျားကလေးများနှင့် သံဝါသပြုကြောင်းကိုပြောနေကြ၏။ ကျောင်းသူတစ်ဦးကသင့်ဘက်လှည့်၍ ‘နင်အပျိုစစ်လုပ်နေတုန်းပဲလား’ ဟုမေးလာသည်ဆိုပါစို့။
သင်သည်အခြားမိန်းကလေးများလိုဝတ်ချင်၏။ သို့သော်သင့်မေမေက တိုလွန်းတယ်ဟုဆိုသည်။ သင့်အားမေမေဝတ်စေလိုသောပုံစံမှာ ခြောက်နှစ်သမီးပုံစံ။ သင့်အတန်းသူတို့ကသင့်ကိုစကြ၏။ မိန်းကလေးတစ်ယောက်ကသင့်အား “ကိုယ့်ဖာသာကိုယ်မုန့်ဖိုးလေးစုပြီး ကြည့်ကောင်းရှုပျော်တဲ့အဝတ်အစားလေး ဝယ်ဝတ်မှပေါ့အမိရာ။ နင့်အမေကိုအသိ ပေးဖို့မလိုပါဘူး။ ကျောင်းမှာဝတ်တဲ့အဝတ်အစားတွေကို ဘီရိုထဲသော့ခတ်ထားလိုက်ရင် ပြီးတာပဲဥစ္စာ” ဆိုပြီးပြောမည်။
လွယ်လွယ်နှင့်ရင်ဆိုင်နိုင်သည့် အခြေအနေများဟုဆိုမည်လော။ သင့်ရွယ်တူများ၏အဆိုကို သင်မငြင်းဆန်ဝံ့လျှင်၊ သင့်ကိုယ်ကို၊ သင့်စံထားနှင့်သင့်မိဘများကိုလည်းငြင်းပယ်ရချေမည်။ ရွယ်တူများ၏သြဇာကိုခံရပ်နိုင်ရန် လိုအပ်သောစွမ်းအားကို မည်သို့မွေးမြူနိုင်မည်နည်း။
“စဉ်းစားဉာဏ်စွမ်း”
ဆယ့်ငါးနှစ်အရွယ်ရော်ဘင်သည် ဆေးလိပ်သောက်စပြုလာသည်။ ကိုယ်တိုင်ကြိုက်သောကြောင့်မဟုတ်၊ လူတိုင်းဆေးလိပ်သောက်သောကြောင့်ဖြစ်သည်။ သူဤသို့ဇာတ်ကြောင်းပြန်၏– “နောက်ပိုင်းကျွန်မစဉ်းစားမိတယ်။ ‘ငါ့အကြိုက်မဟုတ်ဘဲနဲ့ ငါဘာကြောင့်လုပ်နေရသလဲ’ ဆိုပြီး။ ဒါနဲ့နောက်မသောက်တော့ဘူး။” ကိုယ့်အတွက်ကိုယ်စဉ်းစားခြင်းအားဖြင့် ရွယ်တူသြဇာကိုခံရပ်နိုင်ခဲ့သည်!
သို့ဖြစ်၍သမ္မာကျမ်းစာကလူငယ်များအား “အသိသုတနှင့်စဉ်းစားဉာဏ်စွမ်း” မွေးမြူကြရန်တိုက်တွန်းသည်မှာ လျောက်ပတ်လှပေသည်။ (သု. ၁:၁-၅၊ ကဘ) စဉ်းစားဉာဏ်စွမ်းရှိသောသူသည် အတွေ့အကြုံနုသော ရွယ်တူတို့၏ညွှန်ကြားမှုကို ခံယူရန်မလိုချေ။ တစ်ချိန်တည်းတွင်၊ ကိုယ့်ကိုယ်ကိုအယုံကြီးပြီး အခြားလူတို့၏အကြံဉာဏ်ကို ငြင်းပယ်မည်လည်းမဟုတ်။ (သု. ၁၄:၁၆) သူသည် “ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကိုနားထောင်၍ နည်းဥပဒေသကိုခံယူ” ပေသည်။—သု. ၁၉:၂၀။
သို့သော်ကိုယ့်စဉ်းစားစွမ်းရည်ကို အသုံးချသည့်အတွက်ကြောင့် အမုန်းခံရ၊ သရော်ရှုတ်ချခံရလျှင်မအံ့သြပါနှင့်။ နယပုံပြင် ၁၄:၁၇ (ကဘ) က “စဉ်းစားဉာဏ်စွမ်းရှိသူသည် အမုန်းခံရသည်” ဟုဆိုပါသည်။ သို့သော်တကယ်တမ်းပြောရလျှင်၊ မည်သူသည်ခွန်အားဗလနှင့် ပြည့်စုံသောသူဖြစ်သနည်း။ စိတ်ကြိုးဆွဲသလိုကသောသူလော။ သို့မဟုတ် မလျောက်ပတ်သောတပ်မက်မှုများကို ငြင်းပယ်နိုင်သူလော။ (သု. ၁၆:၃၂ နှိုင်းယှဉ်။) သင့်ကိုကဲ့ရဲ့သောသူတို့၏ဘဝသည် အဘယ်အရပ်သို့ဦးတည်နေသနည်း။ သင်လည်းထို့နည်းတူ ဘဝဇာတ်သိမ်းလိုသလော။ ထိုသို့သောသူများသည် သင့်ကိုမနာလိုသည့်ပြင် သင့်ကိုကဲ့ရဲ့ခြင်းအားဖြင့် မိမိတို့၏မလုံမလဲသည့်အဖြစ်မျိုးကို ပြသနေခြင်းသာမဖြစ်တန်ရာလော။
ကျော့ကွင်းကိုရှောင်ခြင်း
နယပုံပြင် ၂၉:၂၅ က “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏” ဟုဆို၏။ သမ္မာကျမ်းစာခေတ်၌ ကျော့ကွင်းသည် ထောင်ထားသောအစာကို လာကိုက်သောအမဲကောင်ကို လျှပ်တပြက်အတွင်းအမိဖမ်းနိုင်သည်။ ယနေ့၊ ရွယ်တူတို့၏အချစ်တော် ဖြစ်ချင်သည့်ဆန္ဒသည်လည်း အလားတူပင်ငါးမျှားစာနှင့်တူသည်။ သင့်အားကျော့ကွင်း အတွင်းဆင်းရန်သွေးဆောင်ပြီး ဘုရားရေးရာစံထားများကို ချိုးဖောက်စေနိုင်သည်။ သို့ဖြစ်လျှင်လူကိုကြောက်ခြင်းတည်းဟူသော ထောင်ချောက်နှင့်လွတ်အောင် မည်သို့ရှောင်ရှားနိုင်မည်နည်း။
အဦးဆုံး၊အပေါင်းအသင်းကိုသတိနှင့်ရွေးပါ! (သု.၁၃:၂၀) ခရစ်ယာန်တန်ဖိုးနှင့်စံထားများလက်ဝယ်ပိုက်ထားသောသူတို့နှင့်ပေါင်းသင်းပါ။အပေါင်းအသင်းနည်းမည်ကားမှန်၏။ဆယ်ကျော်သက်တစ်ဦးပြောသကဲ့သို့ပင်–“ကျောင်းနေဖက်တွေအကြိုက်ကိုမလိုက်၊မူးယစ်ဆေးဝါး၊လိင်တို့နဲ့ပတ်သက်ပြီး သူတို့ရဲ့အတွေးအခေါ်အတိုင်းမလုပ်ဘဲနေတဲ့အခါ၊မကြာခင်မှာဘဲ ကိုယ့်ကိုပစ်သွားကြပါတယ်။သူတို့ဆီကလာတဲ့အဖိအနှိပ်အများကြီးလျော့သွားတာတော့မှန်ပါရဲ့။ဒါပေမဲ့၊အထီးကျန်ဖြစ်သွားသလို ခံစားရတယ်။” သို့သော်ရွယ်တူသြဇာကြောင့်ဝိညာဉ်ရေးနှင့်သီလဘက်မှာကျဆင်းသွားသည်ထက်အထီးကျန်ခံစားချက်ဒဏ်ကိုခံရခြင်းကသာ၍ကောင်းပါသည်။မိမိအိမ်သားများ၊အသင်းသူအသင်းသားများနှင့်ပေါင်းသင်းခြင်းကဟာနေသည့်အကွက်ကိုဖြည့်စွက်ပေးနိုင်၏။
မိဘစကားကိုနားထောင်ခြင်းဖြင့်လည်း ရွယ်တူသြဇာအဖိအနှိပ်ကိုတွန်းလှန်နိုင်သည်။ (သု. ၂၃:၂၂) သူတို့သည် သင့်အားသင့်တင့်လျောက်ပတ်သော တန်ဖိုးများအကြောင်းနားလည်အောင် ကြိုးစားသင်ကြားပေးနေပေမည်။ မိန်းကလေးတစ်ဦးဤသို့ဆို၏– “ကျွန်မမိဘတွေကျွန်မပေါ်အလိုမလိုက်ဘူး။ ခုလိုလုပ်တာကို ကျွန်မတစ်ခါတလေမကြိုက်ပေမဲ့ သူတို့ဟာအလျှော့မပေးဘဲ ကျွန်မရဲ့အပေါင်းအသင်းကို ကန့်သတ်ခဲ့တဲ့အတွက် ကျွန်မဝမ်းသာပါတယ်။” မိဘ၏ဖေးမမှုကြောင့် သူသည်ရွယ်တူသြဇာအညောင်းခံကာ၊ မူးယစ်ဆေးဝါးသုံး၊ လိင်ဆက်ဆံသည့်အဖြစ်မျိုးသို့ မရောက်ခဲ့ပေ။
ဆယ်ကျော်သက်ဆိုင်ရာအကြံပေး ဘက်ဝင်းရှစ်ဤသို့ဆို၏– “တစ်ဖက်ဖက်တွင်ထူးချွန်သည့် အပျိုလူပျိုပေါက်တို့သည် မိမိတို့မှန်သည်ထင်သည့်နေရာတွင် ကိုယ့်ကိုယ်ကိုဂုဏ်ယူတတ်ကြသည်။ မျက်နှာပန်းလှဖို့အရေး ရွယ်တူတို့အပေါ်အားထားရန်မလိုပေ။” သို့ဖြစ်၍၊ ကျောင်းနှင့်အိမ်တွင် ကျွမ်းကျင်ထူးချွန်အောင်ကြိုးစားပါလေ။ အထူးသဖြင့် ယေဟောဝါ၏သက်ငယ်သက်သေခံများသည် မိမိတို့၏ခရစ်ယာန်အမှုဆောင်ခြင်း၌ ‘ရှက်ကြောက်စရာလုံးဝမရှိဘဲ၊ ၂ တိမောသေ ၂:၁၅၊ ကဘ။
သမ္မာတရားကိုမှန်ကန်စွာအသုံးပြုနိုင်သော အလုပ်သမားများ’ ဖြစ်ကြပေသည်။—နယပုံပြင် ၂၉:၂၅ ကလူကိုကြောက်ခြင်းတည်းဟူသော “ကျော့ကွင်း” ကိုရှောင်ရန်သတိပေးပြီးနောက် ဆက်လက်၍ဤသို့ဆို၏– “[ယေဟောဝါ] ကိုခိုလှုံသောသူမူကားလုံခြုံ [အကာအကွယ်ခံရ၊ ကဘ]လိမ့်မည်။” အခြားအရာအားလုံးတို့ထက် ဘုရားသခင်နှင့်သင်၏ဆက်ဆံရေးသည် ရွယ်တူသြဇာကိုခံရပ်နိုင်ရန် ခွန်အားပေး၏။ ဥပမာအားဖြင့်၊ အထက်၌ဆိုခဲ့သော ဒယ်ဘီသည်တစ်ချိန်က၊ လူအများလုပ်သလိုလိုက်လုပ်ပြီး အရက်မူးအောင်သောက်၊ မူးယစ်ဆေးဝါးသုံးခဲ့၏။ သို့သော်နောက်ပိုင်း၌ သမ္မာကျမ်းစာကိုအလေးအနက်ထားကာ သင်အံလေ့လာပြီး ယေဟောဝါအပေါ်ယုံကြည်အားထားလာသည်။ ရလဒ်ကားအဘယ်နည်း။ “ဟိုကလေးတစ်သိုက်လုပ်သလို လိုက်မလုပ်တော့ဘူးဆိုပြီး ကျွန်မစိတ်ဒုံးဒုံးဖြတ်လိုက်တယ်” ဟုဒယ်ဘီဆိုသည်။ “မင်းတို့လမ်းမင်းတို့သွား၊ ငါ့လမ်းငါသွားမယ်။ ငါနဲ့ခင်ချင်လို့ရှိရင် ငါလေးစားတဲ့စံထားကို မင်းတို့လေးစားရမယ်။ ဝမ်းနည်းပါတယ်။ မင်းတို့ထင်လိုရာထင်ပါစေ၊ ငါအရေးမစိုက်ဘူး။ ငါဒီလိုလုပ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီ” ဆိုပြီးယခင်သူငယ်ချင်းများအားပြောကြားခဲ့ပေသည်။ ဒယ်ဘီရဲ့သူငယ်ချင်းအားလုံးသည် ဒယ်ဘီမကြာမီကတွေ့ရှိခဲ့တဲ့ယုံကြည်ချက်ကို လေးစားကြသူချည်းမဟုတ်။ သို့သော် ဒယ်ဘီက “ကျွန်မခုလိုဆုံးဖြတ်ချက်ချခဲ့တဲ့နောက်မှာ၊ ကျွန်မကိုကျွန်မပိုပြီး နှစ်သက်လာတာအမှန်ပဲ” ဟုဆိုခဲ့ပေသည်။
သင်လည်းရွယ်တူသြဇာထောင်ချောက်မှ အလွတ်ရုန်းလျှင် ‘သင့်ကိုသင်ပို၍နှစ်သက်လာ’ မည့်အပြင်ပူဆွေးဝမ်း နည်းမှုအမျိုးမျိုးနှင့် ကင်းရှင်းနိုင်မည်တည်း!
ဆွေးနွေးရန်မေးခွန်းများ
◻လူငယ်များအဘယ်ကြောင့် ရွယ်တူသြဇာအညောင်းခံလွယ်သနည်း။ ရွယ်တူသြဇာအညောင်းခံရတိုင်း မကောင်းဟုဆိုရမည်လော။
◻ရွယ်တူသြဇာနှင့်ပတ်သက်၍ တမန်တော်ပေတရု၏ အတွေ့အကြုံက အဘယ်သင်ခန်းစာပေးသနည်း။
◻(သင့်ကိုယ်တွေ့အပါအဝင်) အဘယ်အခြေအနေများက၊ အပေါင်းအသင်းများ၏အဆိုနှင့်အလိုကို ငြင်းပယ်နိုင်စွမ်းသင်၌ရှိမရှိ အစမ်းအသပ်ပေးနိုင်သနည်း။
◻သတ္တိရှိရင်ဟုစိန်ခေါ်ခံရသော် အဘယ်အရာများကိုစဉ်းစားနိုင်သနည်း။
◻အဘယ်အရာများသည်သင့်အားလူကိုကြောက်ခြင်းကျော့ကွင်းမှလွတ်ကင်းစေနိုင်သနည်း။
[စာမျက်နှာ ၇၄ ပါအကျဉ်းဖော်ပြချက်]
“တခြားလူငယ်တွေ ကိုယ့်ကိုလက်သင့်မခံမှာကို အင်မတန်စိုးရိမ်မိတယ်။” “သူငယ်ချင်းတွေ ကိုယ့်ကိုမကြိုက်မှာကို ကြောက်လန့်ခဲ့တယ်...အထီးကျန်ဖြစ်မှာကိုလန့်ခဲ့တယ်” ဟုဒယ်ဘီဆိုခဲ့သည်
[စာမျက်နှာ ၇၅ ပါလေးထောင့်ကွက်]
‘သတ္တိရှိရင်!’
“ကဲ၊ပြောလိုက်စမ်းပါ။”အတန်းသားများကလီဇာအားတိုက်တွန်း၏။“ဆရာမရဲ့အာပုပ်နံ့ပြင်းတယ်ဆိုပြီးပြောလိုက်စမ်းပါ!”အာခေါင်သန့်ရှင်းရေးနှင့်ပတ်သက်၍ငြင်းခုံနေကြသည်မဟုတ်။လီဇာအားအတန်းသားများကစိန်ခေါ်နေခြင်းဖြစ်သည်—စွန့်စား၍လုပ်ရသောအလုပ်မျိုးလည်းဖြစ်သည်! မှန်ပေသည်။အချို့လူငယ်များသည်အခြားသူတို့အား၊ရွှတ်နောက်နောက်အလုပ်မျိုးကစ၊အသက်အန္တရာယ်ပင်ဖြစ်စေနိုင်သည့်အလုပ်မျိုးကိုသတ္တိရှိရင်လုပ်ပြစမ်းပါဟုစိန်ခေါ်ခြင်းဖြင့်ဖောက်လွဲဖောက်ပြန်အရသာယူတတ်ကြသည်။
သို့သော်မိုက်ကန်းသော၊ မကြင်မနာသော၊ တကယ်အန္တရာယ်ဖြစ်စေနိုင်သော အလုပ်တစ် ခုခုကိုလုပ်ရဲရင် လုပ်ပြစမ်းပါဟုစိန်ခေါ်ခံရသောအခါ၊ နှစ်ပြန်စဉ်းစားဖို့လိုသည်။ ပညာရှိတစ်ဦးက “အထုံသမားလုပ်သောနံ့သာဆီကို သေသောယင်ကောင်သည်နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက်သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူဖြစ်စေတတ်၏” ဟုဆိုသည်။ (ဒေသနာ ၁၀:၁) ရှေးအခါက၊ အဖိုးတန်နံ့သာဆီ သို့မဟုတ် ရေမွှေးကိုယင်သေ ကောင်တမျှသေးမွှားသောအရာက ပျက်စီးစေနိုင်သည်။ ထို့နည်းထပ်တူ၊ “အနည်းငယ်သောအမိုက်” သည်ခဲရာခက်ဆစ်ရယူခဲ့သောဂုဏ်အသရေကို ပျက်စီးစေနိုင်သည်။
ကလေးကလား၊ ကပျက်ကချော်အပြုအမူမျိုးကြောင့်၊ အမှတ်လျှော့၊ ယာယီကျောင်းထုတ်ခြင်းမက၊ အဖမ်းပင်ခံရဖို့အကြောင်းရှိသည်!သို့သော်သင်က ငါ့ကိုမမိဟုထင်မှတ်လျှင် အဘယ်သို့နည်း။ ကိုယ့်ကိုယ်ကိုမေးပါ၊ ငါ့ကိုစိန်ခေါ်ပြီးလုပ်ခိုင်းတဲ့ အလုပ်ဟာ ဆင်ခြင်တုံတရားနဲ့ညီညွတ်ရဲ့လား။ မေတ္တာပါသလား။ သမ္မာကျမ်းစာ သို့မဟုတ် မိဘများပို့ချတဲ့ငါ့စံနှုန်းကို ချိုးဖောက်သလား။ သို့မှန်လျှင်၊ ပျော်ချင်ပျက်ချင်တဲ့ လူငယ်တွေငါ့ဘဝကို ကြိုးဆွဲသလိုငါတကယ်ပဲကချင်သလား။ငါ့အသက်နဲ့ဂုဏ်သိက္ခာကိုထိပါးစေတဲ့အလုပ်မျိုးလုပ်ခိုင်းတဲ့လူငယ်တွေဟာငါ့ရဲ့မိတ်စစ်ဆွေစစ်တွေဟုတ်ရဲ့လား။—သု.၁၈:၂၄။
သို့ဖြစ်၍သင့်အားစိန်ခေါ်သောလူငယ်နှင့် ဆင်ခြင်သုံးသပ်ပါ။ ဆယ့်ရှစ်နှစ်အရွယ်တယ်ရီက “ငါဘာကြောင့်ဒါကိုလုပ်ရမှာလဲ။ ငါလုပ်ရင်ဘာကို သက်သေပြမှာမို့လို့လဲ” ဟူ၍ပြန်မေးခြင်းအားဖြင့် “ပျော်စေပျက်စေ” လုပ်လေ့ရှိသည်။ မိမိသည်ဆည်းကပ်ကျင့်သုံးရန် တိကျပြတ်သားသောစံနှုန်းများ ရင်ဝယ်ပိုက်ထားကြောင်းကိုလည်း သိနားလည်စေပါ။ မိန်းကလေးတစ်ယောက်က ယောက်ျားကလေးတစ်ယောက်အား “နင်ဘာတွေလက်လွှတ်ဆုံးရှုံးရသလဲဆိုတာ နင်မသိဘဲကိုး” ဟုသရော်ကာ သတ္တိရှိလျှင်မိမိနှင့်ဖောက်ပြားရန် ခေါ်သောအခါ၊ ယောက်ျားကလေးက ဤသို့ဖြေကြားလိုက်သည်၊ “ငါသိပါတယ်၊ ရေယုန်၊ ဂနို၊ ဆစ်ဖလစ်တွေပေါ့။”
မှန်ပေသည်! ရွယ်တူတို့အလိုကို သတ္တိရှိရှိငြင်းပယ်လိုက်လျှင် နောင်တရစရာအလုပ်မျိုးကို ရှောင်ရှားနိုင်မည်တည်း။
[စာမျက်နှာ ၇၆ ပါရုပ်ပုံ]
လူငယ်များ၊ တစ်ဦးပေါ်တစ်ဦး၊ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီတတ်သည်
[စာမျက်နှာ ၇၇ ပါရုပ်ပုံ]
မှန်ရာကို ဆန့်ကျင်ပြီးလုပ်ဖို့၊ ရွယ်တူတို့က သင့်အားသြဇာ ပေးခဲ့ဖူးသလော
[စာမျက်နှာ ၇၈ ပါရုပ်ပုံ]
ရွယ်တူသြဇာကို မားမားမတ်မတ် ခံရပ်နိုင်သော စွမ်းအားကို မွေးမြူပါ!