တီဗွီကြည့်တဲ့အကျင့်ကို ငါဘယ်လိုထိန်းချုပ်နိုင်မလဲ
အခန်း ၃၆
တီဗွီကြည့်တဲ့အကျင့်ကို ငါဘယ်လိုထိန်းချုပ်နိုင်မလဲ
ပျိုပျိုအိုအိုမရွေး လူများစွာတို့သည် တီဗွီအိုးများဖြစ်ကြကုန်၏။ သုတေသနပြုချက်အရ၊ အမေရိကန်လူငယ်များသည် အသက် ၁၈ နှစ်ရောက်သောအခါ တီဗွီကို နာရီပေါင်း ၁၅,၀၀၀ ကြည့်ပြီးဖြစ်လိမ့်မည်! တီဗွီအိုးများ တီဗွီဖြတ်သည့်အခါမှ တကယ်ချိုးကပ်နေမှန်း သိသာလာသည်။
“တီဗွီကိုကျွန်တော် မကြည့်မနေနိုင်အောင်ဘဲ။ ဖွင့်ထားပြီဆိုရင် အရေးမလုပ်ဘဲမနေနိုင်ဘူး။ ပိတ်လဲမပိတ်ရက်ဘူး။ ... ပိတ်မယ်ကြံတိုင်း လက်အားပျော့ပျော့သွားတယ်။ ဒါကြောင့် နာရီပေါင်းများစွာ ထိုင်ရာကမထတော့ဘူး။” အမွေးအတောင်မစုံသေးသည့် လူငယ်တစ်ယောက်၏စကားလော။ မဟုတ်ပါ၊ အင်္ဂလိပ်စာပြ ကောလိပ်ကျောင်းဆရာ၏အပြောဖြစ်၏! သို့သော် လူငယ်များလည်း တီဗွီချိုးများဖြစ်နိုင်သည်။ အချို့သည် “တစ်ပတ်အတွင်း တီဗွီမကြည့်စတမ်း” ဟူသောစိန်ခေါ်ချက်ကို လက်ခံခဲ့သော်လည်း နောက်ပိုင်း၌ အောက်ပါအတိုင်းတုံ့ပြန်ကြသည်ကိုသာ ကြည့်ပါတော့–
“ကျွန်မ ဒီအတောအတွင်း စိတ်ကျတဲ့အခြေအနေမျိုးဆိုက်နေတယ်။ ... ကျွန်မ ရူးချင်ပြီ။”—ဆယ့်နှစ်နှစ်သမီး စူစမ်။
“ကျွန်မ တီဗွီဖြတ်နိုင်မယ်မထင်ဘူး။ တီဗွီကိုအသဲစွဲလွန်းတယ်။”—ဆယ့်သုံးနှစ်သမီး လင်းဒါ။
“ကြည့်ချင်တဲ့စိတ်အားက တအားကိုဖိစီးလာတယ်။ တစ်ချိန်လုံးဆန္ဒစောနေတယ်။ အခံရခက်ဆုံးအချိန်ဟာ ညရှစ်နာရီနဲ့ ဆယ်နာရီကြား။”—ဆယ့်တစ်နှစ်သား လူးဝစ်စ်။
ဒါကြောင့်ပေါ့၊ “တစ်ပတ်အတွင်း တီဗွီမကြည့်စတမ်း” စိန်ခေါ်ပွဲတွင် ဆင်နွှဲခဲ့သည့် လူငယ်အများစုသည် ထိုတစ်ပတ်လည်းပြီးရော၊ အောင်ပွဲခံဖို့ဆိုပြီး တီဗွီဆီသို့ အရူးမီးဝိုင်း သူ့ထက်ငါသာ ပြေးလွှားလေတော့သည်။ သို့ရာတွင် တီဗွီစွဲခြင်းသည် ရယ်စရာလုံးဝမဟုတ်။ မြုံနေသောပြဿနာ တစ်ပြုံတစ်ခေါင်းကြီးရှိသည်။ ၎င်းတို့အနက် အနည်းငယ်ကိုသာကြည့်ပါ။
စာအဆင့်ကျခြင်း– (ယူအက်စ်) အမျိုးသားစိတ္တကျန်းမာရေးအဖွဲ့က တီဗွီကြည့်လွန်မှုကြောင့် “စာညံ့ဖျင်းလာနိုင်ကြောင်း၊ အထူးသဖြင့် အဖတ်ညံ့တတ်ကြောင်း” တင်ပြသည်။ စာတတ်ယောင်ကား ဟူသောစာအုပ်က ဤသို့စွပ်စွဲလိုက်သည်– “တီဗွီသည် ကလေးများအား သင်အံခြင်းသည် လွယ်လည်းလွယ်ရမည်၊ အလိုလိုနေရင်းနှင့်လည်းတတ်ရမည်၊ အပျင်းလည်းပြေရမည် ဟူသောမျှော်လင့်ခြင်းမျိုးရှိစေသည်။” ထို့ကြောင့် တီဗွီအိုးများအဖို့ စာကျက်ခြင်းသည် ဆင်းရဲခြင်းတစ်မျိုး။
စာဖတ်ညံ့ခြင်း– သင်သည် စာအုပ်တစ်အုပ်ကို အစမှအဆုံး အပြီးမဖတ်ဘဲနေခဲ့သည်မှာ မည်မျှကြာပြီနည်း။ အနောက်ဂျာမန် စာအုပ်ရောင်းဝယ်သူများအသင်း၏ကိုယ်စားလှယ်တစ်ဦးက ဤသို့ညည်းညူခဲ့သည်– “ကျွန်တော်တို့လူမျိုးဟာ အလုပ်ဆင်း အိမ်ပြန်တာနဲ့ တီဗွီရှေ့ အိပ်ပျော်သွားတဲ့လူမျိုးဖြစ်သွားပါပြီ။ စာဖတ် နည်းသထက်နည်းလာပါပြီ။” ဩစတြေးလျမှလည်း အလားတူသတင်းမျိုးကြားရ၏– “ဩစတြေးလျကလေးတစ်ယောက် စာကိုတစ်နာရီကြာဖတ်လို့ရှိရင် တီဗွီကို ခုနစ်နာရီကြာကြည့်ခဲ့ပြီးဖြစ်ပါလိမ့်မယ်။”
အိမ်ထောင်ရေးဘဝ တိမ်ကောခြင်း– ခရစ်ယာန်အမျိုးသမီးတစ်ဦး ဤသို့ရေးသားလိုက်သည်– “တီဗွီအကြည့်လွန်တဲ့အတွက် ... ကျွန်မဟာ အထီးကျန် တစ်ကောင်ကြွက်လိုခံစားချက်မျိုး ပြင်းပြင်းပြပြခံစားရတယ်။ ကျွန်မအိမ်သားတွေလည်း သူစိမ်းတစ်ရံတွေလိုပဲဖြစ်ခဲ့ကြတယ်။” တီဗွီကြောင့် သင်လည်း မိသားစုနှင့်အတူတကွ သွားလာလုပ်ကိုင်သည့်အချိန် နည်းသည်ထက်နည်းလာပြီလော။
ပျင်းရိမှု– အချို့က တီဗွီ၏အကမ္မ (ပြုမဲ့) သဘောတရားကြောင့် “[လူငယ်အနေနှင့်] လိုတရနိုင်သည်၊ ဘဝဆိုတာ ဘာလုပ်စရာမှမလိုဟူသော အတွေးမျိုးဝင်လာနိုင်သည်” ဟုယူဆကြသည်။
မကောင်းသောသြဇာလွှမ်းမိုးမှုကို ခံရခြင်း– အချို့တီဗွီကွန်ရက်များသည် အိမ်တွင်းသို့ အညှီအဟောက်များ သယ်ဆောင်လာသည်။ အမြဲတမ်းဖွင့်ကြည့်လျှင် ကားတိုက်မှု၊ ပေါက်ကွဲမှု၊ ဓားထိုးမှု၊ သေနတ်ပစ်မှုနှင့် ကရာတေးအသတ်အပုတ်မြင်ကွင်းများကို မှန်မှန်ရှုစားရလိမ့်မည်။ ခန့်မှန်းချက်တစ်ရပ်အရ၊ အမေရိကန်ပြည်ထောင်စု၌ လူငယ်တစ်ဦးသည် ၁၄ နှစ်အရွယ်ရောက်သောအခါ လက်သီးလက်မောင်းဖြင့်သတ်ပုတ်ခြင်းနှင့် ဘုံပစ္စည်းများကိုဖျက်ဆီးခြင်းတို့ကိုမဆိုထားနှင့်၊ လူပေါင်း ၁၈,၀၀၀ အားသတ်ဖြတ်သည်ကိုမြင်ပြီးသားဖြစ်လိမ့်မည်ဖြစ်သည်။
ဗြိတိသျှလူမျိုး ဝီလီယံ ဘဲလ်စင် က ရမ်းကားသတ်ပုတ်သော တီဗွီပြကွက်များကိုရှုစားသော ယောက်ျားကလေးများသည် “ကြီးလေးသောအဓမ္မမှုများကျူးလွန်ဖို့” အလားအလာ ပို၍များကြောင်းတွေ့ရှိရသည်။ သူကတီဗွီအဓမ္မမှုများသည် “ကျိန်ဆဲခြင်း၊ သိမ်ဖျင်းညစ်ညမ်းသောစကားများသုံးစွဲခြင်း၊ ကစားစဉ် ကျူးကျော်ရန်စခြင်း၊ သတ်မည်ပုတ်မည်တကဲကဲလုပ်ခြင်း၊ နံရံများပေါ်ရေးခြစ်ခြင်း၊ ပြူတင်းပေါက်ခွဲခြင်း” တို့ကိုပြုရန် လှုံ့ဆော်တတ်သည်ဟုလည်းဆို၏။ ထိုသို့သောသြဇာများကို မိမိမဖြုံဟု သင်ထင်ချင်ထင်မည်မှန်သော်လည်း တီဗွီအကြမ်းဖက်ကားများသည် အကြမ်းဖက်မှုနှင့်ပတ်သက်၍ “လူငယ်တစ်ယောက်၏အသိစိတ်သဘောကို မပြောင်းလဲစေကာမူ” အကြမ်းဖက်မှုကို မှန်မှန်ရှုစားခြင်းသည် ၎င်းကိုခုခံတွန်းလှန်သော မသိစိတ်ကို တစ်စစတိုက်စားတတ်ကြောင်း ဘဲလ်စင် လေ့လာတွေ့ရှိရသည်။
သို့သော် ပို၍စိုးရိမ်စရာကောင်းသည်မှာ၊ တီဗွီအကြမ်းဖက်ကားများကိုစွဲခြင်းသည် ဘုရားသခင်နှင့် မိမိ၏နှစ်ကိုယ်ကြားဆက်ဆံရေးကို ဖျက်ဆီးနိုင်သည်။ ကိုယ်တော်သည် ‘အဓမ္မအမှုနှစ်သက်သူကိုမုန်းတော်မူ၏။’—ဆာလံ ၁၁:၅။
တီဗွီကြည့်သည့်ကိစ္စကို ငါဘယ်လိုချုပ်ထိန်းနိုင်မလဲ
တီဗွီကိုဒုစရိုက်အဖြစ် ယူမှတ်ရမည်ဟုမဆိုလို။ စာရေးဆရာ ဗန်းစ်ပါကပ် ကဤသို့ဆိုသည်– “ယူအက်စ် တီဗွီ၌ တင်ဆက်သောအရာတော်တော်များများသည် အကျိုးပြုပေသည်။ ... မကြာခဏ ညနေပိုင်းအစီအစဉ်တွင် လင်းနို့၊ ဖျံကြီး၊ ပြောင်မှအစ၊ ငါးပူတင်းအဆုံး၊ သတ္တဝါအမျိုးမျိုးတို့၏လှုပ်ရှားမှုကိုပြသသော ပြောင်မြောက်သည့် ဓာတ်ပုံပညာများကို ရှုစားနိုင်ပေသည်။ လူထုတီဗွီများ၌ ရင်သပ်ရှုမောဖွယ်ကောင်းသော ဘဲလေးပြဇာတ်၊ အော်ပရာပြဇာတ်နှင့် သုံးလေးဦးတစ်ဖွဲ့တေးဂီတ ဖြေဖျော်စရာများပြသပေသည်။ အရေးပါသော သတင်းဖြစ်ရပ်များတင်ပြရာ၌ တီဗွီသည်အလွန်ကောင်းလှပေသည်။ ... ရံဖန်ရံခါ တီဗွီသည် ပြောင်မြောက်သော ပညာပေးအစီအစဉ်များထုတ်လွှင့်ပေးသည်။”
သို့သော်၊ ကောင်းသောအရာများဆိုသည့်တိုင် များလွန်းလျှင်ဥပဒ်ဖြစ်နိုင်သည်။ (သု. ၂၅:၂၇ နှိုင်းယှဉ်။) ဥပဒ်ပြုပြကွက်များကို ပိတ်ပစ်ရန်ချုပ်တည်းခြင်းလိုအပ်ပါက တမန်တော်ပေါလု၏အောက်ပါစကားကို မှတ်ထားဖို့ကောင်း၏– “ငါသည် ဘာ၏ကျွန်မှအဖြစ်မခံ။” (၁ ကောရိန္သု ၆:၁၂၊ ယနေ့အင်္ဂလိပ်ဘာသာပြန်) သို့ဖြစ်၍၊ တီဗွီ၏ကျွန်ဘဝမှအလွတ်ရုန်းကာ တီဗွီကြည့်သည့်ကိစ္စကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
စာရေးဆရာ လင်းဒါနီလ်စင်က “ချုပ်တည်းခြင်းအစ ပန်းတိုင်က” ဟူ၍ ရေးသားလိုက်သည်။ ရှေးဦးစွာ သင့်လက်ရှိအကျင့်ကို စိစစ်ပါ။ ဘာပြကွက်ကိုကြည့်သည်၊ တစ်နေ့နာရီပေါင်းမည်မျှကြည့်သည်ကို သီတင်းတစ်ပတ်အတွင်း မှတ်သားပါ။ အိမ်ပြန်လာတိုင်း ဖွင့်ကြည့်သလော။ အဘယ်အချိန်၌ ပိတ်သနည်း။ “မကြည့်မနေ ပြကွက်များ” တစ်ပတ်အတွင်း မည်မျှရှိသနည်း။ ထိုသို့ဆန်းစစ်လျှင် ရလဒ်ကြောင့် သင်ထိတ်လန့်သွားချင်ထိတ်လန့်သွားမည်။
ကိုယ်ဘာပြကွက်ကိုကြည့်သည်နှင့်ပတ်သက်၍ အထူးဂရုစိုက်ပါ။ “ခံတွင်းသည် အစာကိုမြည်းစမ်းသကဲ့သို့ နားသည် စကားကိုစုံစမ်းသည်မဟုတ်လော။” (ယောဘ ၁၂:၁၁) ထို့ကြောင့် (မိဘများပေးသောအကြံနှင့်တကွ) ဝေခွဲပိုင်းခြားဉာဏ်ကိုသုံး၍ ကြည့်သင့်ကြည့်ထိုက်သည့်ပြကွက်များကို ဝေခွဲပါ။ အချို့က ဘာပြကွက်ကိုကြည့်မည်ကို ကြိုဆုံးဖြတ်ပြီး ၎င်းပြကွက်များအတွက်သာ တီဗွီဖွင့်ကြသည်။ အချို့က ထို့ထက်ပင်ကြပ်တည်းသည်။ ကျောင်းရက်များအတွင်း တီဗွီမကြည့်ရ၊ သို့မဟုတ် တစ်နေ့တစ်နာရီသာဟူသော ကန့်သတ်ချက်များပြဋ္ဌာန်းကြသည်။
သို့သော်၊ တီဗွီ၏ဆွဲဆောင်မှုက ပြင်းထန်လွန်းလျှင် မည်သို့နည်း။ အိမ်ထောင်တစ်ခုက ဤသို့ဖြေရှင်းလိုက်သည်– “ကျွန်တော်တို့ တီဗွီကို မြေတိုက်ခန်းထဲချောင်ထိုးလိုက်တယ်။ ... မြေတိုက်ခန်းမှာဆိုတော့၊ အိမ်ထဲဝင်လာတာနဲ့တစ်ပြိုင်နက် ဖွင့်ကြည့်ချင်တဲ့သွေးဆောင်မှု ဒီလောက်မပြင်းပြဘူးပေါ့။ တစ်ခုခုကြည့်ချင်လို့ရှိရင် တကူးတက အောက်ကိုဆင်းရပါတယ်။” တီဗွီကိုဘီရိုထဲ၌ထား၊ သို့မဟုတ် ပလပ်မထိုးဘဲထားလျှင်လည်း အလားတူအရာရောက်ပေသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်ကား၊ “တစ်ပတ်အတွင်း တီဗွီမကြည့်စတမ်း” ဟူသောစိန်ခေါ်ပွဲ၌ပါဝင်ခဲ့သောလူငယ်များသည် ‘တီဗွီဖြတ်ဝေဒနာ’ ခံစားနေကြစဉ် အခြားကောင်းသောအရာများဖြင့် တီဗွီကို အစားထိုးနိုင်ကြောင်း တွေ့ရှိခဲ့ကြပေသည်။ မိန်းကလေးတစ်ဦးက ဤသို့ပြန်ပြောင်းပြောဆို၏– “ကျွန်မမေမေနဲ့စကားစမြည်ပြောတယ်။ မေမေဟာ အများကြီး စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်လာတာကိုတွေ့ရတယ်။ ကျွန်မရဲ့အာရုံဟာ သူ့အပေါ်မှာတစ်ဝက်၊ တီဗွီပေါ်မှာတစ်ဝက် ဖြစ်မနေတော့ဘူးလေ။” အခြားမိန်းကလေးတစ်ဦးသည် အချက်အပြုတ်ကို လက်တည့်စမ်းကာ အချိန်ကိုကုန်လွန်စေခဲ့သည်။ ဂျေစင်အမည်ရှိ ယောက်ျားကလေးက “တီဗွီကြည့်မဲ့အစား ပန်းခြံထဲသွားတာ၊” သို့မဟုတ် ငါးမျှား၊ စာဖတ်၊ ပင်လယ်ကမ်းခြေကိုသွားတာက ပို၍ပျော်ဖို့ကောင်းကြောင်း၊ တွေ့ရှိခဲ့သည်။
“ကျွန်တော် တီဗွီအိုးဖြစ်ခဲ့တယ်” ဟူသောကြားညှပ်ပါ ဝိုင်းယင့်၏အတွေ့အကြုံက တီဗွီအကြည့်ချုပ်ထိန်းခြင်း၏နောက်သော့ချက်တစ်ခုမှာ “သခင့်အမှုတော်မြတ်၌ ဆောင်ရွက်စရာများစွာရှိ” ခြင်းပင်ဖြစ်ကြောင်း သိသာစေသည်။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) သင့်အနေနှင့်လည်း ဘုရားသခင်ထံချည်းကပ်ခြင်း၊ ယခုရရှိနိုင်ပြီဖြစ်သော စာမွန်ပေမြတ်များ၏အထောက်အကူဖြင့် သမ္မာကျမ်းစာလေ့လာခြင်း၊ ဘုရားသခင့်လုပ်ငန်းတော်မြတ်၌ အလုပ်များလျက်နေခြင်းဖြင့် တီဗွီဖြတ်နိုင်ကြောင်း တွေ့ရပါလိမ့်မည်။ (ယာကုပ် ၄:၈) တီဗွီအကြည့်ကိုထိန်းချုပ်လျှင် အကြိုက်တွေ့အစီအစဉ်များကို လက်လွတ်သွားမည်မှန်၏။ သို့ရာတွင်၊ အစီအစဉ်တစ်ခုကိုမျှအလွတ်မခံ၊ တီဗွီကိုအပြည့်အဝ အဘယ်ကြောင့်အသုံးပြုရမည်နည်း။ (၁ ကောရိန္သု ၇:၂၉၊ ၃၁ ရှု) တမန်တော်ပေါလုလို ကိုယ့်ကိုယ်ကို ‘အကြမ်းကိုင်’ ဖို့ကောင်းပါသည်။ ပေါလုက မိမိသည် “ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏” ဟုဆိုသည်။ (၁ ကောရိန္သု ၉:၂၇) သို့ပြုခြင်းသည် တီဗွီကျွန်ဖြစ်ခြင်းထက် မကောင်းပေလော။
ဆွေးနွေးရန်မေးခွန်းများ
◻ တီဗွီကြည့်ခြင်းသည် အချို့လူငယ်များအဖို့ အစွဲတစ်မျိုးဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
◻ တီဗွီအကြည့်လွန်လျှင် အဘယ်ဆိုးကျိုးများပေါ်လာနိုင်သနည်း။
◻ တီဗွီကြည့်ခြင်းကို ထိန်းချုပ်သောနည်းအချို့ကား အဘယ်နည်း။
◻ တီဗွီကြည့်ခြင်းကို အဘယ်အရာများဖြင့်အစားထိုးနိုင်သနည်း။
[စာမျက်နှာ ၂၉၅ ပါအကျဉ်းဖော်ပြချက်]
“ကျွန်မ ဒီအတောအတွင်း စိတ်ကျတဲ့အခြေမျိုးဆိုက်နေတယ်။ ... ကျွန်မ ရူးချင်ပြီ။”—“တစ်ပတ်အတွင်း တီဗွီမကြည့်စတမ်း” စိန်ခေါ်ပွဲတွင် ပါဝင်သူ ဆယ့်နှစ်နှစ်သမီး စူစမ်
[စာမျက်နှာ ၂၉၂၊ ၂၉၃ ပါလေးထောင့်ကွက်]
‘ကျွန်တော် တီဗွီအိုးဖြစ်ခဲ့တယ်’—မေးမြန်းခန်း
မေးမြန်းသူ– ဘယ်အရွယ်မှာ တီဗွီစွဲခဲ့သလဲ။
ဝိုင်းယင့်– ဆယ်နှစ်အရွယ်လောက်တုန်းက။ ကျောင်းကပြန်လာတာနဲ့ တီဗွီဖွင့်တော့တာပဲ။ အစမှာ ကာတွန်းနဲ့ကလေးကားတွေကြည့်တယ်။ နောက်တော့ သတင်းကြေညာတယ်၊ ... ပြီးတော့ ကျွန်တော် မီးဖိုဆောင်ထဲဝင်ပြီး စားစရာလေးရှာစားတယ်။ ဒိနောက်မှာ တီဗွီဆီကိုပြန်သွားပြီး အိပ်ချင်တဲ့အချိန်အထိ ကြည့်တယ်။
မေးမြန်းသူ– ဘယ်အချိန်မှာ သူငယ်ချင်းတွေနဲ့ကစားသလဲ။
ဝိုင်းယင့်– တီဗွီဟာ ကျွန်တော့်သူငယ်ချင်းပဲ။
မေးမြန်းသူ– ဒီလိုဆိုရင် ကစားဖို့အချိန်မရှိဘူးပေါ့။
ဝိုင်းယင့်– [ရယ်လျက်] ကျွန်တော့်မှာ ဘာအားကစားစွမ်းရည်မှမရှိဘူး။ တစ်ချိန်လုံး တီဗွီပဲကြည့်နေတော့ကာ၊ ဘယ်ကလာ အားကစားစွမ်းရည်တွေရှိမှာလဲ။ ဘတ်စကက်ဘော ကစားတဲ့အခါ ညံ့ဆိုမှ တကယ့်ကိုညံ့။ ဂျွမ်းဘားသင်တန်းမှာလည်း အမြဲတမ်း နောက်ဆုံးမှအရွေးခံရတယ်။ ခုထက် အားကစား အစွမ်းအစလေးတော့ရှိချင်ပါရဲ့—ကြွားချင်လို့တော့မဟုတ်ဘူး။ အနည်းဆုံးတော့ ပျော်ပျော် ကစားနိုင်အောင်လို့ပါ။
မေးမြန်းသူ– ကျောင်းစာကော။
ဝိုင်းယင့်– သဒ္ဒါကိုတော့ ပိုင်ပါရဲ့။ ကပ်ခါနီးကျမှ သန်းခေါင်အထိ အိမ်စာလုပ်တယ်။ အထက်တန်းကိုရောက်တော့ ပိုခက်လာတယ်။ စာကျက်တဲ့အကျင့်ကောင်းမှ မရှိတာ။
မေးမြန်းသူ– တီဗွီကြည့်လွန်းလို့ ဩဇာခံဖြစ်ခဲ့ရသလား။
ဝိုင်းယင့်– မှန်ပါတယ်။ တစ်ခါတလေ လူတွေ ကျွန်တော့်အနားမှာ ရှိတဲ့အခါ သူတို့နဲ့ရောပြီးစကားပြောမဲ့အစား သူတို့ကို တီဗွီပြကွက်ကြည့်သလိုပဲကြည့်ပြီး နေတတ်ပါတယ်။ ကျွန်တော် ခုထက်ပိုပြီး လူဝင်ဆန့်နိုင်ဖို့ မျှော်လင့်တယ်။
မေးမြန်းသူ– ခု ခင်ဗျား စကားလက်ဆုံကျနေပုံက မဆိုးတော့ဘူးဘဲ။ တီဗွီဖြတ်ခဲ့မှန်းသိသာတယ်။
ဝိုင်းယင့်– အထက်တန်းကျောင်းရောက်တဲ့နောက်ပိုင်း ကျွန်တော် တီဗွီကို စပြီးဖြတ်ခဲ့တယ်။ ... သက်သေခံအပေါင်းအသင်းတွေနဲ့ ပေါင်းသင်းလာတော့ ဝိညာဉ်ရေးဘက် တိုးတက်လာတယ်။
မေးမြန်းသူ– တီဗွီကြည့်တာနဲ့ ဘယ်လိုပတ်သက်လို့လဲ။
ဝိုင်းယင့်– ဝိညာဏရေးရာတွေကို တန်ဖိုးထားတတ်လာတာနဲ့အမျှ တစ်ချိန်က ကျွန်တော်ကြည့်လေ့ရှိတဲ့ပြကွက်တွေဟာ ခရစ်ယာန်များအတွက်မသင့်တော်မှန်း သိလာတယ်လေ။ ကျမ်းစာလေ့လာမှုနဲ့ စည်းဝေးအတွက်ပြင်ဆင်မှု ပိုပြီးလုပ်ဖို့လိုအပ်တာကိုလည်း မြင်လာတယ်။ ဒီတော့ တီဗွီကြည့်တဲ့အချိန်ကို ကုန်မလောက် ဖြတ်ပစ်လိုက်တယ်။ လွယ်တယ်တော့မဟုတ်ဘူး။ စနေနေ့မနက်ကာတွန်းကားကို ကျွန်တော်သိပ်သဘောကျခဲ့တယ်။ ဒါပေမဲ့ အသင်းတော်ထဲက ခရစ်ယာန်ညီအစ်ကိုတစ်ဦးက စနေနေ့မနက် တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းမှာသူနဲ့လိုက်ခဲ့ပါဆိုလို့ စနေနေ့မနက် တီဗွီကြည့်တဲ့အကျင့် ပျက်ခဲ့တယ်ပေါ့။ ဒါကြောင့် နောက်ဆုံးတော့လဲ၊ တီဗွီလျှော့ကြည့်လာတတ်တယ်။
မေးမြန်းသူ– အခုကော။
ဝိုင်းယင့်– တီဗွီဖွင့်ထားလို့ရှိရင် ဘာကိုမှမလုပ်တတ်ဘဲနေတတ်တဲ့ပြဿနာ ရှိပါသေးတယ်။ ဒါကြောင့် အများအားဖြင့် တီဗွီကိုမဖွင့်ဘဲထားပါတယ်။ တကယ်ပြောရရင်၊ လွန်ခဲ့တဲ့လပိုင်းတွေမှာ ကျွန်တော့်တီဗွီပျက်သွားတာ ခုထက်ထိ မပြင်ဘဲပစ်ထားတယ်လေ။
[စာမျက်နှာ ၂၉၁ ပါရုပ်ပုံ]
အချို့သည် တီဗွီကို အစွဲကြီး စွဲတတ်သည်
[စာမျက်နှာ ၂၉၄ ပါရုပ်ပုံ]
တီဗွီကို အဆင်မပြေသည့်နေရာ၌ထားသောအခါ ဖွင့်ကြည့်ချင်သည့်စိတ် ပြင်းပြတော့မည်မဟုတ်