နာမ်ဝိညာဉ်ဘုံက ပုန်ကန်မှု
ယေဟောဝါဘုရား ဖန်ဆင်းတဲ့ နာမ်ဝိညာဉ်သား အားလုံး ကောင်းကြတယ်။ နောက်ပိုင်းမှာ ကောင်းကင်တမန်တစ်ပါး ဆိုးသွားတယ်။ စာတန်မာရ်နတ်ပါပဲ။ စာတန်က မြေကြီးပေါ်ရှိ လူတွေကို ယေဟောဝါအစား မိမိကို ဝတ်ပြုကိုးကွယ်စေချင်တယ်။ ဖြစ်ပျက်ခဲ့တာ ဒီလိုပါ။
ဧဒင်ဥယျာဉ်မှာ အရသာရှိတဲ့ သီးပင်တွေ အများကြီးရှိတယ်။ အဲဒီအသီးတွေကို စိတ်ကြိုက် စားလို့ရပေမဲ့ အပင်တစ်ပင်ရဲ့ အသီးကိုတော့ မစားရဘူး၊ စားရင် သေရလိမ့်မယ်လို့ လို့ အာဒံနဲ့ ဧဝတို့ကို ယေဟောဝါဘုရား မိန့်ဆိုတယ်။—ကမ္ဘာဦး ၂:၉၊ ၁၆၊ ၁၇။
တစ်နေ့ ဧဝတစ်ယောက်တည်း ရှိနေတုန်း မြွေတစ်ကောင်က စကားလာပြောတယ်။ တကယ်တော့ စကားပြောနေတာ မြွေမဟုတ်ဘူး။ မြွေနောက်ကွယ်ကနေ စာတန် ပြောနေတာ။ တားမြစ်ထားတဲ့ အသီးကို စားရင် ဘုရားလို ပညာရှိလာမယ်လို့ စာတန်က ဧဝကို ပြောတယ်။ သေမှာ မဟုတ်ဘူး လို့လည်း ပြောတယ်။ အဲဒါ အလိမ်အညာတွေ။ ဒါပေမဲ့ ဧဝက စာတန်ကို ယုံကြည်ပြီး အသီးကို စားလိုက်ရုံမက အာဒံကိုလည်း ပေးတော့ သူလည်း စားခဲ့တယ်။—ကမ္ဘာဦး ၃:၁-၆။
စာတန်ဟာ သူပုန်၊ လိမ်ညာသူမှန်း ဒီဖြစ်ရပ်မှန်ကနေ သိရှိရတယ်။ ဘုရားစကား နားမထောင်ရင် သေရမှာ မဟုတ်ဘူးလို့ ဧဝကို ပြောတယ်။ အဲဒါ အလိမ်အညာပဲ။ ဧဝ သေသွားသလို အာဒံလည်း သေသွားခဲ့တယ်။ အပြစ်လုပ်ခဲ့လို့ စာတန် မသေသေးပေမဲ့ နောက်ဆုံး သေမှာပါ။ အခု စာတန် အသက်ရှင်နေပြီး လူသားတွေကို ဆက်ပြီး လိမ်လည်လှည့်ဖြားနေတုန်းပဲ။ လူတွေ ဘုရားပညတ်ကို ချိုးဖောက်အောင် ကြိုးစားနေတုန်းပဲ။—ယောဟန် ၈:၄၄။
တခြား ကောင်းကင်တမန်တွေလည်း ပုန်ကန်ကြ
နောက်ပိုင်းမှာ တခြားကောင်းကင်တမန်တွေလည်း ဆိုးလာကြတယ်။ မြေကြီးပေါ်က အမျိုးသမီး အချောအလှတွေကို မြင်တွေ့ပြီး လိင်ဆက်ဆံချင်ကြတယ်။ ဒီလိုနဲ့ ယောက်ျားကိုယ်ခန္ဓာ ပြောင်းပြီး မြေကြီးပေါ် ရောက်လာကြတယ်၊ မိန်းမတွေ ယူကြတယ်။ ဒါဟာ ဘုရားရည်ရွယ်ချက်နဲ့ ဆန့်ကျင်တယ်။—ကမ္ဘာဦး ၆:၁၊ ၂။ ယုဒ ၆။
ဒါကြောင့် လူသားတွေ အလွန်ဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီကောင်းကင်တမန်တွေရဲ့ မိန်းမတွေက သာမန်မဟုတ်တဲ့ ကလေးတွေ မွေးကြတယ်။ သူတို့တတွေ ကြီးပြင်းလာတဲ့အခါ ရမ်းကားကြမ်းကြုတ်တဲ့ လူ့ဘီလူးကြီးတွေ ဖြစ်လာကြတယ်။ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု ပြည့်လာတဲ့အတွက် လူဆိုးတွေကို ရေလွှမ်းမိုးဘေးကြီးနဲ့ ဖျက်ဆီးပစ်ဖို့ ယေဟောဝါဘုရား ဆုံးဖြတ်လိုက်တယ်။ ဖြောင့်မတ်တဲ့ နောဧနဲ့ မိသားစုပဲ ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ခဲ့ကြတယ်။—ကမ္ဘာဦး ၆:၄၊ ၁၁။ ၇:၂၃။
ကောင်းကင်တမန်ဆိုးတွေကတော့ မသေဘဲ နာမ်ဝိညာဉ်ဘုံကို ပြန်သွားကြတယ်။ ဒါပေမဲ့ ပြစ်ဒဏ် ခံကြရတယ်။ ဖြောင့်မတ်တဲ့ ကောင်းကင်တမန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရားသခင့်မိသားစုထဲ ပြန်ဝင်ခွင့် မရကြတော့ဘူး။ အဲဒီအပြင် လူ့ခန္ဓာကိုယ် ပြောင်းနိုင်ခွင့်ကိုလည်း ယေဟောဝါဘုရား ရုတ်သိမ်းလိုက်တယ်။ သူတို့တတွေဟာ တရားစီရင်ရာနေ့ကြီးမှာ သေကြရမှာပါ။—၂ ပေတရု ၂:၄။ ယုဒ ၆။
ကောင်းကင်ကနေ စာတန် ပစ်ချခံရ
၂၀ ရာစု အစောပိုင်းတုန်းက ကောင်းကင်မှာ စစ်ဖြစ်တယ်။ အဲဒီဖြစ်ရပ်ကို ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်- “ကောင်းကင်မှာ စစ်ဖြစ်တယ်။ မိက္ခေလ [ထမြောက်ခဲ့တဲ့ ယေရှု) နဲ့ သူရဲ့ ကောင်းကင်တမန် [ကောင်း] တွေက နဂါး [စာတန်] နဲ့ တိုက်ခိုက်ကြတယ်။ နဂါးနဲ့ သူ့ရဲ့ကောင်းကင်တမန် [ဆိုး] တွေလည်း ပြန်တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ သူတို့ စစ်ရှုံး သွားတယ်။ ကောင်းကင်မှာ သူတို့နေစရာလည်း မရှိတော့ဘူး။ ဒါကြောင့် လူနေထိုင်ရာ မြေတစ်ပြင် လုံးကိုလှည့်စားသူ၊ မာရ်နတ်စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီးဟာ မြေကြီးပေါ် ပစ်ချခံရတယ်။ သူနဲ့အတူ သူ့ရဲ့ ကောင်းကင်တမန် [ဆိုး] တွေလည်း ပစ်ချခံရတယ်။”
ရလဒ်က ဘာလဲ။ ကျမ်းစာမှာ ဒီလိုဆက်ဖော်ပြထားတယ်- “ဒါကြောင့် ကောင်းကင်နဲ့ ကောင်းကင်မှာ နေထိုင်သူတို့ ဝမ်းမြောက်ကြပါ။” စာတန်နဲ့ ဆိုးညစ်တဲ့ ကောင်းကင်တမန်ဆိုးတွေ ကောင်းကင်မှာ မရှိတော့တဲ့အတွက် ကောင်းကင်တမန်ကောင်းတွေ ဝမ်းမြောက်နိုင်ကြပြီ။ မြေကြီးပေါ်က လူတွေကျတော့ကော။ ကျမ်းစာ ဒီလိုပြောတယ်။ “မြေကြီးနဲ့ ပင်လယ်ဟာ အဖြစ်ဆိုးကြုံနေရပြီ။ မာရ်နတ်ဟာ သူ့အတွက် အချိန်နည်းနည်းပဲ ကျန်တော့မှန်းသိလို့ မင်းတို့ဆီ ဒေါသတကြီးဆင်းလာပြီ။”—ဗျာဒိတ် ၁၂:၇-၉၊ ၁၂။
စာတန်နဲ့ ဆိုးညစ်တဲ့အပေါင်းအပါတွေက ကမ္ဘာပေါ်က လူတွေကို လှည့်ဖြားပြီး အဖြစ်ဆိုးကြီးတွေ ကြုံစေတယ်။ အဲဒီဆိုးညစ်တဲ့ ကောင်းကင်တမန်တွေကို နတ်ဆိုးတွေလို့ ခေါ်တယ်။ သူတို့ဟာ ဘုရားရဲ့ ရန်သူတွေ ဖြစ်ကြတယ်။ သူတို့အားလုံး ဆိုးညစ်ကြတယ်။