လူသေတွေ အသက်ရှင်နေတယ်လို့ နတ်ဆိုးတွေ မှားယွင်းစွာ သွန်သင်
စာတန်က “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဗျာဒိတ် ၁၂:၉) စာတန်နဲ့ နတ်ဆိုးတွေက ဘုရားစကားတော် သမ္မာကျမ်းစာကို မယုံကြည်စေချင်ကြဘူး။ လူသေတွေဟာ ဝိညာဉ်ဘုံတစ်ခုခုမှာ ဆက်ရှင်နေဆဲလို့ လူတွေ ယုံကြည်လာအောင် ကြိုးစားကြတယ်။ ဘယ်နည်းတွေကို သုံးကြသလဲ။
မှားယွင်းတဲ့ ဘာသာတရားများ
လူတိုင်းမှာ ခန္ဓာကိုယ် သေပြီးတဲ့နောက် နာမ်ဝိညာဉ်ဘုံကို ကူးပြောင်းသွားတဲ့၊ မသေနိုင်တဲ့အရာ ဒါမှမဟုတ် ဝိညာဉ် ရှိတယ်လို့ ဘာသာတရားတိုင်းလိုလိုက သွန်သင်ကြတယ်။
ဒါပေမဲ့ သမ္မာကျမ်းစာက အဲဒီလို မသွန်သင်ဘူး။ လူသေသွားရင် ဆက်ပြီး ရှင်ကျန်ရစ်တဲ့အရာ မရှိဘူးလို့ ဆိုထားတယ်။ သေဆုံးသွားပြီဖြစ်လို့ အသက်ရှင်နေသူတွေအပေါ် အဆိုးအကောင်း သက်ရောက်နိုင်စွမ်း မရှိတော့ဘူး။ ကျမ်းစာမှာ ဖော်ပြထားတာက—
“သူဟာ အသက်ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။ အဲဒီနေ့မှာပဲ သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။”—ဆာလံ ၁၄၆:၄။
“အသက်ရှင်နေသူက သေရမှာကို သိတယ်။ သေလွန်သူကတော့ ဘာမှ မသိဘူး။ ဘာအကျိုးမှလည်း မရတော့ဘူး။ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို လူတွေ မေ့သွားကြတယ်။”—ဒေသနာ ၉:၅။
“ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ ကိုယ်ရောက်သွားမယ့် သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှမရှိလို့ပဲ။”—ဒေသနာ ၉:၁၀။
တခြားကျမ်းပိုဒ်တွေကလည်း တိရစ္ဆာန်သေဆုံးခြင်းနဲ့ လူသေဆုံးခြင်းရဲ့ အကျိုးရလဒ်က အတူတူပဲလို့ ဆိုထားတယ်။—ဒေသနာ ၃:၁၉၊ ၂၀။လူသေတွေဟာ ဘာမှ မသိကြတော့ဘူး။ ဒါကြောင့် သေပြီးတဲ့နောက် ဆက်ရှင်သန်နေတဲ့အရာ ဘာတစ်ခုမှ မရှိဘူး။
လူသေတွေ တစ်နေရာရာမှာ ဆက်ရှင်နေတယ်ဆိုတဲ့ အယူအဆကို ကျမ်းစာမှာ မတွေ့ရဘူး။ လူသေတွေရဲ့ ဝိညာဉ် ရောက်သွားတဲ့ နေရာဆိုတာကလည်း ကျမ်းစာ သွန်သင်ချက် မဟုတ်ဘူး။ စာတန်နဲ့ နတ်ဆိုးတွေရဲ့ သွန်သင်ချက် ဖြစ်တယ်။ ဘာသာရေး လိမ်လည်မှုအားလုံးကို ယေဟောဝါဘုရား ရွံမုန်းတယ်။—ပညာအလိမ္မာ ၆:၁၆-၁၉။ ၁ တိမောသေ ၄:၁၊ ၂။
နတ်ဝင်သည်များ
နတ်ဝင်သည်တွေကို သုံးပြီး လူတွေကို လှည့်စားတာက စာတန်ရဲ့ နည်းလမ်းတစ်မျိုး ဖြစ်တယ်။ နတ်ဝင်သည်ဆိုတာ နာမ်ဝိညာဉ်လောက, က သတင်းစကားတွေကို တိုက်ရိုက် ရရှိသူ ဖြစ်တယ်။ ဒီနတ်ဝင်သည်တွေ အပါအဝင် လူအတော်များများက ဒီသတင်းစကားတွေကို လူသေတွေရဲ့ ဝိညာဉ်တွေဆီကလာတဲ့ သတင်းစကားတွေလို့ ယုံကြည်ကြတယ်။ ကျမ်းစကားတွေအရဆိုရင် အဲဒါ လုံးဝ မှားပါတယ်။—ဒေသနာ ၉:၅၊ ၆၊ ၁၀။
ဒါဆိုရင် ဘယ်သူ့ဆီက သတင်းစကားတွေ ရရှိကြတာလဲ။ နတ်ဆိုးတွေဆီကပါ။ အသက်ရှင်တဲ့ လူတစ်ယောက်ရဲ့ ပြောပုံလုပ်ကိုင်ပုံ၊ ပုံပန်းအသွင်အပြင်တွေကို နတ်ဆိုးတွေ အတုယူနိုင်စွမ်း ရှိကြတယ်။ ဒါကြောင့် သေဆုံးသွားသူရဲ့ ပုံစံကို လုပ်ယူတာ သူတို့အတွက် လွယ်ကူပါတယ်။—၁ ရှမွေလ ၂၈:၃-၁၉။
မှားယွင်းတဲ့ ပုံပြင်ဇာတ်လမ်းများ
လူသေတွေနဲ့ပတ်သက်တဲ့ အလိမ်အညာကို လူသိများအောင် စာတန်လုပ်တဲ့ နောက် တစ်နည်းကတော့ မှားယွင်းတဲ့ ပုံပြင်ဇာတ်လမ်းတွေအားဖြင့် ဖြစ်တယ်။ အဲဒါတွေက ကျမ်းစာအမှန်တရားကနေ လူတွေကို ရှောင်ဖယ်သွားစေတယ်။—၂ တိမောသေ ၄:၄။
သေသွားတဲ့သူကို အသက်ရှင်လျက် ပြန်တွေ့တယ်ဆိုတဲ့ ပုံတိုပတ်စတွေ အာဖရိကမှာ အများကြီးပဲ။ အများအားဖြင့်တော့ ကာယကံရှင်နေခဲ့တဲ့ နေရာနဲ့ အဝေးကြီးမှာ တွေ့ကြတာ ဖြစ်တယ်။ စဉ်းစားကြည့်ပါ။ သေရာကနေ ပြန်လာနိုင်သူ တစ်ယောက်က ကိုယ့်မိသားစုနဲ့ မိတ်ဆွေတွေ ရှိတဲ့နေရာနဲ့ အဝေးကြီးမှာ ပြန်ပေါ်လာတယ်ဆိုတာ ယုံချင်စရာကောင်းပါရဲ့လား။
ဒီ့အပြင် သေဆုံးသွားသူနဲ့ အတော်လေး ရုပ်ချင်းဆင်တဲ့သူလည်း ဖြစ်နိုင်တာပဲ။ ဥပမာ၊ နာရီနဲ့ချီပြီး တကောက်ကောက် လိုက်နေတဲ့ လူအိုတစ်ယောက်ကို ဟောပြောခြင်း လုပ်ငန်းမှာ ပါဝင်နေတဲ့ ခရစ်ယာန်အမှုဆောင်နှစ်ယောက် သတိထားမိကြတယ်။ သူ့ကို မေးကြည့်တော့ အမှုဆောင်တစ်ယောက်က လွန်ခဲ့တဲ့ နှစ်တွေတုန်းက သေဆုံးသွားတဲ့ သူ့အစ်ကို ဖြစ်ပါတယ်ဆိုပဲ။ တကယ်တော့ သူမှားနေတာ။ ဒါပေမဲ့ လူမှားနေတယ်ဆိုတာကို လက်မခံဘူး။ ဒီလူအိုက မိသားစုနဲ့ မိတ်ဆွေတွေကို ဘယ်လို ပြန်ပြောပြမယ် ထင်ပါသလဲ။
အကြားအမြင်၊ အိပ်မက်များနဲ့ အသံများ
ထူးဆန်းတဲ့အရာတွေကို လူတွေ မြင်ကြ၊ ကြားကြ၊ အိပ်မက် မြင်မက်ကြတာမျိုးကို သိကြပါလိမ့်မယ်။ အဲဒီသဘာဝလွန်ဖြစ်ရပ်တွေက တွေ့ကြုံရသူကို ထိတ်လန့်စေတယ်။ အနောက် အာဖရိကမှာနေတဲ့ မာရင်းက ညညဆိုရင် သေဆုံးသွားပြီဖြစ်တဲ့ အဖွားအသံကို အမြဲလိုလို ကြားနေရတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ အော်တာ အိမ်သားအားလုံး နိုးသွားတဲ့အထိပဲ။ နောက်ပိုင်း သူ့စိတ် ပုံမှန် မဟုတ်တော့ဘူး။
လူသေတွေ တကယ် အသက်ရှင်နေရင် သူတို့ချစ်တဲ့သူတွေကို ကြောက်ရွံ့ထိတ်လန့်စေကြပါ့မလား။ တကယ်တော့ ဒီလိုထိခိုက်နစ်နာစေတဲ့ အသံတွေ၊ စကားတွေရဲ့ ရင်းမြစ်က နတ်ဆိုးတွေဆီက လာတာပါ။
ရရှိတဲ့ သတင်းစကားက အကျိုးရှိပြီး နှစ်သိမ့်မှုဖြစ်စေတယ် ဆိုရင်ကော။ ဥပမာ၊ ဆီရာလီယွန်က ဘာဆေး နာမကျန်းဖြစ်တယ်။ အိပ်မက်ထဲမှာ သေဆုံးသွားတဲ့ အဖေကို တွေ့တယ်။ အဖေက အပင်တစ်ပင်ဆီကို သွား၊ အရွက်တစ်ရွက်ကို ယူ၊ ရေနဲ့ ရောပြီး သောက်လိုက်ဆိုပြီး အိပ်မက်မှာ ပြောတယ်။ အဲဒီလို မလုပ်ခင် ဘယ်သူ့ကိုမှ မပြောရဘူးလို့ မှာတယ်။ မှာတဲ့အတိုင်း လုပ်ပြီးတဲ့အခါ ပြန်ကျန်းမာလာတယ်။
နောက်အမျိုးသမီးတစ်ယောက် ပြောတယ်။ သေဆုံးသွားတဲ့ ခင်ပွန်းက တစ်ည သူ့ရှေ့မှာ ပေါ်လာတယ်။ လှပတဲ့အဝတ်အစားတွေနဲ့ အင်မတန် ကြည့်လို့ကောင်းတယ်ဆိုပဲ။
အဲဒီလို သတင်းစကားနဲ့ အမြင်တွေဟာ ကောင်းတဲ့၊ အကျိုးရှိတဲ့ ပုံပါပဲ။ ဒါပေမဲ့ အဲဒါတွေက ဘုရားဆီကလား။ မဟုတ်ပါဘူး။ ယေဟောဝါဟာ “အမှန်တရားရဲ့ ဘုရား” ဖြစ်တယ်။ (ဆာလံ ၃၁:၅) ကျွန်တော်တို့ကို လှည့်စား၊ ကလိမ်ကျတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ နတ်ဆိုးတွေပဲ အဲဒီလို လုပ်ကြတာ။
ဒါနဲ့ ကောင်းတဲ့ နတ်ဆိုးတွေကော ရှိကြသလား။ မရှိပါဘူး။ တစ်ခါတရံ အစပိုင်းမှာ ကူညီပေးပုံ ပေါက်ပေမဲ့ အားလုံး ဆိုးညစ်ကြတယ်။ ဧဝကို မာရ်နတ် စကားပြောတုန်းက ခင်မင်ရင်းနှီးတဲ့ပုံစံ ပေါက်တာပဲ။ (ကမ္ဘာဦး ၃:၁) ဒါပေမဲ့ သူ့စကားကို နားထောင်တော့၊ သူခိုင်းတာ လုပ်တော့ ဘာဖြစ်သွားသလဲ။ သေသွားတယ်။
တကယ်တော့ လူဆိုးတွေဟာ သူတို့လှည့်ဖြား၊ ကလိမ့်ကျချင်တဲ့သူနဲ့ ခင်မင်ရင်းနှီး ယောင်ဆောင်တာမျိုးက လုပ်နေကျပါပဲ။ “အဖြူရောင် သွား၊ အမဲရောင် နှလုံးသား” ဆိုတဲ့ အာဖရိက အဆိုရှိတယ်။ ကျမ်းစာမှာ “စာတန်တောင်မှ အလင်းရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်သေး တာပဲ” လို့ ဆိုထားတယ်။—၂ ကောရိန္သု ၁၁:၁၄။
ဒီအချိန်မှာ ဘုရားသခင်က အိပ်မက်တွေ၊ အကြားအမြင်တွေနဲ့ လူတွေကို မဆက်သွယ်တော့ဘူး။ လူတွေ “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကိုလုပ်ဆောင်ဖို့. . . လုံးလုံးလျားလျား အသင့်ဖြစ်” နေစေဖို့ ကျမ်းစာနဲ့ပဲ လမ်းညွှန်ထိန်းကျောင်းပေးတော့တယ်။—၂ တိမောသေ ၃:၁၇။
ဒါကြောင့် မာရ်နတ်ရဲ့ ကလိမ်ကျမှုကို ယေဟောဝါဘုရား သတိပေးတာက ကျွန်တော်တို့ကို ချစ်လို့ ဖြစ်တယ်။ နတ်ဆိုးတွေဟာ အင်မတန် အန္တရာယ်ရှိတဲ့ ရန်သူတွေ ဖြစ်မှန်း ဘုရားသိတယ်။