မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း

အမေရိကန်

အမေရိကန်
  • နိုင်ငံပေါင်း ၅၇

  • လူဦးရေ ၉၇၀,၂၃၄,၉၈၇

  • ကြေညာသူ ၃,၉၄၃,၃၃၇

  • ကျမ်းစာသင်အံမှု ၄,၃၄၁,၆၉၈

သူတို့အိမ်မှာတည်းဖို့ ဖိတ်ခေါ်ခဲ့

နာဗားဒါးပြည်နယ်၊ လာစ်ဗီဂတ်စ်မြို့က သက်သေခံမဟုတ်တဲ့ စုံတွဲတစ်တွဲဟာ အေးချမ်းတဲ့နေရာမှာ နေချင်ကြတယ်၊ ဒါနဲ့ ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံမှာ ပြောင်းနေဖို့ သူတို့ရဲ့အိမ်ကို ရောင်းလိုက်တယ်။ သူတို့နိုင်ငံကနေ မထွက်ခွာခင် ဆယ်ရက်စောပြီး အိမ်ကနေ ဖယ်ပေးရတယ်။ ယေဟောဝါသက်သေတွေဖြစ်တဲ့ အိမ်နီးချင်းက သူတို့အိမ်မှာခဏနေဖို့ ဖိတ်ခေါ်လိုက်တယ်။ အဲဒီအိမ်မှာနေတုန်း အဲဒီစုံတွဲဟာ နိုင်ငံတော်ခန်းမမှာ စည်းဝေးတစ်ခု လိုက်တက်တယ်။ စည်းဝေးမှာ ၁၉၁၄  ခုနှစ်အကြောင်းကြားရလို့ အံ့သြပြီး စိတ်ဝင်စားသွားတယ်။ အဲဒီခုနှစ်က ကမ္ဘာ့သမိုင်းမှာ အရေးကြီးတဲ့နှစ်ဖြစ်တယ်ဆိုတာ သူတို့ သိခဲ့ရတယ်။ ဒိုမီနီကန်ကိုရောက်တဲ့အခါ ယေဟောဝါသက်သေတွေနဲ့တွေ့တွေ့ချင်းပဲ သူတို့ကိုကျမ်းစာသင်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဆယ့်လေးလကြာပြီးနောက်မှာ သူတို့နှစ်ယောက်စလုံး ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့ကြတယ်။

သူလိုနေတဲ့အရာ

ပနားမားနိုင်ငံ၊ ပနားမားမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာစာအုပ်ပွဲတော်မှာ ညီအစ်ကိုတွေက အဖွဲ့အစည်းထုတ်စာပေတွေကို စာအုပ်စင်နဲ့ပြသခဲ့တယ်။ ကျောင်းသူနှစ်ယောက်ဟာ စာအုပ်စင်နားကပ်လာတယ်။ ကျောင်းသူတစ်ယောက်က စင်နားမှာဟောပြောနေတဲ့ ညီအစ်မကို သူဝမ်းနည်းနေတဲ့အကြောင်း ပြောပြတယ်။ သူ့အဖေက မူးယစ်ဆေးစွဲနေတယ်၊ အဲဒါကို သူဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်လို့ ပြောတယ်။ ညီအစ်မက အဲဒီမိန်းကလေးကို လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၂ [အင်္ဂလိပ်] အခန်း ၂၃ မှာပါတဲ့ “ငါ့မိဘတွေ မူးယစ်ဆေး ဒါမှမဟုတ် အရက်စွဲနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ခေါင်းစဉ်ကို ပြလိုက်တယ်။ မိန်းကလေးက “ကျွန်မလိုနေတာ ဒါပဲ” လို့ ဝမ်းသာအားရပြောပြီး ညီအစ်မကို ဖက်လိုက်တယ်။ နောက်တစ်နာရီအကြာမှာ ပြန်လာပြီး ညီအစ်မကို ကျေးဇူးတင်လိုက်တာလို့ လာပြောတယ်။ အဲဒီပြပွဲ ငါးရက်အတွင်းမှာ ညီအစ်ကိုတွေဟာ စာအုပ် ၁,၀၄၆ အုပ်၊ မဂ္ဂဇင်း ၁,၁၁၆ စောင်နဲ့ ဘရိုရှာ ၄၄၉ စောင် ဝေငှနိုင်ခဲ့တယ်။ ၅၆ ယောက်က လိပ်စာပေးခဲ့လို့ သက်သေခံတွေက သူတို့ဆီ လည်ပတ်နိုင်ခဲ့တယ်။

သူ့ဘာသာသူ လေးနှစ်ကြာ ဟောပြောခဲ့

ကော်စတာရီကာကျွန်းရဲ့ ဝေးလံတဲ့တောင်တန်းဒေသမှာနေတဲ့ ဖရက်ဒီရဲ့ မိခင်ဘာသာစကားက ကဘေကာစကားဖြစ်တယ်။ လွန်ခဲ့တဲ့လေးနှစ်က ဖရက်ဒီဟာ ဆန် ဟိုစေးမြို့မှာအလုပ်လုပ်နေတုန်း သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကဘာလဲစာအုပ်နဲ့ ကျွန်ုပ်တို့ထံမှာ ဘုရားသခင် အဘယ် အရာတောင်းဆိုတော်မူသနည်းဘရိုရှာကို ရခဲ့တယ်။ အဲဒီစာအုပ်တွေကို ပေးလိုက်တဲ့ကြေညာသူက အိမ်နီးချင်းတွေကို ဟောပြောပါလို့ သူ့ကိုမှာလိုက်တယ်။ ဒါနဲ့ သူပြန်သွားပြီး ကျမ်းစာသွန်သင်ရာကို သူ့ဘာသာသူဖတ်တယ်၊ သူ့ဘဝမှာ တရားဝင်လက်ထပ်တာအပါအဝင် တခြားအပြောင်းအလဲတွေကို လုပ်တယ်။ ပြီးတဲ့နောက် ကဘေကာလူမျိုးကို အတတ်နိုင်ဆုံး အမှန်တရားအကြောင်း ပြောပြတယ်။

ဖရက်ဒီဟာ ကျမ်းစာသင်သားတွေအတွက် ကျမ်းစာသင်တန်းတစ်ခု စီစဉ်ထားတယ်။ သူ့အတန်းမှာ အဆင့်ခြောက်ဆင့်ရှိတယ်။ ကျမ်းစာသင်သားတွေရဲ့ ကျမ်းစာအသိပညာကို စစ်ဆေးပြီး သူတို့ရဲ့အသိပညာနဲ့အညီ အဆင့်တွေခွဲထားပေးတယ်။ သူက အစည်းအဝေးတွေကို လုပ်တယ်၊ အောက်မေ့ရာပွဲလည်း သူ့ဘာသာသူ လုပ်တယ်။ အောက်မေ့ရာပွဲဖိတ်စာမှာ “ယေဟောဝါသက်သေတွေက ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်” လို့ လက်နဲ့ရေးထားတယ်။ သက်သေခံတွေနဲ့အဆက်အသွယ်မရှိဘဲ အဲဒါတွေကို လေးနှစ်လုံးလုံး သူလုပ်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ သူ့ကိုကူညီပေးဖို့ သက်သေခံတွေလွှတ်ပေးပါလို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။

မကြာသေးခင်က ဖရက်ဒီရဲ့ဆုတောင်း ပြည့်သွားတယ်။ သူနေတဲ့နေရာကို ခက်ခက်ခဲခဲ ရောက်လာတဲ့ သက်သေခံတချို့ဟာ သူလုပ်ထားတာတွေကိုတွေ့ပြီး အံ့သြသွားတယ်။ “ဖရက်ဒီက နှစ်ခြင်းခံပြီးသား သက်သေခံမဟုတ်ပေမဲ့ အဲဒီပုံစံအတိုင်း နေထိုင်တယ်” လို့ သူတို့ပြောပြတယ်။ သုံးလကြာပြီးနောက်မှာ ဖရက်ဒီဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။ နှစ်ခြင်းခံနိုင်ဖို့အတွက် သူ့ရဲ့ပထမဆုံး ခရိုင်စည်းဝေးကိုတက်ဖို့ တောင်ပေါ်ကနေ ဆင်းလာတယ်၊ သူနဲ့အတူ ကျမ်းစာသင်သား ၁၉ ယောက်လည်းပါလာတယ်။ အခု သူဟာ ပိုခေါင်တဲ့ဒေသတွေမှာ ကဘေကာစကားပြောအုပ်စု သုံးခုထက်မကကို ဖွဲ့စည်းပြီး ဦးဆောင်နေတယ်။

ကော်စတာရီကာနိုင်ငံ– အခု မှန်မှန်ရှေ့ဆောင်လုပ်နေတဲ့ ဖရက်ဒီဟာ အဝေးကြီးသွားပြီး ကျမ်းစာသင်အံမှုတွေလုပ်နေ

ကျောင်းမှာ သူ့ရဲ့ယုံကြည်ချက်ကို ခုခံကာကွယ်

အမေရိကန်နိုင်ငံက အထက်တန်းကျောင်းသူ အန်းနာဟာ သုံးပါးတစ်ဆူကိုမယုံလို့ သူ့ကိုဒေါသထွက်နေတဲ့ အတန်းဖော်တွေရှေ့မှာ သူ့ရဲ့ယုံကြည်ချက်ကို ခုခံကာကွယ်နိုင်ခဲ့တယ်။ အန်းနာ ဒီလိုပြောပြတယ်– “သူတို့တွေက ကျွန်မကို  အုပ်စုလိုက်ဝိုင်းပြီး ပြောဆိုကြတယ်၊ ဒါပေမဲ့ တခြားသူတွေ ယေဟောဝါသက်သေတွေအပေါ် မကောင်းမြင်မှာစိုးလို့ ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ နေလိုက်တယ်။” ရဲစွမ်းသတ္တိရှိဖို့ အဲဒီညမှာ သူ ယေဟောဝါဆီဆုတောင်းပြီး သုံးပါးတစ်ဆူအကြောင်း ရှာဖွေလေ့လာခဲ့တယ်။ နောက်တစ်နေ့မှာ အန်းနာဟာ ကျောင်းကို ကျမ်းစာယူသွားတယ်။ သူ့အတန်းဖော်တွေက သူ့ကိုဝိုင်းထားပြီး တချို့က သူ့ကို ပြောင်လှောင်ကြတယ်။ ဒါပေမဲ့ သူက သတ္တိရှိရှိနဲ့ ကျမ်းချက်တွေကိုဖတ်ပြီး ရှင်းပြခဲ့တယ်။ နောက်ဆုံးမှာ အဲဒီအဖွဲ့ ပါးစပ်ပိတ်သွားတယ်။ သူ့ကို အဓိက ရန်မူခဲ့တဲ့ အတန်းခေါင်းဆောင်က အခု ယေဟောဝါသက်သေတွေကို လေးစားသွားပြီလို့ ဝန်ခံခဲ့တယ်။ အဲဒီစာသင်နှစ်တစ်နှစ်လုံးမှာ သူက အန်းနာရဲ့ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီး မေးခဲ့တယ်။

အချိန်ကိုက်ပျက်သွားတဲ့ ဖိနပ်

ဘာဘေးဒိုးစ်နိုင်ငံက အမျိုးသမီးလေးတစ်ယောက်ဟာ တနင်္ဂနွေနေ့မနက်တစ်ခုမှာ ချာ့ချ်ကို လမ်းလျှောက်သွားနေတုန်း ဖိနပ်ကြိုးပျက်သွားတယ်။ အနားကအိမ်ကိုသွားပြီး ဖိနပ်ကြိုးကိုပြန်တပ်ဖို့ တွယ်ချိတ်တစ်ချောင်းတောင်းလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီအိမ်က သက်သေခံသားအမိနှစ်ယောက်ရဲ့အိမ်  ဖြစ်နေတယ်။ အမျိုးသမီးလေး ဖိနပ်ပြင်နေတုန်းမှာ ညီအစ်မက အခုခေတ်မှာ ကျမ်းစာပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံနေတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ ညီအစ်မရဲ့သမီးက အဲဒီမနက် နိုင်ငံတော်ခန်းမမှာပြုလုပ်မယ့်စည်းဝေးကို လိုက်တက်ဖို့ အဲဒီအမျိုးသမီးလေးကို ဖိတ်လိုက်တယ်။ အမျိုးသမီးလေးက ချာ့ချ်သွားဖို့လည်း နောက်ကျနေပြီဆိုတော့ ခန်းမမှာစည်းဝေးလိုက်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အစည်းအဝေးတွင်းမှာ သူက သူ့ရဲ့ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းစာထဲက ကျမ်းချက်အားလုံးကို လိုက်ဖွင့်ဖတ်တယ်။ အစည်းအဝေးကို သူတကယ်ကြိုက်သွားတယ်။ သူ့ရဲ့ချာ့ချ်က ဗုံသံတွေ၊ အော်သံတွေကို နားငြီးနေပြီလို့ သူပြောပြတယ်။ သူက အေးဆေးငြိမ်သက်တဲ့နေရာမှာ ကျမ်းစာလေ့လာချင်တာ ကြာနေပြီ။ အဲဒီနောက် ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ကျမ်းစာသင်အံမှုကို သူလက်ခံလိုက်တယ်။ အခု သူ အစည်းအဝေးအားလုံးကိုတက်ပြီး ထက်ထက်သန်သန် ပါဝင်နေတယ်။

သူ့ကို မဟောဖို့တားဆီးနိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်

ဂိုင်ယာနာနိုင်ငံက လူငယ်ညီအစ်ကိုတစ်ယောက် ဒီလိုပြောပြတယ်– “ကျွန်တော်က အတန်းထဲမှာ သက်သေခံရတာကို ကြိုက်တယ်၊ ဒါပေမဲ့ အဲဒါကိုမကြိုက်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့မှာ သူက ကျွန်တော့်ကို နံရံနဲ့ကပ်သွားအောင် တွန်းပြီး ‘ဆက်မဟောနဲ့’ လို့ပြောတယ်။ ကျွန်တော့်ကို မဟောအောင် တားဆီးနိုင်တာ ယေဟောဝါတစ်ပါးပဲရှိတယ်လို့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော်ဆက်ဟောတော့ သူက ကျွန်တော့်ကျောပိုးအိတ်ကို ဓားနဲ့ခွဲတယ်။ ကျွန်တော့်မျက်နှာကို လက်သီးနဲ့ထိုးလို့ နှုတ်ခမ်းကွဲသွားတယ်။ အဲဒီအခါ ကျွန်တော်တို့နှစ်ယောက်စလုံး ကျောင်းအုပ်ကြီးရုံးခန်း ရောက်သွားတယ်။ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော်ဘာလုပ်လိုက်လို့ အဲဒီကောင်လေးက ထိုးတာလဲလို့မေးတယ်။ သတင်းကောင်းဟောလို့ပါဆိုပြီး ပြန်ပြောပြလိုက်တယ်။ ဘာဖြစ်လို့ပြန်မထိုးတာလဲ၊ ပြန်ထိုးပေါ့လို့ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကို ပြောတယ်။ ခရစ်ယာန်တွေက ‘အဆိုးကိုအဆိုးနဲ့ မတုံ့ပြန်’ ရဘူးလို့ ရောမ ၁၂:၁၇ မှာ ပြောထားတဲ့အချက်ကို ကျွန်တော်သိထားလို့ ပြန်မထိုးတာပါဆိုပြီး ပြောလိုက်တယ်။ အဲဒါကိုကြားတဲ့အခါ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကို ပြန်လွှတ်လိုက်ပြီး ကျွန်တော့်ကိုထိုးတဲ့ကောင်လေးကို ဆုံးမမယ်လို့ ပြောတယ်။”

အာဂျင်တီးနားနိုင်ငံ၊ ကာတာမာကာမြို့