ဆီအဲရာလီယွန်နဲ့ ဂီနီ
ကင်းမျှော်စင်က လူ
ဂျိမ်းစ် ကိုရိုမာ
မွေးဖွားသည့်နှစ် ၁၉၆၆
နှစ်ခြင်းခံသည့်နှစ် ၁၉၉၀
ကိုယ်ရေးအကျဉ်း ပြည်တွင်းစစ်အတွင်း သယ်ယူပို့ဆောင်ပေးသူ။
ဖရီးတောင်းမှာ အစိုးရနဲ့ သူပုန်တပ်တွေ အခြေအနေတင်းမာနေတဲ့ ၁၉၉၇ ခုနှစ်လောက်မှာ ဖရီးတောင်းနဲ့ ယာယီဌာနခွဲရုံးရှိတဲ့ ဂီနီနိုင်ငံ၊ ကိုနာကရီမြို့ဆီ စာအပြန်အလှန်ပို့ပေးတဲ့အလုပ် လုပ်ခဲ့တယ်။
ဘတ်စကားဂိတ်ကနေ တခြားသူတွေနဲ့ရောပြီး ကျွန်တော် ကားပေါ်တက်လိုက်တယ်။ အဝေးက သေနတ်သံတွေကို ကြားနေရတဲ့အတွက် ကျွန်တော်တို့အားလုံး ကြောက်နေကြတယ်။ မြို့လမ်းတစ်လျှောက် ကားမောင်းသွားနေတုန်း ပစ်ခတ်နေကြတာနဲ့ သွားကြုံတယ်။ ဒါနဲ့ ဒရိုင်ဘာက လမ်းကြောင်းပြောင်းလိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာ သေနတ်ကိုင်သူပုန်တွေနဲ့ တိုးမိပြီး ကျွန်တော်တို့ကို ကားထဲကနေ ထွက်ခိုင်းတယ်။ စစ်ဆေးမေးမြန်းပြီးနောက်မှာတော့ သွားခွင့်ပြုလိုက်တယ်။ အဲဒီနောက် နောက်ထပ်စစ်သားအုပ်စုတစ်စုနဲ့ ထပ်တိုးပြန်တယ်။ ခရီးသည်တစ်ယောက်က ဗိုလ်ကြီးနဲ့သိတဲ့အတွက် ကျွန်တော်တို့ကို သွားခွင့်ပြုလိုက်ပြန်တယ်။ မြို့စွန်နားရောက်တဲ့အခါ နောက်ထပ်သူပုန်အုပ်စုနဲ့ ထပ်တိုးပြန်တယ်။ သူတို့လည်း မေးခွန်းနည်းနည်းမေးပြီးတဲ့နောက် သွားခွင့်ပြုလိုက်တယ်။ ကျွန်တော်တို့ရဲ့ကား မြောက်ဘက်ကို ဦးတည်မောင်းနှင်သွားရင်းနဲ့ ကိုနာကရီမြို့ကိုရောက်တဲ့ အဲဒီညနေအထိ နောက်ထပ်စစ်သားအုပ်စု အများကြီးနဲ့ ထပ်ဆုံခဲ့တယ်။
နောက်ထပ် ခရီးစဉ်တွေမှာတော့ ရုံးသုံးပစ္စည်းတွေ၊ ဌာနခွဲမှတ်တမ်းမှတ်ရာတွေ၊ စာပေတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးရတယ်။ အများအားဖြင့်တော့ ကား၊ မီနီဘတ်စ်နဲ့ သွားဖြစ်တယ်။ ပြီးတော့ မိုးသစ်တောကိုဖြတ်ဖို့ ပစ္စည်းသယ်ပေးတဲ့သူတွေကို အသုံးပြုတယ်၊ မြစ်တွေကိုဖြတ်ဖို့ လှေကို အသုံးပြုတယ်။
တစ်ခေါက်က ဖရီးတောင်းကနေ ကိုနာကရီမြို့ကို ပစ္စည်းတွေသယ်သွားနေတုန်း ကျွန်တော်စီးလာတဲ့ မီနီဘတ်စ်ကားကို နယ်စပ်က သူပုန်တွေ တားလိုက်တယ်။ သူတို့ထဲက တစ်ယောက်က ကျွန်တော့်အထုပ်အပိုးတွေကို ကြည့်ပြီး မယုံသင်္ကာနဲ့ မေးခွန်းတွေ မေးတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကျောင်းနေဖက်တစ်ယောက်ကို သူပုန်အုပ်စုထဲမှာ တွေ့လိုက်ရတယ်။ စစ်သားတွေက သူ့ကို လူကြမ်းကြီးလို့ အဓိပ္ပာယ်ရှိတဲ့ ရော့ဖ်နက်ခ်လို့ ခေါ်ကြပြီး အဲဒီအုပ်စုထဲမှာ အရက်စက်ဆုံးပုံစံပေါက်နေသူ ဖြစ်တယ်။ ဒါနဲ့ ကျွန်တော့်ကို မေးခွန်းထုတ်နေတဲ့ စစ်သားကို ကျွန်တော်က ရော့ဖ်နက်ခ်ကို တွေ့ဖို့လာတာပါလို့ ပြောလိုက်တယ်။ ပြီးတော့ ရော့ဖ်နက်ခ်ကို လှမ်းခေါ်လိုက်တယ်။ သူက ကျွန်တော့်ကို ချက်ချင်းမှတ်မိသွားပြီး ကျွန်တော့်ဆီ ပြေးလာတယ်။ ကျွန်တော်တို့နှစ်ယောက် ဖက်လိုက်ကြပြီး ရယ်မောလိုက်တယ်။ ပြီးတော သူက
“မင်းမှာ ဘာပြဿနာရှိလို့လဲ” လို့မေးတယ်။
“ဂီနီကို သွားချင်လို့” ဆိုပြီး ကျွန်တော် ပြန်ဖြေလိုက်တယ်။
သူက ချက်ချင်းပဲ မီနီဘတ်စ်ကို သွားခွင့်ပြုလိုက်ဖို့ သူ့လူတွေကို အမိန့်ပေးလိုက်တယ်။
အဲဒီနေ့ကနေစပြီး အဲဒီဂိတ်ကို ဖြတ်တဲ့အခါတိုင်း ကျွန်တော့်ကို ဖြတ်ခွင့်ပြုဖို့ ရော့ဖ်နက်ခ်က စစ်သားတွေကို အမိန့်ပေးတယ်။ ကျွန်တော်လည်း စစ်သားတွေကို ကင်းမျှော်စင်တွေ ပေးတယ်။ သူတို့က အဲဒီအတွက် ကျေးဇူးတင်ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ကို ကင်းမျှော်စင်က လူလို့ပဲ ခေါ်ကြတော့တယ်။