ဆီအဲရာလီယွန်နဲ့ ဂီနီ
၁၉၉၁-၂၀၀၁ “ဒုက္ခဆိုတဲ့ အရည်ကျိုမီးဖိုကြီး”—ဟေရှာ. ၄၈:၁၀ (အပိုင်း ၂)
ဌာနခွဲ တိုက်ခိုက်ခံရ
၁၉၉၈၊ ဖေဖော်ဝါရီလမှာ အစိုးရတပ်တွေနဲ့ အနောက်အာဖရိကဆိုင်ရာ စီးပွားရေးအဖွဲ့အစည်း (ECOMOG) ရဲ့ အဖွဲ့ဝင်တပ်တွေ ပူးပေါင်းပြီး ဖရီးတောင်းမြို့က သူပုန်တွေကို စတင်ထိုးစစ်ဆင်ခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက၊ တိုက်ပွဲပြင်းထန်နေချိန်မှာ ညီအစ်ကိုတစ်ယောက် ဗုံးစမှန်ပြီး သေဆုံးသွားတယ်။
ကြေညာသူ ၁၅၀ လောက်ဟာ ကီစီ နဲ့ ကော်ကရေးသာသနာပြုအိမ်တွေမှာ ခိုလှုံခဲ့ကြတယ်။ ဌာနခွဲ ညလုံခြုံရေးအစောင့် တစ်ယောက်ဖြစ်တဲ့ လယ်ဒီ ဆဲန်ဒီ ဒီလိုပြန်ပြောပြတယ်– “တစ်ည၊ ကျွန်တော်နဲ့ ဖိလစ် တူရေး ဌာနခွဲမှာ ညစောင့်လုပ်နေတုန်း RUF သူပုန်နှစ်ယောက် ရောက်လာပြီး ဌာနခွဲ ဧည့်ကြိုမှန်တံခါးကို ဖွင့်ခိုင်းတယ်။ ကျွန်တော်နဲ့ ဖိလစ်က လုံခြုံတဲ့နေရာမှာ ချက်ချင်းဝင်ပုန်းလိုက်တယ်၊ သူတို့က တံခါးသော့ကို သေနတ်နဲ့ တရစပ်ပစ်ကြတယ်။ အံ့အားသင့်စရာကောင်းတာက သော့မပွင့်သွားဘူး။ တံခါးမှန်ကို ပစ်ခွဲလို့ရတယ်ဆိုတာကို သူတို့ တွေးမိပုံမပေါ်ဘူး။ နောက်ဆုံး မကျေမနပ်ဖြစ်ပြီး ပြန်ထွက်သွားကြတယ်။
“နှစ်ညကြာပြီးတော့ လက်နက်အပြည့်အစုံယူလာပြီး အလျှော့ပေးမယ့်ပုံမပေါက်တဲ့ သူပုန်အယောက် ၂၀ လောက် ပြန်လာကြတယ်။ ကျွန်တော်တို့လည်း ဗေသလမိသားစုကို ချက်ချင်းအချက်ပေးလိုက်တယ်။ ပြီးတော့ ခိုလှုံဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ မြေအောက်ခန်းဆီကို ပြေးသွားကြတယ်။ ကျွန်တော်နဲ့ ညီအစ်ကိုညီအစ်မ ၆ ယောက်ဟာ စည်ပိုင်းကြီးနောက် မှောင်ရိပ်မှာ ကြောက်ကြောက်လန့်လန့်နဲ့ ပုန်းနေရတယ်။ သူပုန်တွေဟာ သေနတ်တွေနဲ့ပစ်ရင်း ဌာနခွဲထဲ ဝင်လာတယ်။ ဆက်တိုက်ပစ်တဲ့အတွက် ဧည့်ကြိုခန်းသော့လည်း ပျက်စီးသွားတယ်။ ‘ယေဟောဝါသက်သေတွေကို ရှာပြီး သူတို့ခေါင်းကို ဖြတ်ပစ်ကြ’ လို့ သူပုန်တစ်ယောက်က အော်ပြောတယ်။ ဌာနခွဲတစ်ခုလုံးကို ၇ နာရီကြာ မွှေနှောက်ဖျက်ဆီးနေချိန်မှာ ကျွန်တော်တို့ အသံမထွက်ရဲဘဲ ပြားပြားဝပ်နေရတယ်။ သူပုန်တွေက သူတို့လိုချင်တာတွေကို ယူပြီးတဲ့နောက် စိတ်ကြိုက်အားရပါးရ ဖျက်ဆီးပြီး ထွက်သွားကြတယ်။
“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုစုသိမ်းပြီး အရင်ဗေသလအဟောင်းဖြစ်ခဲ့ဖူးတဲ့ လမ်းထိပ်က ကော်ကရေးသာသနာပြုအိမ်ကို အပြေးအလွှားသွားကြတယ်။ လမ်းမှာ နောက်သူပုန်အဖွဲ့တစ်ဖွဲ့နဲ့တိုးပြီး ကျွန်တော်တို့ရဲ့ပစ္စည်းတွေကို လုယူလိုက်တယ်။ သာသနာပြုအိမ်ကို ကျွန်တော်တို့ ကြောက်ကြောက်လန့်လန့်နဲ့ ရောက်လာကြတယ်။ အသက်မသေတဲ့အတွက် ဝမ်းသာစရာပါပဲ။ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ပျက်စီးနေတာတွေကို ရှင်းလင်းဖို့အတွက် ဗေသလအိမ်ကို ပြန်သွားတယ်။”
အနောက်အာဖရိကဆိုင်ရာ စီးပွားရေးအဖွဲ့အစည်း စုပေါင်းတပ်က မြို့တော်ကို ထိန်းချုပ်ထားပြီးနောက် နှစ်လအကြာမှာ သာသနာပြုတွေလည်း ဂီနီနိုင်ငံကနေ ပြန်လာကြတယ်။ ဒါပေမဲ့ မြို့တော်မှာ ဒီတစ်ခါနေထိုင်ရမယ့်ကာလက တိုတောင်းမယ်ဆိုတာ သာသနာပြုတွေ မသိခဲ့ကြဘူး။
ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း စတင်
ရှစ်လကြာပြီးနောက် ၁၉၉၈၊ ဒီဇင်ဘာလမှာ ရာနဲ့ချီတဲ့သူတွေဟာ ဖရီးတောင်းမြို့ အမျိုးသားပြဇာတ်ရုံမှာကျင်းပတဲ့ “ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်” ခရိုင်စည်းဝေးကြီးကို တက်ရောက်နေကြပါတယ်။ ရုတ်တရက်၊ ပေါက်ကွဲသံကြားလိုက်ပြီး တောင်ကုန်းတွေမှာ မီးခိုးတွေ အလိပ်လိုက် တက်လာတာကို တွေ့လိုက်ရတယ်။ သူပုန်တွေ ပြန်လည်ထကြွသောင်းကျန်လာပြန်ပြီ။
နောက်နေ့တွေမှာ ဖရီးတောင်းမြို့ရဲ့ အခြေအနေက ပိုပိုဆိုးရွားလာတယ်။ ဌာနခွဲကော်မတီက လေယာဉ်ငယ်လေးတစ်စင်းငှားလိုက်ပြီး သာသနာပြု ၁၂ ယောက်အပါအဝင် နိုင်ငံခြားသားဗေသလအိမ်သား ၈ ယောက်နဲ့ ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်း ၅ ယောက်ကို ကိုနာကရီမြို့ဆီ ပို့လိုက်တယ်။ ၃ ရက်အကြာ၊ ၁၉၉၉၊ ဇန်နဝါရီ ၆ ရက်နေ့မှာ သူပုန်အုပ်စုတွေက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှု စတင်ပါတော့တယ်။ ဖရီးတောင်းမြို့ကို ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်ပြီး အရပ်သား ၆,၀၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့ကြတယ်။ သူပုန်တွေက လူတွေရဲ့ ခြေတွေ၊ လက်တွေကို ဖြတ်ပစ်ကြတယ်။ ကလေးရာပေါင်းများစွာကို အတင်းအဓမ္မခေါ်ဆောင်သွားတဲ့အပြင် အဆောက်အအုံထောင်နဲ့ချီကိုလည်း ဖျက်ဆီးခဲ့ကြတယ်။
သိပ်ကိုချစ်ခင်စရာကောင်းတဲ့ ညီအစ်ကို အက်ဝပ်ဒ် တိုဘီ ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ ဒုက္ခရောက်နေတဲ့ ညီအစ်ကို၊ ညီအစ်မ ၂၀၀ ကျော်ဟာ ဗေသလအိမ်နဲ့ ကော်ကရေးသာသနာပြုအိမ်မှာ ခိုအောင်းနေရတယ်။ ကျန်တဲ့သူတွေကတော့ သူတို့အိမ်တွေမှာပဲ ပုန်းနေကြတယ်။ မြို့ရဲ့အရှေ့ဘက်ခြမ်း၊ ကီစီသာသနာပြုအိမ်မှာ ခိုလှုံနေတဲ့သူတွေဟာ ဆေးဝါးကုသဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒါပေမဲ့ မြို့ထဲကိုဖြတ်ပြီး သွားဖို့ဆိုတာ အရမ်းကိုအန္တရာယ်များလှပါတယ်။ ဘယ်သူတွေက စွန့်စားပြီးသွားပေးမလဲ။ သတ္တိကောင်းတဲ့ ဗေသလညစောင့်နှစ်ယောက်ဖြစ်တဲ့ လယ်ဒီ ဆဲန်ဒီနဲ့ ဖိလစ် တူရေးဟာ ချက်ချင်းပဲ စေတနာ့ဝန်ထမ်း ကြပါတယ်။
“မြို့တော်ဟာ ဝရုန်းသုန်းကားဖြစ်နေတယ်။ သူပုန်စစ်သားတွေက စစ်ဆေးရေး ဂိတ်တွေမှာ လူတွေကိုရပ်တန့်ခိုင်းပြီး မညှာမတာဆက်ဆံကြတယ်။ မွန်းလွဲ ၃ နာရီကနေ မနက် ၁၀ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ခရီးကို အခက်တွေ့စေတယ်။ နှစ်ရက်ကြာခရီးထွက်လာပြီး ကီစီသာသနာပြုအိမ်ကိုရောက်တော့ မွေနှောက်ရှာဖွေထားပြီး မီးရှို့ထားတာကိုပဲ တွေ့လိုက်ရပါတယ်” လို့ ဖိလစ် ပြောပြတယ်။
“အိမ်နားဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ခေါင်းမှာဒဏ်ရာအကြီးအကျယ်ရထားတဲ့ ညီအစ်ကို အင်ဒရူး ကော်လ်ကာကို တွေ့တယ်။ သူပုန်တွေက သူ့ကို ကြိုးတုပ်ပြီး ပုဆိန်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့တယ်။ အံ့သြစရာကောင်းတာက မသေဘဲ ထွက်ပြေးနိုင်ခဲ့တယ်။ ကျွန်တော်တို့လည်း သူကို ချက်ချင်းပဲ ဆေးရုံပို့ပေးလိုက်ပြီး ဆေးရုံမှာတဖြည်းဖြည်းနဲ့ ပြန်ကောင်းလာပါတယ်။ နောက်ပိုင်းမှာ မှန်မှန်ရှေ့ဆောင်တောင် လုပ်နိုင်ခဲ့တယ်။”
တခြားသက်သေခံတွေဟာ သူ့တို့ရဲ့နိုင်ငံရေးကြားနေမှုကြောင့် အသက်မသေတာ၊ ထိခိုက်ဒဏ်ရာမရတာလည်းရှိတယ်။ ညီအစ်ကိုတစ်ယောက် ဒီလိုပြန်ပြောပြတယ်– “သူပုန်တွေက သူ့တို့ရဲ့လုပ်ရပ်တွေကို ထောက်ခံခိုင်းတဲ့အနေနဲ့ ကျွန်တော်တို့ကို အဖြူရောင်လည်စည်းဝတ်ခိုင်းပြီး လမ်းပေါ်မှာ ကခိုင်းတယ်။ ‘အေး၊ တကယ်လို့ မင်းတို့ မကချင်ဘူးဆိုရင်တော့ လက်တွေ၊ ခြေထောက်တွေဖြတ်ပစ်မယ်၊ အသေတောင်သတ်ပစ်မယ်’ လို့ ကျွန်တော်တို့ကို ကြိမ်းဝါးတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ စိုးရိမ်ကြောက်လန့်စွာနဲ့ ယေဟောဝါဆီ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ သူပုန်တွေအကြိုက်လုပ်ပေးနေတဲ့ အိမ်နီးချင်းကောင်လေးက ကျွန်တော်တို့ရဲ့ ဘေးကျပ်နံကျပ်အခြေအနေကို တွေ့သွားတယ်။ ဒါနဲ့ပဲ ‘သူက ကျွန်တော့်အစ်ကိုပါ၊ သူက နိုင်ငံရေးကိစ္စတွေမှာ မပါဘူး၊ ဒါကြောင့် သူ့အစား ကျွန်တော်ပဲ ကပေးမယ်’ လို့ သူပုန်ခေါင်းဆောင်ကို ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်တော့ သူပုန်ခေါင်းဆောင်လည်း ကျေနပ်သွားပြီး လှည့်ထွက်သွားတယ်။ ကျွန်တော်တို့လည်း အိမ်ကို ကပျာကယာ ပြန်တော့တာပဲ။”
မြို့ထဲမှာ အခြေအနေတွေ နည်းနည်းကောင်းလာတာနဲ့ ညီအစ်ကိုတွေဟာ စည်းဝေးတွေနဲ့ လယ်ကွင်းလုပ်ငန်းကို လိမ္မာပါးနပ်စွာ စတင်လုပ်ဆောင်ကြတယ်။ ညီအစ်ကိုတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ဟာဘယ်သူဘယ်ဝါဆိုတာ သိစေဖို့ စည်းဝေးကြီးရင်ထိုးကတ်ကို တပ်ဆင်ထားကြတယ်။ ညီအစ်ကိုတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ တန်းစီစောင့်ဆိုင်းနေစဉ် သမ္မာကျမ်းစာအကြောင်း တခြားသူတွေကို ပြောဆိုရာမှာ ကျွမ်းကျင်လာကြတယ်။
တစ်မြို့လုံးလည်း စားနပ်ရိက္ခာအပြင် အစစအရာရာ ပြတ်လပ်နေတာကြောင့် ဗြိတိသျှဌာနခွဲရုံးက ထောက်ပံ့ရေးပစ္စည်း သေတ္တာ ၂၀၀ ပို့ပေးတယ်။ ဒီပစ္စည်းတွေနဲ့အတူ ဘီလီ ကောန်ဝန်နဲ့ အယ်လန် ဂျုံးစ်ဟာ ကိုနာကရီမြို့ကနေ ဖရီးတောင်းမြို့ကို လေယာဉ်နဲ့ရောက်လာပြီး သူတို့ဟာ စစ်ဆေးရေးဂိတ်အဆင့်ဆင့်ကို ကျော်ဖြတ်နိုင်စေဖို့ အစောင့်အရှောက်အဖြစ် လိုက်ပါလာကြတယ်။ ညမထွက်ရ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင်လေးမှာကပ်ပြီး ဗေသလကို ပစ္စည်းတွေ ရောက်လာတယ်။ စာပေတွေနဲ့ တခြားအရေးကြီးတဲ့ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးဖို့ ဂျိမ်းစ် ကိုရိုမာ ကို ကိုနာကရီမြို့ဆီ စေလွှတ်တယ်။ ဘုရားရေးရာစာပေတချို့ကို ဘိုမြို့နဲ့ ကန်နမာမြို့မှာရှိတဲ့ သီးခြားဖြစ်နေတဲ့သက်သေခံတွေ ရရှိအောင် ပို့ပေးခဲ့ကြတယ်။
၁၉၉၉၊ သြဂုတ် ၉ ရက်မှာ ကိုနာကရီမြို့က သာသနာပြုတွေ ဖရီးတောင်းမြို့ကို ပြန်လာကြတယ်။ နောက်နှစ်မှာ ဗြိတိသျှစစ်တပ်က သူပုန်တွေကို ဖရီးတောင်းမြို့အပြင်ဘက်ရောက်အောင် တိုက်ထုတ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ စစ်ပွဲတွေက တစ်ခါတစ်ခါ ဆက်ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ပြည်တွင်းစစ်ကြီး လုံးဝအဆုံးသတ်သွားပါပြီ။ ၁၁ နှစ်ကြာပဋိပက္ခကြောင့် လူပေါင်း ၅၀,၀၀၀ ကျော် သေဆုံးခဲ့ရတယ်။ လူပေါင်း ၂၀,၀၀၀ ကိုယ်လက်အင်္ဂါချို့တဲ့သွားပြီး အိုးအိမ်ပေါင်း ၃၀၀,၀၀၀ ဖျက်ဆီးခံရတဲ့အပြင် လူ ၁.၂ သန်းလောက် အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ကြရတယ်။
ယေဟောဝါဘုရားသခင်ရဲ့ အဖွဲ့အစည်းအခြေအနေကော ဘယ်လိုရှိလဲ။ ယေဟောဝါဘုရားက ကာကွယ်ပေးခဲ့တဲ့အပြင် ကောင်းချီးတွေပါ ပေးခဲ့ပါတယ်။ ပဋိပက္ခကာလအတွင်း လူ ၇၀၀ ခန့် နှစ်ခြင်းခံခဲ့တယ်။ သက်သေခံအများစုက စစ်မဖြစ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပေမဲ့ ဆီအဲရာလီယွန်နိုင်ငံမှာ ကြေညာသူအရေအတွက် ၅၀ ရာခိုင်နှုန်း တိုးတက်လာတယ်။ ဂီနီနိုင်ငံမှာ ကြေညာသူအရေအတွက် ၃၀၀ ရာခိုင်နှုန်းကျော် တိုးပွားလာတယ်။ ဒါတွေထက် ပိုအရေးကြီးတာက ဘုရားသခင်ရဲ့လူမျိုးဟာ သူတို့ရဲ့သမာဓိကို တည်ကြည်စွာစောင့်ထိန်းခဲ့ကြတယ်။ “ဒုက္ခဆိုတဲ့ အရည်ကျိုမီးဖိုကြီး” အောက်မှာ ဒုက္ခဆင်းရဲတွေခံခဲ့ရပေမဲ့လည်း ချိုးဖျက်လို့မရတဲ့ ခရစ်ယာန်စည်းလုံးမှု၊ မေတ္တာကို တင်ပြကြတဲ့အပြင် “သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြောလျက် နေကြ” ပါတယ်။—ဟေရှာ. ၄၈:၁၀၊ ကဘ; တ. ၅:၄၂။