ဆီအဲရာလီယွန်နဲ့ဂီနီ
၁၉၄၈-၁၉၉၀ ‘လူအများကြီးကို ဖြောင့်မတ်လာစေ’—ဒံ ၁၂:၃ (အပိုင်း ၄)
စာတတ်မြောက်ရေးလှုပ်ရှားမှု
၁၉၆၃ ခုနှစ်အစောပိုင်းမှာ မီလ်တန် ဟင်ရှယ်လ်ဟာ ဆီအဲရာလီယွန်ကို ဒုတိယအကြိမ်လည်ပတ်ခဲ့ပြီး ဌာနခွဲက ကိုင်တွယ်ဖို့လိုအပ်နေတဲ့ကိစ္စတစ်ခုကို ဖြေရှင်းပေးခဲ့တယ်။ စာရေးတတ်၊ ဖတ်တတ်အောင် ကြိုးစားဖို့ ညီအစ်ကိုတွေကို တိုက်တွန်းခဲ့တယ်။
တချို့အသင်းတော်တွေမှာ အင်္ဂလိပ်စာ အရေးအဖတ်သင်တန်းတွေ ဖွင့်တယ်။ ဒါပေမဲ့ ညီအစ်ကိုဟင်ရှယ်လ် လည်ပတ်ပြီးတဲ့နောက်ပိုင်းမှာ ညီအစ်ကိုတွေက သင်တန်းလာတတ်တဲ့သူတွေကို သူတို့ရဲ့မိခင်ဘာသာစကား ရေးတတ်၊ ဖတ်တတ်အောင် စပြီးသင်ပေးကြတယ်။ တချို့အသင်းတော်တွေမှာ ဘာသာစကား နှစ်မျိုး၊ သုံးမျိုး သင်ပေးကြတယ်။ အဲဒီသင်တန်းတွေကို လူသိများလာပြီး တစ်နိုင်ငံလုံးကကြေညာသူ သုံးပုံတစ်ပုံလောက် တက်ရောက်ခဲ့ကြတယ်။
၁၉၆၆ ခုနှစ်မှာ လိုင်ဘေးရီးယားနိုင်ငံက ညီအစ်ကိုတွေဟာ ကီစီဘာသာစကားနဲ့ မူလတန်းဖတ်စာအုပ်တစ်အုပ် ထုတ်ဝေပေးခဲ့တယ်။ ဒီစာအုပ်ကို လိုင်ဘေးရီးယား အစိုးရအာဏာပိုင်တွေကို ပြလိုက်တဲ့အခါ သူတို့ သဘောကျသွားကြတယ်။ နောက်တော့ အာဏာပိုင်တွေက ဒီစာအုပ်ကို ပုံနှိပ်ပြီး အခမဲ့ဖြန့်ဝေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီဖတ်စာအုပ်ကို ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီအဲရာလီယွန်နိုင်ငံတွေမှာ ဖြန့်ဝေပေးခဲ့ပြီး ကီစီစကားပြော လူအတော်များများ ရေးတတ်၊ ဖတ်တတ်လာအောင် ကူညီပေးခဲ့တယ်။ နောက်ပိုင်းမှာလည်း တခြားဘာသာစကားအုပ်စုတွေအတွက် မူလတန်းဖတ်စာအုပ်တွေ ထုတ်ဝေပေးခဲ့ပြီး လူအတော်များများ စာရေးတတ်ဖတ်တတ်လာကြတယ်။
ဆီအဲက သူ့ရဲ့လယ်ကွင်းမှတ်တမ်းကို ကြိုးနီ၊ ကြိုးမဲလေးတွေသုံးပြီး မှတ်ထားတယ်
ဒီအရေးအဖတ်သင်တန်းတွေက လူတွေကို စာရေးတတ်ဖတ်တတ်အောင်ပဲ သင်ပေးတာမဟုတ်ဘူး၊ ကျမ်းစာအမှန်တရားအကြောင်း သိလာအောင်လည်း ကူညီပေးတယ်။ အသက် ၅၀ ရှိပြီဖြစ်တဲ့ ညီအစ်မ ဆီအဲ နက်ဂလာအကြောင်း စဉ်းစားကြည့်ပါ။ သူက နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတစ်ယောက်ဖြစ်ပြီး စာမတတ်ဘူး။ ဒီတော့ ဆီအဲက သူ့ရဲ့လယ်ကွင်းမှတ်တမ်းကို ကြိုးနီ၊ ကြိုးမဲလေးတွေသုံးပြီး မှတ်ထားတယ်။ တစ်နာရီလောက် အမှုဆောင်ထွက်ပြီးပြီဆိုရင် ကြိုးမဲလေးမှာ အထုံးလေးတစ်ထုံး ချည်လိုက်တယ်။ ပြန်လည်ပတ်မှုတစ်ခု လုပ်ပြီးပြီဆိုရင် ကြိုးနီမှာ အထုံးလေးတစ်ထုံး ချည်လိုက်တယ်။ ညီအစ်မဆီအဲက အရေးအဖတ်သင်တန်းကို တက်ခဲ့ပြီး အဲဒီသင်တန်းက လယ်ကွင်းမှတ်တမ်းကို ကောင်းကောင်းမှတ်သားနိုင်ဖို့ ကူညီပေးတယ်။ သူဟာ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာပြီး ပိုပြီးထိထိရောက်ရောက် ဟောပြောသွန်သင်နိုင်တဲ့ ကြေညာသူတစ်ယောက် ဖြစ်လာတယ်။
ဂီနီနဲ့ ဆီအဲရာလီယွန်နိုင်ငံတွေမှာ အခုချိန်အထိ အရေးအဖတ်သင်တန်းတွေ ဖွင့်ပြီး သင်ပေးနေတုန်းပဲ။ ဆီအဲရာလီယွန် အစိုးရအရာရှိတစ်ယောက်က ဌာနခွဲမှာရှိတဲ့ညီအစ်ကိုတွေကို ဒီလိုပြောတယ်– “ခင်ဗျားတို့ရဲ့ ကျမ်းစာပညာပေးလုပ်ငန်းအပါအဝင် လူတွေကို စာတတ်အောင် ကူညီပေးနေတာတွေက တကယ့်ကို ချီးမွမ်းထိုက်ပါတယ်။”
“ကျောက်ခဲ” တွေကြွေးကြော်ကြ
တခြားလူမျိုးစုတွေထဲက လူတွေလည်း စာဖတ်တတ်အောင် သင်ယူလာတဲ့အတွက် ဘာသာပြန်ပေးဖို့ လိုအပ်လာတယ်။ လူမျိုးစုတော်တော်များများမှာတော့ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ ထုတ်ဝေထားတဲ့စာပေတွေ မရှိသလောက်ပဲ။ ဆီအဲရာလီယွန်မှာရှိတဲ့ ပညာတတ်တွေက အင်္ဂလိပ်လိုဖတ်ကြတယ်၊ ဂီနီမှာရှိတဲ့ ပညာတတ်တွေကတော့ ပြင်သစ်လိုဖတ်ကြတယ်။ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ ကျမ်းစာစာပေတွေရနိုင်အောင် ဘယ်လိုလုပ်ရမလဲ။
၁၉၅၉ ခုနှစ်မှာ ဂိလဒ်ကျောင်းဆင်းနှစ်ယောက်က ဝေစာတစ်စောင်နဲ့ စာအုပ်ငယ်တစ်အုပ်ကို မဲန်ဒီဘာသာစကားနဲ့ ဘာသာပြန်ခဲ့ကြတယ်။ ဒါပေမဲ့ အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်ဝေပေးနိုင်ခဲ့တယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ “နိုင်ငံတော်နဲ့ယှဉ်သော ဤသတင်းကောင်း” နဲ့ ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ နေထိုင်ဖို့ မျှော်လင့်ချက် စာအုပ်ငယ်တွေကို ကီစီဘာသာစကားနဲ့ ဘာသာပြန်ခဲ့တယ်။ စာအုပ်ပေါင်း ၃၀,၀၀၀ ကျော်ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်နဲ့ ကျမ်းစာသင်အံမှုတွေကို ကျင်းပခဲ့ကြတယ်။
၁၉၇၅ ခုနှစ်မှာ ဌာနခွဲရုံးက ကီစီဘာသာစကားနဲ့ ကင်းမျှော်စင် လေ့လာရန်ဆောင်းပါးတွေကို စပြီး ထုတ်ဝေခဲ့တယ်။ ကီစီလူမျိုး ကြေညာသူတွေ အရမ်းပျော်ခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက် ဒီလိုရေးခဲ့တယ်– “ယေဟောဝါက ကျွန်တော်တို့အကျိုးအတွက် ကြီးမားတဲ့အံ့ဖွယ်တစ်ခု လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ထဲက တစ်ယောက်မှ ကျောင်းမနေခဲ့ရဘူး။ ကျွန်တော်တို့ဟာ မကြွေးကြော်နိုင်တဲ့ ကျောက်ခဲတွေလိုပဲ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ဆီမှာ ကီစီဘာသာစကားနဲ့ ကင်းမျှော်စင် ရှိနေလို့ ယေဟောဝါရဲ့ကြီးမြတ်တဲ့ လုပ်ဆောင်မှုတွေအကြောင်း ကြွေးကြော်နိုင်ပြီ။” (လု. ၁၉:၄၀) တခြားကျမ်းစာစာပေတွေကိုလည်း ကီစီဘာသာစကားနဲ့ ပြန်ဆိုထားပြီးပြီ။
ဒီနေ့အချိန်အထိ ဆီအဲရာလီယွန်နဲ့ ဂီနီနိုင်ငံတွေမှာ အင်္ဂလိပ်နဲ့ ပြင်သစ်စာပေတွေကိုပဲ အသုံးပြုနေပြီး အသင်းတော်အစည်းဝေးတွေမှာလည်း ဒီဘာသာစကားတွေကို သုံးနေကြတုန်းပဲ။ ဒါပေမဲ့ မကြာသေးခင်က မိခင်ဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ အဖွဲ့အစည်းထုတ်စာပေတွေ သိသိသာသာ တိုးများလာပါတယ်။ ကျမ်းစာ,စာပေတွေကို အခုချိန်မှာ ဂဝါဇီ၊ ကီစီ၊ ကရီအို၊ မာန်နင်ကကန်၊ မဲန်ဒီ၊ ပူလာ၊ စူစူစတဲ့ ဘာသာစကားတွေနဲ့ ရနိုင်ပါတယ်။ အဲဒီ ဘာသာစကားအားလုံးနဲ့ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ၊ ဘုရားသခင့်စကားနားထောက်ပါ ဘရိုရှာတွေကို ရနိုင်ပါတယ်။ ဒီအသုံးပြုရလွယ်တဲ့ သင်ထောက်ကူပစ္စည်းတွေဟာ စာသိပ်မဖတ်တတ်တဲ့လူများစွာကို ကျမ်းစာမှာပါတဲ့ အံ့ဖွယ်သတင်းကောင်းတွေကို နားလည်လာအောင် ကူညီပေးနေပါတယ်။
ဌာနခွဲရုံးအသစ် တည်ဆောက်
၁၉၆၀ အစောပိုင်းနှစ်တွေမှာ ဖရီးတောင်းမှာရှိတဲ့ ညီအစ်ကိုတွေဟာ ဌာနခွဲရုံးအသစ်ဆောက်နိုင်မယ့် မြေနေရာကို လိုက်ရှာနေတယ်။ နောက်ဆုံးတော့ ၁၉၆၅ ခုနှစ်မှာ ဝေလ်ကင်စင်လမ်းမှာ ရရှိခဲ့တယ်။ အဲဒီနေရာကနေ ပင်လယ်ကို လှမ်းမြင်နေရပြီး မြို့ရဲ့အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်တယ်။
အဆောက်အအုံပုံစံထဲမှာ နိုင်ငံတော်ခန်းမ၊ သာသနာပြုအိမ်၊ ရုံးခန်းတွေပါပြီး တကယ်ကို လှပတယ်။ ဝေလ်ကင်စင်လမ်းဟာ ကားအသွားအလာများတဲ့ လမ်းဖြစ် တယ်၊ ဒါပေမဲ့ ဆောက်လုပ်ရေးကာလအတွင်းမှာ ကားသမားတွေနဲ့ ခရီးသည်တွေဟာ ကားကိုခဏရပ်ပြီး ကြည့်သွားတတ်ကြတယ်။ ၁၉၆၇၊ သြဂုတ် ၁၉ ရက်မှာတော့ အဆောက်အအုံကို ဆက်ကပ်အပ်နှံခဲ့ကြတယ်။ အစီအစဉ်ကို လူ ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြတယ်။ အဲဒီထဲမှာ ဒေသခံအရာရှိတွေနဲ့ ၁၉၂၃ ခုနှစ်၊ “ကျမ်းစာ” ဘရောင်းခေတ်ကတည်းက နှစ်ခြင်းခံခဲ့တဲ့ သက်ကြီးရွယ်အို ညီအစ်ကိုညီအစ်မတွေလည်း တက်ရောက်ခဲ့ကြတယ်။
ဌာနခွဲအဆောက်အအုံသစ်ကြောင့် လူတော်တော်များများ ယေဟောဝါသက်သေတွေရဲ့အလုပ်ကို လေးစားလာကြတယ်။ ဒါ့အပြင် ဆီအဲရာလီယွန်မှာ ယေဟောဝါသက်သေတွေ ကြာကြာရှိမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဘာသာရေးသမားတွေ မှားတယ်ဆိုတာ အဆောက်အအုံသစ်က သက်သေပြနေတယ်။
ထက်သန်တဲ့သာသနာပြုတွေကြောင့် ပိုပြီးတိုးတက်လာ
၁၉၇၅ ခုနှစ်လောက်ကစပြီး ဆီအဲရာလီယွန်နဲ့ ဂီနီနိုင်ငံကို ဂိလဒ်သာသနာပြုတွေ အများကြီးရောက်လာပြီး အမှုဆောင်ကြတယ်။ တချို့ကတော့ တခြားအာဖရိက ဒေသတွေကို သွားရပြီး အဲဒီမှာ ချက်ချင်းနေသားကျသွားကြတယ်။ တချို့က အာဖရိကကို ပထမဦးဆုံး ရောက်ဖူးကြတာဖြစ်တယ်။ “လူဖြူတွေအတွက် သင်္ချိုင်း” လို့ခေါ်တဲ့ ဒီလိုနေရာမျိုးမှာ သူတို့ ဘယ်လို နေနိုင်ခဲ့ကြသလဲ။ သူတို့ရဲ့ မှတ်ချက်တချို့ကို ကြည့်ရအောင်။
“လူတွေက နှိမ့်ချတယ်၊ အမှန်တရားကိုလည်း သိချင်နေကြတယ်။ ကျမ်းစာအမှန်တရားကြောင့် သူတို့ဘဝ တိုးတက်လာတာကို မြင်ရတာ ကျွန်မ တကယ်အားရတယ်။”—ဟင်နလော အော့တ်မိုင်းယား။
“အပူပိုင်းရာသီနဲ့ ရောဂါတွေက ကျွန်မအတွက် အတော်လေးခံရခက်တယ်။ ဒါပေမဲ့ စိတ်နှလုံးရိုးသားတဲ့သူတွေ ယေဟောဝါကို ကိုးကွယ်လာအောင် ကူညီပေးရတာက တကယ် အကျိုးရှိတယ်။”—ရှဲရယ်လ် ဖာဂဆန်။
“ကျွန်မ စိတ်ရှည်တတ်လာတယ်။ ဧည့်သည်တွေ ဘယ်အချိန်လာမလဲလို့ ညီအစ်မတစ်ယောက်ကို မေးလိုက်တော့ သူက ‘ဒီနေ့ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မနက်ဖြန်၊ နောက်တစ်နေ့လည်း ဖြစ်နိုင်တယ်’ လို့ပြောတယ်။ အံ့သြနေတဲ့ ကျွန်မမျက်နှာကိုကြည့်ပြီး ‘သူတို့ လာတော့လာမှာပါ’ ဆိုပြီး ဆက်ပြောတယ်။—ခရစ္စတင်း ဂျုံးစ်။
“နောက်ခံ၊ ဓလေ့ထုံးစံတွေမတူတဲ့ သာသနာပြုဆယ့်လေးယောက်ဟာ ဖရီးတောင်းမှာရှိတဲ့ သာသနာပြုအိမ်မှာ နေကြတယ်။ ကျွန်တော်တို့အားလုံးအတွက် အိမ်သာနှစ်လုံး၊ ရေချိုးခန်းတစ်ခု၊ အဝတ်လျှော်စက်တစ်လုံးနဲ့ မီးဖိုချောင်တစ်ခုပဲရှိတယ်။ အစားအသောက်တွေက ရှားပါးပြီး အရည်အသွေးကလည်း ညံ့တယ်။ လျှပ်စစ်မီးကလည်း ပြတ်ချင်တဲ့အချိန်ပြတ်တယ်၊ တစ်ခါတစ်လေ ရက်အတော်ကြာ မလာဘူး။ ကျွန်တော်တို့အများစုဟာ ငှက်ဖျားနဲ့ တခြားရောဂါတွေ ခံစားခဲ့ရတယ်။ ဒါတွေက စိတ်ဓာတ်ကျစရာဖြစ်ပေမဲ့ အတူတူနေတတ်လာဖို့၊ အချင်းချင်းခွင့်လွှတ်ဖို့နဲ့ ခက်ခဲတဲ့အချိန်တွေမှာ ရယ်မောပြီးနေတတ်လာဖို့ ကျွန်တော်တို့ သင်ယူခဲ့ရတယ်။ အမှုဆောင်ထွက်ရတာ ပျော်ဖို့ကောင်းတယ်၊ သာသနာပြုတွေ အချင်းချင်း တကယ်ကို ရင်းနှီးကြတယ်။”—ရောဘတ်နဲ့ ပေါ်လင်း လန်ဒစ်။
“ကျွန်တော်တို့ဘဝရဲ့ အပျော်ဆုံးအချိန်တွေထဲမှာ ဆီအဲရာလီယွန်မှာနေခဲ့ရတဲ့ အချိန်တွေပါတယ်။ ကျွန်တော်တို့မှာ နောင်တရစရာ၊ အပြစ်တင်ညည်းညူစရာတွေ မရှိဘူး။ အဲဒီနေရာကို အရမ်းသတိရတာပဲ။”—ဘင်ဂျမင်နဲ့ မော်နီကာ မာတင်။
“တစ်ခါက ကျမ်းစာစိတ်ဝင်စားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အိမ်မှာ ကျွန်တော်တို့ ညအိပ်ကြတယ်၊ သူချက်ကျွေးတဲ့ညစာက ထူးဆန်းတယ်။ ‘အဲဒါ မြွေပွေးလေ၊ အစွယ်တွေကို ဖယ်ပြီးပြီ။ မြည်းကြည့်မလား’ လို့ ပြောတယ်။ ကျွန်တော်တို့ လိမ္မာပါးနပ်စွာနဲ့ ငြင်းသေးတယ်၊ ဒါပေမဲ့ သူက စားကြည့်ဖို့ အတင်းတိုက်တွန်းတယ်။ ထိတ်လန့်ဖို့ကောင်းတဲ့ ဒီလို အတွေ့အကြုံတွေကို ကြုံတွေ့ခဲ့ရပေမဲ့ အိမ်ရှင်တွေရဲ့နွေးထွေးတဲ့ ဧည့်ခံပြုစုမှုတွေအတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်တယ်၊ သူတို့ကို အရမ်းချစ်တယ်။”—ဖရက်ဒရစ်နဲ့ ဘာဘရာ မိုရစ်စီ။
“ကျွန်မရဲ့သာသနာပြုသက်တမ်း ၄၃ နှစ်အတွင်းမှာ သာသနာပြု ၁၀၀ ကျော်လောက်နဲ့ အတူတူနေခဲ့ရတယ်။ ဒီလောက်လူအများကြီးကို သိခွင့်ရတာ ဘယ်လောက်ကောင်းတဲ့ အခွင့်ထူးဖြစ်သလဲ၊ ပင်ကိုစရိုက်အမျိုးမျိုးရှိပေမဲ့ ရည်ရွယ်ချက်တစ်ခုတည်းကိုပဲ လုပ်ကိုင်ကြတယ်။ ဘုရားသခင်နဲ့လုပ်ဖော်ဆောင်ဖက်ဖြစ်ရတာ၊ လူတွေ ကျမ်းစာအမှန်တရား လက်ခံလာတာတွေကို မြင်တွေ့ရတာ တကယ်ပျော်ဖို့ကောင်းတယ်။”—လီနတ်ဒ် ပီတာစ်။
“ဘုရားသခင်နဲ့လုပ်ဖော်ဆောင်ဖက်ဖြစ်ရတာ၊ လူတွေ ကျမ်းစာအမှန်တရား လက်ခံလာတာတွေကို မြင်တွေ့ရတာ တကယ်ပျော်ဖို့ကောင်းတယ်”
၁၉၄၇ ခုနှစ်ကတည်းက ဆီအဲရာလီယွန်မှာ သာသနာပြု ၁၅၄ ယောက်၊ ဂီနီမှာ ၈၈ ယောက် အမှုဆောင်ခဲ့ကြတယ်။ တခြားသက်သေခံအများကြီးလည်း ပိုပြီးလိုအပ်တဲ့နေရာတွေမှာ အမှုဆောင်ဖို့ ရောက်လာခဲ့ကြတယ်။ ခုချိန်မှာတော့ ဆီအဲရာလီယွန်မှာ သာသနာပြု ၄၄ ယောက်၊ ဂီနီမှာ ၃၁ ယောက် အမှုဆောင်နေကြတယ်။ သူတို့ရဲ့ မမောနိုင်မပန်းနိုင် ကြိုးစားမှုတွေနဲ့ ကိုယ်ကျိုးစွန့်မှုတွေကြောင့် လူအများကြီးကို ကူညီပေးနိုင်ခဲ့တယ်။ သက်တမ်းကြာ ဌာနခွဲကော်မတီဝင်ဖြစ်တဲ့ အဲဖရက် ဂွန်က “သူတို့ကို ကျွန်တော်တို့ ချစ်မြတ်နိုးတယ်” လို့ပြောတယ်။