မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နိုင်ငံနဲ့ ဂီနီနိုင်ငံ

၁၉၁၅-၁၉၄၇ အစောပိုင်းကာလ (အပိုင်း ၁)

၁၉၁၅-၁၉၄၇ အစောပိုင်းကာလ (အပိုင်း ၁)

 အမှန်တရားအလင်း စတင်ထွန်းလင်းလာ

၁၉၁၅ ခုနှစ်မှာ အင်္ဂလန်မှာနေတဲ့လူတွေ နေရင်းပြည် ပြန်လာတဲ့အခါ ကျမ်းစာစာပေတွေ ယူလာကြတယ်၊ အဲဒီနည်းနဲ့ ဆီအဲရာလီယွန်မှာ သတင်းကောင်းရောက်ရှိခဲ့တယ်။ အဲဒီနှစ် ဇူလိုင်လလောက်မှာ ပထမဆုံး နှစ်ခြင်းခံပြီးသား ယေဟောဝါကျေးကျွန်တစ်ယောက် ဖရီးတောင်းမြို့ကိုရောက်လာတယ်။ သူ့ရဲ့နာမည်က အဲဖရက် ဂျိုးဇက်လို့ခေါ်တယ်။ အသက်က ၃၁ နှစ်ဖြစ်ပြီး တောင်အမေရိကတိုက်၊ ဂိုင်ယာနာနိုင်ငံဖွားဖြစ်တယ်။ သူဟာ အဲဒီနှစ်အစပိုင်းမှာ အနောက်အင်းဒီးစ်၊ ဘာဘေဒိုးစ်မှာ နှစ်ခြင်းခံခဲ့ပြီး ဖရီးတောင်းမှာ အလုပ်လာလုပ်တဲ့ စက်ခေါင်းအင်ဂျင်နီယာတစ်ယောက်ဖြစ်တယ်။ အဲဖရက်ဟာ ဖရီးတောင်းမြို့က လဲမှို့ပင်နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကလင်းတောင်းက မီးရထားဝင်းထဲမှာနေတယ်။ သူက ချက်ချင်းပဲ သူ့အလုပ်ဖော်တွေကို ကျမ်းစာအကြောင်း စဟောပြောခဲ့တယ်။

နောက်တစ်နှစ်မှာ အဲဖရက်ဟာ ဘာဘေဒိုးစ်နိုင်ငံကလာတဲ့ အလုပ်ဖော် လဲန်းနတ် ဘလက်မင်းနဲ့ တွေ့သွားတယ်၊ လဲန်းနတ်ရဲ့အမေ အဲလ်ဗီရာ ဟျူးဝစ်တ်က အဲဖရက်ကို အမှန်တရားအကြောင်း စဟောခဲ့သူဖြစ်တယ်။ လဲန်းနတ်နဲ့ အဲဖရက်ဟာ အခန်းချင်းကပ်ရက်မှာနေကြပြီး ကျမ်းစာအကြောင်း မှန်မှန်ဆွေးနွေးကြတယ်။ သူတို့ဟာ မိတ်ဆွေတွေနဲ့ တခြားစိတ်ဝင်စားသူတွေကို ကျမ်းစာစာပေတွေလည်း ဝေငှပေးကြတယ်။

ဝီလျံ “ကျမ်းစာ” ဘရောင်းနဲ့ သူ့ဇနီး အန်တိုးညား

ဖရီးတောင်းလယ်ကွင်းဟာ ‘စပါးရိတ်သိမ်းဖို့ မှည့်ဝင်း’ နေတယ်ဆိုတာကို အဲဖရက်နဲ့ လဲန်းနတ် သိလိုက်တယ်။ (ယော. ၄:၃၅) ၁၉၂၃ ခုနှစ်မှာ အဲဖရက်ဟာ နယူးယောက်ဌာနချုပ်ကို ဒီလိုစာရေးခဲ့တယ်– “ဒီမှာရှိတဲ့လူတော်တော်များများ ကျမ်းစာကို စိတ်ဝင်စားကြတယ်။ သူတို့ကိုကူညီဖို့နဲ့ ဆီအဲရာလီယွန်မှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်အောင်လုပ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးနိုင်မလား။” “တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်” ဆိုတဲ့ပြန်စာကို သူရရှိခဲ့တယ်။

“လအတော်ကြာပြီးတဲ့နောက် စနေနေ့ညတစ်ညမှာ မမျှော်လင့်တဲ့ဖုန်းတစ်ခု ဝင်လာတယ်” လို့အဲဖရက်ကပြောပြတယ်။

 ဖုန်းထဲကနေ “ဟောပြောသူတွေ လွှတ်ပေးပါဆိုပြီး ကင်းမျှော်စင်အသင်းကို စာရေးလိုက်တာက ခင်ဗျားလား” လို့မေးတယ်။

ကျွန်တော်က “‘ဟုတ်ပါတယ်’ လို့ပြန်ဖြေလိုက်တယ်။

“‘အေး၊ သူတို့ ကျွန်တော့်ကို လွှတ်လိုက်တာ’ ဆိုတဲ့ အသံကိုကြားလိုက်တယ်။

“အဲဒီအသံကတော့ ဝီလျံ အာ. ဘရောင်းရဲ့အသံပဲ။ သူ၊ သူ့ဇနီး အန်တိုးညားနဲ့ သူတို့ရဲ့သမီးငယ်လေးဟာ အဲဒီနေ့မှာ ရောက်လာပြီး ဂန်းဖော့ဒ်ဟိုတယ်မှာ တည်းကြတယ်။

“နောက်တစ်နေ့မနက် စောစောမှာ လဲန်းနတ်နဲ့ကျွန်တော် ပတ်စဉ်ကျမ်းစာလေ့လာမှု လုပ်နေတုန်း တံခါးပေါက်မှာ ခံ့ညားတဲ့လူကြီးတစ်ယောက် ရောက်လာတယ်။ သူကတော့ ဝီလျံ အာ ဘရောင်းပါပဲ။ သူဟာ အမှန်တရားမှာ တကယ်ထက်သန်သူဖြစ်ပြီး နောက်တစ်နေ့မှာပဲ လူထုဟောပြောချက် ပေးချင်နေတယ်။ ကျွန်တော်တို့ ချက်ချင်းပဲ ဖရီးတောင်းမှာရှိတဲ့ ဝီဘာဖိုးစ် ခန်းမကြီးကို ငှားလိုက်ပြီး လာမယ့် ကြာသပတေးနေ့ညနေမှာ ပထမဆုံး ဟောပြောချက်လေးခုပေးဖို့ ဇယားဆွဲလိုက်တယ်။

 “ကျွန်တော်တို့အုပ်စုငယ်လေးဟာ ဟောပြောပွဲကို သတင်းစာ၊ လက်ကမ်းဝေစာတွေနဲ့ ကြေညာတယ်၊ နှုတ်နဲ့လည်း ကြေညာခဲ့ကြတယ်။ လူတွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို ကျွန်တော်တို့ စိတ်ပူခဲ့ကြတယ်၊ ဒါပေမဲ့ စိတ်ပူစရာမရှိခဲ့ပါဘူး။ ဖရီးတောင်းမြို့က ဘုန်းကြီးတွေအပါအဝင် လူ ၅၀၀ လောက် ခန်းမထဲကို ရောက်လာကြတယ်။ ကျွန်တော်တို့ တကယ်ဝမ်းသာသွားတယ်။”

တစ်နာရီကြာတဲ့ဟောပြောချက်မှာ ညီအစ်ကိုဘရောင်းဟာ ကျမ်းချက်တွေအများကြီး ကိုးကားပြီး ကျမ်းချက်တွေကို ပိတ်ကားပေါ်မှာ ဆလိုက်ပရောဂျက်တာနဲ့ ပြခဲ့တယ်။ အဲဒီအတောအတွင်းမှာ “ဘရောင်းပြောတာမဟုတ်ဘူး၊ ကျမ်းစာပြောတာ” လို့ သူမကြာခဏ ထည့်ပြောတယ်။ သူအချက်တစ်ချက်ပြောပြီးတိုင်း ပရိသတ်က တအံ့တသြနဲ့ လက်ခုပ်တီးပြီး သြဘာပေးခဲ့ကြတယ်။ ညီအစ်ကိုဘရောင်း ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်လို့မဟုတ်ဘဲ သူ့ရဲ့ ထိရောက်တဲ့ ကျမ်းစာကိုးကားချက်တွေကြောင့် ပရိသတ်တွေရဲ့စိတ်ထဲမှာ စွဲမှတ်သွားတယ်။ ပရိသတ်ထဲက ကျမ်းစာကျောင်းဆင်းတစ်ယောက် ပြောခဲ့သလိုပဲ “မစ္စတာဘရောင်းဟာ သူ့ရဲ့ကျမ်းစာကို သိတယ်။”

၁၉၂၄

ညီအစ်ကိုဘရောင်းရဲ့ဟောပြောချက်က တစ်မြို့လုံးအတွက် လှုံ့ဆော်မှုဖြစ်ခဲ့ပြီး လူတွေက သူဟောတာတွေကို နားထောင်ဖို့ စုဝေးခဲ့ကြတယ်။ နောက်တစ်ပတ်တနင်္ဂနွေနေ့မှာ “ငရဲသို့သွားပြီး ပြန်လာခြင်း—ထိုတွင်မည်သူများရှိသနည်း” ဆိုတဲ့ဟောပြောချက်ကို လူတွေလာနားထောင်ကြတာ ခန်းမအပြည့်ပဲ။ အဲဒီညမှာ ညီအစ်ကိုဘရောင်းဟောခဲ့တဲ့ ဟောပြောချက်ကြောင့် အထင်ကရပုဂ္ဂိုလ်တချို့တောင် သူတို့ရဲ့ချာ့ချ်တွေကနေ နုတ်ထွက်လိုက်ကြတယ်။

နောက်ဆုံးနဲ့ လေးခုမြောက်ဖြစ်တဲ့ “ယခုအသက်ရှင်နေသူ သန်းပေါင်းများစွာ ဘယ်တော့မှမသေတော့” ဟောပြောချက်က လူတွေကို ဆွဲဆောင်ခဲ့တယ်။ ဖရီးတောင်းမြို့မှာနေတဲ့လူတစ်ယောက်က “ချာ့ချ်အသင်းသားအားလုံးက ညီအစ်ကိုဘရောင်းရဲ့ ဟောပြောပွဲကို ရောက်နေကြလို့ ချာ့ချ်တွေက သူတို့ရဲ့ညနေပိုင်းဝတ်ပြုမှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်” ဆိုပြီးပြောခဲ့တယ်။

ညီအစ်ကိုဘရောင်းဟာ ကျမ်းစာကို အမြဲအသုံးပြုခဲ့ပြီး ကျမ်းစာကိုပဲ အဓိကကိုးကား၊ ထောက်ပြခဲ့လို့ လူတွေက သူ့ကို “ကျမ်းစာ” ဘရောင်းလို့ခေါ်ကြတယ်။ သူ့ရဲ့နာမည်ပြောင်က တကယ်ထိမိခဲ့ပြီး အနောက်အာဖရိကတစ်ကြောမှာ နာမည်ကြီးသွားတယ်။ ဝီလျံ အာ ဘရောင်းဟာ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ အဲဒီနာမည်ကို ဂုဏ်ယူစွာအသုံးပြုခဲ့တယ်။