မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ဂီနီ

၁၉၁၅-၁၉၄၇ အစောပိုင်းကာလ (အပိုင်း ၂)

၁၉၁၅-၁၉၄၇ အစောပိုင်းကာလ (အပိုင်း ၂)

ဂလေဒီယေတာတွေနဲ့ ယှဉ်ပြိုင်ခြင်း

လူတွေက ညီအစ်ကိုဘရောင်းရဲ့ဟောပြောချက်ကို ကြိုက်ကြတယ်ဆိုတာ ဖရီးတောင်းမြို့ကဘုန်းကြီးတွေ သိသွားတဲ့အခါ မနာလိုဖြစ်ပြီး ဒေါသထွက်ကြတယ်။ ဒီဇင်ဘာ ၁၅၊ ၁၉၂၃ ကင်းမျှော်စင်မှာ ဒီလိုဖော်ပြထားတယ်– “ဘုန်းကြီးတွေဟာ သတင်းစာကနေတစ်ဆင့် အမှန်တရားကို စတင်တိုက်ခိုက်ကြတယ်။ ညီအစ်ကိုဘရောင်းက အခါအားလျော်စွာ ပြန်လည်ချေပတယ်၊ သတင်းစာတွေက နှစ်ဖက်စလုံးက ပြောတဲ့အကြောင်းတွေကို ဖော်ပြတယ်။” နောက်ဆုံးမှာ ဘုန်းကြီးတွေ ငြိမ်သွားတယ်။ သူတို့ရဲ့ အယူအဆတွေ မှားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ခံခဲ့ရတယ်။ ကျမ်းစာအမှန်တရားဟာ နေရာအနှံ့ ပျံ့သွားပြီး သတင်းစာဖတ်သူတွေက ကျမ်းစာစာပေတွေကို တောင်းဆိုကြတယ်။ ဘုန်းကြီးတွေက ဘုရားသခင့်လူတွေ ဆက်မဟောနိုင်အောင် အကြံထုတ်ကြပေမဲ့ ယေဟောဝါက ‘သူတို့ရဲ့အပြစ်တွေကို သူတို့အပေါ် ပြန်ရောက်စေ’ ခဲ့တယ်။—ဆာ. ၉၄:၂၁-၂၃

ဘုန်းကြီးတွေရဲ့ချေပမှုကို ထောက်ခံတဲ့အနေနဲ့ “ရပ်စယ်လ်အယူဝါဒ” လို့ သူတို့ခေါ်တဲ့ နိုင်ငံတော်သတင်းကို ရှုတ်ချဖို့ ဂလက်ဒီယေတာလို့ခေါ်တဲ့ လူငယ်အုပ်စုတစ်စုကိုဖွဲ့ပြီး လူထုစည်းဝေးတွေ လုပ်မယ်လို့ ကြေညာကြတယ်။ အဲဒါကိုတုံ့ပြန်တဲ့အနေနဲ့ ညီအစ်ကိုဘရောင်းက သူတို့နဲ့ စကားရည်လုဖို့ လူသိရှင်ကြား စိန်ခေါ်လိုက်တယ်။ ဂလက်ဒီယေတာတွေက ညီအစ်ကိုဘရောင်းရဲ့စိန်ခေါ်မှုကို ငြင်းပယ်လိုက်ပြီး စိန်ခေါ်မှုအကြောင်း ပုံနှိပ်ဖော်ပြခဲ့တဲ့ သတင်းစာအယ်ဒီတာကို အပြစ်တင်ခဲ့ကြတယ်။ ညီအစ်ကိုဘရောင်းကိုလည်း သူတို့ရဲ့စည်းဝေးပွဲတွေကို တက်ခွင့်မပေးလို့ သူ့အစား အဲဖရက်ဂျိုးဇက်က တက်ခဲ့တယ်။

စည်းဝေးပွဲတွေကို ဘတ်စတန်ဘုရားကျောင်းမှာ ကျင်းပခဲ့တယ်၊ အဲဒါက ဖရီးတောင်းမြို့က နာမည်ကြီးတဲ့ မက်ဒသစ်ချာ့ချ်တစ်ခုဖြစ်တယ်။ “မေးဖြေဆွေးနွေးခန်းမှာ ကျွန်တော်က အင်္ဂလီကန်ရဲ့ အဓိကအယူဝါဒဖြစ်တဲ့ သုံးပါးတစ်ဆူနဲ့ ကျမ်းစာနဲ့မညီတဲ့ တခြားအယူဝါဒတွေအကြောင်း မေးခွန်းထုတ်ခဲ့တယ်။ နောက်ဆုံးမှာ သဘာပတိက မေးခွန်းတွေမေးခွင့် မပြုတော့ဘူး” လို့ ဖရက်က ပြောပြတယ်။

အဲဒီညစည်းဝေးပွဲမှာ ရှိနေခဲ့တဲ့ ဂလက်ဒီယေတာတစ်ယောက်ဖြစ်တဲ့ မဲလ်ဘန်း ဂါဘာဟာ အစောပိုင်းတုန်းက “ကျမ်းစာ” ဘရောင်းရဲ့ဟောပြောပွဲတွေကို  နားထောင်ခဲ့သူဖြစ်တယ်။ အမှန်တော့ သူက “မစ္စတာဘရောင်းဟာ သူ့ရဲ့ကျမ်းစာကို သိတယ်” လို့ပြောခဲ့တဲ့ ကျမ်းစာကျောင်းဆင်းပဲ။ ဂါဘာဟာ သူကြားခဲ့တာတွေကို သေချာပြန်စဉ်းစားပြီးနောက်မှာ ဒါဟာအမှန်တရားပဲလို့ ခံယူခဲ့တယ်။ အဲဒါနဲ့ သူ့ကို ကျမ်းစာသင်ပေးဖို့ ညီအစ်ကိုဘရောင်းကို တောင်းဆိုခဲ့တယ်။ ညီအစ်ကိုဘရောင်းက သူ့အိမ်မှာလုပ်တဲ့ ပတ်စဉ် ကင်းမျှော်စင်လေ့လာမှုကိုတက်ဖို့ ဂါဘာကို ဖိတ်ခေါ်ခဲ့တယ်။ ဂါဘာရဲ့မိသားစုက မကြည်ဖြူပေမဲ့ ဂါဘာဟာ ကျမ်းစာအသိပညာမှာ မြန်မြန်ဆန်ဆန် တိုးတက်လာပြီး မကြာခင်မှာ သူနဲ့ တခြားသူတွေဟာ နှစ်ခြင်းခံခဲ့ကြတယ်။

စာတန်က တိုးတက်ကာစ ဟောပြောခြင်းလုပ်ငန်းကို နှိပ်ကွပ်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဖရီးတောင်းမြို့တော်ဝန်က ဂလက်ဒီယေတာတွေကို “အဲဒီအလုပ်က လူ့ရဲ့အလုပ်ဆိုရင် ပျောက်ပျက်သွားလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ဘုရားသခင်ဆီက လာတာဆိုရင်တော့ မင်းတို့တားဆီးနိုင်မှာမဟုတ်ဘူး” လို့ပြောခဲ့တယ်။—တ. ၅:၃၈၊ ၃၉

ဘရောင်းတွေရဲ့ဘာသာ

၁၉၂၃ ခုနှစ်၊ မေလအစောပိုင်းမှာ ညီအစ်ကိုဘရောင်းဟာ စာပေတွေထပ်ပို့ပေးဖို့ လန်ဒန်ဌာနခွဲကို ကြေးနန်းရိုက်ခဲ့တယ်။ မကြာခင်မှာ စာအုပ် ၅,၀၀၀ ရောက်လာပြီး နောက်ထပ်စာပေတွေလည်း ထပ်ရောက်လာတယ်။ ညီအစ်ကိုဘရောင်းဟာ လူထုစည်းဝေးပွဲတွေကို ဆက်လုပ်ခဲ့တယ်၊ အဲဒါက သောင်းနဲ့ချီတဲ့ စိတ်ဝင်စားသူတွေကို ဆွဲဆောင်ခဲ့တယ်။

နောက်တစ်နှစ် ကင်းမျှော်စင်မှာ “[ဆီအဲရာလီယွန်မှာ] လုပ်ငန်းက အရမ်းတိုးတက်နေလို့ ညီအစ်ကိုဘရောင်းက ကူညီပေးမယ့်သူတစ်ယောက်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါနဲ့ အရင်က အနောက်အင်းဒီးစ်မှာနေပြီး အခုဝင်နီပက်မြို့မှာနေတဲ့ ကလော့ဒ် ဘရောင်းက သူ့ကိုကူညီပေးဖို့ လာနေပြီ” လို့ဖော်ပြခဲ့တယ်။

ကလော့ဒ် ဘရောင်းဟာ သတင်းကောင်းဟောပြောရာမှာ အတွေ့အကြုံရှိသူဖြစ်တယ်။ သူဟာ ပထမကမ္ဘာစစ်တုန်းက ခရစ်ယာန်ကြားနေမှုကြောင့် ကနေဒါနဲ့ အင်္ဂလိပ်အကျဉ်းထောင်တွေမှာ နှိပ်စက်ခံခဲ့ရတယ်။ သူဟာ ဆီအဲရာလီယွန်မှာ လေးနှစ်ကြာ အမှုဆောင်ခဲ့ပြီး ဒေသခံညီအစ်ကိုညီအစ်မတွေကို အကြီးအကျယ်အားပေးခဲ့တယ်။

 ပေါ်လင်း ကိုးလ် ဒီလိုပြောပြတယ်– “ကျွန်မနှစ်ခြင်းခံတဲ့ ၁၉၂၅ မတိုင်ခင်က ညီအစ်ကို ကလော့ဒ်က ကျွန်မကို မေးခွန်းတစ်ခုမေးခဲ့တယ်။

“‘ညီအစ်မ ကိုးလ် ကျမ်းစာမှလေ့လာစရာများထဲက လေ့လာခဲ့တာတွေကို နားလည်သလား’ လို့ မေးတယ်။ ‘ကျမ်းစာသွန်သင်ချက်တွေကို နားမလည်လို့ အမှန်တရားနဲ့ ဝေးကွာသွားတာမျိုး ညီအစ်မကို မဖြစ်စေချင်ဘူး။’

ညီအစ်မက “‘ညီအစ်ကိုကလော့ဒ် ကျွန်မ လေ့လာခဲ့တာတွေကို အထပ်ထပ် ပြန်ဖတ်ပြီးပြီ။ ကျွန်မဆုံးဖြတ်လိုက်ပြီ” လို့ပြန်ဖြေတယ်။

ပေါ်လင်း ကိုးလ်

ယေဟောဝါရဲ့အမှုတော်မှာ ပေါ်လင်း ပါဝင်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်မှာ အချိန်အတော်ကြာ အထူးရှေ့ဆောင် လုပ်ခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးသွားတယ်။

ဝီလျံ “ကျမ်းစာ” ဘရောင်းဟာ ဘုရားတရားနဲ့ပတ်သက်တဲ့ အကျင့်ကောင်းတွေ မွေးမြူနိုင်ဖို့ လူတွေကို ဂရုတစိုက်ကူညီပေးခဲ့တယ်။ အဲဖရက် ဂျိုးဇက် ဒီလိုပြောပြတယ်– “မနက်စောစောမှာ ညီအစ်ကို ဘရောင်းနဲ့တွေ့မယ်ဆိုရင် ကျွန်တော့်တို့ရဲ့ စကားပြောခန်းက ဒီလိုစတတ်တယ်– ‘ဟဲလို၊ ညီအစ်ကိုဂျိုး၊  နေကောင်းလား။ ဒီနေ့အတွက် ကျမ်းချက်က ဘာလဲ။’ အကယ်၍ ကျွန်တော်မဖြေနိုင်ဘူးဆိုရင် သူက နေ့စဉ်မန္န [အခုချိန်မှာ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ လို့ခေါ်တယ်။] ထဲက နေ့စဉ်ကျမ်းချက်ကို သိဖို့လိုတယ်ဆိုတာ အလေးပေးပြောပါလိမ့်မယ်။ ဒါနဲ့ နောက်တစ်ခါ အငိုက်မမိဖို့ နေ့စဉ်ကျမ်းချက်ကို ကျွန်တော် ကြိုဖတ်ထားတယ်။ အစပိုင်းမှာတော့ အဖိုးမဖြတ်နိုင်တဲ့ အဲဒီလိုလေ့ကျင့်မှုကို ကျွန်တော် သိပ်တန်ဖိုးမထားခဲ့ဘူး၊ နောက်ပိုင်းမှာတော့ ကြိုက်လာတယ်။”

အဲဒီလိုလေ့ကျင့်မှုတွေအားလုံးကနေ ရလဒ်ကောင်းတွေ ရခဲ့တယ်။ ၁၉၂၃ ခုနှစ်မှာ ဖရီးတောင်းမှာ အသင်းတော်တစ်ခု တည်ထောင်ခဲ့ပြီး ၁၄ ယောက်နှစ်ခြင်းခံခဲ့တယ်။ အဲဒီအထဲက ညီအစ်ကိုအသစ်တစ်ယောက်ကတော့ ဂျော့်ဂျ်ဘရောင်းဖြစ်တယ်၊ သူကြောင့် အသင်းတော်မှာ “ဘရောင်း” မိသားစုသုံးစုရှိလာတယ်။ အဲဒီမိသားစုသုံးစုရဲ့ ထက်သန်တဲ့လုပ်ဆောင်မှုကြောင့် ဖရီးတောင်းမြို့သားတွေက ကျမ်းစာကျောင်းသားတွေကို “ဘရောင်းတွေရဲ့” ဘာသာလို့ ခေါ်ခဲ့ကြတယ်။