လွန်ခဲ့တဲ့ အနှစ်တစ်ရာ—၁၉၁၄
ဇန်နဝါရီ ၁၊ ၁၉၁၄ ကင်းမျှော်စင်မှာ ဒီလိုဖော်ပြထားတယ်– “၁၉၁၄ ခုနှစ်ဟာ တခြားဘယ်နှစ်နဲ့မှမတူဘဲ အမှန်တရားကို ဟောပြောဖို့အခွင့်အလမ်းတွေ အများကြီးပွင့်လာတယ်ဆိုတာ သက်သေထင်ရှားတယ်။” ကျမ်းစာကျောင်းသားတွေ မျှော်လင့်စောင့်စားခဲ့တဲ့ အဲဒီနှစ်ရောက်လာပါပြီ၊ သူတို့တွေဟာ အမှုဆောင်လုပ်ငန်းမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့ကြတယ်။ ရလဒ်ကတော့ အဲဒီနှစ်မှာ သန်းနဲ့ချီတဲ့သူတွေဟာ ကျမ်းစာမှာပါတဲ့ကတိတွေအကြောင်း ကြားခဲ့ရတယ်။ ဒါပေမဲ့ တခြားသူတွေကတော့ တခြားဘက်မှာ ကြိုးစားနေကြတယ်။
ကမ္ဘာကြီးက ပိုအကြမ်းဖက်လာ
၁၉၁၄ ခုနှစ်အစောပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ အဆိုးဝါးဆုံးအကြမ်းဖက်မှု အလုပ်သမားသပိတ်တစ်ခု ဖြစ်ပွားခဲ့တယ်။ အဲဒီမှာ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေရဲ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ သပိတ်မှောက်တဲ့အချိန်အတွင်းမှာ မိုင်းတွင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ ကုမ္ပဏီပိုင်အလုပ်သမားအိမ်ရာတွေကနေ မောင်းထုတ်ခံရပြီး တခြားနေရာတွေမှာ တဲထိုးနေခဲ့ကြရတယ်။ ဧပြီ ၂၀ ရက်နေ့မှာ ကော်ရိုရာဒိုပြည်နယ်၊ လဒ်လိုမြို့အနီးက အလုပ်သမားတွေ တဲထိုးနေတဲ့နေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ မိုင်းတွင်းအလုပ်သမားတွေရဲ့တဲတွေ မီးရှို့ခံခဲ့ရတယ်။ အဲဒီဒေသတစ်လျှောက်မှာ ဒေါသထွက်နေတဲ့ မိုင်းတွင်းအလုပ်သမားတွေက ကုမ္ပဏီရဲ့ အစောင့်အများကြီးကို သတ်ပစ်လိုက်ကြတယ်။ ဒါနဲ့ စစ်တပ်က ကြားဝင်ထိန်းသိမ်းပေးခဲ့ရတယ်။
ဥရောပမှာဆိုရင် အခြေအနေတွေက ပိုဆိုးတယ်။ ဇွန်လ ၂၈ ရက်နေ့မှာ ၁၉ နှစ်အရွယ် ဆားဗီးယားလူမျိုး ဂါဗရီလို ပရင်းစစ်က သြစတြီးယား-ဟန်ဂေရီရဲ့ ထီးနန်းဆက်ခံသူ မင်းသားကြီး ဖရန့်စစ် ဖာဒီနန်ကို လုပ်ကြံလိုက်တယ်၊ အဲဒါက ပထမကမ္ဘာစစ် ဖြစ်ပွားစေခဲ့တဲ့ မီးပွားပဲ။ အဲဒီနှစ်အကုန်မှာ ဥရောပမှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တယ်။
ဟောပြောခြင်းလုပ်ငန်းကို အလေးပေးတဲ့ စည်းဝေးကြီးများ
မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာ့အလယ်မှာ ကျမ်းစာကျောင်းသားတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ကြိုးကြိုးစားစားပါဝင်ဖို့ အချင်းချင်း အားပေးခဲ့ကြတယ်။ တောင်အာဖရိကမှာ ဘုရားသခင့်လူတွေရဲ့ ပထမဆုံးစည်းဝေးကြီးကို ဧပြီ ၁၀ ရက်နေ့မှာကျင်းပခဲ့တယ်။ အများဆုံးတက်ရောက်သူ ၃၄ ယောက် ရှိခဲ့တယ်။ ဝီလျံ ဒဗလျူ ဂျော်န်စတန် ဒီလိုပြောတယ်– “ကျွန်တော်တို့ဟာ တကယ့် ‘သိုးစုငယ်’ ပဲ။ စည်းဝေးကြီးတက်ရောက်သူရဲ့ တစ်ဝက်နီးနီး နှစ်ခြင်းခံခဲ့တယ်။ ညီအစ်ကိုညီအစ်မ ဆယ့်ခြောက်ယောက်ဟာ သခင်ပြခဲ့တဲ့နည်းလမ်းအတိုင်း နှစ်ခြင်းခံခဲ့ကြတယ်။” စည်းဝေးကြီးနောက်ဆုံးနေ့မှာ စည်းဝေးတက်ရောက်လာသူတွေဟာ တောင်အာဖရိကမှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်အောင် ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ အခုချိန်မှာတော့ တောင်အာဖရိကမှာ သစ္စာရှိကြေညာသူ ၉၀,၀၀၀ ကျော်ရှိနေပြီ၊ အဲဒါက ‘သိုးစုငယ်’ ရဲ့အလုပ် အောင်မြင်တယ်ဆိုတာ ဖော်ပြတာပဲ။
မင်းသားကြီး ဖရန့်စစ် လုပ်ကြံခံရတဲ့ ၁၉၁၄၊ ဇွန် ၂၈ ရက်နေ့မှာပဲ ကျမ်းစာကျောင်းသားတွေဟာ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ကလင်းတောင်းမြို့မှာ စုရုံးခဲ့ကြတယ်။ ဇွန် ၃၀ ရက်၊ စည်းဝေးကြီးမှာ အေ အိတ်ချ် မက်မီလန် ဒီလိုပြောတယ်– “ဘုရားပေးတဲ့ဆု လိုချင်တယ်ဆိုရင် ကိုယ်တော့်အလိုတော်ကို တက်တက်ကြွကြွ လုပ်ဆောင်ရမယ်၊ အခွင့်အရေးရတိုင်း အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရမယ်။”
“ဓာတ်ပုံပြဇာတ်” က သန်းနဲ့ချီတဲ့သူတွေကို ဆွဲဆောင်
“ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို ၁၉၁၄၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ နယူးယောက်စီးတီးမှာ ပွဲဦးထွက်ပြသခဲ့တယ်။ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ဆိုတာ ကျမ်းစာဟောပြောချက်တွေနဲ့ တေးဂီတကို ရောင်စုံမှန်ဆလိုက်၊ လှုပ်ရှားနေတဲ့အရုပ်တွေနဲ့ တွဲဖက်ပြသတဲ့ ရုပ်ရှင်ဖြစ်တယ်။ ပထမဆုံးပွဲမှာ ကြည့်ရှုသူ ငါးထောင်ရှိတယ်၊ နေရာမရှိတော့လို့ ပြန်သွားရတဲ့သူတွေလည်း အများကြီးပဲ။
“ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုပြင်ဆင်တာ အချိန် နှစ်နှစ်ကြာခဲ့ပေမဲ့ “ဇန်နဝါရီလမှာ ပထမဆုံးပွဲစဉ်ကိုပြသဖို့ အသင့်ဖြစ်ရုံလေးပဲရှိခဲ့တယ်” လို့ ကင်းမျှော်စင်က ပြောတယ်။ ၁၉၁၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ညီအစ်ကိုတွေဟာ “ဓာတ်ပုံပြဇာတ်” ကို ပိုကောင်းအောင် အကြိမ်ကြိမ် မွမ်းမံခဲ့ကြရတယ်။ ဥပမာ၊ ရုပ်ရှင်ရဲ့အစမှာ ချားလ် တေ့စ် ရပ်စယ်လ်ရဲ့ အသံနဲ့ရုပ်ကို တွဲပြီးပြသဖို့ ထပ်ထည့်ခဲ့တယ်။ အဲဒါက ဒီရုပ်ရှင်ထုတ်လုပ်သူက ဘယ်သူလဲဆိုတာ သိရှိစေတယ်။
“ဓာတ်ပုံပြဇာတ်” ကို မြို့ကြီး ၈၀ မှာ တစ်ပြိုင်တည်း ပြသနိုင်ခဲ့တယ်။ “ဓာတ်ပုံပြဇာတ်” ဟာ ၁၉၁၄၊ ဇူလိုင်လမှာ ဂရိတ်ဗြိတိန်ကို ရောက်ရှိခဲ့ပြီး ဂလက်စ်ဂိုနဲ့ လန်ဒန်မြို့တွေမှာ ပြသခဲ့တယ်။ စက်တင်ဘာလမှာ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်ဇလန်နိုင်ငံတွေမှာ ပြသခဲ့တယ်။ အောက်တိုဘာလမှာ သြစတြေးလျနဲ့ နယူးဇီလန်မှာ ပြသခဲ့တယ်။ “ဓာတ်ပုံပြဇာတ်” ကိုပြသခဲ့တဲ့ ပထမဆုံးနှစ်မှာပဲ ကိုးသန်းကျော် ကြည့်ရှုခဲ့ကြတယ်။
“ဓာတ်ပုံပြဇာတ်” တစ်ခုစီမှာ ရာနဲ့ချီတဲ့ မှန်ဆလိုက်ပြားတွေ၊ ရုပ်ရှင်ဖလင်တွေ၊ အသံသွင်းဓာတ်ပြားတွေ ပါဝင်တယ်။ အဲဒါတွေကို ထုတ်လုပ်ရာမှာ အကုန်အကျတွေ အများကြီးရှိတယ်၊ ပြသတဲ့အခါမှာလည်း အတွေ့အကြုံရှိတဲ့ ညီအစ်ကိုညီအစ်မတွေ အများကြီးလိုအပ်တယ်။ ဒါကြောင့် “ဓာတ်ပုံပြဇာတ်” အစအဆုံးကို မြို့ကြီးတွေမှာ အရင်ပြတယ်။ အဲဒါကို ကျေးလက် ဒေသတွေမှာ ပြနိုင်ဖို့အတွက် ကျမ်းစာကျောင်းသားတွေက “ဓာတ်ပုံပြဇာတ်” အကျဉ်းချုပ်သုံးခုကို ထုတ်လုပ်ခဲ့တယ်။ တစ်ခုက “ယူရစ်ကာပြဇာတ် ဝိုင်” လို့ခေါ်တယ်၊ အဲဒါက အရောင်ဖျော့တဲ့မှန်ဆလိုက်ကို အသံသွင်းထားတဲ့ဟောပြောချက်၊ တေးသံနဲ့တွဲဖက် ပြသတာဖြစ်တယ်။ တစ်ခုကတော့ “ယူရစ်ကာ အိတ်ဇ်” နဲ့ နောက်တစ်ခုကတော့ အဲဒါထက်ပိုတိုတဲ့ “ယူရစ်ကာမိသားစုပြဇာတ်” ဖြစ်တယ်။ အဲဒီမှာတော့ အသံပဲပါတယ်၊ ဆလိုက်တွေ၊ ရုပ်ပုံတွေမပါဘူး။ ယူရစ်ကာပြဇာတ်ကိုထုတ်ဝေပြီး လေးလမပြည့်ခင် ၁၉၁၄ ခုနှစ်အကုန်မှာ အမေရိကန်နိုင်ငံမှာ လူ ၇၀,၀၀၀ ကျော်ဟာ အဲဒါကိုကြည့်ရှုခဲ့ကြတယ်။
ကော်လ်ပေါ်တာနဲ့ စေတနာ့ဝန်ထမ်းတွေ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ကြ
“ဓာတ်ပုံပြဇာတ်” ကို လူတွေစိတ်ဝင်တစား ကြည့်ရှုနေတုန်းမှာ ကျမ်းစာကျောင်းသားတွေဟာ ဟောပြောတဲ့နည်းလမ်း နောက်တစ်မျိုးက ပိုအရေးကြီးတယ်ဆိုတာ သိလာတယ်။ အခုရှေ့ဆောင်လို့ခေါ်တဲ့ ကော်လ်ပေါ်တာတွေအားလုံးဆီကို ချားလ် တေ့ဇ် ရပ်စယ်လ် ဒီလိုစာရေးခဲ့တယ်– “တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အထိရောက်ဆုံးက ရှေ့ဆောင်လုပ်ငန်းပဲ။ ဒါကြောင့် ကော်လ်ပေါ်တာတွေကို ဓာတ်ပုံပြဇာတ်ပြတဲ့နေရာမှာ မပါဝင်စေချင်ဘူး။ . . . သခင်ကို သစ္စာရှိတဲ့ တခြားညီအစ်ကိုညီအစ်မတွေက ဓာတ်ပုံပြဇာတ်ပြတဲ့အလုပ်မှာ ပါဝင်နိုင်တယ်။”
၁၉၁၄၊ ဇန်နဝါရီလမှာ ကော်လ်ပေါ်တာ ၈၅၀ ရှိတယ်။ အဲဒီနှစ်အတွင်းမှာ ကော်လ်ပေါ်တာတွေဟာ ကျမ်းစာမှလေ့လာစရာများစာအုပ် ၇၀၀,၀၀၀ ကျော်ကို ဝေငှခဲ့တယ်။ ကင်းမျှော်စင်မှာ ကော်လ်ပေါ်တာတွေကို “အရမ်းစိတ်ဝင်စားတယ်” လို့ဖော်ပြထားတယ်၊ စာဖတ်သူတွေကိုတော့ ကော်လ်ပေါ်တာတွေဟာ “ပန်းခင်းလမ်းကိုလျှောက်နေတာမဟုတ်လို့ သူတို့ကို အားပေးစကားပြော” ဖို့ တိုက်တွန်းခဲ့တယ်။
တခြားကျမ်းစာကျောင်းသားတွေဟာ ဘာသာစကားများစွာနဲ့ ဝေစာတွေ ဝေငှခဲ့တယ်။ ၁၉၁၄ ခုနှစ်အတွင်းမှာ လစဉ်ကျောင်းသားဝေစာနဲ့ တခြားဝေစာ ၄၇ သန်းကျော် ဝေငှခဲ့ကြတယ်။
ကျမ်းစာကျောင်းသားတွေ လုပ်နေတာတွေကို လူတွေသတိပြုမိတယ်။ သူတို့ဟာ လူအများရှေ့မှာ ဟောပြောကြတယ်၊ သူတို့ရဲ့စည်းဝေးတွေကို အခမဲ့တက်ရောက်နိုင်တယ်။ ခရစ်ယာန်ဘောင်ဓမ္မဆရာတစ်ယောက် ဒီလိုညည်းတွားခဲ့တယ်– “မကြာခင်မှာ လူတွေက အလှူငွေကောက်တာကို ရာဇဝတ်မှုလို့ သတ်မှတ်ကြတော့မယ်၊ အဲဒီကျရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ပါစတာရပ်စယ်လ်ကတော့ ငါတို့အားလုံးကို နာမည်ပျက်အောင် လုပ်နေတာပဲ။”
လူမျိုးခြားတွေရဲ့အချိန် ကုန်ဆုံး
လုကာ ၂၁:၂၄ မှာပါတဲ့ လူမျိုးခြားတွေရဲ့အချိန်က ၁၉၁၄၊ အောက်တိုဘာ ၁ ရက်နေ့မှာကုန်ဆုံးမယ်လို့ ကျမ်းစာကျောင်းသားတွေ ယုံကြည်ခဲ့ကြတယ်။ အောက်တိုဘာလ ရောက်ခါနီးလေ လူတွေရဲ့မျှော်လင့်ချက်က ပိုပြင်းပြလေပဲ။ တချို့ကျမ်းစာကျောင်းသားတွေဟာ ရက်စွဲတွေရေးထားတဲ့ကတ်တစ်ခုကို ဆောင်ထားတယ်၊ တစ်ရက်ကုန်သွားရင် အဲဒီတစ်ရက်ကို အမှတ်အသားလုပ်လိုက်တယ်။ အများစုက အဲဒီနေ့မှာ သူတို့ ကောင်းကင်သွားရမယ်လို့ မျှော်လင့်ခဲ့ကြတယ်။
၁၉၁၄၊ အောက်တိုဘာ ၂ ရက်နေ့မှာ ညီအစ်ကိုရပ်စယ်လ်ဟာ ဗေသလစားသောက်ခန်းထဲဝင်လာပြီး ဗေသလမိသားစုကို “လူမျိုးခြားတွေရဲ့အချိန် ကုန်ဆုံးပြီ။ သူတို့မင်းတွေရဲ့ခေတ် ကုန်ပြီ” လို့ကြေညာခဲ့တယ်။ အဲဒီစကားက အနှစ်တစ်ထောင်အရုဏ်ဦးဓမ္မသီချင်းစာအုပ် သီချင်းနံပါတ် ၁၇၁ ထဲကစာသားတွေကို အခြေခံတယ်ဆိုတာ အဲဒီမှာရှိနေသူတချို့ သိခဲ့ကြတယ်။ ကျမ်းစာကျောင်းသားတွေဟာ ၁၈၇၉ ခုနှစ်ကတည်းက “လူမျိုးခြားတွေရဲ့အချိန် ကုန်ဆုံးလုပြီ” လို့ သီဆိုခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီစကားတွေက မမှန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူမျိုးခြားတွေရဲ့အချိန်က တကယ်ကုန်ဆုံးသွားပြီ။” (လု. ၂၁:၂၄) နောက်ပိုင်း သီချင်းစာအုပ်မှာ အဲဒီအရေးကြီးတဲ့အချက်ကို ပြင်လိုက်တယ်။
အဲဒီနှစ်အကုန်မှာ မေရှိယနိုင်ငံဟာ ကောင်းကင်မှာ အခိုင်အမာတည်ထောင်ခဲ့တယ်၊ ကျမ်းစာကျောင်းသားတချို့က သူတို့ရဲ့အလုပ်ပြီးပြီလို့ ယူဆခဲ့ကြတယ်။ သူတို့ဟာ စမ်းသပ်စစ်ဆေးရာကာလထဲ ရောက်တော့မယ်ဆိုတာ လုံးဝမသိခဲ့ကြဘူး။ ၁၉၁၅ ခုနှစ် နှစ်ချုပ်ကျမ်းချက်က မဿဲ ၂၀:၂၂ ကိုအခြေခံတဲ့ “ငါသောက်ရမည့်ခွက်ကို သင်တို့သောက်နိုင်မည်လော” ဖြစ်တယ်။ ယေရှုပြောတဲ့ “ခွက်” က သူသေတဲ့အထိ ခံရပ်ခဲ့တဲ့ စမ်းသပ်မှုတွေကို ဆိုလိုတယ်။ ကျမ်းစာကျောင်းသားတွေဟာ အတွင်း၊ အပြင်ကလာတဲ့ စမ်းသပ်မှုတွေကို ကြုံတွေ့ရတော့မယ်။ အဲဒီစမ်းသပ်မှုတွေကို သူတို့ရဲ့တုံ့ပြန်ပုံက ယေဟောဝါအပေါ် သူတို့သစ္စာရှိတယ်ဆိုတာ သက်သေပြခဲ့တယ်။