မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်အားပြင်း ငလျင်တွေအကြောင်း ကျမ်းစာမှာ ဘာကြိုဟောထားသလဲ

အင်အားပြင်း ငလျင်တွေအကြောင်း ကျမ်းစာမှာ ဘာကြိုဟောထားသလဲ

 နှစ်စဉ် ငလျင်တွေ ထောင်သောင်းမက လှုပ်တယ်။ အများစုက ငလျင်ငယ်တွေ ဖြစ်ပေမဲ့ ပြင်းထန်တဲ့ ငလျင်ကြီးတွေကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးတာ၊ ဒုက္ခရောက်တာ၊ သေဆုံးတာတွေ ဖြစ်ရတယ်။ ငလျင်ကြောင့် ပေါ်လာတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေက ကမ်းခြေတစ်လျှောက် အသက်အိုးအိမ်တွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေတယ်။ ဒီလိုငလျင်ကြီးတွေ လှုပ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားသလား။

ဒီဆောင်းပါးမှာ

 ငလျင်အကြောင်း ကျမ်းစာမှာ ကြိုဟောထားသလား

 ကျမ်းစာမှာ ငလျင်အကြောင်း ယေရှုရဲ့ ကြိုဟောချက် ပါတယ်။ ယေရှုရဲ့ စကားတွေကို ကျမ်းသုံးစောင်မှာ အခုလို မှတ်တမ်းတင်ထားတယ်-

 “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—မဿဲ ၂၄:၇

 “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ တစ်နေရာပြီး တစ်နေရာ မြေငလျင် လှုပ်လိမ့်မယ်။ အစာခေါင်းပါးတာလည်း ဖြစ်လိမ့်မယ်။”—မာကု ၁၃:၈

 ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—လုကာ ၂၁:၁၁

 စစ်ပွဲ၊ အစာခေါင်းပါးမှု၊ ကပ်ရောဂါတွေ ဖြစ်နေချိန်မှာပဲ “တစ်နေရာပြီး တစ်နေရာ” “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်” လို့ ယေရှု ကြိုဟောတယ်။ ဒီအဖြစ်အပျက်အားလုံးက “လောကစနစ် နိဂုံးပိုင်း” ဒါမှမဟုတ် “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ဖော်ပြတယ်။ (မဿဲ ၂၄:၃။ ၂ တိမောသေ ၃:၁) ကျမ်းစာသက္ကရာဇ်စဉ်အရ “နောက်ဆုံးကာလ” ဟာ ၁၉၁၄ ခုနှစ်မှာ စတင်ပြီး အခုထိ မကုန်ဆုံးသေးဘူး။

 လက်ရှိ ငလျင်တွေက ကျမ်းစာကြိုဟောချက် ပြည့်စုံတာလား

 ဟုတ်ပါတယ်။ မြေငလျင်အကြောင်း ယေရှုရဲ့ ကြိုဟောချက်က လက်ရှိ ဖြစ်နေတာတွေနဲ့ တစ်ထပ်တည်းပဲ။ ၁၉၁၄ ခုနှစ်ကစပြီး အင်အားပြင်းငလျင် ၁,၉၅၀ ကျော် လှုပ်ခတ်ခဲ့လို့ လူနှစ်သန်းကျော် အသက်ဆုံးရှုံးခဲ့ရတယ်။ a ဒီရာစုနှစ်အတွင်း လှုပ်ခဲ့တဲ့ ငလျင်တချို့ကို သုံးသပ်ကြည့်ကြစို့။

 ၂၀၀၄—အိန္ဒိယသမုဒ္ဒရာ။ ပြင်းအား ၉.၁ အဆင့်ရှိ မြေငလျင်ကြောင့် ၁၂ နိုင်ငံအထိ ဆူနာမီ ရိုက်ခတ်ခဲ့ပြီး လူပေါင်း ၂၂၅,၀၀၀ သေဆုံးခဲ့တယ်။

 ၂၀၀၈—တရုတ်နိုင်ငံ။ ပြင်းအား ၇.၉ အဆင့်ရှိ မြေငလျင်တစ်ခုကြောင့် မြို့ရွာတွေ ပျက်စီးခဲ့ရပြီး လူပေါင်း ၉၀,၀၀၀ သေဆုံးခဲ့တယ်။ လူပေါင်း ၃၇၅,၀၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြတယ်။

 ၂၀၁၀—ဟီတီနိုင်ငံ။ ပြင်းအား ၇.၀ အဆင့်ရှိ မြေငလျင် လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်တွေကြောင့် လူ ၃၀၀,၀၀၀ ကျာ် သေဆုံးပြီး တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။

 ၂၀၁၁—ဂျပန်နိုင်ငံ။ ပြင်းအား ၉.၀ အဆင့်ရှိ မြေငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၁၈,၅၀၀ လောက် သေဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ ပျက်စီးသွားလို့ နျူကလီးယားဓာတ်ငွေ့ ယိုစိမ့်တဲ့အထိ ဖြစ်ခဲ့တယ်။ ဆယ်နှစ်အကြာမှာတောင် ဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက် နေထိုင်သူ ၄၀,၀၀၀ လောက်ဟာ နျူကလီးယား ဓာတ်ရောင်ခြည်သင့်မယ့် အန္တရာယ်ကြောင့် အိမ်မပြန်ရဲကြဘူး။

 ငလျင်အကြောင်း ကျမ်းစာကြိုဟောချက်က ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ

 ငလျင်အကြောင်း ကျမ်းစာကြိုဟောချက်က အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ သိစေတယ်။ “ဒါတွေ ဖြစ်နေတာကို မြင်ရရင် ဘုရားသခင့်နိုင်ငံတော် နီးနေပြီဆိုတာ သိကြပါ” လို့ ယေရှု ဆိုတယ်။—လုကာ ၂၁:၃၁

 ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်မှာ ဘုရင်အဖြစ် ယေရှုခရစ် အုပ်စိုးမယ့် အစိုးရ ဖြစ်တယ်လို့ ကျမ်းစာ ရှင်းပြတယ်။ ဒီနိုင်ငံတော်အတွက် ဆုတောင်းဖို့ တပည့်တွေကို ယေရှု သင်ပေးခဲ့တယ်။—မဿဲ ၆:၁၀

 ကမ္ဘာမြေကို ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ မြေငလျင် အပါအဝင် သဘာဝဘေးတွေကို ဘုရား တားဆီးပေးပါလိမ့်မယ်။ (ဟေရှာယ ၃၂:၁၈) ဒါ့အပြင် လက်ရှိ ဖြစ်နေတဲ့ ငလျင်တွေကြောင့် ကာယပိုင်း၊ စိတ်ပိုင်း ထိခိုက်ခဲ့ရတာတွေကို အကောင်းအတိုင်း ပြန်ဖြစ်စေမယ်။ (ဟေရှာယ ၆၅:၁၇။ ဗျာဒိတ် ၂၁:၃၊ ၄) ဒီအကြောင်း ပိုသိနိုင်ဖို့ “ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။

a ကိန်းဂဏန်းတွေဟာ အမေရိကန်ပြည်ထောင်စု အမျိုးသား ဘူမိဗေဒ အချက်အလက် စင်တာရဲ့ ကမ္ဘာချီ ငလျင်ကြီးများ အချက်အလက် စုဆောင်းရေးမှ ရယူထားခြင်း ဖြစ်တယ်။