မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူ နားထောင်ပေးမလဲ

တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူ နားထောင်ပေးမလဲ

 လူ့အသိုင်းအဝိုင်း နေရာတကာမှာ မတရားမှု ရှိနေတယ်။ မတရား ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့ ဖြစ်ရပ်နှစ်ခုကိုပဲ သုံးသပ်ကြည့်ပါ-

  •  အမေရိကန်ပြည်ထောင်စုမှာ ၃၈ နှစ်နီးပါး ထောင်ကျနေသူတစ်ယောက် ၂၀၁၈၊ ဇန်နဝါရီလမှာ ထောင်ကနေ လွတ်လာတယ်။ DNA စစ်ချက်အရ ပြစ်မှုကျူးလွန်သူ မဟုတ်ကြောင်း ပေါ်သွားလို့ပါ။

  •  အာဖရိကနိုင်ငံတစ်ခုက လူငယ်သုံးယောက်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ၁၉၉၄၊ စက်တင်ဘာလကစပြီး ထောင်ကျနေကြတယ်။ ရာဇဝတ်မှုကျူးလွန်လို့ ရုံးတို့ဂတ်တို့ ရောက်ဖူးတဲ့သူတွေ မဟုတ်တာတောင် သူတို့ထောင်ကျနေတာ ၂၀၂၀၊ စက်တင်ဘာဆိုရင် ၂၆ နှစ် ရှိပါပြီ။

 သင်ဟာ မတရားမှု တစ်စုံတရာ ကြုံတွေ့ဖူးသူဖြစ်မယ်ဆိုရင် “အော်ဟစ် အကူအညီ တောင်းပေမဲ့လည်း တရားမျှတမှုဆိုတာ မရှိဘူး” လို့ ပြောခဲ့တဲ့ ယောဘလိုပဲ ခံစားရမှာပါ။ (ယောဘ ၁၉:၇) တရားမျှတမှုဟာ လူတွေနဲ့ အလှမ်းဝေးပုံ ရှိပေမဲ့ တရားမျှတမှု ရှာပုံတော်ဖွင့်သူတွေ စစ်မှန်တဲ့ တရားမျှတမှုကို ရှာတွေ့လိမ့်မယ်လို့ ကျမ်းစာ ကတိပြုထားတယ်။ ကျမ်းစာထဲက ပညာရှိစကား လိုက်နာမယ်ဆိုရင် လောလောဆယ် ကြုံနေရတဲ့ တရားမမျှတမှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်မယ်။

မတရားမှုတွေ ဘာကြောင့် ဖြစ်ရသလဲ

 ဘုရားရဲ့လမ်းညွှန်ချက် မလိုက်နာသူတွေကြောင့် မတရားမှုတွေ ဖြစ်နေတာပါ။ ဘုရားသခင်က တရားမျှတမှုကို ပိုင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၅၁:၄) ကျမ်းစာမှာပါတဲ့ “တရားမျှတခြင်း” ဆိုတဲ့စကားလုံးဟာ “ဖြောင့်မတ်ခြင်း” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်နေတယ်။ (ဆာလံ ၃၃:၅) ဘုရားစံနှုန်းအရ ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်မှန်သမျှ တရားမျှတမှု ရှိတယ်။ တစ်ဘက်မှာတော့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို မလိုက်နာတဲ့ လုပ်ရပ်မှန်သမျှ၊ အပြစ်ကြောင့် မတရားမှုတွေ ဖြစ်ရတယ်။ အောက်ပါနမူနာတွေကို သုံးသပ်ကြည့်ပါ-

  •  တစ်ကိုယ်ကောင်းဆန်မှုကြောင့်။ အတ္တဆန္ဒနဲ့ အပြစ်ဟာ ဆက်စပ်နေတယ်။ (ယာကုပ် ၁:၁၄၊ ၁၅) လူအတော်များများက ကိုယ်လိုချင်တာရဖို့ တခြားသူတွေကို မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကတော့ ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားထားခိုင်းတယ်။—၁ ကောရိန္သု ၁၀:၂၄

  •  မသိနားမလည်မှုကြောင့်။ တချို့ကျတော့ တခြားသူအပေါ် မတရားလုပ်လို့ လုပ်မိမှန်းတောင် မသိလိုက်ကြဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရပ်မျိုးကို အပြစ်လို့ ဘုရား သတ်မှတ်တယ်။ (ရောမ ၁၀:၃) တကယ်တော့ မသိနားမလည်မှုကြောင့် မတရားမှုကြီးတစ်ခုကို ကျူးလွန်ခဲ့ကြတယ်၊ ယေရှုခရစ်ကို သတ်ပစ်ခြင်းပါပဲ။—တမန်တော် ၃:၁၅၊ ၁၇

  •  လူ့အဖွဲ့အစည်း ပျက်ကွက်မှုတွေကြောင့်။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စနစ်အသီသီးက မိမိတို့ဟာ လူတိုင်း မျှမျှတတ ဆက်ဆံခံရဖို့ လူမှုရေးဆိုင်ရာ တရားမျှတမှုကို ကျင့်သုံးတယ်လို့ ဆိုကြတယ်။ လက်တွေ့မှာတော့ အဲဒီစနစ်တွေကြောင့် အမှားအယွင်းတွေ၊ အကျင့်ပျက်ခြစားမှု၊ တစ်ဖက်သတ်အစွဲ၊ လောဘကြီးခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟလွန်းခြင်း၊ သည်းမခံနိုင်ခြင်းတွေ ဖြစ်လာပြီး မတရားမှုတွေ ပေါ်လာတယ်။ စိတ်ရင်းစေတနာကောင်းသူတချို့ ဦးဆောင်နေကြတာ မှန်ပေမဲ့ ဘုရားရဲ့ လမ်းညွှန်မှုကို လျစ်လျူရှုတဲ့ လုပ်ဆောင်မှုမှန်သမျှ အောင်မြင်မှာ မဟုတ်ဘူး။—ဒေသနာ ၈:၉။ ယေရမိ ၁၀:၂၃

မတရားမှုတွေကို ဘုရား သတိပြုမိရဲ့လား

 ဘုရားသခင်က မတရားမှုကိုသာမက တရားမမျှတမှု ဖြစ်စေတဲ့ စိတ်နေသဘောထား၊ လုပ်ရပ်တွေကိုပါ မုန်းတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၈) “ငါယေဟောဝါက a တရားမျှတမှုကို နှစ်သက်တယ်။ လုယက်မှုနဲ့ မဖြောင့်မတ်မှုကို မုန်းတယ်” ဆိုပြီး ပရောဖက် ဟေရှာယကို ရေးသားစေတယ်။—ဟေရှာယ ၆၁:၈

 ဘုရားသခင်က လူလူချင်း တရားမျှတစွာ ဆက်ဆံစေချင်မှန်း ရှေးအစ္စရေးလူမျိုးကို ပေးခဲ့တဲ့ ပညတ်ကို ကြည့်ရင် သိနိုင်တယ်။ လာဘ်မစားဖို့၊ တံစိုးလက်ဆောင် မယူဖို့၊ အမှန်တရားကို ကပြောင်းကပြန် ဖြစ်စေနိုင်တဲ့ လုပ်ရပ်မှန်သမျှ မလုပ်ဖို့ တရားသူကြီးတွေကို မိန့်မှာခဲ့တယ်။ (တရားဟောရာ ၁၆:၁၈-၂၀) မိမိရဲ့မိန့်မှာချက်ကို မလိုက်နာဘဲ ဆင်းရဲသားတွေ၊ နိမ့်ကျသူတွေအပေါ် ခေါင်းပုံဖြတ်သူတွေကို ပြစ်တင်ရှုတ်ချတယ်။ မိမိရဲ့စံနှုန်းကို မလိုက်နာတဲ့အတွက် သူတို့ကို ပစ်ပယ်ခဲ့တယ်။—ဟေရှာယ ၁၀:၁-၃

မတရားမှု ပပျောက်အောင် ဘုရား လုပ်ပေးမလား

 လုပ်ပေးမှာပါ။ မတရားမှုရဲ့ ဇာစ်မြစ်ဖြစ်တဲ့ အပြစ်ကို ယေရှုခရစ်အားဖြင့် ဖယ်ရှားပြီး မူလရည်ရွယ်ချက်အတိုင်း လူ့မိသားစုကို ပြည့်ဝစုံလင်စေမယ်။ (ယောဟန် ၁:၂၉။ ရောမ ၆:၂၃) ဖြောင့်မတ်တဲ့ ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးမယ့် နိုင်ငံတစ်ခုကို တည်ထောင်ထားပြီးပြီ၊ လူတိုင်းကို တရားမျှတမှု ခံစားရစေမယ်။ (ဟေရှာယ ၃၂:၁။ ၂ ပေတရု ၃:၁၃) ဒီကောင်းကင်နိုင်ငံအကြောင်း ထပ်သိချင်ရင် ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဆိုတဲ့ ဗီဒီယိုကို ကြည့်ပါ။

ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ ဘယ်လိုဘဝမျိုးနဲ့ အသက်ရှင်ကြမလဲ

 ကမ္ဘာပေါ် တရားမျှတမှု လွှမ်းမိုးတဲ့အခါ လူတိုင်း ငြိမ်သက်အေးချမ်းမှု၊ လုံခြုံမှု ခံစားရမယ်။ (ဟေရှာယ ၃၂:၁၆-၁၈) ဘုရားသခင်က လူ့အသက်မှန်သမျှကို တန်းတူတန်ဖိုးထားတဲ့အတွက် အားလုံး မျှမျှတတ ဆက်ဆံခံရကြမယ်။ မတရားမှုကြောင့် ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတွေ ရှိတော့မှာ မဟုတ်ဘူး။ မတရားသဖြင့် ခံခဲ့ရတဲ့ နာကြည်းစရာတွေကိုတောင် သတိရတော့မှာ မဟုတ်ဘူး။ (ဟေရှာယ ၆၅:၁၇။ ဗျာဒိတ် ၂၁:၃၊ ၄) ထပ်သိချင်ရင် ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ပေးမလဲ ဆောင်းပါးကို ကြည့်ပါ။

မတရားမှုကင်းတဲ့ကမ္ဘာ ဖြစ်စေမယ်ဆိုတဲ့ ဘုရားကတိကို ယုံကြည်စိတ်ချနိုင်ပါ့မလား

 စိတ်ချနိုင်ပါတယ်။ ကျမ်းစာမှာ ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်တွေ ပါတယ်။ သမိုင်းအရ၊ သိပ္ပံပညာအရ တိကျမှန်ကန်မှု ရှိတယ်။ ကျမ်းစာမှာ ပါတဲ့ အကြောင်းအရာတွေလည်း ရှေ့နောက်ညီတယ်။ ဒါကြောင့် ကျမ်းစာကတိတွေကို ယုံကြည်စိတ်ချနိုင်ပါတယ်။ ထပ်သိချင်ရင် ဒီဆောင်းပါးတွေကို ကြည့်ပါ-

တရားမျှတမှုရရှိရေး လုပ်ဆောင်နေကြတာတွေကော

 ကျမ်းစာခေတ်က လူတွေဟာ တရားမျှတမှုရဖို့ တတ်နိုင်သရွေ့ လုပ်ဆောင်ခဲ့ကြတယ်။ ဥပမာ၊ တမန်တော် ပေါလုဆိုရင် အသက်အန္တရာယ်ရှိတဲ့အထိ မတရားစွပ်စွဲတာ စစ်ဆေးတာ ခံခဲ့ရတယ်။ ဒါကို ဒီအတိုင်း ငုံ့ခံမယ့်အစား တရားဝင် နည်းလမ်းတွေ သုံးပြီး ဆီဇာဆီမှာ အယူခံဝင်ခဲ့တယ်။—တမန်တော် ၂၅:၈-၁၂

 လူတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ တရားမျှတမှု ရအောင် မလုပ်နိုင်ခဲ့ကြဘူး။ (ဒေသနာ ၁:၁၅) ဒါပေမဲ့ ဖြောင့်မတ်တဲ့ ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ဘုရားကတိကို ယုံကြည်စိတ်ချနေတာက လောလောဆယ် မတရားမှုတွေ ကြုံတွေ့နေရရင်လည်း စိတ်ကယောက်ကယက် မဖြစ်အောင်၊ စိတ်ငြိမ်သက်မှု ရအောင် ကူညီပေးမှန်း လူအတော်များများ တွေ့ရှိခဲ့ပါပြီ။

a ယေဟောဝါဆိုတာ ဘုရားသခင့်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈