ဟောဒရစ် ဇွင်ဂလီရဲ့ ကျမ်းစာအမှန်တရား ရှာပုံတော်
စိတ်ရိုးဖြောင့်သူတွေအနေနဲ့ ဒီနေ့အချိန်မှာ ကိုယ့်ယုံကြည်ချက်တွေကို ကျမ်းစာသွန်သင်ရာနဲ့ညီမညီ ဆန်းစစ်နိုင်ကြပေမဲ့ ၁၆ ရာစု အစောပိုင်းမှာတော့ အခြေအနေတွေက အဲဒီလိုမဟုတ်ခဲ့ဘူး။ လူအများစုမှာ ကိုယ်ပိုင်ဘာသာစကားနဲ့ ကျမ်းစာ မရှိကြလို့ပါ။ ချာ့ချ်အသင်းသား အနည်းငယ်လောက်ပဲ ချာ့ချ်သွန်သင်ချက်နဲ့ ကျမ်းစာသွန်သင်ချက် ညီမညီ ဆန်းစစ်နိုင်ခဲ့တယ်။ ဘာသာရေးခေါင်းဆောင်တွေကလည်း အကူအညီ သိပ်မပေးကြဘူး။ “ဆွစ်ဇာလန်ချာ့ချ်ဟာ ယိုယွင်းပျက်ပြားနေတယ်။ ဘာသာရေးခေါင်းဆောင်တွေက အယူသီးကြတယ်၊ အကျင့်ပျက်ကြတယ်၊ ဝင့်ဝါပလွှားကြတယ်” လို့ စာအုပ်တစ်အုပ် (History of the Christian Church) မှာ ဆိုတယ်။
အဲဒီလိုအခြေအနေမှာ ဟောဒရစ် ဇွင်ဂလီက ကျမ်းစာအမှန်တရားကို စတင်ရှာဖွေခဲ့တာ။ သူ ဘာတွေ တွေ့ရှိခဲ့သလဲ။ တခြားသူတွေကို ဘယ်လိုဝေမျှခဲ့သလဲ။ သူ့ဘဝနဲ့ ယုံကြည်ချက်ကနေ ဘာတွေ သင်ယူနိုင်သလဲ။
ရှာဖွေမှုစတင်
ဇွင်ဂလီက အသက် ၂၀ ကျော်လောက်မှာ ကက်သလစ်ဘုန်းကြီး လုပ်ဖို့ ဆုံးဖြတ်တယ်။ အဲဒီခေတ်တုန်းက ဘုန်းကြီးဖြစ်ဖို့ဆိုရင် ကျမ်းစာကို မဟုတ်ဘဲ အတွေးအခေါ်ပညာ၊ ချာ့ချ်ထုံးတမ်းစဉ်လာ၊ “ချာ့ချ်ဖခင်တွေ” ရဲ့ စာပေတွေကို လေ့လာရတာ။ ဇွင်ဂလီလည်း အဲဒီလိုပဲ လေ့လာခဲ့ရတယ်။
ကျမ်းစာအမှန်တရားကို သူ ဘယ်လို တွေ့ရှိသွားသလဲ။ ဆွစ်ဇာလန်နိုင်ငံ၊ ဘာဇယ်မြို့မှာ တက္ကသိုလ်တက်နေရင်း သောမတ် ဗစ်တန်ဘာ့ဂ်ရဲ့ပို့ချချက်တွေကို နားထောင်ဖြစ်ရာကနေပါ။ သောမတ်က ချာ့ချ်ရဲ့အပြစ်ဖြေပေးတဲ့ ထုံးစံတွေကို ပြစ်တင်ရှုတ်ချတယ်။ a ဘဝအတ္ထုပ္ပတ္တိရေးသူတစ်ယောက် ဒီလိုပြောတယ်– “ခရစ်တော်ရဲ့သေခြင်းက ကျွန်တော်တို့ရဲ့အပြစ်ကို တစ်ကြိမ်တည်းအပြီး ဖယ်ရှားခဲ့တယ် ဆိုတဲ့အချက်ကို [သောမတ်] ဆီကနေ သူ သိလိုက်တာ။” (၁ ပေတရု ၃:၁၈) ယေရှုရဲ့ရွေးဖိုးကပဲ အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ ဇွင်ဂလီ နားလည်သွားတယ်။ ဒါကြောင့် ချာ့ချ်ခေါင်းဆောင်တွေကို ပိုက်ဆံပေးပြီး အပြစ်ဖြေလွှတ်ခွင့် တောင်းခံနိုင်တယ်ဆိုတဲ့ သွန်သင်ချက်ကို သူ လက်မခံတော့ဘူး။ (တမန်တော် ၈:၂၀) ဒါပေမဲ့ လေ့လာစရာရှိတာ ဆက်လေ့လာပြီး အသက် ၂၂ နှစ်မှာ ကက်သလစ် တရားဟောဆရာဖြစ်လာတယ်။
ဓမ္မသစ်ကျမ်းလို့ ခေါ်ကြတဲ့ကျမ်းစာကို မူရင်းဘာသာစကားနဲ့ နားလည်ချင်လို့ အသက် ၂၀ ကျော်မှာ ဂရိဘာသာစကားကို စလေ့လာတယ်။ အီရက်မပ်စ် ပြုစုရေးသားခဲ့တာတွေကိုလည်း လေ့လာလို့ ကျမ်းစာသွန်သင်ချက်ကို ထပ်သိလာတယ်။ ဘုရားသခင်နဲ့ လူတွေကြားမှာ ဖျန်ဖြေပေးသူအဖြစ် ယေရှုတစ်ယောက်ပဲ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ (၁ တိမောသေ ၂:၅) ဒါကြောင့် သူတော်စင်တွေကတစ်ဆင့် ဘုရားဆီ ဆုတောင်းနိုင်တယ်ဆိုတဲ့ ကက်သလစ်သွန်သင်ချက်ကို စတင် သံသယဝင်လာတယ်။
အသက် ၃၀ ကျော်တဲ့အခါ အမှန်တရားကို ရှာဖွေဖို့ ပိုကြိုးစားလာတယ်။ ဒါပေမဲ့ စစ်တပ်တရားဟောဆရာလည်း ဝင်လုပ်လိုက်သေးတယ်။ အဲဒီတုန်းက အီတလီကို ထိန်းချုပ်ဖို့ ဥရောပတစ်ခွင်မှာ တိုက်ပွဲတွေဖြစ်နေတာ။ ၁၅၁၅ ခုနှစ်၊ မာရီယာနိုစစ်ပွဲမှာ ကက်သလစ်အချင်းချင်း ပြန်တိုက်လို့ ထောင်နဲ့ချီ သေဆုံးတာကိုလည်း ကိုယ်တွေ့ မြင်ခဲ့ရတယ်။ နှစ်အနည်းငယ်ကြာတော့ ဇွင်ဂလီက ဂရိကျမ်းစောင်တွေကို လက်နဲ့ကူးရေးတယ်။ ကျမ်းချက်အတော်များများကိုတောင် အလွတ်ကျက်မှတ်ခဲ့တယ်။ ၁၅၁၉ ခုနှစ်ရောက်တော့ ဆွစ်ဇာလန်က နိုင်ငံရေးအချက်အချာကျတဲ့ ဇူးရစ်မြို့မှာ နေထိုင်တယ်။ ချာ့ချ်အနေနဲ့ ကျမ်းစာနဲ့သက်သေမထူနိုင်တဲ့ သွန်သင်ချက်တွေကို ဖယ်ရှားသင့်တယ်လို့ အဲဒီမှာနေရင်း သူ ယုံကြည်လာတယ်။ ဒါပေမဲ့ တခြားသူတွေ ယုံကြည်လာဖို့ သူ ဘယ်လို လုပ်မလဲ။
“အဲဒီလိုဟောတာမျိုး အရင်က တစ်ခါမှ မကြားဖူးဘူး”
ကျမ်းစာအမှန်တရားကို လူတွေသိလာရင် ဘာသာတရား အလိမ်အညာတွေကို ငြင်းပယ်ကြလိမ့်မယ်လို့ ဇွင်ဂလီ ယုံကြည်တယ်။ ဒါကြောင့် ဇူးရစ်မြို့က အထင်ကရ ဂရောမွန်စတာချာ့ချ်မှာ ဘုန်းကြီးဖြစ်လာတဲ့အခါ သတ္တိရှိရှိ ဟောပြောတော့တယ်။ ဓမ္မဆရာတွေ ရာစုနှစ်များစွာ ကိုးကားရွတ်ဆိုလာခဲ့တဲ့၊ လက်တင်စကားနဲ့ရေးထားတဲ့ တစ်နှစ်စာ ကျမ်းချက်စာအုပ်ကို ဖတ်မယ့်အစား ကျမ်းစာထဲကနေ တိုက်ရိုက်ဖတ်ပြတယ်။ အခန်းကြီးတစ်ခန်းပြီးတစ်ခန်း၊ အစကနေအဆုံးထိ ဖတ်ပြပြီး ဟောပြောတယ်။ ချာ့ချ် ဘုန်းကြီးတွေရဲ့ အယူအဆကို ကိုးကားပြီး ကျမ်းချက်တွေကို ရှင်းပြမယ့်အစား ကျမ်းစာအသုံးပြုပြီး ကျမ်းချက်တွေကို ရှင်းပြတယ်။ ပိုရှင်းလင်းတဲ့ ကျမ်းချက်တွေ သုံးပြီး ခက်ခဲတဲ့ကျမ်းချက်တွေကို နားလည်အောင် ကူညီပေးခဲ့တယ်။—၂ တိမောသေ ၃:၁၆။
နေ့စဉ်ဘဝအသက်တာမှာ ကျမ်းစာရဲ့အသုံးဝင်ပုံကို လူတွေမြင်လာအောင်လည်း ကူညီပေးတယ်။ ကျမ်းစာထဲက စာရိတ္တစံနှုန်းတွေ သင်ပေးတယ်။ ယေရှုရဲ့မိခင် မာရိကို ကိုးကွယ်တာ၊ သူတော်စင်တွေဆီ ဆုတောင်းတာ၊ ပိုက်ဆံနဲ့ အပြစ်ဖြေလွှတ်ပေးတာ၊ ဓမ္မဆရာတွေ အကျင့်ပျက်တာတွေ မှားယွင်းကြောင်း ဟောပြောတယ်။ လူတွေ ဘယ်လိုတုံ့ပြန်ကြသလဲ။ “ဒီလိုဟောပုံမျိုး တစ်ခါမှ မကြားဖူးဘူး” လို့ ဇွင်ဂလီ ဦးဆုံးတရားဟောတာကို လာနားထောင်သူတချို့ ပြောတယ်။ “ဘုန်းကြီးတွေရဲ့ စဉ်းစားဉာဏ်ကင်းမဲ့မှုနဲ့ အကျင့်ပျက်မှုတွေကြောင့် ချာ့ချ်မတက်တော့တဲ့သူတွေ အခုပြန်လာကြပြီ” လို့ သမိုင်းပညာရှင်တစ်ယောက် ရေးသားခဲ့တယ်။
၁၅၂၂ မှာ ဘာသာရေးခေါင်းဆောင်တွေက ဇူးရစ်မြို့က နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းဖို့ ကြိုးစားတယ်။ ချာ့ချ်အယူဝါဒကို ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဇွင်ဂလီကိုလည်း မိစ္ဆာဒိဋ္ဌိဆိုပြီး စွဲချက်တင်တယ်။ ယုံကြည်ချက်ကို မစွန့်လွှတ်ချင်လို့ ကက်သလစ်ဘုန်းကြီးအဖြစ်ကနေ သူ နုတ်ထွက်လိုက်တယ်။
ဇွင်ဂလီ ဘာဆက်လုပ်သလဲ
ဘုန်းကြီးမဟုတ်တော့ပေမဲ့ ဆက်ပြီး တက်တက်ကြွကြွ ဟောပြောတယ်။ သူယုံကြည်သလို တခြားသူတွေ လက်ခံလာအောင် ကြိုးစားတယ်။ ဒီလိုနဲ့ သူဟောပြောတာကို လူကြိုက်များလာပြီး ဇူးရစ်မြို့က နိုင်ငံရေးအသိုင်းအဝိုင်းကို သြဇာညောင်းလာတယ်။ ဒါကို အသုံးချပြီး ဇူးရစ်မြို့မှာ ဘာသာရေး အပြောင်းအလဲတွေလုပ်ဖို့ ကြိုးပမ်းတယ်။ ဥပမာ၊ ကျမ်းစာနဲ့ သက်သေမထူနိုင်တဲ့ ဘာသာရေးသွန်သင်ချက်တွေကို တားမြစ်ဖို့ ဇူးရစ်တရားစီရင်ရေးအဖွဲ့ကို ၁၅၂၃ ခုနှစ်မှာ စည်းရုံးနိုင်ခဲ့လို့ ရုပ်တုကိုးကွယ်တာ တရားမဝင်ဘူးဆိုတဲ့ ဥပဒေ ၁၅၂၄ ခုနှစ်မှာ ထွက်လာတယ်။ ရာဇဝတ်တရားသူကြီးတွေက ဒေသခံတရားဟောဆရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူတွေရဲ့ သဘောတူညီမှုနဲ့ ပလ္လင်တွေ၊ ရုပ်တုတွေ၊ ဓာတ်တော်မွေတော်တွေကို ဖျက်ဆီးတယ်။ “ဘာသာရေးကျောင်းဆောင်တွေကို ဗိုက်ကင်းပင်လယ်ဓားပြတွေ လုယက်တာပဲ မြင်ဖူးခဲ့ကြတာ။ အခုလို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမျိုးကိုတော့ အနောက်တိုင်းက ခရစ်ယာန်တွေ တစ်ခါမှ မမြင်ဖူးကြဘူး” လို့ စာအုပ်တစ်အုပ် (Zwingli—God’s Armed Prophet) က ဆိုတယ်။ ၁၅၂၅ ရောက်တော့ ချာ့ချ်ပိုင်ဆိုင်ရာတွေကို ဆေးရုံအဖြစ် ပြောင်းလဲပစ်ဖို့၊ ဘုန်းကြီး၊ သီလရှင်တွေကို အိမ်ထောင်ပြုခွင့်ပေးဖို့ အာဏာပိုင်တွေကို နားချနိုင်ခဲ့တယ်။ မစ္ဆားပွဲအစား ကျမ်းစာထဲကအတိုင်း ပွဲတော်ကို ရိုးရိုးလေး ကျင်းပဖို့ အဆိုပြုတယ်။ (၁ ကောရိန္သု ၁၁:၂၃-၂၅) ဇူးရစ်မြို့က ဘာသာရေးခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပူးပေါင်းလာတာ၊ ပြုပြင်ပြောင်းလဲရေး စတင်ဖို့၊ ပရိုတက်စတင့်ဘာသာအသစ် ဖြစ်ပေါ်ဖို့ အုတ်မြစ်ချပေးခဲ့တာ ဇွင်ဂလီ ပဲလို့ သမိုင်းပညာရှင်တွေ ဆိုတယ်။
ဇွင်ဂလီ ရဲ့ အပြောင်မြောက်ဆုံး လက်ရာကတော့ ကျမ်းစာဘာသာပြန်ခြင်းပါပဲ။ ၁၅၂၀ နောက်ပိုင်းမှာ ပညာရှင်အုပ်စုနဲ့အတူ ကျမ်းစာကို မူရင်းဟီဘရူးနဲ့ ဂရိဘာသာစကားကနေ စတင်ဘာသာပြန်တယ်။ ဂရိစက်ပ်တွားဂျင့်ကျမ်းနဲ့ လက်တင်ဗားဂိတ်ကျမ်းကိုလည်း ကိုးကားတယ်။ နည်းစနစ်ကတော့ ရိုးရိုးလေးပါ။ ကျမ်းချက်ကို မူရင်းဘာသာစကားနဲ့ ဖတ်တယ်၊ လူအများလေးစားတဲ့ ဘာသာပြန်ကျမ်းတွေကိုလည်း ဖတ်တယ်။ ပြီးတဲ့နောက် ကျမ်းချက်ရဲ့အဓိပ္ပာယ်ကို ဆွေးနွေးပြီး ကောက်ချက်ကို ချရေးတယ်။ ရလဒ်အနေနဲ့ ၁၅၃၁ မှာ ဇူးရစ်ကျမ်းစာအတွဲ ၁ ကို ထုတ်ဝေနိုင်ခဲ့တယ်။
ဇွင်ဂလီ ဟာ ရိုးသားဖြောင့်မှန် ပုံရပေမဲ့ တခြားသူတွေရဲ့ ယုံကြည်ချက်ကို မလေးစားဘူး။ တိုက်ခိုက်ချင်စိတ်လည်း ရှိတယ်။ ဥပမာ၊ ၁၅၂၅ ခုနှစ်မှာ ရှေးဦးနှစ်ခြင်းခရစ်ယာန်တွေကို စစ်ဆေးမေးမြန်းတဲ့ကိစ္စမှာ သူဝင်ပါတယ်။ မွေးကင်းစတွေကို နှစ်ခြင်းမပေးသင့်ဘူးလို့ သူတို့တွေ ယုံကြည်တာကို သူလက်မခံဘူး။ အဲဒီယုံကြည်ချက်အတွက် သူတို့တွေကို သေဒဏ်ချမှတ်တဲ့အခါလည်း တရားရုံးရဲ့ စီရင်ချက်ကို မကန့်ကွက်ဘူး။ သူ့ယုံကြည်ချက်အသစ်ကို လူတွေလက်ခံလာအောင် နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်တွန်းပြီး စစ်အင်အားကို အသုံးချတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်က အမာခံကက်သလစ်ဒေသ အတော်များများက သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးကို အပြင်းအထန် ကန့်ကွက်ကြတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ် ဖြစ်လာတယ်။ ဇူးရစ်မြို့က စစ်သားတွေနဲ့အတူ စစ်မြေပြင်ကို လိုက်ပါသွားရာကနေ ဇွင်ဂလီ အသက် ၄၇ နှစ်မှာ တိုက်ပွဲကျပြီး သေဆုံးသွားတယ်။
ဇွင်ဂလီ ရဲ့ အမွေအနှစ်
ဇွင်ဂလီဟာ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမားတွေဖြစ်တဲ့ မာတင်လူသာနဲ့ ဂျွန်ကယ်လ်ဗင်တို့လောက် မကျော်ကြားပေမဲ့ သမိုင်းမှာ တစ်ခန်းတစ်ကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ရိုမန်ကက်သလစ်အယူဝါဒကနေ ကွဲထွက်ရေးမှာ မာတင်လူသာထက် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။ ဂျွန်ကယ်လ်ဗင်အတွက် လမ်းခင်းပေးခဲ့တယ်။ ဒါကြောင့် သူ့ကို ပြုပြင်ပြောင်းလဲရေးရဲ့ တတိယမြောက်လူလို့ ခေါ်ကြတာ။
ဇွင်ဂလီက ကောင်းမွေကော ဆိုးမွေပါ ချန်ခဲ့တယ်။ သူ့အယူဝါဒကို ဖြန့်ဖို့ နိုင်ငံရေးနဲ့စစ်ပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်တယ်။ ယေရှုကတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ ငြင်းဆန်ခဲ့ပြီး ရန်သူတွေကို သတ်မယ့်အစား ချစ်ဖို့ တပည့်တွေကို သွန်သင်ခဲ့တာ။ ယေရှုရဲ့ ပုံသက်သေကို သူ မလိုက်ခဲ့ဘူး။—မဿဲ ၅:၄၃၊ ၄၄။ ယောဟန် ၆:၁၄၊ ၁၅။
တစ်ချိန်တည်းမှာ ဇွင်ဂလီကို စိတ်ထက်သန်တဲ့ ကျမ်းစာကျောင်းသားတစ်ဦးအဖြစ် လူတွေ အမှတ်ရနေကြတယ်။ ကျမ်းစာအမှန်တရား အတော်များများကို သူ တွေ့ရှိခဲ့တယ်။ တခြားသူတွေကိုလည်း အဲဒီလိုရှာတွေ့နိုင်အောင် ကူညီပေးခဲ့တယ်။